News @ M-Media

Blog

  • မြန်မာ့အရေး ပြေလည်ရန် အင်ဒိုနီးရှား နောက်ကွယ်မှကြိုးပမ်းနေဆဲ

    မြန်မာ့အရေး ပြေလည်ရန် အင်ဒိုနီးရှား နောက်ကွယ်မှကြိုးပမ်းနေဆဲ

    ဇူလိုင် ၁၀၊ ၂၀၂၃

    M-Media 


    – မြန်မာနိုင်ငံက ပဋိပက္ခကို ဖြေရှင်းဖို့အတွက် မိမိတို့ဖက်က လုပ်ကိုင်ဆောင်ရွက်နေတာတွေ ရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရတ္တနို မာဆူဒီက ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။ 

    အင်ဒိုနီးရှားဦးဆောင်မယ့် အာဆီယံအဖွဲ့ဟာ အခုတစ်ပတ်အတွင်း နိုင်ငံခြားရေး၀န်ကြီးအဆင့် အစည်းအ၀ေးတစ်ခုကို ကျင်းပဖို့ ရှိနေပြီး မြန်မာ့အရေး အဓိက ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ 

    ဒီအစည်းအ၀ေးမှာ အမေရိကန်၊ တရုတ်နဲ့ ရုရှား နိုင်ငံခြားရေး၀န်ကြီးတို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ 

    သောကြောနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မာဆူဒီက အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်သူတွေနဲ့ လူချင်း၊ အွန်လိုင်းနဲ့ ဖုန်းအစည်းအ၀ေး စုစုပေါင်း ၁၁၀ ခုလောက် လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

    အဲဒီလိုဆွေးနွေးမှုတွေထဲမှာ စစ်ကောင်စီတာ၀န်ရှိသူတွေ၊ NUG တာ၀န်ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ ပါ၀င်ပါတယ်။ 

    “ဆွေးနွေးပွဲတွေနဲ့ ပြီးသွားဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိရေး အားလုံးပါ၀င်တဲ့ ဆွေးနွေးမှု ဖြစ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်အတွက် ဒါက လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။  အားလုံးပါ၀င်တဲ့ ဆွေးနွေးမှု မရှိဘဲနဲ့ အာလုံးလက်ခံနိုင်တဲ့၊ ငြိမ်းချမ်းတဲ့ အဖြေတစ်ခု ရမှာ မဟုတ်ပါဘူး။ အဲလိုဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရလာမှာ မဟုတ်ပါဘူး” လို့ မာဆူဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အင်ဒိုနီးရှားဟာ အခုနှစ် အာဆီယံ ဥက္ကဌအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 

    Ref: The Diplomat

  • ပီအက်စ်ဂျီဟာ သွေးကွဲနေတဲ့အသင်းပါ

    ပီအက်စ်ဂျီဟာ သွေးကွဲနေတဲ့အသင်းပါ

    ပီအက်စ်ဂျီဟာ သွေးကွဲနေတဲ့အသင်း၊ စည်းလုံးမှုမရှိတဲ့ ကလပ်ဖြစ်တာကြောင့် ဒီအသင်းမှာကစားလည်း ဘာမှမထူးဘူးဆိုတာ ကျွန်တော် စဥ်းစားမိပါတယ်။ (ချန်ပီယံလိဂ်မှာ) ကျွန်တော်တို့ တက်နိုင်သလောက် လုပ်ပေးခဲ့တယ်။ ပြောချင်ရင် အသင်းတည်ဆောက်သူတွေ၊ လူစာရင်း စီစဥ်သူတွေကို သွားပြောကြပါ။ 

    အမ်ဘက်ပေ (ပီအက်စ်ဂျီတိုက်စစ်မှူး) 

  • ပိုမိုပြင်းထန်သည့် ပဋိပက္ခဆီ ကျရောက်လာပြီဖြစ်သည့် မြန်မာနိုင်ငံ

    ပိုမိုပြင်းထန်သည့် ပဋိပက္ခဆီ ကျရောက်လာပြီဖြစ်သည့် မြန်မာနိုင်ငံ

    ဇူလိုင် ၉၊ ၂၀၂၃

    M-Media 


    -စစ်အာဏာရှင်တွေရဲ့ စိတ်ထင်တိုင်း လုပ်ဆောင်မှုကြောင့် မြန်မာနိုင်ငံဟာ ပိုမိုနက်ရှိုင်းတဲ့ ပဋိပက္ခဆီ အတားအဆီးမရှိ ကျရောက်နေတယ်လို့ ကုလ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ပြောကြားလိုက်ပါတယ်။ 

    ကုလ လူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအ၀ေးမှာ ကောင်စီအကြီးအကဲ ဗိုလ်ကာ တာ့က်က မြန်မာနိုင်ငံအကြောင်းကို တင်ပြ ဆွေးနွေးခဲ့ပါတယ်။ 

    နောက်ထပ်ဖြစ်လာမဲ့ ထိခိုက်မှုတွေကို မြန်မာပြည်သူတွေ ကြံ့ကြံ့ခံနိုင်မလားဆိုတာ စဥ်စားလို့ မရနိုင်ဘူးလို့လည်း သူက ပြောပါတယ်။ 

    “တိုင်းပြည်ဟာ ပိုမိုနက်ရှိုင်းတဲ့ ပဋိပက္ခနဲ့ ၀မ်းနည်းကြေကွဲမှုတွေဆီ အတားအဆီးမရှိ၊  ကျဆင်းနေပါတယ်”

    ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေး ပိုမိုကျဆင်းလာတာ၊ ဆင်းရဲမွဲတွေမှု ပိုဆိုးတာ၊ သဘာ၀ သယံဇာတွေ ပိုမိုအမြတ်ထုတ်ခံရတာ၊ တရားလက်လွတ်ဖမ်းဆီးမှုတွေ၊ အရပ်သားပျောက်ဆုံးမှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေကိုလည်း ဗိုလ်ကာက ထောက်ပြဆွေးနွေးခဲ့ပါတယ်။ 

    အရပ်သားတွေ အသက်ရှင်ရေး လိုအပ်တဲ့ အကူအညီတွေကို အာဏာသိမ်းစစ်ကောင်စီက စနစ်တကျ တားဆီးပိတ်တာ၊ လိုအပ်နေတဲ့သူတွေ အကူအညီ မရနိုင်အောင် ဥပဒေ၊ ဘဏ္ဍာရေးနဲ့ အုပ်ချုပ်ရေးစည်းမျဥ်းတွေ အသုံးပြု လုပ်ဆောင်တာတွေကိုလည်း သူက အစည်းအ၀ေးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    မြန်မာနိုင်ငံမှာ အရပ်သားပြည်သူ ၁၅ ဒဿမ ၂ သန်းလောက်ဟာ စားနပ်ရိက္ခာနဲ့ အာဟာရထောက်ပံ့မှုတွေ ချက်ချင်း လိုအပ်နေတယ်လို့လည်း ဗိုလ်ကာက ပြောကြားခဲ့ပါတယ်။ 

    Ref: The Star

  • စူးစမ်းလေ့လာရေး လုပ်ငန်းအားလုံး ရပ်ဆိုင်းလိုက်ပြီဖြစ်တဲ့ OceanGate

    စူးစမ်းလေ့လာရေး လုပ်ငန်းအားလုံး ရပ်ဆိုင်းလိုက်ပြီဖြစ်တဲ့ OceanGate

    ဇူလိုင် ၇၊ ၂၀၂၃

    M-Media 


    – တိုက်တန်းနစ် သင်္ဘောပျက်ကို သွားကြည့်ရာမှာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ OceanGate ကုမ္ပဏီက မိမိတို့ရဲ့ စူးစမ်းလေ့လာမှု လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေငြာပါတယ်။ 

    OceanGate ရဲ့ Titan ဆိုတဲ့ ရေငုပ်သင်္ဘောငယ်ဟာ ဇွန်လ ၁၈ ရက်နေ့က လူ ၅ ဦးတင်ဆောင်ပြီး တိုက်တန်းနစ် သင်္ဘောပျက်ကို ကြည့်ရှုဖို့အတွက် အတ္တလန်တိတ်သမုဒ္ဒရာထဲကို ဆင်းသွားခဲ့တာပါ။ 

    ဒါပေမယ့် ပြန်တက်လာနိုင်ခြင်း မရှိတော့ပါဘူး။ အမေရိကန်စစ်တပ်က ရှာဖွေမှုတွေ ပြုလုပ်ရာမှာ ရေငုပ်သင်္ဘော အပျက်အစီးနဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

    ဒီအဖြစ်အပျက်အတွင်း OceanGate ရဲ့ စီအီးအို စတော့က်တန် ရက်ရှ်ပါ သေဆုံးခဲ့ပါတယ်။ 

    မနေ့က OceanGate ရဲ့ ၀ဘ်ဆိုက်မှာ သူတို့ရဲ့ စူးစမ်းရှာဖွေရေးနဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ ရေးသားထားပါတယ်။ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ 

    Titan ရေငုပ်သင်္ဘော ဘာ့ကြောင့် ပျက်ဆီးသွားရလဲဆိုတဲ့ အကြောင်းအရင်းကို အမေရိကန်နဲ့ ကနေဒါ အာဏာပိုင်တွေက စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ 

    Ref: BBC 

  • တရားရုံးတိုက်ပွဲတွေမှာ တွေ့လာရတော့မယ့် အီလွန်မက်စ်နှင့် ဇက်ကာဘဂ်

    တရားရုံးတိုက်ပွဲတွေမှာ တွေ့လာရတော့မယ့် အီလွန်မက်စ်နှင့် ဇက်ကာဘဂ်

    ဇူလိုင် ၇၊ ၂၀၂၃

    M-Media 


    -Threads အက်ပလီကေးရှင်းအသစ် ဖန်တီးမှုအတွက် ဖေ့စ်ဘုတ်ကုမ္ပဏီ Meta ကို တရားစွဲဆိုဖို့ စဥ်းစားနေတယ်လို့ Twitter က ထုတ်ပြန်ပါတယ်။ 

    Threads ဟာ Twitter ကို တုပထားတဲ့ ဆိုရှယ်မီဒီယာတစ်ခုလို့ နာမည်ကြီးနေတာပါ။ Twitter က ၀န်ထမ်းဟောင်းတွေကို Meta က ခေါ်ယူပြီး ဒီအက်ပလီကေးရှင်းကို ဖန်တီးထားတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ 

    Twitter စီအီးအို အီလွန်မက်စ်က စျေးကွက်ပြိုင်ဆိုင်မှုအတွက် အဆင်ပြေပေမယ့် ခိုးယူတာမျိုးကိုတော့ လက်သင့်မခံနိုင်ဘူးလို့ ထုတ်ပြောလာပါတယ်။ 

    Threads ကို ဗုဒ္ဓဟူးနေ့က စတင်မိတ်ဆက်ခဲ့ရာမှာ ကမ္ဘာတစ်၀ှမ်း သုံးစွဲသူ သန်း ၃၀ လောက် ရှိတယ်လို့ Meta က ထုတ်ပြန်ပါတယ်။ 

    Twitter ကုမ္ပဏီရဲ့ ရှေ့နေ အဲလက်စ် စပီရိုက ဗုဒ္ဓဟူးနေ့မှာ Meta စီအီးကို မက်ခ် ဇက်ကာဘဂ်ထံ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာ Twitter ရဲ့ စီးပွားရေး လျှို့၀ှက်ချက်တွေ၊ ဉာဏရင်းမြစ်တွေကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ရယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ 

    Twitter က ၀န်ထမ်းတွေကို Meta က ခေါ်ခန့်ခဲ့တာကြောင့် သူတို့ကုမ္ပဏီရဲ့ လျှို့၀ှက် သတင်းအချက်အလက်တွေ ရရှိခဲ့တယ်လို့လည်း စပီရိုရဲ့စာမှာ ဖော်ပြထားပါတယ်။ 

    Twitter ၀န်ထမ်းတွေ ခေါ်ခန့်ခဲ့တယ်ဆိုတဲ့ ပြောကြားမှုတွေကို Meta ဖက်က ငြင်းထားပါတယ်။ 

    Ref: BBC