News @ M-Media

Blog

  • ဂျေရုစလင်ကိစ္စ ထရမ့်ကို သင်ခန်းစာပေးရန် တူရကီတိုက်တွန်း

    ဂျေရုစလင်ကိစ္စ ထရမ့်ကို သင်ခန်းစာပေးရန် တူရကီတိုက်တွန်း

    ဒီဇင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    – ဒီကနေ့နှောင်းပိုင်းမှာလုပ်မယ့် ကုလရဲ့ အထွေထွေညီလာခံမှာ ဂျေရုစလင်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သင်ခန်းစာ ကောင်းကောင်းပေးဖို့ တူရကီသမ္မတ အာဒိုဂန်က နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းဆော်သြလိုက်ပါတယ်။

    ကုလအစည်းအဝေးမှာ အမေရိကန်ရဲ့ရပ်တည်ချက်ကို ဆန့်ကျင်တဲ့နိုင်ငံတွေကို မှတ်ထားမှာဖြစ်တယ်လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ပြောကြားထားပြီး၊ ထရမ့်ကလည်း သူတို့ကိုဆန့်ကျင်ရင် အကူအညီပေးထားတာတွေ ရပ်တန့်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

    “မစ္စတာထရမ့်ရေ – တူရကီရဲ့ ဒီမိုကရက်တစ်ဆန္ဒကို ခင်ဗျားရဲ့ဒေါ်လာတွေနဲ့ ၀ယ်လို့မရပါဘူး။ ကျုပ်တို့ရဲ့ ဆုံးဖြတ်ချက်က ပြတ်သားပါတယ်။ ခင်ဗျားတို့ ကြိုးစားပမ်းစားရထားတဲ့ ဒီမိုကရက်တစ်စံနှုန်း၊ ခင်ဗျားတို့ရဲ့ ဆန္ဒကို ပိုက်ဆံနဲ့မရောင်းပါနဲ့လို့ တစ်ကမ္ဘာလုံးကို ကျွန်တော် တိုက်တွန်းပါတယ်။ အမေရိကန်ဟာ သူတို့လိုချင်တဲ့အဖြေမျိုး အဲဒီ(ကုလ)ကနေ ရမှာမဟုတ်ဘူးလို့ ကျွန်တော်မျှော်လင့်ပြီး ကမ္ဘာကြီးက အမေရိကန်ကို သင်ခန်းစာကောင်းကောင်း ပေးမှာပါ” လို့ အန်ကာရာက ယဉ်ကျေးမှုဆိုင်ရာဆုပေးပွဲမှာ အာဒိုဂန်က ပြောကြားခဲ့ပါတယ်။

    ဒီဇင်ဘာ ၆ ရက်နေ့မှာ ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ပြီးတဲ့နောက် ကမ္ဘာတစ်ဝှမ်းက အမေရိကန်ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

    အင်္ဂါနေ့က လုံခြုံရေးကောင်စီမှာ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ပယ်ချဖို့ မူကြမ်းတစ်ခု တင်သွင်းခဲ့ပြီး အဖွဲ့ဝင် ၁၄ နိုင်ငံက ထောက်ခံခဲ့ပေမယ့် အမေရိကန်ရဲ့ ဗီတိုကြောင့် အတည်မပြုနိုင်ခဲ့ပါဘူး။

    ဂျေရုစလင်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ရပ်တည်ချက်ကို တူရကီက ပြင်းပြင်းထန်ထန် ဝေဖန်တုန့်ပြန်ထားပြီး အရှေ့ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် ပြီးခဲ့တဲ့တစ်ပတ် အိုအိုင်စီအစည်းအဝေးက သတ်မှတ်မှုမှာ တူရကီက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

    Ref: Aljazeera

  • မဲလ်ဘုန်းတွင် လူအုပ်ထဲသို့ ကားဖြင်ဝင်တိုက်မှုဖြစ်ပွားပြီး ၁၉ ဦး ဒဏ်ရာရ

    မဲလ်ဘုန်းတွင် လူအုပ်ထဲသို့ ကားဖြင်ဝင်တိုက်မှုဖြစ်ပွားပြီး ၁၉ ဦး ဒဏ်ရာရ

    ဒီဇင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့လယ်ကောင်တွင် လမ်းသွားလမ်းလာများအား ကားဖြင့် တမင်ဝင်တိုက်ခဲ့သူမှာ စိတ်ကျန်းမာရေးပြဿနာ မှတ်တမ်းရှိနေပြီး အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုမရှိဟု သြစတေးလျ ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    တိုက်ခိုက်သူမှာ အသက် ၃၂ နှစ်အရွယ် အာဖဂန်နွယ်ဖွားဖြစ်ပြီး ယနေ့နေ့လည်ပိုင်းတွင် ဓာတ်ရထားဂိတ်ရှိ လူအုပ်အတွင်းသို့ ကားဖြင့် ၀င်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားထဲတွင် အခြားတစ်ဦးပါဝင်ပြီး ၎င်းမှာ ထိုအဖြစ်အပျက်အား ဗီဒီယိုဖြင့် မှတ်တမ်းတင်သူဖြစ်သည်။

    ၎င်းတို့နှစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဓားမြှောင်အများအပြားလည်း သိမ်းဆည်းရမိခဲ့သည်။ တိုက်ခိုက်မှုကြောင့် လူ ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။

    ဗစ်တိုးရီးယားပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ရှိန်း ပတ္တန်က တိုက်ခိုက်သူမှာ ရဲမှတ်တမ်းရှိပြီး မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ကြောင်း၊ ၎င်းမှာ အကြမ်းဖက်ဝါဒနှင့် ဆက်စက်သည်ဆိုသည့် အချက်အလက်များကို ယခုအချိန်အထိ မတွေ့ရသေးကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ရခိုင်ကိစ္စ အဖြစ်မှန်ဖော်ဖို့ကြိုးစားလို့ Reuters သတင်းထောက်တွေ ဖမ်းခံရတာလား

    ရခိုင်ကိစ္စ အဖြစ်မှန်ဖော်ဖို့ကြိုးစားလို့ Reuters သတင်းထောက်တွေ ဖမ်းခံရတာလား

    ဒီဇင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ဖမ်းဆီးခံရသည့် Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး

    – ပြီးခဲ့တဲ့တစ်ပတ်က မြန်မာနိုင်ငံမှာ အဖမ်းခံလိုက်ရတဲ့ သတင်းထောက် ၂ ယောက်ဟာ ကာကွယ်ရေးဦးစီးချုပ်ရုံးက အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာတွေ တွေ့တယ်လို့ ကြေငြာလိုက်တဲ့ ရခိုင်ပြည်နယ်က ရွာတစ်ရွာရဲ့ ရွာသားတွေထံကနေ ဓာတ်ပုံတွေရရှိထားပါတယ်။ ရိုဟင်ဂျာမွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တပ်ရဲ့ ဆောင်ရွက်မှုဟာ ၃ လကျော်လောက် ကြာနေပြီဖြစ်ပါတယ်။

    Reuters သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာ ရဲတပ်အရာရှိတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

    ဒီဂျာနယ်လစ်တွေဟာ ရခိုင်ပြည်နယ်က သတင်းအချက်အလက်တွေကို တရားမ၀င်ရယူဖို့ ကြိုးစားခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ စစ်တပ်ရဲ့ သတ်ဖြတ်မှု၊ အဓမ္မကျင့်မှုကို ခံခဲ့ရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်သူတွေက စွပ်စွဲထားပါတယ်။ ရိုဟင်ဂျာတွေကို အညှိုးထားသတ်ဖြတ်မှုတွေ၊ ရိုဟင်ဂျာရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေမှာ ရခိုင်ဗုဒ္ဓဘာသာ အုပ်စုလည်း ပါဝင်တယ်လို့ စွပ်စွဲခံထားရပါတယ်။

    Reuters သတင်းထောက်တွေကို ဖမ်းဆီးပြီး ၃ ရက်အကြာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာက ရခိုင်ရွာသား ၅ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲမှာ ကျောင်းအုပ်တစ်ဦးနဲ့ ဆရာ ၃ ဦး ပါဝင်ခဲ့ပါတယ်။

    ဖမ်းဆီးခံရတဲ့ ဆရာတစ်ဦးရဲ့ အမည်မဖော်လိုတဲ့ ဆွေမျိုးတစ်ယောက်က Reuters သတင်းထောက်တွေကို ဓာတ်ပုံနဲ့ စာရွက်စာတမ်းတစ်ချို့ ပေးလိုက်တာကြောင့် ရခိုင်ရွာသားတွေ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဖွင့်ဟလာပါတယ်။ ဘာဓာတ်ပုံတွေလဲဆိုတာကိုတော့ သူက ပြောကြားခဲ့ခြင်း မရှိပါဘူး။

    တနင်္လာနေ့က ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook စာမျက်နှာမှာ အင်းဒင်သုဿာန်အတွင်း ဘယ်သူဘယ်ဝါမှန်းမသိတဲ့လူတွေ ‘သတ်ဖြတ်မြှုပ်နှံခံထားရမှုအတွက်’ စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    “အထက်ပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တစ်စုံတစ်ရာပါဝင် ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရပါက တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်” လို့လည်း ထည့်သွင်း ရေးသားခဲ့ပါတယ်။

    သြဂုတ်နှောင်းပိုင်းကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ဝိုက် ရွာတွေ မီးလောင်မှုအတွင်းမှာ ရိုဟင်ဂျာနဲ့ ရခိုင်တွေ ရောနှောနေထိုင်ကြတဲ့ အင်းဒင်ရွာက အိမ်တော်တော်များများလည်း မီးလောင်ခဲ့ပါတယ်။ ဒါပေမယ့် Amnesty International က ရရှိတဲ့ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားအရ အင်းဒင်ရွာက ရိုဟင်ဂျာတွေနေထိုင်တဲ့နေရာက အိမ်တွေပဲ ကွက်ပြီး မီးလောင်ပျက်ဆီးနေတယ်ဆိုတာ တွေ့ရပါတယ်။

    ဖမ်းဆီးခံလိုက်ရတဲ့ အင်းဒင်ရွာသားတစ်ယောက်ရဲ့ ဆွေမျိုးတစ်ဦးက အစိုးရအနေနဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားတာတွေကို ဖျောက်ချင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

    လွတ်လပ်တဲ့ မြန်မာစာနယ်ဇင်းကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးမြင့်ကျော်က Reuters သတင်းထောက်တွေ ဖမ်းဆီးခံရမှုနဲ့ ရခိုင်ရွာသားတွေ ဖမ်းဆီးခံရမှု ဆက်စက်မှုရှိတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

    အရပ်သားအစိုးရရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ သမ္မတရုံးက ဒီသတင်းထောက်တွေအပေါ် ဖမ်းဆီးမယ့်ကိစ္စနဲ့ပတ်သက်ပြီး ခွင့်ပြုချက်ပေးခဲ့တယ်လို့ မြန်မာအာဏာပိုင်တွေက ဆိုပါတယ်။

    “အခုအချိန်မှာ ဂျာနယ်လစ်တွေအပေါ် စွဲထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရပ်တန့်ဖို့ ခက်ပါလိမ့်မယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားမှုအတွက် အစိုးရအနေနဲ့ အရင်ဆုံး စုံစမ်းစစ်ဆေးမှု လုပ်ခဲ့ရမှာပါ” လို့ ဦးမြင့်ကျော်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    သတင်းထောက်တွေ ဖမ်းဆီးခံရပြီး တစ်ပတ်အကြာမှာ မြန်မာအရပ်သားအစိုးရဲ့ ကြီးကြီးပိုင်းလူတစ်ချို့က ဒီ ဂျာနယ်လစ်နှစ်ယောက်ကို ဘာ့ကြောင့် ဖမ်းဆီးထားလဲ ဆိုတာနဲ့ပတ်သက်ပြီး နောက်ထပ်အချက်အလက်တွေ မသိရဘူးလို့ ဖွင့်ဟလာပါတယ်။

    “ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ တကယ်ကို မသိရပါဘူး။ ဘာဖြစ်လဲဆိုတာသိရရင် ကျွန်တော်တို့ တစ်ခုခု လုပ်နိုင်မှာပါ” လို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ပြောကြားခဲ့ပါတယ်။

    သတင်းထောက်တွေ ဘာအကြောင်းကို လိုက်နေလဲဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းမှုကိုတော့ Reuters သတင်းဌာနက မဖြေခဲ့ပါဘူး။

    “ကမ္ဘာကြီး အကျိုးရှိစေမယ့် သတင်းတွေကို ဖော်ပြရာမှာ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေကြသူတွေပါ။ သူတို့ဟာ ဘာအမှားမှ မလုပ်ထားတဲ့ အပြစ်မဲ့သူတွေ ဖြစ်ပါတယ်” လို့ Reuters သတင်းဌာနရဲ့ ဥက္ကဌနဲ့ အယ်ဒီတာချုပ် စတီဖင် ဂျေ အဒ်လာက ကြေငြာချက် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတာပါ။ ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ အဲဒီဥပဒေဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်လောက် ချမှတ်လို့ ရပါတယ်။ ဂျာနယ်လစ်တွေကို ထိန်းသိမ်းတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

    အဲဒီ ဂျာနယ်လစ် ၂ ဦးဟာ ပြီးခဲ့တဲ့ ၃ လခွဲအတွင်းမှာ မြန်မာဖက်ကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ရိုဟင်ဂျာ ၆ သိန်းခွဲလောက် ထွက်ပြေးရတဲ့ သတင်းကို တင်ဆက်ခဲ့သူတွေလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်ရဲ့ ဆယ်စုနှစ်ချီ ညှင်းပမ်းနှိပ်စက်မှုဒဏ်ကို ခံခဲ့ရပြီး လတ်တလောကိစ္စက သြဂုတ်လနှောင်းပိုင်းမှာ ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

    အစိုးရက သေသေချာချာစီစဉ်ပြီး လွှတ်တဲ့ ခရီးစဉ်ကလွဲလို့ ဒေသတွင်းနဲ့ နိုင်ငံခြား သတင်းထောက်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်ခွင့် မရပါဘူး။ Reuters သတင်းဌာနဟာ ဒေသတွင်း မျက်မြင်သက်သေတွေရဲ့ ပြောကြားမှုတွေကို အမည်ထုတ်ဖော်ခြင်းမရှိဘဲ ဖော်ပြခဲ့ပြီး ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့က
    လည်း ဒီဒေသတစ်ဝိုက်ကနေ သတင်းပေးပို့ခဲ့ကြပါတယ်။

    နယ်စည်းမခြား ဆရာဝန်များအဖွဲ့က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စတင်ပြီး တစ်လတာအတွင်းမှာ ကလေးငယ် ၇၃၀ အပါအ၀င် အနည်းဆုံး ရိုဟင်ဂျာ ၆၇၀၀ လောက် အသတ်ခံရတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    အဖြေမထွက်တဲ့ မေးခွန်းတွေထဲမှာ စစ်တပ်နဲ့ ရခိုင်လူအုပ်ပေါင်းပြီး သတ်ဖြတ်ခဲ့တယ်လို့ ယုံကြည်ရတဲ့ အလောင်းတွေ ဘာဖြစ်သွားလဲဆိုတာလည်း ပါဝင်ပါတယ်။

    စက်တင်ဘာလက မြန်အစိုးရရဲ့ အစောင့်အကြပ်နဲ့ သွားရောက်ခဲ့တဲ့ သတင်းထောက်တွေကို ဒါဇင်နဲ့ချီတဲ့ ဟိန္ဒူရွာသားတွေရဲ့ အလောင်းတွေ ပြသခဲ့ပြီး မြန်မာစစ်တပ်က ဒါဟာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့က လုပ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ အသက်ရှင်သူ ဟိန္ဒူတွေကလည်း သူတို့ရဲ့ လူ့အဖွဲ့အစည်းကို ဘယ်သူတိုက်ခိုက်လဲဆိုတာနဲ့ပတ်သက်ပြီး ထွက်ဆိုရာမှာ ရှေ့နောက်မညီပါဘူး။ တစ်ချို့က ၀တ်စုံနက်နဲ့ ရိုဟင်ဂျာစစ်သွေးကြွတွေက သတ်ဖြတ်တယ်လို့ပြောပြီး၊ တစ်ချို့က မြန်မာ့တပ်မတော်က လုပ်တယ်လို့ ပြောပါတယ်။

    ရိုဟင်ဂျာအလောင်းတွေကို မီဒီယာတွေမှာ မမြင်ရသေးဘဲ၊ အင်းဒင်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှပ်ထားတဲ့ အလောင်းတွေဟာ ဘယ်သူတွေလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    နိုဝင်ဘာလက မြန်မာစစ်တပ်ဟာ တပ်တွင်း စုံစမ်းစစ်ဆေးမှုရလဒ်ကို ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်က စစ်သားအားလုံး မဟုတ်တာ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ အပြစ်မဲ့တဲ့ ဘယ်အရပ်သားမှ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အဓမ္မကျင့်ခံရတာမျိုး၊ သတ်ဖြတ်ခံရတာမျိုး မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

    အင်္ဂါနေ့မှာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) က စာမျက်နှာ ၃၀ ပါ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး နယ်မြေရှင်းလင်းမှုဒဏ် အဆိုးရွားဆုံးခံရတဲ့ တူလာတိုလီရွာမှာ စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားပါတယ်။

    “စစ်သားတွေနဲ့ ရခိုင်ရွာသားတွေဟာ အလောင်းတွေကို သဲကျင်းနက်နက်ထဲမှာ မီးရှို့ခဲ့ပြီး သတ်ဖြတ်မှုအတွက် လက်စလက်နဖျောက်တဲ့လုပ်ရပ်လို့ ထင်ရပါတယ်” လို့ HRW ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

    အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ရိုဟင်ဂျာရွာ ၄၀ လောက် မီးရှို့ဖျက်ဆီးခံထားရတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကိုလည်း HRW က ထုတ်ပြန်ခဲ့ပြီး အနည်းဆုံး ရိုဟင်ဂျာရွာ ၃၅၄ ရွာလောက် မီးတိုက်ခံရတာဖြစ်ပါတယ်။ အရပ်သားအစိုးရရဲ့ အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ဟာ ‘နယ်မြေရှင်းလင်းရေးလုပ်ငန်း’ ကို
    စက်တင်ဘာအစောပိုင်းကတည်းက ရပ်ဆိုင်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ ဒေါ်ဆောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရ ဖြစ်လာဖို့ လမ်းပွင့်စေခဲ့ပေမယ့် နှစ် ၅၀ နီးပါး တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ စစ်တပ်က အာဏာအတွက် အရေးပါဆုံး ခလုပ်တွေကို ကိုင်ထားဆဲပါ။

    စစ်တပ်အပေါ် သြဇာမညောင်းပေမယ့် ဒေါ်အောင်ဆန်းစုကြည့်အနေနဲ့ စစ်တပ်ကို လူသိရှင်ကြား ဖာထေးကာကွယ်ပေးတာဟာ စစ်ရာဇ၀တ်ကောင်တွေကောင် အလောင်းအလျာတွေကို စိတ်ဓာတ်ခွန်အားပေးသလို ဖြစ်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြပါတယ်။

    ကုလလူ့အခွင့်အရေးအကြီးအကဲ အလ်-ဟူစိန်က ရိုဟင်ဂျာတွေအပေါ် လုပ်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နိုင်ပြီး လက်သည်တွေကို နိုင်ငံတကာဥပဒေတွေနဲ့ အရေးယူဖို့ တိုက်တွန်းဆော်သြတဲ့အထိ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ကတော့ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ လုပ်ဆောင်မှုကို ‘လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု’ လို့ ကင်ပွန်းတပ်ပါတယ်။

    စာပေကင်ပေတိုင်အောက်မှာ ဆယ်စုနှစ်ချီရှိခဲ့ပြီး မကြာသေးခင်ကမှ လွတ်မြောက်လာခဲ့တဲ့ မြန်မာ သတင်းမီဒီယာလောကဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တမ်းမှာ စိန်ခေါ်မှုအသစ်တွေရဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ ထိပ်တန်းဂျာနယ်လစ်တွဟာ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးတရားစွဲဆို ခံခဲ့ရပြီး အောက်တိုဘာမှာ နိုင်ငံခြားသား ဂျာနယ်လစ်နှစ်ယာက်နဲ့ ဒေသတွင်း သတင်းထောက်တစ်ယောက်၊ သူတို့ကိုလိုက်ပို့တဲ့ ကားဆရာတို့ဟာ နေပြည်တော်မှာ တရားမ၀င် ဒရုန်းလွှတ်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးတရားစွဲဆို ခံခဲ့ရပါတယ်။

    ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဘယ်နေရာမှာ ဖမ်းဆီးထားလဲဆိုတာ မသိဘူးလို့ သူတို့ရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။

    “ကျွန်မ ရဲစခန်းကို သွားတယ်။ ကျွန်မယောက်ျားကို ဘယ်မှာချုပ်ထားလဲဆိုတာ မသိဘူးလို့ ရဲတွေကပြောပါတယ်။ စိုးရိမ်သောကရောက်နေတာကတော့ ပြောမပြတတ်အောင်ပါပဲရှင်” လို့ ကိုဝလုံးရဲ့ဇနီး မပန်းအိမွန်က ပြောကြားခဲ့ပါတယ်။

    Ref: Newyork Times

    ( Newyork Times တွင် ဖော်ပြထားသည့် As Signs of a Mass Grave Emerge, Myanmar Cracks Down ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ အချက်အလက်များမှာ မူရင်းသတင်းဌာန၏ တင်ပြချက်သာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်သလို၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ထားခြင်းလည်း မရှိပါ။)

  • ဂျေရုစလင်ကိစ္စ ဆန့်ကျင်သောနိုင်ငံကို အကူအညီဖြတ်တောက်မည်ဟု ထရမ့် ခြိမ်းခြောက်

    ဂျေရုစလင်ကိစ္စ ဆန့်ကျင်သောနိုင်ငံကို အကူအညီဖြတ်တောက်မည်ဟု ထရမ့် ခြိမ်းခြောက်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်၏ အသိအမှတ်ပြုမှုကို ဆန့်ကျင်သော ကုလ၏ ဆုံးဖြတ်ချက်အား ထောက်ခံသည့် နိုင်ငံများကို အကူအညီဖြတ်တောက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ယနေ့တွင်ပြုလုပ်ရန်ရှိနေသည့် ကုလ၏ အရေးပေါ် အစည်းအဝေးတွင် အမေရိကန်၏ တစ်ဖက်သတ်ကြေငြာမှုကို အဖွဲ့ဝင်နိုင်ငံများက ပယ်ချမည့် အလားအလာများနေပြီး ထရမ့်က မိမိအနေဖြင့် ဖိုအစည်းအဝေးကို စောင့်ကြည့်သွားမည်ဟု အိမ်ဖြူတော်တွင် ယမန်နေ့က ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဆီက ဒေါ်လာသန်းချီ၊ ဘီလီယံချီယူပြီး ကျွန်တော်တို့ကို ဆန့်ကျင်မယ်ဟုတ်လား။ အဲဒီမဲပေးမှုကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ကိုဆန့်ကျင်တဲ့မဲ ပေးပါစေ။ ဂရုမစိုက်ဘူး။ ပိုက်ဆံတွေ အများကြီး ပြန်ရတာပေါ့ဗျာ” ဟု ထရမ့်၏ ပြောဆိုမှုကို Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်က ဒီဇင်ဘာ ၆ ရက်နေ့တွင် ကြေငြာမှုမှာ အမေရိကန်ကိုယ်တိုင် ထောက်ခံထားသည့် ကုလ၏ ယခင်ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ဆန့်ကျင်နေသည်။

    ကမ္ဘာနိုင်ငံများကလည်း ထိုကိစ္စကို ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ထိုဆုံးဖြတ်ချက်ကို ပယ်ချရန် မူကြမ်းကို အင်္ဂါနေ့တွင် လုံခြုံရေးကောင်စီတွင် မဲခွဲရာ အဖွဲ့ဝင် ၁၅ နိုင်ငံတွင် ၁၄ နိုင်ငံက ထောက်ခံခဲ့ပြီး အမေရိကန်၏ ဗီတိုဖြင့် ပယ်ချခံခဲ့ရသည်။

    ထို့ကြောင့် ကုလအထွေထွေညီလာခံတွင် ထိုကိစ္စအတွက် အဖြေထွက်ရန် ကမ္ဘာ့နိုင်ငံများက ကြိုးစားလာခြင်းဖြစ်သည်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးကလည်း ထိုကိစ္စနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအား ခြိမ်းခြောက်စာတစ်စောင်ကို ယမန်နေ့တွင် ကုလသို့ ပေးပို့ခဲ့သည်။

    Ref: Aljazeera

  • နှလုံးရောဂါသမားများ အိမ်ထောင်မရှိလျှင် သေဆုံးနိုင်ချေ ပိုမိုမြင့်တက်ဟု လေ့လာမှုတစ်ခုကဆို

    နှလုံးရောဂါသမားများ အိမ်ထောင်မရှိလျှင် သေဆုံးနိုင်ချေ ပိုမိုမြင့်တက်ဟု လေ့လာမှုတစ်ခုကဆို

    ဒီဇင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    – နှလုံးရောဂါ ခံစားနေရသူတွေထဲမှာ အိမ်ထောင်မရှိတဲ့သူတွေက ရှိတဲ့သူတွေထက်ပိုပြီး သေဆုံးနိုင်ချေ မြင့်မားတယ်လို့ အမေရိကန်မှာ ပြုလုပ်တဲ့ သုတေသနအသစ်တစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့က Emory တက္ကသိုလ်မှာပြုလုပ်တဲ့ သုတေသနအရ နှလုံးရောဂါသည်တွေမှာ အိမ်ထောင်ရေးအခြေအနေက ရောဂါအပေါ် တော်တော်လေး လွှမ်းမိုးမှုရှိတယ်ဆိုတာ တွေ့ခဲ့ရတာပါ။

    အမေရိကန်နှလုံးအသင်းက ထုတ်ပြန်တဲ့ ဆေးပညာဂျာနယ်မှာ အဲဒီရလဒ်ကို ဖော်ပြခဲ့ပြီး နှလုံးရောဂါရှိတဲ့ မုဆိုးဖို၊ မုဆိုးမတွေဟာ အချိန်မတိုင်ခင် သေဆုံးနိုင်ချေပိုများတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိမ်ထောင်ရှိခြင်း၊ မရှိခြင်းဟာ နှလုံးသွေးကြောဆိုင်ရာအပေါ် ဘယ်လို သက်ရောက်မှုရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    ပရော်ဖက်ဆာ ဒေါက်တာ ကိုင်ယွမ်နဲ့အဖွဲ့ဟာ နှလုံးရောဂါရှိတဲ့ လူနာ ၆၀၅၁ ဦးကို စမ်းသပ်မှုမှာ ပါဝင်စေခဲ့ပြီး ပျမ်းမျှအသက်ကတော့ ၆၃ နှစ်ဖြစ်ပါတယ်။

    စောင့်ကြည့်ကာလအတွင်း ၁၈ ရာခိုင်နှုန်း သေဆုံးရာမှာ ၁၁ ရာခိုင်နှုန်းက နှလုံးသွေးကြောနဲ့ ဆက်စပ်တဲ့ရောဂါ၊ ၄.၅ ရာခိုင်နှုန်းက ရုတ်တရက် နှလုံးရပ်မှုတွေကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

    သေဆုံးသူတွေရဲ့ အိမ်ထောင် ရှိမှု၊ မရှိမှုအပေါ် အခြေခံလေ့လာရာမှာ အိမ်ထောင်မရှိတဲ့သူတွေက သေဆုံးနိုင်ချေ ၂၄ ရာခိုင်နှုန်း မြင့်တက်တယ်ဆိုတာ တွေ့ရပါတယ်။ အိမ်ထောင်မရှိတဲ့သူတွေက နှလုံးသွေးကြောနဲ့ ဆက်စပ်တဲ့ရောဂါကြောင့် သေဆုံးနိုင်ချေ ၄၅ ရာခိုင်နှုန်းမြင့်မားပြီး၊ ရုတ်တရက် နှလုံးဖောက်မှုကြောင့် သေဆုံးနိုင်ချေ ၅၂ ရာခိုင်နှုန်းအထိ မြင့်တက်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    မုဆိုးဖို၊ မုဆိုးမတွေမှာ နှလုံးဖောက် သေဆုံးနိုင်ချေဟာ ၇၁ ရာခိုင်နှုန်းအထိ မြင့်မားပြီး၊ တစ်ခုလပ်တွေမှာတော့ ၄၁ ရာခိုင်နှုန်း မြင့်မားပါတယ်။ ဘယ်တုန်းကမှ လက်မထပ်ဖူးတွေက သေဆုံးနိုင်ချေ ၄၀ ရာခိုင်နှုန်း ပိုမြင့်တယ်လို့ လေ့လာမှုက ဆိုပါတယ်။

    သုတေသနခေါင်းဆောင် ဒေါက်တာကိုင်ယွမ်က နှလုံးဆရာဝန်တွေအနေနဲ့ ကုသမှုပေးရာမှာ လူနာတွေရဲ့ အိမ်ထောင်ရေးအခြေအနေကို ထည့်သွင်းစဉ်စားသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ရမယ်ဆိုတာကိုတော့ ၀န်ခံခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း နှလုံးရောဂါကြောင့် သေဆုံးသူဟာ တစ်နှစ်ကို ၁၇.၃ သန်းလောက်ရှိပြီး ၂၀၃၀ ရောက်ရင် ၂၃.၆ သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းပါတယ်။

    Ref: Medicl News Today