News @ M-Media

Blog

  • ယူအေအီး၏ တတိယမြောက် ပြည်တွင်းဖြစ် ဂြိုဟ်တုကို အောင်မြင်စွာလွှင်တင်နိုင်ခဲ့

    ယူအေအီး၏ တတိယမြောက် ပြည်တွင်းဖြစ် ဂြိုဟ်တုကို အောင်မြင်စွာလွှင်တင်နိုင်ခဲ့

    ဇန်န၀ါရီ ၂၇၊ ၂၀၁၈
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံမှာ ၎င်းတို့၏ ပြည်တွင်းဖြစ် တတိယမြောက်ဆက်သွယ်ရေးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်ဟု သိရသည်။

    Al Yah 3 ဟု အမည်ပေးထားသည့် အဆိုပါ ဂြိုဟ်တုကို အဘူဒါဘီအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Mubadala က ပိုင်ဆိုင်သည့် Yahsat မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၂၅ ရက်နေ့ ညနေပိုင်းတွင် ပြင်သစ်ပိုင် ဂီနီကျွန်းမှ Ariane 5 ဒုံးပျံဖြင့် ပစ်လွှတ်ခဲ့သည်။

    စောစောပိုင်းတွင် ဒုံးပျံမှာ အဆက်အသွယ် ပြတ်တောက်သည်ဟု သတင်းထွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒုံးပျံဖြင့် ပါဝင်သွားသည့် Al Yah 3 ဂြိုဟ်တုနှင့် SES-14 ဂြိုဟ်တုတို့မှာ ထိန်းချုပ်စင်တာနှင့် အသီးသီး ချိတ်ဆက်မိသွားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    Al Yah 3 ဂြိုဟ်တုမှာ အာဖရိကပြည်သူ ၆၀ ရာခိုင်နှုန်းနှင့် ဘရာဇီးလ်လူဦးရေ ၉၅ ရာခိုင်နှုန်းကို အင်တာနက်ဆယ်သွယ်မှု ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

    ဂြိုဟ်တုအား တည်ဆောက်ရာတွင် ယူအေအီး သိပ္ပံပညာရှင်များလည်း ပါဝင်ခဲ့သည်။ Al Yah 3 မှာ Yahsat က ထုတ်လုပ်သည့် တတိယမြောက် ဂြိုဟ်တုဖြစ်ပြီး ၂၀၁၁ ခုနှစ်က Al Yah 1၊ ၂၀၁၂ ခုနှစ်တွင် Al Yah 2 တို့ကို အသီးသီး လွှတ်တင်နိုင်ခဲ့သည်။

    Ref: KhaleejTimes

  • ဟဂ်ျကျင့်စဉ်ကို ဆော်ဒီက နိုင်ငံရေးအမြတ်ထုတ်နေသည်ဟု အင်ဒိုလူငယ်ခေါင်းဆောင်များ ဝေဖန်

    ဟဂ်ျကျင့်စဉ်ကို ဆော်ဒီက နိုင်ငံရေးအမြတ်ထုတ်နေသည်ဟု အင်ဒိုလူငယ်ခေါင်းဆောင်များ ဝေဖန်

    ဇန်န၀ါရီ ၂၇၊ ၂၀၁၈
    M-Media

    မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်တွင် ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုဆုတောင်းနေမှု

    – အစ္စလာမ်ဘာသာဝင်တွေရဲ့ နှစ်စဉ် ဘာသာရေးတာဝန်ဖြစ်တဲ့ ဟဂ်ျကျင့်စဉ် ဆောက်တည်မှုကို ဆော်ဒီအာဏာပိုင်တွေက နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ အင်ဒိုနီးရှား မွတ်စလင်လူငယ်အဖွဲ့ ခေါင်းဆောင်တွေက ဝေဖန်လိုက်ပါတယ်။

    မြို့တော် ဂျကာတာတောင်ပိုင်း Depok တက္ကသိုလ်မှာ ‘အစ္စလာမ့်မြင့်မြတ်ရာနေရာများမှာ ယုံကြည်သူအားလုံးအတွက်ဖြစ်သည်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အခမ်းအနားမှာ အင်ဒိုနီးရှား မွတ်စလင်ကျောင်းသားများအသင်း (HMI) ဥက္ကဌ ဇီယဒ် အဘ်ဒူလ် မာလစ်က ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အစ္စလာမ်ဘာသာဝင်အများစုရှိတဲ့ နိုင်ငံတွေအပေါ် သူတို့ရဲ့ ပေါ်လစီတွေ ချမှတ်ရာမှာ ဆော်ဒီဟာ မက္ကာကို ဟဂ်ျပြုဖို့ လာရောက်တဲ့ ခရီးစဉ်ကို အသုံးချနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    HMI ဟာ အင်ဒိုနီးရှားက အကြီးဆုံး ကျောင်းသားအဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

    ဒီအခမ်းအနားကို ဂျကာတာက အစ္စလာမ့်တက္ကသိုလ်မှာ ကျင်းပဖို့အတွက် စီစဉ်ထားပေမယ့် ဆော်ဒီသံရုံးရဲ့ ကန့်ကွက်မှုကြောင့် နေရာရွှေ့ပြီး ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

    မာလစ်က သူတို့ရဲ့ အခမ်းအနားကို ဆော်ဒီက နှောက်ယှက်တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

    “ကျွန်တော်တို့ဟာ ကျောင်းသားတွေပါ။ ကျောင်းသားတွေအနေနဲ့ အကြောင်းအရာ တော်တော်များများကို အမြဲတမ်း ဆွေးနွေးနေကြပါ။ ဘာ့ကြောင့် ဆော်ဒီက ပြဿနာလို့ မြင်နေရတာလဲ”

    HMI က အခြား ကျောင်းသားခေါင်းဆောင်တွေကလည်း မာလစ်လိုပဲ ဆော်ဒီကို ဝေဖန်ခဲ့ပါတယ်။

    အခမ်းအနားမှာ ပါဝင်ခဲ့တဲ့ အခြားအဖွဲ့အစည်း Garda Suci Merah Putih (GSMP) က ကိုယ်စားလှယ်တွေကလည်း ဆော်ဒီဟာ မက္ကာနဲ့ မဒီနာမြို့က မြင့်မြတ်ရာနေရာတွေကို ထိန်းသိမ်းစောင့် ရှောက်ရတဲ့ သူတို့ရဲ့ တာဝန်ကို ချိုးဖောက်နေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

    “ဟဂ်ျကျင့်စဉ်ကို သွားရောက်မှု ပိတ်ပင်ခွင့်ဟာ ဘုရားသခင်ထံမှာပဲ ရှိပါတယ်။ ဆော်ဒီမှာ မဟုတ်ပါဘူး” လို့ GSMP ရဲ့ အထွေထွေအတွင်းရေးမှူး မူဂ်ျတာဟစ် ဟာရှင်မ်က အလ်ဂျာဇီးရားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဆီးရီးယားက ဟဂ်ျပြုချင်တဲ့သူတွေဟာ ဆော်ဒီက ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရအတိုက်အခံအဖွဲ့ရဲ့ ကော်မတီကနေတစ်ဆင့်သာ ဗီဇာရယူရမှုကို ဟာရှင်မ်က ထောက်ပြခဲ့ပါတယ်။

    ၂၀၁၂ ခုနှစ် ပြည်တွင်းစစ်အချိန်ကစလို့ ဆော်ဒီဟာ ဆီးရီးယားအစိုးရနဲ့ သံတမန်ဆက်ဆံရေး ဆိုးရွားခဲ့တာပါ။

    ပြည်တွင်းစစ်ဖြစ်နေတဲ့ ယီမင်မှာလည်း ဆော်ဒီဟာ သူတို့ ထောက်ခံတဲ့ အုပ်စုတွေနဲ့ လက်လှည့်သင့်သူတွေကိုသာ ဟဂ်ျဗီဇာထုတ်ပေးတာမျိုး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်း၊ အီဂျစ်တို့နဲ့ သံတမန်ရေးပြဿနာဖြစ်နေတဲ့ ကာတာနိုင်ငံက ပြည်သူတွေအပေါ် ဟဂ်ျဗီဇာ ကန့်သတ်မှုတွေကိုလည်း ဟာရှင်မ်က ဝေဖန်ခဲ့ပါတယ်။

    ဟဂ်ျကျင့်စဉ်ဆိုတာဟာ ဆော်ဒီအာရေဗျနိုင်ငံက မက္ကာနဲ့ မဒီနာမြို့တို့ကို သွားရောက်ကာ မြင့်မြတ်ရာနေရာတွေမှာ ၀တ်ပြုဆုတောင်းတာနဲ့ တစ်ခြား သတ်မှတ်ထားတဲ့ နာမ်ပိုင်းဆိုင်ရာ ကျင့်စဉ်မျိုးတွေ လုပ်ရတာဖြစ်ပါတယ်။

    အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းကာ၊ ငွေကြေးတတ်နိုင်တဲ့ ယုံကြည်သူ အမျိုးသား၊ အမျိုးသမီးတိုင်းဟာ တစ်သက်မှာ တစ်ကြိမ် ဟဂ်ျကျင့်စဉ် ဆောက်တည်ဖို့အတွက် မလုပ်မနေရတာဝန်အဖြစ် အစ္စလာမ်သာသနာမှာ သတ်မှတ်ထားပါတယ်။

    ဟဂ်ျကျင့်စဉ်မှာ ဆော်ဒီက ကန့်သတ်မှုတွေ ပြုလုပ်တာကို ရပ်ဆိုင်းရေး တိုက်တွန်းဖို့လည်း ဟာရှင်က အင်ဒိုအာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    Ref : Aljazeera

  • ခြစားမှုဖြင့် ဖမ်းဆီးခံထားရသည့် ဆော်ဒီ ဘီလီယံနာ တော်ဝင်မင်းသား လွတ်မြောက်လာ

    ခြစားမှုဖြင့် ဖမ်းဆီးခံထားရသည့် ဆော်ဒီ ဘီလီယံနာ တော်ဝင်မင်းသား လွတ်မြောက်လာ

    ဇန်န၀ါရီ ၂၇၊ ၂၀၁၈
    M-Media
    ဘီလီယံနာ တော်ဝင်မင်းသား အလ်ဝါလီဒ် ဘင် တာလာလ်
    – ခြစားမှုစွဲချက်များဖြင့် ဖမ်းဆီးခံထားရသည့် ဘီလီယံနာ တော်ဝင်မင်းသား အလ်ဝါလီဒ် ဘင် တာလာလ်မှာ ပြန်လည်လွတ်မြောက်လာသည်ဟု မိသားစုက ယနေ့တွင် ပြောကြားခဲ့သည်။
    အလ်ဝါလီဒ်မှာ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၏ ခြစားမှုတိုက်ဖျက်ရေး စီမံချက်ဖြင့် ၂ လကျော်ကြာ ဖမ်းဆီးခံခဲ့ရသည့် တော်ဝင်မင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များထဲတွင် ပါဝင်ခဲ့သူဖြစ်သည်။
    ယမန်နေ့က Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် အလ်ဝါလီဒ်က ၎င်းအနေဖြင့် မည်သည့်အမှားမှ မလုပ်ခဲ့ကြောင်း ထင်ရှားသည့်အတွက် ရက်အနည်းငယ်အတွင်း ပြန်လွတ်မည်ဟု ပြောကြားခဲ့သည်။
    ၎င်းလွတ်မြောက်လာမှုနှင့်ပတ်သက်၍ ဆော်ဒီအာဏာပိုင်းများက ထုတ်ပြန်ခြင်းမပြုသေးဘဲ မည်သည့် သဘောတူညီချက်ဖြင့် လွတ်မြောက်လာသည်ကိုလည်း မသိရှိရသေးပေ။
    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဦးဆောင်သည့် ခြစားမှုတိုက်ဖျက်ရေး စီမံချက်တွင် ဆော်တော်ဝင်အသိုင်းအ၀ိုင်းမှ သူကြွယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င် လူပေါင်း ၃၅၀ ခန့်ကို ဖမ်းဆီးကာ ရက်ပေါင်း ၈၀ ကြာ စစ်ဆေးခဲ့ပြီး အများစုမှာ ငွေကြေးများနှင့် ပိုင်ဆိုင်မှုများ ပေးဆောင်ကာ ဖြေရှင်းရန် သဘောတူခဲ့သည်။ လူ ၉၀ ကို ဆော်ဒီက လွှတ်ပေးခဲ့ပြီး ၉၅ ဦးကို အရက်ဖက် တရားရုံးများသို့ လွှဲပြောင်းပေးသွားမည်ဟု ဆော်ဒီအာဏာပိုင်များက ကြေငြာခဲ့သည်။
    Ref : Reuters
  • အစွန်းရောက်အန္တရာယ် မြင့်တက်လာမှုကို စင်ကာပူသမ္မတ သတိပေး

    အစွန်းရောက်အန္တရာယ် မြင့်တက်လာမှုကို စင်ကာပူသမ္မတ သတိပေး

    ဇန်န၀ါရီ ၂၇၊ ၂၀၁၈
    M-Media
    – အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုကို စင်ကာပူက တိုးမြှင့် ခံစားလာရပြီး နိုင်ငံခြား တရားဟောဆရာများ၏ အမုန်းတရား ဟောကြားမှုများကို ပိုမို မြင်တွေ့လာရနိုင်သည်ဟု စင်ကာပူသမ္မတ ဟာလီမာယာကွဘ်က ပောကြားလိုက်သည်။
    စင်ကာပူနိုင်ငံတွင် ယနေ့ပြုလုပ်သည့် လူမျိုးစုံ ဘာသာစုံ ယုံကြည်မှုတည်ဆောက်ရေးအ၀န်းအ၀ိုင်း (IRCC) ညီလာခံ အဖွင့်မိန့်ခွန်းတွင် သမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် IS အကြမ်းဖက်အဖွဲ့က စင်ကာပူနိုင်ငံအား တိုက်ခိုက်ရန် ကြံစည်မှုမျိုး ထပ်ဖြစ်လာနိုင်သည်ဟုလည်း သတိပေးခဲ့သည်။
    “၂၀၁၆ ခုနှစ်မှာ IS က ကြံစည်းထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုနှစ်ခုကို ကျွန်မတို့ရဲ့ လုံခြုံရေးအဖွဲ့တွေကြောင့် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီခြိမ်းခြောက်မှုဟာ နောက်ဆုံး ခြိမ်းခြောက်မှုမျိုး မဟုတ်ပါဘူး”
    အင်ဒိုနီးရှားနိုင်ငံ ဘန်တန်အခြေစိုက် အကြမ်းဖက်သမားများက စင်ကာပူ မရီနာဘေးအား ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် ကြံစည်မှုကို အင်ဒိုအာဏာပိုင်များ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ဖော်ထုတ်နိုင်ခဲ့သည်။ ထိုအဖြစ်အပျက်မတိုင်ခင် လအနည်းငယ် အရင်ကလည်း နိုင်ငံခြား IS စစ်သွေးကြွများက စင်ကာပူ၌ တိုက်ခိုက်ရန် ကြံစည်မှုကို စင်ကာပူ တာဝန်ရှိသူများက ဖော်ထုတ်ခဲ့သည်။
    ဟာလီမာ ယာကွဘ်က အွန်လိုင်းတွင် အကြမ်းဖက်အုပ်စုများ၊ အစွန်းရောက်အဖွဲ့များ၏ သွေးဆောင်မှုကြောင့် အစွန်းရောက် သဘောထားများ ၀င်ရောက်၍ ဖမ်းဆီးခဲ့ရသည့် စင်ကာပူနိုင်ငံသား ၄ ဦးအကြောင်းကို အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး လူမျိုးစုံ ဘာသာစုံ နားလည်မှုတည်ဆောက်ရန်လည်း တိုက်တွန်းခဲ့သည်။
    “အပြင်အလှန် ဆက်ဆံမှု၊ ရင်းနှီးကျွမ်းဝင်မှုတို့လိုပဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကလည်း လူ့အဖွဲ့အစည်းတွေအကြား လေးစားမှုတည်ဆောက်ဖို့အတွက် အရေးကြီးပါတယ်”
    Ref : CNA
  • အာဖဂန်မြို့တော်တွင် တာလီဘန်က လူနာတင်ယာဉ်ဖြင့် ဗုံးခွဲမှုကြောင့် လူ ၆၀ ကျော် သေဆုံး

    အာဖဂန်မြို့တော်တွင် တာလီဘန်က လူနာတင်ယာဉ်ဖြင့် ဗုံးခွဲမှုကြောင့် လူ ၆၀ ကျော် သေဆုံး

    ဇန်န၀ါရီ ၂၇၊ ၂၀၁၈
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် တာလီဘန်အဖွဲ့က လူနာတင်ယာဉ်ဖြင့် အသေခံဗုံးခွဲမှု ပြုလုပ်ခဲ့သည့်အတွက်ကြောင့် အနည်းဆုံး လူ ၆၀ ကျော် သေဆုံးပြီး ၇၀ ဒဏ်ရာရရှိခဲ့သည်ဟု အာဖဂန် ကျန်းမာရေးဝန်ကြီး ၀ါဟစ် မဂ်ျရူက ပြောကြားခဲ့သည်။

    ပြည်ထဲရေးဝန်ကြီးဌာန ၀င်ပေါက်တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာလီဘန်က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။ အသေခံဗုံးခွဲသမားမှာ လူနာတစ်ဦးပါလာသည်ဟု ပြောဆိုကာ စစ်ဆေးရေးဂိတ်တစ်ခုကို ကျော်လွန်ခဲ့ပြီး ဒုတိယမြောက် စစ်ဆေးရေးဂိတ်တွင် ဖောက်ခွဲခဲ့ခြင်ဖြစ်သည်။

    ပေါက်ကွဲသည့်နေရာတစ်ဝိုက်တွင် အစိုးရရုံးများ၊ စီးပွားရေးလုပ်ငန်းများ၊ စာသက်ကျောင်းတစ်ခုနှင့် ဆေးရုံတစ်ခုတို့ ရှိနေသည်။

    ပြီးခဲ့သည့်တစ်ပတ်ကလည်း တာလီဘန်အဖွဲ့မှာ ကဘူးလ်မြို့ရှိ နာမည်ကြီးဟိုတယ်ဖြစ်သော Intercontinental Hotel တွင် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး လူ ၁၈ ဦး သေဆုံးခဲ့သည်။

    ထိုတိုက်ခိုက်မှုမတိုင်ခင် ရက်အနည်းငယ်အရင်က ဂျလာလာဘတ်ရှိ Save the Children ရုံးကို IS အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃ ဦး သေဆုံးခဲ့သည်။

    Ref : Aljazeera