News @ M-Media

Blog

  • ဆော်ဒီအိမ်ရှေ့မင်းသား လာလည်ရန် အစ္စရေးထောက်လှမ်းရေးအကြီးအကဲ ဖိတ်ခေါ်

    ဆော်ဒီအိမ်ရှေ့မင်းသား လာလည်ရန် အစ္စရေးထောက်လှမ်းရေးအကြီးအကဲ ဖိတ်ခေါ်

    ဒီဇင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    – အစ္စရေး ထောက်လှမ်းရေးဝန်ကြီး ယစ်စရာအီလ် ကက်ဇ်မှာ ဆော်ဒီအိမ်ရှေ့မင်းသားအား အစ္စရေးသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်ဟု အစ္စရေးနေ့စဉ်သတင်းစာ Haaretz က ဖော်ပြခဲ့သည်။

    ယူကေအခြေစိုက် သတင်းဝဘ်ဆိုက် Elaph နှင့် ယခုတစ်ပတ် အင်တာဗျူးတွင် ကက်ဇ်က ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စအတွက် ထောက်လှမ်းရေးဝန်ကြီးကလည်း Haaretz ကို အတည်ပြုခဲ့သည်။ သို့သော် Elaph က လူထုအား ဖော်ပြသော အင်တာဗျူးတွင် ထိုအပိုဒ်ကို ချန်လှပ်ထားခဲ့သည်။

    ကက်ဇ်က ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်အား အာရပ်ကမ္ဘာ၏ ခေါင်းဆောင်ဖြစ်သည်ဟု အင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့ပြီး ပါလက်စတိုင်းနှင့် အစ္စရေး ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဆော်ဒီ၏ ဦးစီးဦးဆောင်ပြုမှုအောက်တွင် ဆောင်ရွက်ရန်လည်း အကြံပြုခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ်တွင် ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာခဲ့ပြီးနောက် ဆော်ဒီက ထိုဆုံးဖြတ်ချက်ကို လက်မခံကြောင်း၊ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားသည့် ပါလက်စတိုင်းနိုင်ငံကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

    သို့သော်လည်း ထရမ့်၏ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးအစီအစဉ်သစ်တစ်ခုကို အိမ်ဖြူတော်အကြံပေး ဂျရဒ် ကက်ရှ်နာမှတစ်ဆင့် ဆော်ဒီအိမ်ရှေ့မင်းသားက ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကို တင်ပြခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

    ဆော်ဒီနှင့် အစ္စရေးတို့မှာ တရားဝင် သံတမန်ဆက်ဆံရေး မရှိသော်လည်း နှစ်နိုင်ငံ တာဝန်ရှိသူများမှာ ယခင်က အပြန်အလှန် ဖိတ်ခေါ်မှုများ ရှိခဲ့ဖူးသည်။

    Ref: Aljazeera

  • ကန်နှင့်ဆော်ဒီက သူပုန်များကို ထောက်ပံ့သည့်လက်နက်များ IS လက်ထဲသို့ရောက်နေ

    ကန်နှင့်ဆော်ဒီက သူပုန်များကို ထောက်ပံ့သည့်လက်နက်များ IS လက်ထဲသို့ရောက်နေ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    IS ထံမှ သိမ်းဆည်းရမိသည့် လက်နက်များကို အီရတ်အစိုးရက ပြသထားစဉ်

    – အရှေ့အလယ်ပိုင်းက အစိုးရဆန့်ကျင်ရေး သူပုန်တွေကို အမေရိကန်နဲ့ ဆော်ဒီတို့က ထောက်ပံ့ပေးနေတဲ့ လက်နက်တွေဟာ IS အကြမ်းဖက်အဖွဲ့တွေလက်ထဲ ရောက်ရောက်သွားတယ်လို့ ပဋိပက္ခရေးရာ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Conflict Armament Research (CAR) က ပြောကြားလိုက်ပါတယ်။

    အီရတ်နဲ့ ဆီးရီးယားတို့မှာ CAR က ၃ နှစ်ကြာ သုတေသန ပြုလုပ်ခဲ့ပြီးတဲ့နောက် Weapons of the Islamic State ဆိုတဲ့ ခေါင်းစဉ်နဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

    IS ရဲ့ လက်နက်အများစုဟာ အီရတ်နဲ့ ဆီးရီးယားစစ်တပ်တွေဆီကနေ လုယူခဲ့တာဖြစ်ပေမယ့် တစ်ချို့တွေဟာ ဆီးရီးယားပြည်တွင်းစစ်အတွင်း အာဆတ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်တွေကို အမေရိကန်နဲ့ ဆော်ဒီတို့လို အခြားနိုင်ငံတွေကနေ ထောက်ပံ့ပေးထားတဲ့ လက်နက်တွေဖြစ်တယ်ဆိုတာ သုတေသနမှာ တွေ့ခဲ့ရပါတယ်။

    CAR က ဆန်းစစ်ခဲ့တဲ့ လက်နက်တွေဟာ ဥရောပလုပ်လက်နက်တွေဖြစ်ပြီး အမေရိကန်က ဥရောပကနေတစ်ဆင့် ဆီးရီးယားသူပုန်တွေလက်ထဲကို ထည့်ပေးခဲ့တာလို့ ဆိုပါတယ်။

    IS အကြမ်းဖက်အဖွဲ့က အသုံးပြုတဲ့ လက်နက်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ တရုတ်၊ ရုရှားနဲ့ အရှေ့ဥရောပက ထုတ်လုပ်တဲ့ လက်နက်တွေဖြစ်ပြီး ရုရှားလုပ်လက်နက်တွေက အများဆုံး ဖြစ်နေပါတယ်။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းက အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေပါ။

    “အစပိုင်းမှာ အီရတ်နဲ့ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေထံကနေ ဒီအဖွဲ့ဟာ လက်နက်တွေလုခဲ့တယ်ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်နေမှုကို ဒီတွေ့ရှိချက်တွေက ထောက်ခံနေပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီတွေ့ရှိချက်တွေဟာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ အများကြီး ပါဝင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ လက်နက်ထောက်ပံ့တာမျိုးဟာ ထင်ထားသလို ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို သတိပေးနေတယ်လို့ CAR က ထောက်ပြခဲ့ပါတယ်။

    IS ဟာ သူတို့ သိမ်းပိုက်ထားတဲ့ အီရတ်နဲ့ ဆီးရီးယားက နယ်မြေတွေမှာ လက်နက်တွေ ထုတ်လုပ်နေတယ်လို့ CAR က ပြီးခဲ့တဲ့နှစ်မှာ ဖော်ပြခဲ့ဖူးပါတယ်။

    အီရတ်ကတော့ သူတို့အနေနဲ့ IS အကြမ်းဖက်အဖွဲ့လက်ထဲက နယ်မြေအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာကြောင့် ဒီအဖွဲ့နဲ့ စစ်ပွဲပြီးဆုံးသွားပြီလို့ အခုတစ်ပတ်အစောပိုင်းမှာ ကြေငြာခဲ့ပါတယ်။

    Ref: Aljazeera

     

  • အစွန်းရောက်အယူအဆများ ရိုက်မသွင်းရန် ဗလီဆရာများကို မလေးဘုရင် သတိပေး

    အစွန်းရောက်အယူအဆများ ရိုက်မသွင်းရန် ဗလီဆရာများကို မလေးဘုရင် သတိပေး

    ဒီဇင်ဘာ ၁၄၊ ၂၀၁၇
    M-Media

    ဆူလ်တန် ရှာရာဖူဒင် အီဒရစ်ရှား

    – အစ္စလာမ်သာသနာကနေ သွေဖည်တဲ့ အစွန်းရောက်တရားတွေ၊ အတွေးအခေါ်တွေကို မဟောကြားဖို့အတွက် မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်ဘုရင် ဆူလ်တန် ရှာရာဖူဒင် အီဒရစ်ရှားက မနေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

    ပြည်နယ်အတွင်းက ဗလီဝတ်ကျောင်းတော်တစ်ချို့မှာ ရှေ့ဆောင်အီမာမ်တွေနဲ့ ဘာသာရေးဆရာတွေဟာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့သင်ကြားချက်နဲ့ ဆန့်ကျင်ပြီး မွတ်စလင်တွေကြားမှာ သွေးကွဲစေမယ့် အတွေးအခေါ်တွေ ရိုက်သွင်းနေတယ်လို့ သတင်းတွေထွက်လာပြီးတဲ့နောက် ဆူလ်တန် အီဒရစ်ရှားက ဒီလို တားမြစ်လိုက်တာပါ။

    ပြည်နယ်အတွင်းက အစ္စလာမ်ဘာသာရေးသင်ခန်းစာတွေကို စောင့်ကြည့်ဖို့၊ တရားဟောဆရာတွေ သမာသမတ်ကျရေး စောင့်ကြည့်ဖို့လည်း သာသနာရေးဆိုင်ရာ အာဏာပိုင်တွေကို ဘုရင်က တိုက်တွန်းခဲ့ပါတယ်။

    “လူသတ်ခြင်းဟာ အလ္လာဟ်အရှင်မြတ်က တောင်းဆိုတဲ့ ဂျီဟတ်မျိုးဖြစ်တယ်ဆိုတဲ့ ပုံစံမျိုး အယုံသွင်းကာ လူတွေရဲ့ ယုံကြည်မှုကို သွေဖည်သွားစေမယ့် ကိစ္စမျိုး မွတ်စလင်အုပ်စုတစ်ချို့က လုပ်နေတယ်လို့ သိရပါတယ်။ မွတ်စလင်တွေကြားထဲမှာ ဒီလိုအတွေးအခေါ်မျိုး ပြန့်နှံ့သွားမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်
    သတ်ကြဖြတ်ကြနဲ့ ပင်လယ်ကွေ့နိုင်ငံတစ်ချို့မှာ ဖြစ်သလိုမျိုး စည်းလုံးညီညွတ်မှု ပျက်ပြားမှာ ဖြစ်တာကြောင့် တော်တော်လေးကို အန္တရာယ်ရှိတဲ့ အတွေးအခေါ်မျိုးပါ။ ပြည်နယ်က တာဝန်ရှိ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေဖြစ်ကြတဲ့ ဆီလန်ဂေါ အစ္စလာမ် သာသနာရေးရာကောင်စီ (Mais) နဲ့ ဆီလန်ဂေါ အစ္စ
    လာမ့်ရေးရာဌာန (Jais) တို့အနေနဲ့ ဥပဒေကို ဆန့်ကျင်သူတွေ၊ ကျွန်ုပ်ရဲ့အမိန့်ကို မနာခံသူတွေကို ကြပ်ကြပ်မတ်မတ်နဲ့ အမြဲတမ်း ကိုင်တွယ်သွားရပါမယ်” လို့ ဘုရင်ကြီးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မလေးရှားအစ္စလာမ့်ရေးရာ ဖွံ့ဖြိုးရေးဌာန (Jakim) အနေနဲ့ ပြည်နယ်အတွင်းက အစ္စလာမ့်ရေးရာ ပေါ်လစီတွေကို အတည်ပြုမှု၊ အကောင်အထည်ဖော်မှု မလုပ်ခင်မှာ Mais ကို အသိပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ပြည်ထောင်စုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Jakim ဟာ ပြည်နယ်တစ်ခုချင်းစီက ကိစ္စတွေမှာ အကန့်အသတ်နဲ့သာ ပါဝင်ခွင့်ပြီး ပြည်နယ်ဘုရင်တွေကသာ လုပ်ပိုင်ခွင့် အပြည့်ရှိနေတာ ဖြစ်ပါတယ်။

    ဆီလန်ဂေါပြည်နယ်အတွင်းမှာ အစ္စလာမ့်ရေးရာ အမှုတော်ထမ်းနေကြသူတွေအနေနနဲ့ Mais က ချမှတ်တဲ့ပေါ်လစီတွေ၊ စည်းမျဉ်းတွေကို လိုက်နာဖို့လည်း ဆူလ်တန် အီဒရစ်ရှားက သတိပေးခဲ့ပါတယ်။

    Ref : Free Malaysia Today

  • အရှေ့ဂျေရုစလင်အား ပါလက်စတိုင်းမြို့တော်အဖြစ် OIC ကြေငြာမှုကို အစ္စရေးန်ကန့်ကွက်

    အရှေ့ဂျေရုစလင်အား ပါလက်စတိုင်းမြို့တော်အဖြစ် OIC ကြေငြာမှုကို အစ္စရေးန်ကန့်ကွက်

    ဒီဇင်ဘာ ၁၄၊ ၂၀၁၇
    M-Media

    – OIC က အရှေ့ဂျေရုစလင်အား ပါလက်စတိုင်းမြို့တော်အဖြစ် ကြေငြာမှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကန့်ကွက်လိုက်သည်။

    “အမှန်တရားက အဆုံးမှာ အနိုင်ရမှာပါ။ နိုင်ငံတော်တော်များများဟာ ဂျေရုစလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုမှာ သေချာနေပြီး သူတို့ရဲ့ သံရုံးတွေကိုလည်း ရွှေ့သွားမှာ ဖြစ်ပါတယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

    အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC မှာ ယမန်နေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး အမေရိကန်က ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမှုကို ကန့်ကွက်ခဲ့သည်။

    ထို့ပြင် ကုလ၏ ဆုံးဖြတ်ချက်အတိုင်း အရှေ့ဂျေရုစလင်မှာ ပါလက်စတိုင်း၏ မြို့တော်ဖြစ်သည်ဟု ကြေငြာခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း ၎င်းတို့ကဲ့သို့ အသိအမှတ်ပြုရန် တိုက်တွန်းခဲ့သည်။

    နေတန်ယာဟုက ဂျေရုစလင်မှာ အစ္စရေး၏ မြို့တော်ဖြစ်သည်သာမက ဘာသာအားလုံးအတွက် လွတ်လပ်စွာ ၀တ်ပြုခွင့်ကို ပေးမည်ဆိုသည့် ကတိက၀တ်ကို မိမိတို့က ထိန်းသိမ်းထားကြောင်း၊ ပါလက်စတိုင်းများအနေဖြင့် လက်တွေ့အခြေအနကို လက်ခံကာ ငြိမ်းချမ်းရေးအတွက် အလုပ်အလုပ်လုပ်ရမည်ဖြစ်ြေ
    ကာင်း နေတန်ယာဟုက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljzeera

  • တစ်လအတွင်း အနည်းဆုံး ရိုဟင်ဂျာ ၆၇၀၀ အသတ်ခံရဟု MSF အဖွဲ့ပြော

    တစ်လအတွင်း အနည်းဆုံး ရိုဟင်ဂျာ ၆၇၀၀ အသတ်ခံရဟု MSF အဖွဲ့ပြော

    ဒီဇင်ဘာ ၁၄၊ ၂၀၁၇
    M-Media

    – သြဂုတ်လနှောင်းပိုင်း ရိုဟင်ဂျာလက်နက်ကိုင်တွေက ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးမှာ တစ်လအတွင်း အနည်းဆုံး ရိုဟင်ဂျာ ၆၇၀၀ လောက် အသတ်ခံရတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ရိုဟင်ဂျာပေါင်း ၆ သိန်း ၂ သောင်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ လတ်တလော ရခိုင်ပြည်နယ်မြောက်ပိုင်း မတည်ငြိမ်မှုအတွင်း သေဆုံးမှုစာရင်းတွေကို အဖွဲ့အသီးသီးက ခန့်မှန်းဖော်ပြရမှာ ဒီအရေအတွက်ဟာ အများဆုံး ဖြစ်နေပါတယ်။

    ကုလနဲ့ အမေရိကန်တို့ကတော့ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမြောက်နေတယ်လို့ ကြေငြာထားပေမယ့် သေဆုံးမှုစာရင်းကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    “လျော့လျော့ပေါ့ပေါ့ တွက်ချက်မှုမှာတောင်မှ အနည်းဆုံး ရိုဟင်ဂျာ ၆၇၀၀ လောက် အသတ်ခံရတယ်လို့ တွက်လို့ရပြီး၊ အသက် ၅ နှစ်အောက် ကလေးငယ် ၇၃၀ လောက် ပါဝင်ပါတယ်” လို့ MSF က ပြောပါတယ်။

    ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာအိမ်ထောင်စုပေါင်း ၂၄၃၄ စုကို တစ်လတာကြာမြင့်တဲ့ လေ့လာဆန်းစစ်မှု ၆ ခုကို အခြေခံကာ ဒါကို ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံက အကြမ်းဖက်မှုကနေ လွတ်မြောက်လာပြီး ဘင်္ဂလားဒေ့ရှ်က ကြပ်ညပ်နေပြီး၊ သန့်ရှင်းမှုမရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရသူတွေနဲ့ ကျွန်မတို့ တွေ့ဆုံစကားပြောဆိုခဲ့တာပါ။ အကြမ်းဖက်မှုရလဒ်ကြောင့် ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ မိသားစုတွေဝင်တွေရဲ့ အရေအတွက်တွေ၊ သူတို့ သတ်ဖြတ်၊ တိုက်ခိုက်ခံခဲ့
    ရတဲ့ ကြောက်စရာနည်းလမ်းတွေကို ကြားရတာဟာ တော်တော်လေး တုန်လှုပ်စရာပါ” လို့ MSF ရဲ့ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ ဆစ်ဒနီ ၀ွန်က ပြောကြားခဲ့ပါတယ်။

    အဲဒီသေဆုံးမှုတွေထဲမှာ သေနတ်ဒဏ်ရာကြောင့် နောက်ပိုင်းမှ သေဆုံးခဲ့တဲ့အရေအတွက်ဟာ ၆၉ ရာခိုင်နှုန်းလောက်ရှိတယ်လို့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ၉ ရာခိုင်နှုန်းက အိမ်ထဲမှာ အရှင်လတ်လတ် မီးရှို့သတ်ခံရပြီး ၅ ရာခိုင်နှုန်းက ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ခံရတယ်လို့ ဆိုပါတယ်။

    အသက် ၅ နှစ်အောက် ကလေးငယ်တွေထဲမှာ ၆၀ ရာခိုင်နှုန်းက ပစ်သတ်ခံရတာဖြစ်တယ်လို့ MSF ရဲ့ စစ်တမ်းကောက်ယူမှုမှာ တွေ့ခဲ့ရပါတယ်။

    မြန်မာစစ်တပ်ကတော့ ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး စစ်ဆင်ရေးစတင်ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာ ‘အကြမ်းဖက်သမား’ ဆိုသူ ၃၇၆ ဦး အပါအ၀င် ၄၀၀ လောက် သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    ဒီလို အများအပြား သေဆုံးမှုမှာ စစ်တပ်ကထုတ်ပြန်တဲ့ ကာလအတိုင်းအတာနဲ့ သူတို့ရဲ့ စစ်တမ်းမှာ သတ်မှတ်ထားတဲ့ ကာလအတိုင်းအတာတွေ သွားတူနေတာဟာ စစ်တပ်နဲ၊ ဒေသခံလက်နက်ကိုင်တွေက ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားတယ်ဆိုတဲ့ အထောက်အထားဖြစ်ကြောင်း MSF က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref: CNA