News @ M-Media

အီရန်ပြည်သူများ၏ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွင် အနည်းဆုံး ၂ ဦး သေဆုံး

ဒီဇင်ဘာ ၃၁၊ ၂၀၁၇
M-Media

– အီရန်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စတင်ခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း အနည်းဆုံး ၂ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

နိုင်ငံအနောက်ပိုင်း ဒိုရုဒ်မြို့တွင် ယမန်နေ့ညပိုင်းက သေဆုံးခဲ့ခြင်းဖြစ်ပြီး လိုရက်စ္စတန်ပြည်နယ် အုပ်ချုပ်ရေးမှူး၏ လုံခြုံရေးဆိုင်ရာ အကြံပေးဖြစ်သူ ဟာဘီဘွလ္လာဟ် ခိုဂျက်စ်တီပူရ်းက လှုံ့ဆော်သူများကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အဟန့်အတားဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် မည်သည့်ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်မှ ဆန္ဒပြသူများကို ပစ်ခတ်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သော်လည်း သေဆုံးသူများနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပေ။

နိုင်ငံအတွင်း ကုန်ဈေးနှုန်း မြင့်တက်လာမှု၊ လူနေမှုစားရိတ် ကြီးမြင့်မှုတို့ကြောင့် အီရန်ပြည်သူများမှာ ကြာသာပတေးနေ့မှစ၍ ဒုတိယမြို့တော် မက်ရှ်ဟဒ်တွင် ဆန္ဒပြခဲ့ကြပြီး နောက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်း ပြန့်နှံ့သွားခဲ့သည်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု နည်းပါးသည့် အီရန်နိုင်ငံတွင် ယခုအုံကြွမှုမှာ ၁၀ စုနှစ်အတွင်း အကြီးမားဆုံးဖြစ်သည်။

အီရန်ပြည်ထဲရေးဝန်ကြီး အဘ်ဒိုရဟ်မန် ရဟ်မာနီ ဖဇ်လီက ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးသူများ၊ ဥပဒေ ချိုးဖောက်သူများ၊ မတည်ငြိမ်အောင် လုပ်သူများမှာ ထိုလုပ်ရပ်များအတွက် တာဝန်ယူရမည်ဟု ယနေ့မနက်ပိုင်းတွင် သတိပေးခဲ့သည်။

Ref: Aljazeera