News @ M-Media

Blog

  • ရိုဟင်ဂျာများ၏ ဒုက္ခသုက္ခမှာ မကြံစဖူးကြီးမားသည်ဟု နိုင်ငံကာ ကြက်ခြေနီအကြီးအကဲပြော

    ရိုဟင်ဂျာများ၏ ဒုက္ခသုက္ခမှာ မကြံစဖူးကြီးမားသည်ဟု နိုင်ငံကာ ကြက်ခြေနီအကြီးအကဲပြော

    အောက်တိုဘာ ၂၆၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးရသည့် ရိုဟင်ဂျာကလေးငယ်တစ်ဦး

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ခံစားနေရတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာဟာ မကြုံစဖူး ဖြစ်လာနေပြီး ကမ္ဘာကြီးအနေနဲ့ ထိထိရောက်ရောက် မတုန့်ပြန်နိုင်ဘူးလို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ အကြီးအကဲ အလ်ဟဂ်ျ အက်ဆီက ပြောကြားလိုက်ပါတယ်။

    အက်ဆီဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုပြီးတဲ့နောက် ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ဒီပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ သက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ ခြွင်းချက်မရှိ ဒီအခြေအနေကို တုန့်ပြန်ဖို့လည်း သူက တို
    က်တွန်းခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေအတွက် အကူအညီပေးနေတဲ့ ကုလအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်း တော်တော်များများကို မြန်မာအစိုးရက ၀င်ရောက်ခွင့်မပေးပါဘူး။

    နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ IFRC ဟာ လတ်တလောမတည်ငြိမ်မှုတွေ အစပြုခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့ နောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကူညီထောက်ပံ့ခွင့် ရရှိခဲ့ပါတယ်။

    မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကူညီဖို့အတွက် ရန်ပုံငွေ ကန်ဒေါ်လာ ၃၃ သန်း လိုအပ်တယ်လို့ IFRC က ပြောကြားထားပါတယ်။

    “ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာဟာ ပမာဏအရသာမကဘဲ လူတွေရဲ့ ဘက်ပေါင်းစုံ ထိခိုက်ခံစားရမှု အတိမ်အနက်မှာပါ တော်တော်လေးမကြုံစဖူး အနေအထားပါ။ ကြက်ခြေနီအဖွဲ့အနေနဲ့ အခြားအဖွဲ့တွေထက်ပိုပြီး ၀င်ရောက်ခွင့်ရပေမယ့် အခြေအနေတစ်ခုလုံးကို ကြက်ခြေနီအဖွဲ့ ပုခုံးပေါ်ပဲ တင်ထားလို့ မရပါဘူး။ ကျွန်တော်တို့ ဆောင်ရွက်နေရတာတွေအတွက် ဂုဏ်ယူပေမယ့် ပြဿနာကို အတိုင်းအတာအရရော၊ ပမာဏအရပါ ကာမိစေတာ မဟုတ်ပါဘူး” လို့ အက်ဆီက ပြောကြားခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်းကစပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားခဲ့ရတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၆ သိန်းနီးပါးလောက်ရှိတယ်လို့ ကုလက ပြောကြားထားပါတယ်။

    IFRC အကြီးအကဲကတော့ ဒုက္ခရောက်နေတဲ့ ကလေးငယ်တွေ ဒီလောက်များတာမျိုး အရင်က မမြင်ဖူးကြောင်း၊ ကလေးငယ်တွေ မတွေ့ကြုံသင့်တဲ့ကိစ္စမျိုးတွေကို သူတိုလေးတွေ ကြုံတွေ့နေရကြောင်း၊ ကလေးငယ်တွေဟာ သူတို့ရဲ့ ကလေးဘ၀ကို ဆုံးရှုံးနေကြောင်း၊ ဘင်္ဂလားဒေ့ရှ်ကိုရောက်ဖို့အတွက် ရက်ပေါင်းများစွာ လမ်းလျှောက်ခဲ့ရတယ်ဆိုတဲ့သတင်းတွေကို ကြားရတဲ့အတွက် တုန်လှုပ်ဝမ်းနည်းမိကြောင်း အက်ဆီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: The Guardian

  • “ဘာသာပေါင်းစုံ ချစ်ကြည်ရေးက ပေးရမယ့် သတင်းစကားနဲ့ ယူရမယ့် သင်ခန်းစာ”

    “ဘာသာပေါင်းစုံ ချစ်ကြည်ရေးက ပေးရမယ့် သတင်းစကားနဲ့ ယူရမယ့် သင်ခန်းစာ”

    အောက်တိုဘာ ၂၆ ၊ ၂၀၁၇
    ဆောင်းပါးရှင်- မြင်သစ်

    Graphic symbols of different religions on white

    ဘာသာပေါင်းစုံ ချစ်ကြည်ရေးလှုပ်ရှားမှုတွေ ဆုတောင်းပွဲတွေ ခေတ်စမ်းနေတော့…ဘာသာရေးပွဲတော်တွေကလည်း တောက်လျှောက်…မွတ်စလင်မ်တို့ရဲ့ စွန့်လှူအီးဒ်ပွဲတော်၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အဘိဓမ္မာအခါတော်နေ့နဲ့ သီတင်းကျွတ်ပွဲတော်၊ ဟိန္ဒိုဘာသာဝင်တို့ရဲ့ ဒေပါဝလီပွဲတော်တွေ လတ်တလော ပြီးထားပြီး မကြာမီ ဒီဇင်ဘာမှာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ဘာသာရေးပွဲတော်တွေကလည်းလာတော့မှာဆိုတော့…ဘာသာပေါင်းစုံ ချစ်ကြည်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်လေး မျှဝေပါရစေ။

    ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားမှုတွေနဲ့ ဘာသာတရားအသီးသီးတို့ရဲ့ ပွဲတော်တွေဟာ ဘာသာတရားတွေရဲ့ နောက်လိုက်တွေ အချင်းချင်းကြား ချစ်ကြည်ရင်းနီးရေး ပေါင်းကူးတွေပါပဲ။ အလင်းရဲ့ သတင်းစကားတွေ ဖလှယ်ဖို့ အကြောင်းတွေပါပဲ။

    ဒါပေမယ့်…အဲ့ဒီ့မှာ ရှုထောင့်နဲ့ ချဉ်းကပ်မှုကတော့ အတော်လေး အရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့…ချဉ်းကပ်မှုမတော်ရင် ချစ်ကြည်ရေး ရင်းနီးရေးအခြားတစ်ဖက် ဝေးကွာခြင်းဆီကို ရောက်သွားစေနိုင်လို့ပါပဲ။ ဒါမှမဟုတ် ကြိုးပမ်းအားထုတ်မှုတွေ အဟောသိ အချည်းအနှီးဖြစ်သွားစေနိုင်လို့ပါပဲ။

    ပထမဦးဆုံး…ဘာသာပေါင်းစုံချစ်ကြည်ရေးဆိုရာမှာ အရေးကြီးဆုံးက ဘာသာတရားတွေရဲ့ မတူညီမှု ကွဲပြားမှုကို လက်သင့်ခံနိုင်ဖို့ အရေးကြီးပါတယ်။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ tolerance ပေါ့…မတူကွဲပြားမှုကို လက်ခံခြင်းပေါ့။

    ဘာသာပေါင်းစုံချစ်ကြည်ရေးကို ဦးတည်လိုစောအားကြီးပြီး တခါတရံ ဘာသာတရားတွေဟာ အတူတူပါပဲဆိုတဲ့စကားဟာ တော်တော်လေး သတိထားရမယ့် ဟာပါ။ ဘယ်လို ဘယ်ပုံတူတာလည်း ဆိုတဲ့ ကောက်ချက် အရေးကြီးပါတယ်။

    ဘာလို့လည်းဆိုတော့…ဘာသာတရားတွေဟာ လူသားတွေ ကောင်းစေဖို့ ဒါကြောင့် အတူတူပဲဆိုတဲ့ အယူအဆနဲ့ ဟောပြောသွန်သင်ချက်တွေဟာ…တကယ်ရော အောက်ခြေလူထုမှာ ထိရောက်စေရဲ့လားဆိုတာ ပြန်သုံးသပ်သင့်တဲ့ ချဉ်းကပ်မှုပါ။

    မတူလို့ဘဲ အမည်တွေတောင်ကွဲနေပြီလေ… ဟိန္ဒိုဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာနဲ့ အခြားလူနည်းစုကိုးကွယ်တဲ့ ဘာသာတရားတွေ ရှိသေးတယ်။

    အလွယ် ဥပမာပေးပြောရရင်…ထေရဝါဒဗုဒ္ဓဘာသာသင်ကြားမှုအရ သစ္စာလေးပါးတရားတွေကို မသိမမြင်သူဟာ ဒိဌိ အမြင်မှားတဲ့သူပေါ့၊ တချိန်တည်းမှာပဲ အစ္စလာမ့်သင်ကြားမှုအရ မိမိကိုဖန်ဆင်းထားတဲ့ တစ်ပါးတည်းသော ကိုးကွယ်ရာ အလ္လာဟ်ရှင်ကို ယုံကြည်ခြင်းဆိုတဲ့ သောဝ်ဟီဒ်တရားကို မသိမြင်သူဟာ ကုဖရ် ဖုံးကွယ်ထားတဲ့သူပါ။

    ဒိဌိနဲ့ ကုဖရ် အပြန်အလှန် ဖြစ်နေတဲ့ ဘာသာတရားနှစ်ခု ဘယ်လိုနည်းနဲ့မှ မတူပါ။ ဘာသာတရားရဲ့ အနှစ်သာရပိုင်း အဆင်မြင့်ဆုံး အပိုင်းကို သွားလေ ကွဲလေပါပဲ။

    အဲ့ဒါကို ဘာသာတရားတွေဆိုတာ အတူတူပဲ ကောင်းဖို့ပဲ သစ္စာတရားဆီကို သွားကြတာပဲဆိုတဲ့ ချဉ်းကပ်မှုဟာ တော်တော်လေး သတိထားရပါမယ်။ ဘာလို့လည်းဆိုတော့…လက်တွေ့ grass-root level အောက်ခြေ လူထုမှာ လုံးဝ အလုပ်မဖြစ်ပါ။

    အဲ့ဒီ့ချဉ်းကပ်မှုကို တရားသေဆုပ်ကိုင်ထားမယ်ဆိုရင် အကျိုးရလဒ်က ဘာသာရေးခုတုံးလုပ် ညစ်ပတ်တဲ့နိုင်ငံရေးကြောင့် ဘာသာရေးတင်းမာမှုတွေရှိလာနေတဲ့ ကျွန်တော်တို့ နိုင်ငံမှာ Interfaith ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲတွေ လုပ်နေတာ အလကားပါကွာ၊ တကယ်လည်း ထိမှမထိရောက်တာဆိုတဲ့ ဟာပါပဲ။

    လက်တွေ့ကျပြီး အမှန်တကယ်လိုအပ်နေတဲ့ အရာက tolerance ပါ။ ဘာသာပေါင်းစုံချစ်ကြည်ရေးလှုပ်ရှားမှုတွေက လူထုဆီ ဆောင်ယူလာပေးရမယ့် အရာက မတူကွဲပြားတဲ့ ဘာသာတရားတွေကို ကိုးကွယ်ယုံကြည်သူတွေ အချင်းချင်း လက်သင့်ခံခြင်းပါပဲ။

    မတူကွဲပြားမှုဟာ လူသားတွေရဲ့ ဖြစ်တည်မှုနဲ့ တူယှဉ်တွဲရှိနေတဲ့ အရာဆိုတာကို အရင်နှလုံးသွင်းဖို့ လှိုက်လှဲစွာ လက်ခံဖို့ အရေးကြီးပါတယ်။

    ဟိုးရှေးယခင်ကတည်းက ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အသားအရောင်၊ ပုံပန်းသဏ္ဍန်၊ ဘာသာစကားစတာတွေ မတူကွဲပြားတဲ့ လူတွေ အချင်းချင်းရောနှောတည်ရှိတဲ့ ကမ္ဘာလောကကြီးမှာ အခုလို ကမ္ဘာ့ရွာဖြစ်လာတဲ့ Globalization Era မှာ ပိုလို့တောင် မတူကွဲပြားမှုတွေ တူယှဉ်တွဲရှိမယ်ဆိုတာကို အရှိကို အရှိအတိုင်း သိမြင်လက်ခံဖို့ အရေးကြီးပါတယ်။

    တူတာတွေပဲ စုမယ် တူတာတွေပဲ လုပ်မယ် တူမှ ရမယ် တူမှ လက်သင့်ခံမယ်ဆိုတာ လုံးဝ လက်တွေ့မကျတဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကျဉ်းမြောင်းတဲ့ တွေးခေါ်မှု စိတ်ကူးယဉ်ဆန်မှုဆိုတာကို သိမြင်ဖို့ လိုပါတယ်။

    ဘာသာရေး ရှုထောင့်အရ သီးသန့်ပြောရရင်ကို ဂေါတမမြတ်ဗုဒ္ဓနဲ့ တပည့်သာဝကရဟန္တာကြီးတွေ သက်တော်ထင်ရှားရှိနေတဲ့ အချိန်မှာကို အဲ့ဒီ့ကာလ အဲ့ဒီ့ပတ်ဝန်းကျင်က လူအားလုံး ဗုဒ္ဓဘာသာဝင် မဖြစ်ခဲ့သလို၊ ခရစ်တော် (ငြိမ်းချမ်းပါစေကြောင့် မေတ္တာပို့သအပ်ပါသည်)နဲ့ ရှင်ပေါလုတို့ကာလမှာလည်း ထို့နည်းတူ အဲ့ဒီ့ခေတ် အဲ့ဒီ့ဒေသ လူအားလုံး ခရစ်ယာန်မဖြစ်ခဲ့ပါ။ အလားတူ မုဟမ္မဒ်သခင် (ငြိမ်းချမ်းပါစေကြောင့် မေတ္တာပို့သအပ်ပါသည်)ရဲ့ ၂၃နှစ်တာ ကြိုးပမ်းမှုမှာလည်း အဲ့ဒီ့ခေတ်ကာလာ လူအားလုံး မွတ်စလင်မ်မဖြစ်ခဲ့ပါ။ ဒါဟာ အရှိတရားပါ။ အဲ့ဒီ့ဘာသာရေး ဦးသျှောင်ကြီးတွေ ကိုယ်တော်တိုင် သူတို့ခေတ်ကာလ သူတို့ဒေသမှာ ရှိနေတဲ့ အခြားမတူကွဲပြားတဲ့ ဘာသာတရားယုံကြည်သူတွေနဲ့ တူယှဉ်တွဲနေထိုင်ခဲ့ရတာချည်းပါပဲ။ ဥပမာ- ဗုဒ္ဓကိုယ်တော်နဲ့ ပထမဦးဆုံး ဗုဒ္ဓဘာသာဝင် မျိုးဆက်ဆိုလျှင် ဟိန္ဒိုဘာသာဝင်တွေ ဂျိန်းဘာသာဝင်တွေနဲ့အတူ၊ ခရစ်တော်နဲ့ နောက်လိုက်တွေဆိုလျှင် ဂျူးဘာသာဝင်တွေနဲ့၊ မုဟမ္မဒ်သခင်နဲ့ ရောင်းရင်းသာဝကတွေဆိုလျှင် ကြားခံနတ်ကိုးကွယ်သူတွေ၊ ဂျူးတွေ၊ ခရစ်ယာန်တွေနဲ့ ထိတွေ့ဆက်ဆံတူယှဉ်တွဲနေထိုင်ခဲ့ကြတာပါပဲ။

    ဒါပေမယ့် ဘာသာတရားတွေရဲ့ သွန်သင်ချက်တွေက လုံးဝ မတူတာတော့ မဟုတ်ပါဘူး၊ တူညီတဲ့ ကျင့်ဝတ်ပိုင်း သွန်သင်မှုတွေ ရှိပါတယ်။ အဲ့ဒီ့အချက်တွေကတော့ ကွဲပြားတဲ့ ဘာသာတရားတွေအကြား အဲ့ဒီ့ဘာသာဝင်တွေ အကြားမှာ နီးကပ်စေမယ့် ပေါင်းကူးပေးမယ့် အရာတွေ common ground တွေပါပဲ။ ကွဲပြားစွာ တူညီခြင်းလို့ပဲ ပြောရမလား။

    အဲ့တော့ ဘာသာတရားတွေဟာ မတူဘူး ကွဲပြားတယ်၊ အဲ့ဒါကြောင့် ဘာသာတရားအသီးသီးကို ယုံကြည်လိုက်နာတဲ့သူတွေမှာလည်း မတူညီမှု ကွဲပြားမှုတွေ ရှိကို ရှိမယ်ဆိုကို လက်သင့်ခံပြီးနောက်မှာမှ…မတူတဲ့ ဘာသာတရားတွေမှာ တူညီတဲ့ ကျင့်ဝတ်ပိုင်း သွန်သင်မှုတွေ ရှိတယ်၊ ယုံကြည်လိုက်နာတဲ့သူတွေမှာလည်း လူဆိုတဲ့ လူသားဖြစ်မှုဆိုတဲ့ တူညီမှုရှိတယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ချဉ်းကပ်ရပါမယ်။

    မတူညီ ကွဲပြားခြင်းကို အသိအမှတ်မပြုနိုင်ဘူး လက်သင့်မခံနိုင်သေးဘူးဆိုလျှင် common groundတွေ ရှာနေလို့လည်း အလုပ်ဖြစ်မှာ မဟုတ်သလို၊ တကယ့်ချစ်ကြည်မှု တူယှဉ်တွဲနေထိုင်မှုကိုလည်း တည်ဆောက်နိုင်မှာ မဟုတ်ပါ။

    ဘာလို့လည်းဆိုတော့ မတူတာ ကွဲပြားတာကိုပဲ ပြဿနာလုပ်နေ အပြစ်ရှာနေမှာကိုး။ ဒီနေ့ ကျွန်တော်တို့ ပြဿနာက အဲ့ဒါပါပဲ။ ငါတို့လို မယုံကြည်ဘူး၊ ငါတို့လို စကားမပြောဘူး၊ ငါတို့လို မဝတ်စားဘူး၊ ငါတို့လို မစားဘူး၊ ငါတို့လို ဝတ်မပြုဘူး၊ ငါတို့လို…ငါတို့လို…ငါကောလို့ မဆုံးပါဘူး။ ဒါဟာအမှန်တကယ်တော့ ဘာသာရေးဦးသျှောင်ကြီးတွေရဲ့ သွန်သင်ချက်နဲ့လည်း အရှေ့နဲ့ အနောက် တောင်နဲ့မြောက်လို့ ဆန့်ကျင်တဲ့ အရာတွေ တွေးခေါ်ယုံကြည်မှုတွေပါ။

    ဒါပေမယ့်…ဒီနေ့ အမျိုးသားနိုင်ငံရေးနဲ့ ဘာသာနိုင်ငံရေး မျက်နှာဖုံးအောက်မှာ အဲ့ဒီ့အရာတွေကပဲ ဘာသာတရားတွေရဲ့ စံနှုန်းတွေလိုလို စံသွန်သင်ချက်တွေလိုလို ဖြစ်လာနေပါတယ်။ ဘာသာတရားတွေက ယုံကြည်ရာ ညွှန်ကြားသင်ပြတဲ့ သစ္စာတရား အမှန်တရားတွေကတော့ ဘယ်သူမှ မသိတော့လည်း ဘယ်သူမှ မလိုက်နာမကျင့်သုံးတော့လည်း သူ့ဖာသာသူတည်ရှိနေမယ့် တရားတွေဆိုတော့…ဒီဖြစ်ရပ်ကို ဘာသာတရားတွေရဲ့ ကျဆုံးခန်းဆိုတာထက် လူသားရဲ့ ကျုဆုံးခန်း နိဒါန်းလို့ပဲ သမုတ်ရမယ့် အချိန်အခါမျိုးပါ။

    မတူညီကွဲပြားမှုကို လက်သင့်ခံခြင်းဟာ ကျွန်တော်တို့ နိုင်ငံ ချီတက်သွားနေတဲ့ ဒီမိုကရေစီနိုင်ငံရေး အခြေခံအုတ်မြတ်တစ်ခုဖြစ်တဲ့ ဗဟုလူမှုအဖွဲ့အစည်း ဗဟုဝါဒရဲ့ အသက်သွေးကြောပါပဲ။ ဒီနေရာမှာ သိစေလိုတာက ကျွန်တော်တို့ တစ်ဦးချင်းရဲ့ ကျွန်တော်တို့ လူအဖွဲ့အစည်းရဲ့ ယုံကြည်ကျင့်ကြံမှုဟာ နိုင်ငံတစ်ခုလုံးရဲ့ အရွေ့အထိ ချိတ်ဆက်နေတယ်ဆိုတာပါပဲ။

    ကျွန်တော်တို့ ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားမှုတွေ ဆုတောင်းပွဲတွေကနေ ပေးရမယ့် သတင်းစကား၊ သင်ယူရမယ့် သင်ခန်းစာက…ကျွန်တော်တို့တွေ မတူညီမှုတွေ ကွဲပြားမှုတွေနဲ့ ကမ္ဘာလောကကြီးမှာ နေထိုင်တယ်၊ မတူညီကွဲပြားတဲ့ ဘာသာတရားတွေကို ယုံကြည်လိုက်နာကြတယ်၊ အဲ့ဒီနောက်မှာ ကျွန်တော်တို့တွေဟာ လူသားဆိုတဲ့ တူညီမှုကြီး ရှိတယ်၊ ကျွန်တော်တို့ လိုက်နာကျင့်ကြံနေတဲ့ ဘာသာတရားတွေမှာ တူညီတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ သွန်သင်မှုတွေလည်း ရှိတယ်ဆိုတာပါပဲ။

    ဘာသာပေါင်းစုံချစ်ကြည်ရေးလှုပ်ရှားမှုတွေမှာ ဘာသာတရားတွေကို ချဉ်းကပ်ရာမှာ မတူညီကွဲပြားမှုကို ဦးစွာလက်ခံပြီးမှ common ground တွေကို ရှာဖွေခြင်းက ဘာကြောင့် လက်တွေ့မှာ အရေးကြီးလည်းဆိုတာ အပိုင်း ၂ အနေနဲ့ အချိန်ရရင် ဆက်ရေးပါဦးမယ်။

  • မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး

    မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး

    အောက်တိုဘာ ၂၆ ၊ ၂၀၁၇
    M-Media

    မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး များနှင့် ကိုယ်စားလှယ်အဖွဲ့များ၏ ဆွေးနွေးချက်များအရ နှစ်နိုင်ငံအကြား အောက်ဖော်ပြပါ အချက် ၁၀ ချက်ကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ပါသည်-
    .
    (က) နယ်စပ်ဒေသဆက်ဆံရေး တည်ငြိမ်အေးချမ်းရန်နှင့် နယ်စပ်ဒေသတွင် လုံခြုံရေး တိုးမြှင့်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ၁၉၈၀ နယ်စပ်ဒေသ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန်
    .
    (ခ) နယ်ခြားစောင့်တပ်ဖွဲ့များ၏ ဒေသအဆင့် ညှိနှိုင်းဆောင်ရွက်ရေး အစည်းအဝေး အား ၃ လ လျှင် ၁ ကြိမ် ကျင်းပရန်နှင့် အကြီးအကဲများအဆင့်၌ နယ်ခြားစောင့် တပ်ဖွဲ့များ၏ ဗဟိုအဆင့်အစည်းအဝေးအား နှစ်စဉ်ကျင်းပရန်
    .
    (ဂ) လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးမှုတို့နှင့် စပ်လျဉ်း၍ နားလည်မှု စာချွန်လွှာအရ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားသော သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတို့အကြား ကာလအပိုင်းအခြားအလိုက် ဆွေးနွေးပွဲများ စီစဉ်ပြုလုပ် ရန်
    .
    (ဃ) လိုအပ်ပါက ဝန်ကြီးအဆင့်အစည်းအဝေးအား ကျင်းပရန်နှင့် ၁ နှစ်လျှင် ၁ ကြိမ် ဒုတိယဝန်ကြီး/အတွင်းဝန်အဆင့် အစည်းအဝေးများ စီစဉ်ပြုလုပ်ရန်
    .
    (င) မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်
    .
    (စ) အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ သဘောတူညီ ချက် လက်မှတ်ရေးထိုးမှုအား စဉ်းစားသုံးသပ်ရန်
    .
    (ဆ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်မှုအား ချက်ချင်းရပ်တန့် ရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား စောနိုင် သမျှ အစောဆုံးပြန်လည်နေရာချထားရေးအတွက် ရခိုင်ဒေသအတွင်း ပုံမှန်အခြေ အနေ ပြန်လည်ရောက်ရှိရန်
    .
    (ဇ) ပြန်လည်နေရာချထားရေးကြီးကြပ်ရေးအတွက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် သဘောတူညီချက်နှင့်အညီ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန်၊ ရခိုင်ဒေသမှ စွန့်ခွာ ထွက်ပြေးသူများ ပြန်လည်ခေါ်ယူရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံသဘောတူညီချက် များအား အပြီးသတ် ဆောင်ရွက်ရန်
    .
    (ဈ) သတင်းအချက်အလက်ဖလှယ်ရေး၊ ဆက်သွယ်ဆက်ဆံရေးနှင့် နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်ရေးတို့အတွက် အောက်ခြေအဆင့်၊ အလယ်အလတ်အဆင့်၊ ဗဟို အဆင့်တို့၌ ဆက်သွယ်ဆက်ဆံရေးအရာရှိများ သတ်မှတ်ရန်
    .
    (ည) အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်နိုင်ရေးအတွက် အလည်အပတ် ခရီးစဉ်များ အပြန်အလှန်တိုးမြှင့်ဆောင်ရွက်ရန်
    .
    ကိုးကား- ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

  • AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး

    AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး

    အောက်တိုဘာ ၂၆ ၊ ၂၀၁၇

    ဓါတ်ပုံ- ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ ဦးအောင်မြတ်ကျော် အားဖမ်းဆီးရမိစဉ်က(Photo- Eleven)

    ရခိုင့်တပ်မတော် AA အဖွဲ့က ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က တာမွေမြို့နယ်မှာ သေနတ်တွေ၊ ကျည်ဆံတွေ၊ မူးယစ်ဆေးဝါးတွေနဲ့ စစ်ဝတ်ပစ္စည်းတွေ၊ ဆက်သွယ်ရေးစက်ပစ္စည်းတွေကို AA ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ ဦးအောင်မြတ်ကျော် ဆိုသူဆီကနေ ဖမ်းဆီးရမိခဲ့ပြီးနောက် လက်နက်ပုဒ်မ ၁၉(စ)နဲ့ အမှုဖွင့်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    အဲဒီနောက် အမှုနောက်ဆက်တွဲအနေနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြောက်ဥက္ကလာပ၊ လှိုင်သာယာ စတဲ့ မြို့နယ်တွေမှာ စိတ်ကြွဆေးပြားတွေ၊ စစ်သုံးသံလိုက်အိမ်မြှောင်တွေ၊ လက်နက်ခဲယမ်းတွေကို ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

    အဲဒီအမှုတွေနဲ့ ဆက်စပ်ပြီး ဦးအောင်မြတ်ကျော်အပါအ၀င် ၉ ဦးကို မူးယစ်မှုတွေနဲ့လည်း အမှုဖွင့် စစ်ဆေးခဲ့တယ် လို့ သိရပါတယ်။

    စစ်ဆေးတွေ့ရှိချက်တွေအရ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးရောင်းချလို့ရရှိတဲ့ အကျိုးအမြတ်တွေကနေ တိုက်ခန်းဝယ်ယူတာ၊ ပရိဘောဂတွေ၊ မော်တော်ယာဉ်တွေ၊ စက်လှေတွေ ၀ယ်ယူတာ အပြင် ရန်ကုန်-စစ်တွေ ကားလမ်းဘေးက ၇ ဧက နီးပါးရှိတဲ့ ရာဘာခြံတွေကို ၀ယ်ယူပိုင်ဆိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဘဏ်တချို့မှာရှိတဲ့ ငွေလက်ကျန် သိန်း ၄၀၀ ကျော်အပါအ၀င် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၆ ထောင်ကျော်ဟာ မူးယစ်ဆေးဝါးရောင်းချလို့ရတဲ့ အကျိုးအမြတ်တွေကို အသွင်ပြောင်းလဲဝယ်ယူထားတယ်ဆိုတာ စစ်ဆေး ပေါ်ပေါက်ခဲ့တဲ့အတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဆန်းထွန်းက တရားလိုလုပ်ပြီး သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    RFA မြန်မာပိုင်းမှ ကူးယူဖော်ပြပါသည်။

     

    ဆက်စပ်သတင်းဖတ်ရှုရန်

    Arakan Army(AA) အဖွဲ့နှင့် ဆက်စပ်သည့် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းမိကြောင်း အစိုးရ သတင်းထုတ်ပြန်

     

  • စင်ကာပူနိုင်ငံကူးလက်မှတ် ကမ္ဘာ့တွင် ထိပ်တန်းအဆင့် ဖြစ်လာ

    စင်ကာပူနိုင်ငံကူးလက်မှတ် ကမ္ဘာ့တွင် ထိပ်တန်းအဆင့် ဖြစ်လာ

    အောက်တိုဘာ ၂၆၊ ၂၀၁၇
    M-Media

    – ပါရာဂွေးက စင်ကာပူနိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့် ပေးလိုက်သောကြောင့် စင်ကာပူနိုင်ငံကူးလက်မှတ်မှာ ကမ္ဘာပေါ်တွင် ဗီဇာကင်းလွတ်ခွင့်အများဆုံးရသည့် နိုင်ငံကူးလက်မှတ် ဖြစ်လာခဲ့သည်။

    ကမ္ဘာ့ဘဏ္ဍာရေးအကြံပေးလုပ်ငန်း Arton Capital မှ ထုတ်ပြန်သည့် နိုင်ငံကူလက်မှတ် အဆင့်သတ်မှတ်ချက်တွင် စင်ကာပူမှာ ဂျာမနီကို ကျော်တက်ကာ ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သည်။

    ကမ္ဘာ့တန်းအ၀င်ဆုံး နိုင်ငံကူးလက်မှတ်စာရင်း၏ ထိပ်ဆုံး ၁၀ နေရာတွင် အများစုမှာ ဥရောပနိုင်ငံများဖြစ်ပြီး ဂျာမနီက ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် ဦးဆောင်ခဲ့သည်။

    ၂၀၁၇ ခုနှစ်အစပိုင်းမှစ၍ စင်ကာပူသည် ဂျာမနီနှင့် နံပါတ် ၁ နေရာကို ပူးတွဲရရှိခဲ့သည်။ အောက်တိုဘာ ၂၅ ရက်နေ့က နောက်ဆုံးပြန်မှုတွင် စင်ကာပူသည် ဗီဇာကင်းလွတ်ခွင့် အမှတ် ၁၅၉ မှတ် ရရှိခဲ့ပြီး ဂျာမနီက ၁၅၈ မှတ် ရရှိခဲ့သည်။

    “စင်ကာပူဟာ ကမ္ဘာ့တန်းအ၀င်ဆုံး နိုင်ငံကူးလတ်မှတ်အဖြစ် ပထမဆုံး သတ်မှတ်ခံရတဲ့ အာရှနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါဟာ စင်ကာပူနိုင်ငံရဲ့ သံတမန်ဆက်သွယ်ရေး၊ နိုင်ငံခြားရေးမူဝါဒ အားကောင်းမှုရဲ့ သက်သေတစ်ခုပါပဲ” ဟု စင်ကာပူရှိ Arton Capital ရုံးမှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ ဖိလစ်မေက ပြောကြားခဲ့သည်။

    ကမ္ဘာ့တန်းအ၀င်ဆုံး နိုင်ငံကူးလက်မှတ်စာရင်း ထိပ်ဆုံး နိုင်ငံ ၂၀ တွင် အာရှမှ တောင်ကိုရီးယား၊ ဂျပန်နှင့် မလေးရှားတို့ ပါဝင်ခဲ့သည်။

    အမေရိကန်နိုင်ငံကူးလက်မှတ်မှာ ဒေါ်နယ်ထရမ့်တက်လာပြီးနောက်ပိုင်း အဆင့်ကျင်ဆင်းခဲ့ပြီး လက်ရှိ ၁၅၄ မှတ်သာ ရရှိကာ မလေးရှား၊ အိုင်ယာလန်၊ ကနေဒါတို့နှင့် အမှတ်တူနေသည်။

    အဆိုပါရမှတ်များကို နယ်စပ်ဖြတ်ကျော်နိုင်ခွင့်၊ ဗီဇာကင်းလွတ်ခွင့်၊ ဆိုက်ရောက်ဗီဇာရရှိခွင့် စသည့် အချက်များအပေါ် မူတည်၍ သတ်မှတ်ခြင်းဖြစ်သည်။

    Ref : CNA