News @ M-Media

Blog

  • ခြစားမှုစွဲချက်ဖြင့် တော်ဝင်မင်းသား ၁၁ ဦးနှင့် ၀န်ကြီးအများအပြားကို ဆော်ဒီ ဖမ်းဆီး

    ခြစားမှုစွဲချက်ဖြင့် တော်ဝင်မင်းသား ၁၁ ဦးနှင့် ၀န်ကြီးအများအပြားကို ဆော်ဒီ ဖမ်းဆီး

    နိုဝင်ဘာ ၅၊ ၂၀၁၇
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    – ဆော်ဒီမှာ အကြီးတန်းဝန်ကြီး အများအပြားနှင့် တော်ဝင်အသိုင်းအ၀ိုင်းမှ မင်းသား ဒါဇင်နှင့်ချီ ထိန်းသိမ်းကာ ခြစားမှုအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု နိုင်ငံပိုင်မီဒီယာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ဖမ်းဆီးခံရသူများတွင် Kingdom Holding ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကို ပိုင်ဆိုင်သည့် ဘီလီယံနာ တော်ဝင်မင်းသား အလ်ဝါလီဒ် ဘင် တာလာလ်လည်း ပါဝင်သည်ဟု အမည်မဖော်လိုသည့် အကြီးတန်း တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    ခြစားမှုသံသယဖြင့် ထုတ်ပယ်ခံခဲ့ရသည့် ၀န်ကြီးများတွင် အမျိုးသားအစောင့်တပ်ဖွဲ့ အကြီးအကဲ မင်းသား အီတာ့ဘ် ဘင် အဘ်ဒူလာနှင့် စီးပွားရေးဝန်ကြီး အဒဲလ် ဖာကီတို့လည်း ပါဝင်သည်။ ဆော်ဒီရေတပ်မှ တပ်မှူး အဘ်ဒူလာ အလ် ဆူလ်တန်မှာလည်း ယခု စုံစမ်းစစ်ဆေးမှုအတွင်း အစားထိုးခြင်း ခံခဲ့ရသည်။

    မကြာသေးမီက ဖွဲ့စည်းခဲ့သည့် ဆော်ဒီ၏ ခြစားမှုတိုက်ဖျက်ရေး ကော်မတီသစ်ကို အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ဦးဆောင်ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများတွင် တော်ဝင်အသိုင်းအ၀ိုင်းမှ မင်းသား ၁၁ ဦး၊ လက်ရှိဝန်ကြီး ၄ ဦး၊ ၀န်ကြီးဟောင်းအများအပြားတို့ ပါဝင်သည်ဟု Al-Arabiya သတင်းဌာနက ဖော်ပြခဲ့
    သည်။

    သို့သော်လည်း ဆော်ဒီအာဏာပိုင်များက ဖမ်းဆီးခံရသူများ၏ အရေအတွက် အတိအကျကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

    အိမ်ရှေ့မင်းသားနေရာကို ရရှိခဲ့ပြီးနောက် မိုဟာမက် ဘင် ဆလ်မန်မှာ နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပတွင် ပြုပြင်ပြောင်းမှုများစွာ လုပ်ဆောင်ရန် အားထုတ်ကြိုးပမ်းလာခဲ့ပြီး ခြစားမှုတိုက်ဖျက်ရေး ကော်မတီမှာ ၎င်း၏ ကြိုးပမ်းမှုများမှ တစ်ခုလည်းဖြစ်သည်။

    Ref: Aljazeera

  • ဆော်ဒီမြို့တော်ကို ယီမင်သူပုန်များက ဒုံးကျည်ဖြင့်ပစ်

    ဆော်ဒီမြို့တော်ကို ယီမင်သူပုန်များက ဒုံးကျည်ဖြင့်ပစ်

    နိုဝင်ဘာ ၅၊ ၂၀၁၇
    M-Media

    ဟူသီတို့၏ ဒုံးကျည်များ

    – ဆော်ဒီအာရဗျနိုင်ငံ ရီယာ့ဒ်မြို့သို့ ယီမင်မှ ဟူသီသူပုန်များက တာဝေးဒုံးကျည်တစ်ခု ပစ်ခတ်ခဲ့ပြီး ဆော်ဒီ ဒုံးခွင်းစနစ်က ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့နှောင်းပိုင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဟူသီသူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့ ပစ်ခတ်လိုက်သော ဒုံးကျည်မှာ Burkn 2-H ဖြစ်ကာ ကီလိုမီတာ ၈၀၀ ကျော် ပျံသန်းသွားခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့နဲ့ အပြစ်မဲ့ပြည်သူတွေကို ဗုံးတွေကြဲနေတဲ့ နိုင်ငံတွေရဲ့ မြို့ကြီးတွေဟာ ကျွန်တော်တို့ ဒုံးကျည်တွေလက်ကနေ လွတ်မှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

    ဆော်ဒီစစ်တပ် တာဝန်ရှိသူများက ယမန်နေ့ည ဒေသစံတော်ချိန် ၈ နာရီ ၇ မိနစ်တွင် ယီမင်ဘက်မှ ဆော်ဒီပိုင်နက်သို့ ဒုံးကျည် ပစ်ခတ်ခဲ့ပြီး မိမိတို့က မြေပြင်မှ ဝေဟင်ပစ် ပက်ထရီယော့ ဒုံးခွင်းစနစ်ဖြင့် ကြားဖြတ် ဟန့်တားခဲ့ကြောင်း ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွင်း မည်သည့်ထိခိုက်မှုမှ မရှိပေ။

    ၂၀၁၄ ခုနှစ်တွင် အီရန်က ထောက်ပံ့ပေးထားသည်ဟု ယုံကြည်ရသည့် ဟူသီသူပုန်များက မြို့တော်ဆန်နာကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ယီမင်တွင် မတည်မငြိမ်မှုများ ဖြစ်ပွားခဲ့သည်။ ၂၀၁၅ ခုနှစ်မှ စတင်၍ ဆော်ဒီဦဆောင်သည့် ဆွန်နီ အာရပ်နိုင်ငံများက ယီမင်သမ္မတ မန်ဆူ ဟာဒီအစိုးရဘက်မှနေ၍ ဟူသီသူပုန်များကို လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

    ယီမင်ပြည်တွင်းစစ်အတွင်း လက်ရှိအချိန်အထိ လူပေါင်း တစ်သောင်းကျော် သေဆုံးခဲ့ပြီး အနည်ဆုံး ၄ သောင်း ဒဏ်ရာရခဲ့ကာ ထိခိုက်မှုအများစုမှာ ဆော်ဒီဦးဆောင်သောအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်။

    Ref: Aljazeera

     

  • ကာ့တ်လန်ခွဲထွက်ရေးခေါင်းဆောင်ကို စပိန်က ဖမ်းဝရမ်းထုတ်

    ကာ့တ်လန်ခွဲထွက်ရေးခေါင်းဆောင်ကို စပိန်က ဖမ်းဝရမ်းထုတ်

    နိုဝင်ဘာ ၄၊ ၂၀၁၇
    M-Media

    – ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် ကာ့တ်လန်ခေါင်းဆောင် ကာလက်စ် ပူဒီမွန်ကို စပိန်က နိုင်ငံတကာ ဖမ်းဝရမ်းထုတ်လိုက်သည်ဟု သိရသည်။

    ကာ့တ်လန်လွှတ်တော်က လွတ်လပ်ရေး ကြေငြာခဲ့သည့်အတွက်ကြောင့် ပြီးခဲ့သည့်စနေနေ့ စပိန်အာဏာပိုင်များက ပူဒီမွန်ကို ရာထူးမှ ထုတ်ပယ်ခဲ့ကတည်းက ၎င်းမှာ ဘယ်လ်ဂျီယံနိုင်ငံတွင် ရောက်ရှိနေသည်။

    စပိန်တရားသူကြီး ကာရ်မန် လမဲလာက ပူဒီမွန် ဘယ်လ်ဂျီယံတွင် ရှိနေသည်ဆိုသည့်သတင်းကို အခြေခံကာ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး လိမ်လည်မှုနှင့် ဥပေဒမလိုက်နာမှု စွဲချက်နှစ်ခုပါ ထပ်ပေါင်းခဲ့သည်။ ထို့ပြင် ဖမ်းဝရမ်းတွင် ပူဒီမွန်နှင့်အတူ လိုက်သွားသည့် ကာ့တ်လန်ဝန်ကြီး ၄ ဦးလည်း ပါဝင်သည်။

    ပူဒီမွန်က ၎င်းမှာ စပိန်မှ ထွက်ပြေးခြင်းမဟုတ်ဘဲ တိုက်ခိုက်မှု မဖြစ်ပွားစေရန်အတွက် ရှောင်နေခြင်းဖြစ်သည်ဟု ဘယ်လ်ဂျီယံနိုင်ငံပိုင်သတင်းဌာန RTBF က ပြောကြားခဲ့သည်။

    ဘယ်လ်ဂျီယံ ရှေ့နေချုပ်က ပူဒီမွန်အတွက် ဖမ်းဝရမ်းရရှိလျှင် ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ယခုတစ်ပတ်အစောပိုင်းတွင် ပြောကြားခဲ့သောကြောင့် ပူဒီမွန်ကို ဘယ်လ်ဂျီယံက စပိန်သို့ လွှဲပြောင်းပေးဖွယ် ရှိနေသည်။

    စပိန်အစိုးရမှာ ကြာသာပတေးနေ့က ကာတ့်လန်အစိုးရ တာဝန်ရှိသူ ၉ ဦးကို သူပုန်ထမှု၊ သွေးထိုးလှုံ့ဆော်မှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုတို့ဖြင့် ဖမ်းဆီးထောင်ချထားသည်။

    Ref: Aljazeera

  • မက်ဟက်တန်တွင် အကြမ်းဖက်မှုဖြစ်ပြီးနောက် နယူးယောက်ရှိ ဗလီတစ်ချို့ ဖုန်းဆက်ခြိမ်းခြောက်ခံရ

    မက်ဟက်တန်တွင် အကြမ်းဖက်မှုဖြစ်ပြီးနောက် နယူးယောက်ရှိ ဗလီတစ်ချို့ ဖုန်းဆက်ခြိမ်းခြောက်ခံရ

    နိုဝင်ဘာ ၄၊ ၂၀၁၇
    M-Media

    မတ်စ်ဂျစ်ဒ်အိုမာရ် ဗလီဝတ်ကျောင်းတော်

    – အခုတစ်ပတ် နယူးယောက်မြို့ လိုးဝါးမတ်ဟက်တန်ရပ်ကွက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း ကျူးလွန်သူ သွားရောက်လေ့ရှိတဲ့ ဗလီဝတ်ကျောင်းတော်ကို ဖုန်းဆက်ခြိမ်းခြောက်မှုတွေ မြင့်တက်လာတယ်လို့ သိရပါတယ်။

    အင်္ဂါနေ့က ဥဇဘက်နွယ်ဖွား ဆိုက်ဖလို ဆိုင်ပေါ့ဗ်ဟာ စက်ဘီးလမ်းမှာ စက်ဘီးစီးတဲ့သူတွေ လမ်းလျှောက်နေတဲ့သူတွေကို ပစ်ကတ်ကားနဲ့ ၀င်တိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်နောက်ပိုင်း ဆိုင်ပေါ့ဗ်နေထိုင်တဲ့ ပတ္တာဆန်မြို့က ဗလီကို ဖုန်းဆက်ခြိမ်းခြောက်တာမျိုးတွေ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ဒီသတင်းတွေကို အတည်ပြုခဲ့ပါတယ်။

    အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီရဲ့ နယူးဂျာဆီဌာနခွဲက ဒီလိုခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး အရေးယူ အပြစ်ပေးတာတွေလုပ်ဖို့ အစိုးရတာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ပါတယ်။

    ဆိုပ်ပေါ့ဗ်သွားလေ့ရှိတဲ့ ပတ္တာဆန်က မတ်စ်ဂျစ်ဒ်အိုမာရ် ဗလီဝတ်ကျောင်းတော် ဥက္ကဌ အိုမာရ်အ၀ဒ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းကစလို့ အနည်းဆုံး ၈ ကြိမ်လောက် ဖုန်းဆက်ခြိမ်းခြောက်ခံခဲ့ရပြီး၊ ဆဲရေးတိုင်းထွာတာ၊ ဗလီဝတ်ကျောင်းတော်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်တာ၊ သတ်ပစ်မယ်လို့ ပြောတာမျိုးတွေ လုပ်ခံရတယ်လို့ ဆိုပါတယ်။

    အဲဒီလို ခြိမ်းခြောက်မှုတွေကို ပတ္တာဆန် ရဲစခန်းနဲ့ အမိမြေ လုံခြုံရေးဌာနကို တိုင်ကြားထားတယ်လို့လည်း သူက ဆိုပါတယ်။

    “အရင်ကလည်း ဒီလိုခြိမ်းခြောက်မှုမျိုးတွေ ခံခဲ့ရပါတယ်။ ဒါပေမယ့် ကြီးကြီးကျယ်ကျယ်တော့ ဘာမှမဖြစ်ပါဘူး။ တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ ကောလဟာလတွေက ကျွန်တော်တို့အပေါ် ရိုက်ခတ်နေတာပါ” လို့ အ၀ဒ်က ပြောကြားခဲ့ပါတယ်။

    Ref: New York Post

  • ဂလက်စဂိုမြို့က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့် ဂုဏ်ပြုဆုကို ပြန်လည်ရုပ်သိမ်း

    ဂလက်စဂိုမြို့က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့် ဂုဏ်ပြုဆုကို ပြန်လည်ရုပ်သိမ်း

    နိုဝင်ဘာ ၄၊ ၂၀၁၇
    M-Media

    – စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့ မြို့တော်ကောင်စီဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Free of Glasgow ဂုဏ်ပြုဆုကို ရုပ်သိမ်းဖို့အတွက် မနေ့က တစ်ညီတစ်ညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့ နိုင်ငံတကာက ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီးတဲ့နောက် အခုလို ဆုံးဖြတ်ချက်မျိုး ပေါ်ထွက်လာတာပါ။

    စစ်အာဏာရှင်လက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ် ၂၀၀၉ ခုနှစ်မှာ ဂလက်စဂိုမြို့က ဒီဆုကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

    “ကျွန်တော်နဲ့ မြို့တော်ကောင်စီအကြီးအကဲ ဆူဆန် အိုက်ကန်တို့ဟာ တလောက ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားခဲ့ပြီး သူမရဲ့မျက်စိအောက်မှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ရက်စက်မှုတွေကို မြို့တော်က စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး ဒီကိစ္စမှာ ကြားဝင်ဆောင်ရွက်ဖို့လည်း တိုက်တွန်း
    ခဲ့ပါတယ်” လို့ ဂလက်စဂိုမြို့စား လော့ဒ် ပရိုဗို့စ် အီဗာ ဘိုလန်ဒါက ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် တုန့်ပြန်မှုကတော့ စိတ်ပျက်စရာနဲ့ ၀မ်းနည်းစရာဖြစ်ကြောင်း၊ သူမကိုပေးထားတဲ့ ဂုဏ်ပြုဆုတွေ ရုပ်သိမ်းမှုဟာ မကြုံစဖူးဖြစ်ပြီး မိမိတို့ မြို့တော်ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ပေါ့ပေါ့တန်တန် ချမှတ်ခဲ့တာ မဟုတ်ကြောင်းလည်း မြို့စားက ဆိုပါတယ်။

    ဂလက်စဂိုတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ပြုဆုကို ရုပ်သိမ်းဖို့ တိုက်တွန်းမှုတွေရှိနေပေမယ့် တက္ကသိုလ်ကတော့ ဒီလိုလုပ်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်က ပြဿနာကို ‘ရည်ရွယ်ချက်ရှိရှိ လစ်လျူရှုနေတယ်’ ဆိုတဲ့ စွဲချက်နဲ့ ရှက်ဖီးမြို့ကလည်း သူတို့ရဲ့ Freedom of the City ချီးမြှင့်ထားမှုကို မကြာသေးခင်က ရုပ်သိမ်းခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ စွဲချက်တွေကို မြန်မာအစိုးရနဲ့ စစ်တပ်ကိုက ငြင်းဆိုထားပြီး လုံခြုံရေးတပ်ဖွဲ့တွေဟာ ဥပဒေဘောင်အတွင်းက ဆောင်ရွက်နေတယ်လို့ ပြောကြားထားပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဒုက္ခ၊ သုက္ခတွေအတွက် စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ပြောကြားထားပါတယ်။

    Ref: BBC