News @ M-Media
Blog
  • မြောက်ကိုရီးယားမှာ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုဟု နေတိုးအဖွဲ့အကြီးအကဲပြော
    မြောက်ကိုရီးယားမှာ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုဟု နေတိုးအဖွဲ့အကြီးအကဲပြော
    အောက်တိုဘာ ၃၁၊ ၂၀၁၇
    M-Media
    – မြောက်ကိုရီးယားမှာ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု ဂျပန်သို့ရောက်ရှိနေသည့် နေတိုးအဖွဲ့ အကြီးအကဲ ဂျန် စတိုလ်တန်ဘာ့ဂ်က ပြောကြားလိုက်ပြီး မြောက်ကိုရီးယားအပေါ် ပိုမိုတင်းကြပ်သည့် ပိတ်ဆို့မှုများအား ထောက်ခံသည်ဟု ဆိုသည်။
    တိုကျိုသို့ ယမန်နေ့က ရောက်ရှိလာသည့် စတိုလ်တန်ဘာ့ဂ်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ကာကွယ်ရေးဝန်ကြီးအပါအ၀င် အကြီးတန်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
    “မြောက်ကိုရီးယားရဲ့ ရန်စမှု၊ နမော်နမဲ့ပြုမှုကို ခင်ဗျားတို့စိုးရိမ်သလို ကျွန်တော်တို့လည်း စိုးရိမ်ပါတယ်။ ဒါဟာ တကယ့်ကို အန္တရာယ်ရှိပြီး ဂျပန်အပါအ၀င် ဒေသတွင်း တိုင်းပြည်တွေအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုသာမက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုလည်း ဖြစ်ပါတယ်”
    ပြီးခဲ့တဲ့လအနည်းငယ်အတွင်း မြောက်ကိုရီးယားသည် ခြောက်ကြိမ်မြောက် နျူကလီးယားဒုံကျည်နှင့် အမေရိကန်ပြည်အထိ ရောက်ရှိနိုင်သည့် တာဝေးပစ်ဒုံးကျည်များကို ပစ်ခတ်စမ်းသပ်ခဲ့ပြီးနောက် ကမ္ဘာကြီးက စိုးရိမ်လာခဲ့ပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ကလည်း စစ်မက်ပြုရေးနှင့် ပုဂ္ဂိုလ်ရေးစော်ကားမှုတို့ကို အပြန်အလှန် ပြုလုပ်ခဲ့သည်။
    ပြီးခဲ့သည့်တစ်လအတွင်း ဂျပန်နိုင်ငံမြောက်ပိုင်းသို့ မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်းပစ်လွှတ်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးယားအပေါ် ပိုမိုတင်းကြပ်သည့် အရေးယူမှုပြုလုပ်ရန် ဆော်သြခဲ့သည်။
    ထရမ့်က သံတမန်ရေးကြိုးပမ်းမှုများမှာ မအောင်မြင်ဟု ပြောကြားခဲ့ပြီးနောက် နေတိုးအဖွဲ့ အကြီးအကဲက မြောက်ကိုရီးယားအပေါ် စစ်ရေးဖြင့် အရေးယူလျှင် နောက်ဆက်တွဲဆိုးကျိုးများမည်ဟု သတိပေးခဲ့သည်။
    ”စစ်အင်အားသုံးစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းတဲ့အဖြေတစ်ခုထွက်ဖို့ ဖြစ်ပါတယ်”
    Ref : CNA
  • နိုင်ငံကာကွယ်ရေးအတွက် ဒုံးကျည်ဆက်ထုတ်မည်ဟု အီရန်သမ္မတ ပြော
    နိုင်ငံကာကွယ်ရေးအတွက် ဒုံးကျည်ဆက်ထုတ်မည်ဟု အီရန်သမ္မတ ပြော
    အောက်တိုဘာ ၃၁၊ ၂၀၁၇
    M-Media
    – မိမိတို့အနေဖြင့် ကာကွယ်ရေးရည်ရွယ်ချက်အတွက် ဒုံးကျည်များ ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ပြီး အီရန်၏ ဒုံးကျည်စီမံကိန်းမှာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်သည်ဟု မယုံကြည်ကြောင်း အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောကြားလိုက်သည်။
    တနင်္ဂနွေနေ့က လွှတ်တော်မိန့်ခွန်းတွင် ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဒုံးကျည်ကိစ္စအတွက် အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေးရန် တိုက်တွန်းမှုမှာ ရူးနှမ်းခြင်းသာဖြစ်သည်ဟု သမ္မတက ဆိုသည်။
    “ကျွန်တော်တို့ အရင်ကလည်း ဒုံးကျည်တွေထုတ်ခဲ့တယ်၊ အခုလည်း လုပ်တုန်းပဲ၊ ဆက်လုပ်ဖို့လည်း ရှိနေပါတယ်။ ဒါဟာ ကုလရဲ့ ဆုံးဖြတ်ချက် ၂၂၃၁ နဲ့ မဆန့်ကျင်ပါဘူး” ဟု ရူဟာနီ၏ ပြောကြားမှုကို ကိုးကား၍ အစိုးရ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည်။
    အိုဘားမားအစိုးရလက်ထက်တွင် ရရှိခဲ့သည့် အီရန်၏ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကို ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ ဝေဖန်ခဲ့ပြီး အီရန်မှာ ထိုစာချုပ်ကို လိုက်နာခြင်းမရှိဟု ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။
    စာချုပ်အရ တီဟီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်ကို အကန့်အသတ်အနေဖြင့် ထားရှိရမည် ဖြစ်ပြီး အပြန်အလှန်အားဖြင့် စီးပွားရေးပိတ်ဆို့မှုများကို အနောက်နိုင်ငံများက ဖယ်ရှားပေးရမည်ဖြစ်သည်။
    သဘောတူညီချက်တွင် ဒုံးကျည်ကိစ္စ မပါဝင်သော်လည်း အမေရိကန်က အီရန်၏ ဒုံးကျည်ထုတ်လုပ်မှုမှာ ကုလ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ အီရန်ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားပြီး မိမိတို့၏ ဒုံးကျည်များမှာ နျူထိပ်ဖူး တပ်ဆင်ရန်မဟုတ်ဟု ပြောကြားထားသည်။
    Ref : Aljazeera
  • Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
    Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
    နေပြည်တော်လွှတ်တော် အဆောက်အအုံကို ဒရုန်းနဲ့ ရိုက်ကူးဖို့ပြင်ဆင်နေချိန် ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသတင်းထောက် ၂ ဦး မြန်မာနိုင်ငံသား သတင်းထောက်တစ်ဦးနဲ့ ယာဉ်မောင်းတို့ကို ဖမ်းဆီး ထားတာဟာ ၄ ရက်ရှိနေပြီး မိသားစုနဲ့တွေ့ခွင့်မရသေးပါဘူး။ ရှေ့နေနဲ့လည်း တွေ့ခွင့်မရသေးဘူးလို့ မြန်မာသတင်းထောက်ရဲ့အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ ဖမ်းဆီးထားတဲ့သူတွေကို သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်ကတင်ပြပေးပါမယ်။
    အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက နေပြည်တော် လွှတ်တော်အဆောက်အအုံအနီးမှာ အဝေးထိန်း ဒရုန်းလွှတ်တင်ရိုက်ကူးဖို့ ပြင်ဆင်နေတဲ့ တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနရဲ့စင်္ကာပူရုံးခွဲက မလေးရှားနိုင်ငံသူ သတင်းထောက်အမျိုးသမီး။ စင်ကာပူနိုင်ငံသား အမျိုးသားသတင်းထောက်တို့အပြင် ဘာသာပြန်အဖြစ်လိုက်ပါသွားတဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုအောင်နိုင်စိုးအပါအ၀င် ယာဉ်မောင်းတို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်ထားပါတယ်။
    ဖမ်းဆီးတာက ဒီနေ့မှာဆိုရင် ၄ ရက်ရှိနေပြီဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီး နောက်တနေ့ စနေနေ့မှာ ချုပ်ရမန်ယူ စစ်ဆေးနေတာပါတယ်။ စစ်ဆေးနေဆဲကာလ ဖြစ်တဲ့အတွက် အပြင်လူနဲ့တွေ့ခွင့်မရဘူးလို့ အမှုကို ကူညီလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းရဲ့နေပြည်တော်တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။
    “ရာဇ၀တ်တရားသူကြီးဆီကနေ ရမန်ယူထားတယ်ခင်ဗျ၊ ရမန်ယူထားတော့ ရမန်ကဘာနဲ့ ယူထားသလဲဆိုတော့ သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ရမန်ယူထားတယ်ခင်ဗျ ။ ပြီးတာ့ ကိုအောင်နိုင်စိုးနဲ့ Taxi driver ၂ ယောက်ကို ပျဉ်းမနားရဲစခန်းအချုပ်မှာထားပါတယ်။ စင်္ကာပူ ဂျာနယ်လစ်နဲ့ မလေးရှား အမျိုးသမီးဂျာနယ်လစ်ကိုတော့ နေပြည်တော်မှာထားပါတယ်။ အမှတ်၁ ရဲစခန်းအချုပ်မှာထားပါတယ်ခင်ဗျ။ သူတို့ကအခု ရမန်ယူထားတဲ့အတွက်ကြောင့် ရမန်က သူက ၁၄ ရက် ယူလို့ရပါတယ်။ ၁၄ ရက်အတွင်းမှာတော့ ရုံးကိုပြန်ပို့ရမယ်ပေါ့လေ။ စစ်ဆေးမှုကတော့ Under investigation လို့ပြောတယ် အဲဒီအတွက်ကြောင့် အပြင်လူနဲ့ သူတို့ကို တွေ့ခွင့်မပေးသေးဘူးခင်ဗျ။”
    သတင်းထောက် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတို့ကို အချုပ်ချထားတဲ့ အမှတ် ၅ ရဲစခန်းရဲ့ စခန်းမှူးက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးချိန်မှာ မိသားစုနဲ့တွေ့ဆုံခွင့်ပေးမယ်လို့ပြောကြောင်း ကိုအောင်နိုင်စိုးမိသားစု ကိုယ်စား လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုရဲထူးကပြောပါတယ်။
    “အမှတ် ၅ ရဲစခန်းမှူးကပြောပါတယ် သူတို့ Investigation လုပ်ပြီးတဲ့အချိန်ကျရင်တော့ ပေးတွေ့မယ် ဒါပေမယ့် အချိန်အားဖြင့်တော့ သတ်သတ်မှတ်မှတ်မပြောနိုင်သေးဘူးလို့တော့ ပြောပါတယ်။ ဒီဘက်မှာ ရမန်ယူထားတဲ့ ကာလအတွင်းမှာ စုံစမ်းစစ်ဆေးနေတယ်ဆိုတော့ သူတို့အပြင်ကို ဘာမှ ထုတ်ပြောတာမရှိသေးဘူးခင်ဗျ။”
    သတင်းထောက်တွေဟာ လွှတ်တော်အဆောက်အဦးနားမှာ အဝေးထိန်း ဒရုန်းယာဉ်လွှတ်တင်ဖို့လုပ်နေစဉ် ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ခုလို လုံခြုံရေးအထူးသတိထားတဲ့ နေရမျိုးတွေမှာ အဝေးထိန်းဒရုန်းမလွှတ်ရဆိုတဲ့ ကန့်သတ်ချက်မျိုးရှိသလားလို့ သတင်းမီဒီယာကောင်စီက ကိုမြင့်ကျော်ကိုမေးတော့
    “ကျနော်က တခါမှ မကြားဖူးဘူး Drone သုံးတာ ဘယ်နေရာကန့်သတ်တယ်ဆိုတာ ။ ရွှေတဂုံဘုရားမှာတော့ ကန့်သတ်တယ်ဆိုတာက မီဒီယာတွေထဲမှာလည်းပါဖူးတယ်၊ အဲဒါတော့ကြားဖူးတယ်။ ဒါပေမယ့် လွှတ်တော်လိုနေရာမျိုးမှာ မကြားဖူးဘူး သတိ၊ အသိပေးထားတာ အဲဒါမျိုးမကြားဖူးဘူး။”
    ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ယောက်နဲ့ပါတ်သက်လို့တော့ သက်ဆိုင်ရာ သံရုံးတွေကို အကြောင်းကြားထားတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားထားပါတယ်။ သူတို့ကို သွင်းကုန် ၊ထုတ်ကုန် ပုဒ်မ – ၈ နဲ့ဖမ်းဆီးထားတာဖြစ်ပြီး အဲဒီပုဒ်မနဲ့ အပြစ်ရှိကြောင်း တွေ့ရှိရင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ကျခံရမှာဖြစ်ပါတယ်။
    VOA မှ ကူးယူဖော်ပြသည်။
  • ကမ္ဘာ့ ပထမဆုံး သံလမ်းမဲ့ စမတ်ရထား တရုတ်တွင် စတင်စမ်းသပ်
    ကမ္ဘာ့ ပထမဆုံး သံလမ်းမဲ့ စမတ်ရထား တရုတ်တွင် စတင်စမ်းသပ်
    အောက်တိုဘာ ၃၀၊ ၂၀၁၇
    M-Media
    – တရုတ်နိုင်ငံရဲ့ ပထမဆုံး သံလမ်းမဲ့ရထားကို ဟူနန်ပြည်နယ် ကျူးကျိုးမြို့မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။
    ကမ္ဘာ့ပထမဆုံး စမတ်ရထားလို့ အမည်ပေးထားတဲ့ Autonomous Rail Rapid Transit (ART) စနစ်မှာ ရထားတစ်စီးဟာ တစ်နာရီကို ကီလိုမီတာ ၇၀ မောင်းနှင်းနိုင်မှာဖြစ်ပြီး ရထားတွဲ ၃ ခုမှာ လူ ၃၀၀ အထိ တင်ဆောင်နိုင်မှာပါ။
    ကမ္ဘာ့အကြီးဆုံး ရထားထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ CRRC ကုမ္ပဏီက ဖန်တီးတဲ့ အဲဒီ သံလမ်းမဲ့ရထားကို ဇွန်လမှာ ပြသခဲ့ပြီး ကျူးကျိုးပြည်နယ်မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ပိုကောင်းလာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဓိကမြို့ကြီးတွေမှာ အသုံးပြုသွားဖို့ ရှိနေပါတယ်။
    ရထားဟာ ကားလမ်းပေါ်မှာ ရေးဆွဲထားတဲ့ ၃.၇၅ မီတာအကျယ် အဖြူရောင်မျဉ်းပြတ်အတိုင်း ပြေးဆွဲမှာဖြစ်ပြီး ၁၀ မိနစ်အားသွင်းရုံနဲ့ ၂၅ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ သံဘီးတွေအစား ရာဘာဘီးတွေကို အသုံးပြုတဲ့ အဲဒီရထားဟာ ၂၅ နှစ်လောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
    သတင်းအချက်အလက်ရယူဖို့၊ ကားလမ်းပေါ်က အဖြူရောင်လိုင်းတွေကို သိရှိနိုင်ဖို့အတွက် အဆင့်မြင့်နည်းပညာကို အသုံးပြုထားပါတယ်။
    ဒီ ART စနစ်ဟာ တည်ဆောက်မှုဟာ သာမန် ရထားလိုင်းတွေထက် တော်တော်လေးဈေးသက်သာပြီး တစ်ကီလိုမီတာအတွက် ယွမ် သန်း ၄၀၀ ကနေ ယွမ် သန်း ၇၀၀ လောက်သာ ကုန်ကျတယ်လို့ ဆိုပါတယ်။
    လက်ရှိ ကျူးကျိုးမြို့မှာ စမ်းသပ်ခဲ့ပြီးတဲ့နောက် လာမယ့်နှစ်မှာ အများပြည်သူအတွက် ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။
    Ref: CNA
  • ရခိုင်အစွန်းရောက်များကို ကူညီမှုနှင့် အဖမ်းခံထားရသည့် ဦးဦးချစ်မောင်ထံမှ အရေးပါသည့်သတင်းများ ရရှိဟု ဘင်္ဂလားဒေ့ရှ်ပြော
    ရခိုင်အစွန်းရောက်များကို ကူညီမှုနှင့် အဖမ်းခံထားရသည့် ဦးဦးချစ်မောင်ထံမှ အရေးပါသည့်သတင်းများ ရရှိဟု ဘင်္ဂလားဒေ့ရှ်ပြော
    အောက်တိုဘာ ၃၀၊ ၂၀၁၇
    M-Media
    ဓာတ်ပုံ – BBC
    – ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ဝါဒကို ကူညီမှုနဲ့ အဖမ်းခံထားရတဲ့ ရခိုင်လူမျိုး ဦးဦးချစ်မောင်ကို ရမန် ၃ ရက်ယူပြီးတဲ့နောက် ထောင်ကို ပို့လိုက်ပြီး၊ စစ်ကြောမှုအတွင်းမှာ အရေးပါတဲ့ သတင်းအချက်အလက်တွေ ရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြပါတယ်။
    တနင်္ဂနွေနေ့မှာ လေဆိပ်ရဲစခန်းက လက်ထောက် စစ်ဆေးရေးမျူး ဖာရ်ဟဂ်ျ ဟိုစိန်က ဦးဦးချစ်မောင်ကို တရားရုံးခေါ်ဆောင်လာခဲ့ပြီး သူဟာ အရေးပါတဲ့ အချက်အလက်တွေကို ရမန်ရက်အတွင်းမှာ ပြောကြားခဲ့ကြောင်း၊ စစ်ကြောရေး သေသေချာချာလုပ်နိုင်ဖို့အတွက် ထောင်ကိုပို့ဖို့ လိုအပ်ကြောင်း လျှေက်ထားခဲ့ပါတယ်။
    ဦးဦးချစ်မောင် ဦးဆောင်နေတဲ့ ရခိုင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (RDF) ဟာ မြန်မာနိုင်ငံ ရခိုင်လူ့အဖွဲ့အစည်းက အစွန်းရောက်တွေကို ကူညီနေတယ်လို့ ရဲတပ်ဖွဲ့ရင်းမြစ်တွေက ဆိုပါတယ်။ သူ့ရဲ့ဇနီး ဒေါ်စောမြရာဇာလင်းဟာ ရခိုင်လွတ်မြောက်ရေးပါတီ ALP မှာ ပါဝင်နေသူဖြစ်ပါတယ်။
    ALP ဟာ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြဿနာမှာ ရိုဟင်ဂျာဆန့်ကျင်ရေးသဘောထားရှိတဲ့အဖွဲ့ ဖြစ်ပြီး RDF ဟာ ALP ပါတီကို ရန်ပုံငွေထောက်ပံ့နေတယ်လို့ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရကြောင်း အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။
    အောက်တိုဘာ ၁၈ ရက်နေ့က Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာနိုင်ငံကိုသွားမယ့် အသက် ၆၇ နှစ်အရွယ် ဦးဦးချစ်မောင်ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ရဲ့ Rapid Action Battalion (RAB) ဌာနက ဖမ်းဆီးခဲ့တာဖြစ်ပြီး အကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားပါတယ်။
    လေဆိပ်ရဲတပ်ဖွဲ့တာဝန်ခံ နူအက်ဇ်မန်က သံယဖြစ်ဖွယ် ဓာတ်ပုံတွေနဲ့ စာရွက်စာတမ်းတွေကို ဦးဦးချစ်မောင်ရဲ့ လက်ပ်တော့မှာ တွေ့ခဲ့ရပြီးတဲ့နောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီဓာတ်ပုံတွေထဲမှာ ဒေါ်စောမြရာဇာလင်း လက်နက်တွေ ကိုင်ထားတဲ့ပုံလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
    “ဦးဦးချစ်မောင်နဲ့ ဒေါ်စောမြရာဇာတို့ဟာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေစုစည်းပြီး အိမ်နီးချင်းနိုင်ငံက သက်ဆိုင်ရာအာဏာပိုင်တွေကို ပို့ဆောင်လေ့ရှိပါတယ်။ သူတို့ဟာ ALP ကိုလည်း ငွေကြေးထောက်ပံ့မှုတွေလုပ်ပါတယ်။ ကျွန်တော်တို့ဟာ သူ့ထံက အရေးပါတဲ့သတင်းအချို့ ရခဲ့ပြီး အဲဒါကို စီစစ်နေပါတယ်။ စုံစမ်းစစ်ဆေးနေတဲ့အတွက် ဒီသတင်းအချက်အလက်တွေကို ထုတ်ပြန်လို့ မရသေးပါဘူး”
    Ref: Dhaka Tribune