News @ M-Media
Blog
  • အမျိုးသားကျောင်း၊ အမျိုးသားပညာရေးရဲ့ အမွေအနှစ်
    အမျိုးသားကျောင်း၊ အမျိုးသားပညာရေးရဲ့ အမွေအနှစ်
    ဆောင်းပါးရှင်- ဆူးငှက်
    ၁၂၈၂ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ၅ရက်)နေ့မှာ ရန်ကုန် တက္ကသိုလ်က တက္ကသိုလ်အက်ဥပဒေကို မကျေနပ်လို့ သပိတ်မှောက်ကြတယ်။ ကျောင်းသား ကိုဘဦးအပါအ၀င် (၁၁)ဦးက ဦးဆောင်ပြီး သပိတ် မှောက်ကြတာပါ။ ဒီပထမကျောင်းသားသပိတ်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ အသိအမြင်တွေကို ပထမဆုံးစတင်ထိုးဖောက် အမြင်ကျယ်စေတဲ့ သမိုင်းဝင် လှုပ်ရှားမှုကြီးပါပဲ။ ကိုယ့်နိုင်ငံရဲ့ ကြမ်္မာကို ကိုယ့်ဖာသာ စီမံခန့်ခွဲနိုင်ဖို့ ကိုယ်ပိုင်အတွေးအခေါ် မြှင့်တင်ရေးမှာ အမျိုးသားပညာရေးက အရေးပါကြောင်း လှုံ့ဆော်လိုက်တဲ့ လှုပ်ရှားမှုကြီးလည်း ဖြစ်ခဲ့တယ်။ဒါကြောင့် ပထမ ကျောင်းသားသပိတ်ကြီး အပြီး၊ ရန်ကုန်မှာ ဗဟန်း အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းများအပြင် တစ်ပြည်လုံး အတိုင်းအတာ အထိ၊ အမျိုးသားကျောင်းတွေ ဖွင့်လှစ်နိုင်ခဲ့ကြတယ်။
    ဒါကြောင့် ၁၂၈၃ခု သီတင်းကျွတ်လပြည့်ကျော် ၈ရက် (၁၉၂၁ခု အောက်တိုဘာ ၂၄ရက်)နေ့က မန်္တလေးမှာကျင်းပတဲ့ န၀မမြောက် ဂျီစီဘီအေ အသင်း အစည်းအဝေးကြီးမှာ ပထမကျောင်းသား သပိတ်ကြီး စတင်တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်နိုင်ဖို့ အတည်ပြုနိုင်ခဲ့ တယ်။ ဒါကြောင့် ၁၂၈၃ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့က စတင်ပြီး တစ်ပြည်လုံးအတိုင်း အတာနဲ့ အမျိုးသားအောင်ပွဲနေ့တွေ စတင် ကျင်းပခဲ့ကြတယ်။ နောင်တစ်ချိန်မှာ ပထမကျောင်းသား သပိတ်ကြီးရဲ့ အသီးအပွင့်ဖြစ်တဲ့ အမျိုးသား ကျောင်းတွေက အမျိုးသားအောင်ပွဲနေ့တွေကို ထူးထူးခြားခြား ကျင်းပခဲ့ကြတာလည်း အထင်အရှားပါပဲ။
    ပထမကျောင်းသား သပိတ်ကြီးကြောင့် အမျိုးသားကျောင်းတွေ ဖွင့်လှစ်ရာမှာ မန္တလေး က ဆရာကြီး ဦးရာဇတ်ဦးဆောင်ပြီး တက်ကြွစွာပါဝင်ခဲ့တယ်။ ဒါ့အပြင် မန္တလေး မှာ (၁)လမ်း၈၀နဲ့ ၈၁လမ်းကြား၊ လမ်း ၃၀နဲ့ ၃၁လမ်းကြား၊ အထက်ဆင့်ဝင်းထဲက ဗဟိုပိဋကတ်တိုက်အဆောက်အဦးကြီးမှာ ဖွင့်လှစ်တဲ့ ဗဟိုအမျိုးသားကျောင်း၊ (၂) လမ်း၈၀ တရုတ်တန်း၊ လမ်း၃၀နဲ့၃၁လမ်းကြား၊ ဦးစိုးမင်းတိုက်မှာဆရာမကြီး ဒေါ်စောအုံကျောင်းအုပ်အဖြစ် ဆောင်ရွက်တဲ့ နေရှင်နယ်အမျိုးသမီးကျောင်း၊ (၃) ဆိုင်းတန်း သင်္ဘော တန်းရပ်မှာ နေရှင်နယ် အလယ်တန်းကျောင်းနဲ့ (၄) ညောင်ပင်ဈေးမှာ ညောင်ပင်ဈေးနေရှင်နယ်ကျောင်း ဆိုပြီး ၄ကျောင်းဖွင့်လှစ်ခဲ့တယ်။ မန်္တလေးက အမျိုးသားကျောင်းတွေဟာ ဆရာကြီး ဦးရာဇတ်ရဲ့ အမြော်အမြင်ကြောင့် ဂျီစီဘီအေကြီး၂ခြမ်းအကွဲ၊ အမျိုးသားကျောင်းများ အထောက်အပံ့ခံရေး၊ မခံရေး သဘောထားကွဲမှုမှာ ဗဟိုအမျိုးသား အထက်တန်း ကျောင်းကြီး တည်တံ့ခဲ့တယ်။ ဒီကနေ့အထိ အမှတ် ၂ အ.ထ.က အဖြစ်နဲ့အထိပေါ့။ မန်္တလေးမြို့မိ မြို့ဖ တွေကလည်း ဗဟိုအမျိုးသားကျောင်းကြီးကို အားပေး ထောက်ခံခဲ့ကြရုံမက၊ ကိုယ့်သားသမီးတွေကိုလည်း ဆရာကြီးဦးရာဇတ်ဆီ အပ်နှံကာ ဗဟိုအမျိုးသား ကျောင်းမှာပဲ ကျောင်းအပ်ခဲ့ကြတာပါ။ ဒါကြောင့် မန်္တလေးရဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေးစတဲ့ မျက်နှာစာက ထင်ရှားတဲ့ ပုဂိ္ဂုလ်ကြီးတွေ အများစုဟာ အမျိုးသားကျောင်းထွက်တွေ အများစုဖြစ်ခဲ့တယ်။
    ဒီအထဲမှာ ဆရာမြို့မငြိမ်းကလည်း ကနဦးအစ ဗုဒ္ဓသာသနာ့နုဂ္ဂဟအထက်တန်းကျောင်းမှာ နေခဲ့ပေမယ့် နောက်တော့ မန္တလေး ဗဟို အမျိုးသားကျောင်းမှာ ပညာဆက်သင်ခဲ့တယ်။ (ဆရာမြို့မငြိမ်း ရဲ့ သားသမီးတွေ အားလုံးကလည်း အမျိုးသားကျောင်း ထွက်တွေပါပဲ။) ဒါကြောင့် နှစ်စဉ်ကျင်းပတဲ့ အမျိုး သားအောင်ပွဲနေ့တွေမှာ ဗဟိုအမျိုးသား အထက်တန်း ကျောင်းက ပဒေသာကပွဲများအထိ ပါဝင်ဆင်နွှဲကြတော့ ဆရာမြို့မငြိမ်းက အမှတ်တရ ဂုဏ်ပြုသီချင်း တွေ နှစ်တိုင်းရေးစပ်ပေးခဲ့ပါတယ်။ ပြန်လည် စုဆောင်း၊ ရှာဖွေစုဆောင်းတော့ ဆရာမြို့မငြိမ်းရေး စပ်ခဲ့တဲ့ အမျိုးသားနေ့ ဂုဏ်ပြုသီချင်း (၅)ပုဒ်တွေ့ရှိ ခဲ့ပါတယ်။
    ““ထောင့်နှစ်ရာရှစ်ဆယ့်နှစ်တွင် အတိတ်ခေတ် ကြေးမုံပြင်၊ ပြန်လည်သုံးသပ်ကာမြင်၊ ဂုဏ်ယူလောက် ဖွယ်ပင်..””လို့ အစချီတဲ့ ဆရာမြို့မငြိမ်းရဲ့ သီချင်းမှာ သူ့မိခင်ကျောင်းတော်ကြီးကိုလည်း အခုလို ဂုဏ်ပြု စပ်ဆိုခဲ့ပါသေးတယ်။
    ““ကောင်းသော မိုးသောက်ထမှာ ဒို့မြင်xx ကိုယ့်စိတ်လန်းဆတ်ကြည်လင်၊ ၀မ်းမြောက် ပျော်ရွှင်xx ကျက်သရေပင်
    အိမ်တိုင်းစေ့ ရှုမငြီး၊ အလံတော်ကြီးတွေ ဝေဖြာလွင်xx တခုံတမင် ဗဟိုအမျိုးသားကျောင်း သောင်းသောင်းဖြဖြxx
    အောင်ပွဲသဘင် ဆင်မြဲဝင်နွှဲ အကြိမ်ကြိမ်ပင်..”” တဲ့။
    အမျိုးသားအောင်ပွဲနေ့အတွက် ဆရာမြို့မငြိမ်း စပ်ဆိုခဲ့တဲ့ နောက်ထပ်သီချင်းတစ်ပုဒ်မှာ ““လွတ်လပ် ရေး ရယူစေသော မျိုးစေ့ပင်၊ ဒီနေ့မျိုးစိုက်သည်တွင်၊ ဒို့အောင်မြင်”” ဆိုတဲ့စာသားတစ်ပိုဒ်ပါဝင်တယ်။ အင်မတန် ကျစ်လျစ်အားကောင်းပြီး အဓိပ်္ပာယ် လေးနက်ပါတယ်။ ကျန်ပညာရေးကို မလိုလား၊ လက်မခံဘူးဆိုတဲ့ ခံယူချက်နဲ့ သပိတ်မှောက်တယ်။ ဒီလုပ်ဆောင်ချက်နဲ့ တစ်ဆက်တည်း အမျိုးသား ကျောင်းတွေ ပေါ်ပေါက်လာတယ်။ အမျိုးသား ကျောင်းတွေက လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ သားကောင်းသမီးကောင်းတွေ မွေးထုတ်ပေးတယ်။ ဒီသားကောင်းသမီးကောင်းတွေက လွတ်လပ်ရေး တိုက်ပွဲမှာ အဓိက အားအင်တွေဖြစ်ခဲ့တယ်။ ဒါကို ဆရာမြို့မငြိမ်းက အကျစ်လျစ်ဆုံး အားကောင်းတဲ့ စကားလုံးတွေနဲ့ ရေးစပ်ခဲ့တာပါ။
    ဆရာမြို့မငြိမ်းရဲ့ အမျိုးသားနေ့ ဂုဏ်ပြု နောက် ထပ်သီချင်းတစ်ပုဒ်မှာတော့…
    ““ပညာရေးလောကကြီးပေါက်ဖွားစေxx အမျိုးသားနေ့ မမေ့အပ်ပေ ထူးမြတ်သလေxx
    အောင်ပွဲဆင်မြဲ ကျောင်းသားကျောင်းသူ မောင်မယ်ဆွေxx
    အမျိုးစိတ်တွေ မြင့်လျက်တိုးတက်နေxx ဒို့မြေဒို့ပြေ၊ ဒို့မြေဒို့ပြေ ဘိုးဘွားများအမွေxx ပြည်ထောင်စုကို မြတ်နိုးအကျိုးဆောင်မယ်လေ”” တဲ့။ အမျိုးသားအောင်ပွဲနေ့လို့ သတ်မှတ်လိုက်တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့က အမျိုးသား ပညာရေးလောကကြီးပေါ်ပေါက်လာခဲ့ပုံ ကို မှတ်တမ်းတင် လိုက်ခြင်းပါပဲ။
    ဆရာမြို့မငြိမ်းရဲ့ နောက်ထပ်သီချင်းတစ်ပုဒ် ကတော့ တစ်ပုဒ်လုံးမျှ အဓိပ်္ပာယ်လေးနက်လှပါတယ်။ ခေတ်အမြင် ခေတ်အတွေးနဲ့ အမြင်ကျယ်လှပါတယ် လို့ပြောရပါမယ်။ တိုင်းပြည်ဟာ ခေတ်နဲ့အညီ ကမ်္ဘာ နဲ့ရင်ပေါင်တန်းနိုင်ဖို့ဆိုရင် ပညာရေးက အရေးကြီး ကြောင်း။ တိုင်းသူပြည်သား (လူထု)ရဲ့ ပညာဥာဏ် ရည် အနိမ့်အမြင့်ကိုလိုက်ပြီး တိုင်းပြည်ရဲ့ အဆင့် အတန်း အနိမ့်အမြင့်ရှိနိုင်တယ်။ တိုင်းပြည် ထိပ်တန်း ရောက်ဖို့ လူထုရဲ့ ပညာဥာဏ်ရည် အနိမ့်အမြင့်က အရေးပါတယ်လို့ လေးနက်စွာဖွင့်ဆိုလိုက်ခြင်းပါ။
    ““ထိပ်တန်းသို့ မြန်မာနိုင်ငံရောက်ဖို့ မြင့်ရန် အရေးဝယ်xx လူထု၏နိမ့်မြင့်ပညာ ဥာဏ်ရည်လိုက် လို့မြင့်နိုင်မယ်xx ထို့ကြောင့် လူငယ်၊ မြန်မာပြည်ဖွား တိုင်းရင်းသားမောင်မယ်xx လသင်ကြားအားထုတ် ကြိုးကုတ်ပညာ မလင့်မီအခါဝယ်xx ကြီးလာတော့ တိုင်းပြည်အကျိုး ထမ်းပိုးနိုင်မယ် နောက်နောင်ဝယ်”” တဲ့။
    ဒီသီချင်းကို အမျိုးသားနေ့ အောင်ပွဲအတွက် သာမက ၁၉၄၈ ခုနှစ် ဇွန်လမှာမန်္တလေး ယူနီဗာစီတီ ကောလိပ်အဖြစ် ဖွင့်လှစ်နိုင်တဲ့ အထိမ်းအမှတ် ဖွင့်ပွဲ မှာလည်း ယိမ်းအဖွဲ့တွေနဲ့အတူ ကျောင်းသူ မတင် တင်မြင့်နဲ့ မစီစီဝင်းတို့က သီဆိုခဲ့ကြသတဲ့။ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွေကို အနှစ်သာရရှိရှိ ကျင်းပခဲ့ကြခြင်းဟာ ကျောင်းသားလူငယ်တွေရဲ့ နှလုံးသားထဲမှာ သမိုင်းအမှန်နှင့်အတူ စစ်မှန်တဲ့ နိုင်ငံချစ်စိတ်တွေ ကိန်းအောင်း ရှင်သန်စေခဲ့တာ အမှန်ပါပဲ။ ထင်ရှားတဲ့ နိုင်ငံရေးသမားကြီးတွေ၊ စာရေးဆရာ ကဗျာဆရာ စတဲ့ အနုပညာရှင်ကြီးတွေ ၊ ဥယျာဉ်မှူး ဆရာ ဆရာမကြီးတွေ၊ ပါမောက္ခ ပညာရှင်ကြီးတွေ အားလုံးလိုလိုဟာ အမျိုးသားကျောင်းများရဲ့ အမျိုးသားပညာရေးက မွေးဖွားပေးလိုက်တာပါပဲ။
    ဆရာ ဆူးငှက်၏ လူမှုကွန်ယက်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
  • ၀ါဆောမြို့တွင် အမျိုးသားရေးဝါဒီများနှင့် ဖက်ဆစ်ဝါဒီများ ချီတက်ဆန္ဒပြ
    နိုဝင်ဘာ ၁၂၊ ၂၀၁၇
    M-Media
    – “We Want Go” ဟူသော ခေါင်းစဉ်ဖြင့် နှစ်စဉ်ကျင်းပလေ့ရှိသော “လွတ်လပ်လပ်ရေးလူထုချီတက်ပွဲ” သို့ တက်ရောက်ရန်အတွက် အမျိုးသားရေးဝါဒီများနှင့် ဖက်ဆစ်ဝါဒီထောင်ပေါင်းများစွာတို့မှာ စနေနေ့က ၀ါဆောမြို့၌ စုဝေးခဲ့ကြသည်။
    ဒေသစံတော်ချိန် ညနေ ၃ နာရီ ၌ ပြုလုပ်ခဲ့သော အဆိုပါချီတက်မှုသည် နိုဝင်ဘာ ၁၁ ရက်တွင်ကျရောက်သည့် ပိုလန်နိုင်ငံ လွတ်လပ်ရေးနေ့နှင့် တိုက်ဆိုင်နေသည်။
    Independence March ချီတက်ပွဲ စီစဉ်သူများက အဆိုပါချီတက်ပွဲသည် ဥရောပတစ်ခွင်၌ အကြီးမားဆုံးသော မျိုးချစ်များစုဝေးပွဲကြီးဖြစ်သည်ဟု ဆိုသည်။
    ချီတက်ပွဲအစပိုင်းတွင် ပိုလန်နိုင်ငံနှင့် သက်ဆိုင်သည့် ကြွေးကျော်မှုများကိုသာ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒုက္ခသည်များ လက်ဝဲသမားများ၊ လစ်ဘယ်မီဒီယာများနှင် အမေရိကန်တို့ကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။
    ချီတက်ပွဲသို့ လူသောင်းချီ တင်ရောက်ခဲ့ပြီး တန်ပြန်ဖက်စစ်ဆန့်ကျင်ရေး ချီတက်ပွဲတစ်ခုလည်း ဝါဆောမြို့တွင် ဖြစ်ပွားခဲ့ကာ လူ ၅၀၀၀ ခန့် ပါဝင်ခဲ့သည်။
    အဆိုပါ ချီတက်မှုမှာ ၂၀၀၉ ခုနှစ်က သေးငယ်သော စုဝေးပွဲမျိုးသာ ရှိခဲ့သော်လည်း လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများအပါအ၀င် ထောက်ခံသူ သောင်းပေါင်းများစွာ ပါဝင်လာခဲ့သည်။
    အဆိုပါချီတက်ပွဲကို လူကြိုက်များလာခြင်းမှာ ပိုလန်၏ မတူကွဲပြားသော လူ့အဖွဲ့အစည်းတွင် စိတ်ဝမ်းကွဲမှုများ နက်ရှိုင်းလာကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။
    Ref: Aljazeera
  • TPP ကုန်သွယ်ရေးသဘောတူညီချက် အမေရိကန်မပါဘဲ ရှေ့ဆက်
    TPP ကုန်သွယ်ရေးသဘောတူညီချက် အမေရိကန်မပါဘဲ ရှေ့ဆက်
    နိုဝင်ဘာ ၁၂၊ ၂၀၁၇
    M-Media
    – Trans Pacific Partnership (TPP) အဖွဲ့ဝင်နိုင်ငံများမှာ ကုန်သွယ်မှုသဘောတူညီချက်၏ အဓိကကျအချက်များအပေါ် သဘောတူညီခဲ့ပြီး အမေရိကန်မပါဝင်သော်လည်း ရှေ့ဆက် ဆောင်ရွက်သွားမည်ဟု တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ‘အမေရိကန်သာ ပထမ’ မူဝါဒသည်သာ အမရိကန်ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရမည်ဟု ယုံကြည်ကြောင်းပြောဆိုကာ TPP ကို စွန့်ပယ်ခဲ့ပြီးနောက် ပေါ်ထွက်လာသည့် ယခုသဘောတူညီချက်မှာ နိုင်ငံပေါင်းစုံ ကုန်သွယ်ရေးလုပ်ငန်းကို တိုးမြှင့်နိုင်ခဲ့ခြင်းဖြစ်သည်။
    TPP ၏ အဓိကအချက်များအတွက် ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်ခဲ့သည့် အာရှ ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများက အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး အသေးစိတ်အချက်များ ဆွေးနွေးရန် လိုအပ်သည့် အဆိုပါ သဘောတူညီချက်ကို CPTPP ဟု ခေါ်ဆိုသွားမည်ဖြစ်သည်။
    ဂျပန်စီးပွားရေးဝန်ကြီး Toshimitsu Motegi က ထိုသဘောတူညီချက်ကို ရှေ့ဆက်ဆောင်ရွက်ပါက အမေရိကန်ကို ပြန်လည်ဆွဲခေါ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
    Ref: CNA
  • တပ်သားသစ်များကို ညှင်းပမ်းသည့် မရိန်းတပ်ဖွဲ့ဝင်တစ်ဦး ထောင်ဒဏ် ၁၀ နှစ် ကျ
    တပ်သားသစ်များကို ညှင်းပမ်းသည့် မရိန်းတပ်ဖွဲ့ဝင်တစ်ဦး ထောင်ဒဏ် ၁၀ နှစ် ကျ
    နိုဝင်ဘာ ၁၂၊ ၂၀၁၇
    M-Media
    – မွတ်စလင် တပ်သားသစ် ၁၂ ယောက်ကျော်ကို ညှင်းပမ်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တပ်သားတစ်ယောက် သေဆုံးသည်အထိ ဖြစ်ခဲ့သည့် အမေရိကန်မရိန်းတပ်ဖွဲ့ နည်းပြဆရာတစ်ဦးမှာ သောကြာနေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်ဟု သိရသည်။
    တပ်ကြပ် ဂျိုးဆက်ပ် ဖလစ်ဆိုသူဖြစ်ပြီး တောင်ကာရိုလိုင်းနား စစ်စခန်းရှိ ပဲရစ်ကျွန်း လေ့ကျင့်မှုတွင် ထိုကဲ့သို့ မတော်မတရား ဆောင်ရွက်ခဲ့မှုအတွက် အပြစ်ရှိကြောင်း ကြာသာပတေးနေ့တွင် တရားရုံးက ဆုံးဖြတ်ခဲ့သည်။
    စစ်သားများဖြင့် ဖွဲ့စည်းထားသည့် ခုံရုံးက အီရန်စစ်ပြန် ဖလစ်မှာ တပ်သားသစ်များကို အလွန်အမင်းကျဆင်းနေသော မြူနှင်းများတွင် လေ့ကျင့်စေပြီး အကြမ်းဖက်သမားများဟု ကဲ့ရဲ့ခဲ့သည့် နည်းပြ ၆ ဦးအနက် အပြစ်အရှိဆုံးဟု ဆုံးဖြတ်ခဲ့သည်။
    တပ်သားသစ်များမှ နှစ်ဦးကို ဖလစ်တို့အဖွဲ့က စက်ရုံးသုံး အင်္ကျီအခြောက်ခံစက်ထဲသို့ အတင်းအကြပ်ဝင်ရောက်စေပြီး ၎င်းတို့၏ ကိုးကွယ်ယုံကြည်မှုကို မစွန့်လွှတ်သည့်အတွက် အခြောက်ခံစက်ဖြင့် အပူတိုက်ခဲ့သည်။
    အောက်တိုဘာလက သေဆုံးခဲ့သည့် တပ်သားတစ်ဦးဖြစ်သူ ဆစ်ဒစ်၏ မိသားစုက ယင်းနည်းပြဆရာများထံမှ နစ်နာကြေး ဒေါ်လာ သန်း ၁၀၀ ရလိုကြောင်း တရားစွဲဆိုခဲ့သည်။
    ၎င်း၏သားမှာ ၀ရံတာ၌ ရပ်နေစဉ် အထက်အရာရှိတစ်ဦး တံခါးတွန်းဖွင့်ဝင်လာပြီး တွန်းချခဲ့သောကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး နည်းပြဆရာများက ထိုသေဆုံးမှုမှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှုဟု ချေပပြောဆိုခဲ့သည်။
    ထောင်ဒဏ် ၁၀ နှစ် ချမှတ်မှုမှာ တရားလိုရှေ့နေများ တောင်းဆိုသည့် ၇ နှစ်ထက် ပိုမို များပြားနေပြီး စစ်တပ် လုပ်ထုံးလုပ်နည်းများအရ အယူခံဝင်နိုင်မည်ဖြစ်သည်။
    Ref: alarbiya
  • ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို U2 ပြစ်တင်ဝေဖန်
    ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို U2 ပြစ်တင်ဝေဖန်
    ကမ္ဘာကျော် အိုင်ယာလန်အဆိုတော် Bono ဘိုနို ဦးဆောင်တဲ့ U2 ယူတူး တေးဂီတအဖွဲ့က ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာ မွတ်စလင်တွေ အရေးနဲ့ပတ်သက်ပြီး နှုတ်ပိတ်နေမှုအတွက် ဝေဖန်ရင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း တိုက်ရိုက်တာဝန်ရှိသူအဖြစ် ပြစ်တင်လိုက်ပါတယ်။
    သူတို့ ယူတူးအဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်ရေးအတွက် နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့ကြောင်း၊ သူမလွတ်မြောက်လာတဲ့နေ့ကဆိုရင် လေကို မိမိတို့ လက်သီးနဲ့ ထိုးခဲ့ကြကြောင်း၊ အဲဒီနောက် ဒပ်ဗလင်မြို့ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ်ကဆိုရင် မိမိတို့ အိုင်ယာလန်နိုင်ငံသားတွေအတွက် ဂုဏ်ယူစရာအကောင်းဆုံး အချိန်ဖြစ်ခဲ့ကြောင်း၊ ဒါ့အပြင် ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတော့လည်း သူမရဲ့ ရည်မှန်းချက်တွေ အံသြဖွယ်ရာ ရရှိတော့မယ်လို့ မျှော်တွေးရင်း မိမိတို့အနေနဲ့ သူမကိုယ်စား အသက်တောင် မရှုရဲခဲ့ကြကြောင်း၊ သူမဟာ ယုံကြည်မှုကို ဘယ်အရာနဲ့မှ အလဲအထပ်မလုပ်ပဲ ကိုယ်ရေးကိုယ်တာ စွန့်လွတ်စတေးမှုတွေနဲ့ ဂုဏ်သတင်း အစဉ်အလာကို စိုက်ထူခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ဒါပေမဲ့ အခုလို လူမဆန်ရက်စက်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ကိစ္စမှာ သူမအနေနဲ့ ရေငုံနှုတ်ဆိတ်နေလိမ့်မယ်လို့ သူတို့အဖွဲ့အနေနဲ့ တစ်ခါတရံမှ မတွေးခဲ့ဖူးကြောင်း ဖေါ်ပြထားပါတယ်။
    ဒါ့အပြင် ယူတူးအဖွဲ့ရဲ့ကြေညာချက်မှာ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခုအပတ်အတွင်း တိုက်ရိုက်ပြောကြားခွင့်ရဖို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ကြောင်း၊ လူ့အခွင့်အရေးလှုပ်ရှားသူ မာတင် လူသာကင်းက “ကြေကွဲစရာအကောင်းဆုံးဟာ လူဆိုးတွေရဲ့ ရက်စက်ဆိုးဝါးမှုမဟုတ်ဘဲ အဲဒီဆိုးဝါးမှုတွေကို လူကောင်းတွေက ရေငုံနှုတ်ပိတ်နေခြင်းပါပဲ” လို့ ပြောကြားခဲ့ကြောင်း၊ အခု ရိုဟင်ဂျာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နှိပ်စက်ညဉ်းပမ်းမှုမှာလည်း ဒေါ်အောင်ဆန်းစုကြည်က တလုံးတပါဒမျှ ထုတ်ဖေါ်ဝေဖန်ခြင်း မရှိတဲ့အတွက် သဘောတူရာကျနေကြောင်း ရေးသားထားပါတယ်။
    ဆက်လက်ပြီး အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြင်ပကမ္ဘာက နားမလည်နိုင်တဲ့ ပြဿနာ အရှုပ်အထွေးတွေနဲ့ ပြည်တွင်းမှာ ရင်ဆိုင်နေရမယ်ဆိုတာ မိမိတို့သိပါတယ်။ ဒါပေမဲ့ အဲဒီ ပြဿနာတွေကြောင့် နှစ်ပေါင်းများစွာခံယူခဲ့တဲ့ ရပ်တည်ချက်ကိုတော့ မစွန့်လွတ်သင့်ပါဘူးလို့ ဆိုပါတယ်။
    တဆက်တည်းမှာပဲ မိမိတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆိတ်နေမှုကို ခွင့်လွတ်နိုင်စရာ မရှိပေမယ့် ဒီကိစ္စမှာ သူမ တယောက်တည်းကို ဝေဖန်ပြစ်တင်လို့ မရကြောင်း၊ မြန်မာပြည်ကို အကြမ်းဖက်မှုက ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရိုဟင်ဂျာတွေကို အကြမ်းဖက်ဖိနှိပ်ဖို့ အမိန့်ပေးကြီးကြပ်ခဲ့သူက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်တယ်ဆိုတာကို ကမ္ဘာကသိသင့်ကြောင်း၊ မြန်မာပြည်ရဲ့ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဗိုလ်ချုပ်မှူးကြီးကို ကွပ်ကဲညွန်ကြားနိုင်ခြင်း မရှိကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အပြစ်တင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လျစ်လျူရှုမယ်ဆိုရင် မှားယွင်းကြောင်း စသဖြင့် အဆိုတော် ဘိုနို အပါအဝင် ယူတူး အဖွဲ့ဝင်လေးဦးက သူတို့အဖွဲ့ရဲ့ အင်တာနက်ဝက်ဆိုဒ်မှာ ရေးသားထားပါတယ်။
    RFA မှ ကူးယူဖော်ပြပါသည်။