News @ M-Media
Blog
  • ဒေသတည်ငြိမ်ရန် ခွဲထွက်ရေးကြိုးပမ်းမှု ရပ်တန့်မည်ဟု ကာ့ဒ်ခေါင်းဆောင်များပြော
    ဒေသတည်ငြိမ်ရန် ခွဲထွက်ရေးကြိုးပမ်းမှု ရပ်တန့်မည်ဟု ကာ့ဒ်ခေါင်းဆောင်များပြော
    အောက်တိုဘာ ၂၅၊ ၂၀၁၇
    M-Media
    ပြည်သူ့ဆန္ဒခံယူပွဲအပြီး ကာ့ဒ်ပြည်သူများ အောင်ပွဲခံမှု
    – အီရတ်နိုင်ငံမှ ခွဲထွက်ရေး မကြာသေးမီက ပြုလုပ်ခဲ့သည့် ပြည်သူဆန္ဒခံယူပွဲရလဒ်ကို ရပ်ဆိုင်းရန် အသင့်ရှိနေသည်ဟု ကာ့ဒ်ဒေသအစိုးရ KRG က ယမန်နေ့တွင် ပြောကြားလိုက်ပြီး ဗဟိုအစိုးရနှင့် ဖြစ်နေသည့် ပြဿနာကို လျော့ချရေး ကြိုးပမ်းမှုလည်း ဖြစ်သည်။
    နိုဝင်ဘာ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ကာ့ဒ်ပြည်သူများမှာ အီရတ်နိုင်ငံမှ ခွဲထွက်ရေးအတွက် ထောက်ခံမဲပေးခဲ့ပြီးနောက် ဗဟိုအစိုးရနှင့် ကာ့ဒ်ဒေသ အစိုးရတို့အကြား တင်းမာမှုများမှတစ်ဆင့် အပြန်အလှန် တိုက်ခိုက်မှုများအထိ ဖြစ်လာခဲ့သည်။
    ကြေငြာချက်တွင် ကာ့ဒ်ခေါင်းဆောင်များက မိမိတို့အနေဖြင့် ချက်ခြင်း အပစ်အခတ်ရပ်ဆဲရန်နှင့် စစ်ဆင်ရေးများ ရပ်တန့်ရန် ပြင်ဆင်ထားသည်ဟု ဖော်ပြထားသည်။
    အမေရိကန်နှင့် အီရတ်၏ မဟာမိတ်နိုင်ငံများက ဆန္ဒခံယူပွဲရလဒ်ကို ရပ်ဆိုင်းထားရန် သို့မဟုတ် ပယ်ဖျက်ရန် ကာ့ဒ်ဒေသအစိုးရ ခေါင်းဆောင် မာဆူဒ် ဘာရ်ဇာနီအား တိုက်တွန်းခဲ့ပြီး၊ အခြားနိုင်ငံများကလည်း ထိုပြည်သူ့ဆန္ဒခံယူပွဲမှာ အီရတ်နိုင်ငံတွင် IS အကြမ်းဖက်အဖွဲ့အား တိုက်ဖျက်ရေးမှ လမ်းလွဲသွားစေကာ ဒေသတွင်း မတည်မငြိမ်ဖြစ်မှုကို ပိုမိုဆိုးရွားသွားစေမည်ဟု သတိပေးခဲ့သည်။
    KRG ၏ ကြေငြာချက်တွင် မိမိတို့နှင့် ဗဟိုအစိုးရအကြား ဆွေးနွေးညှိနှိုင်းမှု ဖြစ်လာရေး ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။
    Ref: Aljazeera
  • ဆီးရီးယားတွင် IS ၏ သိမ်းပိုက်နေမြေ ၅ ရာခိုင်နှုန်းသာ ကျန်ရှိ
    ဆီးရီးယားတွင် IS ၏ သိမ်းပိုက်နေမြေ ၅ ရာခိုင်နှုန်းသာ ကျန်ရှိ
    အောက်တိုဘာ ၂၅၊ ၂၀၁၇
    M-Media
    ဆီးရီးယားရှိ တိုက်ပွဲဖြစ်ပွားရာ မြင်ကွင်းတစ်ခု
    – ဆီးရီးယားတွင် IS လက်ထဲသို့ ကျရောက်နေသည့် နယ်မြေမှာ ၅ ရာခိုင်နှုန်းသာ ရှိတော့သည်ဟု ရုရှားက ပြောကြားလိုက်ပြီး မိမိတို့၏ လေတပ်အထောက်အပံ့ဖြင့် ဆီးရီးယားအစိုးရစစ်တပ်မှာ ထိုးစစ်များကို ဆက်လက်ဆောင်ရွက်နေသည်ဟု ဆိုသည်။
    တနင်္လာနေ့တွင် ဖိလစ်ပိုင်၌ပြုလုပ်သော ညီလာခံတစ်ခု၌ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က IS အကြမ်းဖက်အဖွဲမှာ ရုရှားစစ်တပ်ဦးဆောင်သော လေကြောင်းထိုးစစ်များမပြုလုပ်မီ ၂၀၁၅ စက်တင်ဘာလက ဆီးရီးယား ပိုင်နက် ၇၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားကြောင်း၊ ရုရှားစစ်လေယာဉ်များသည် အကြမ်းဖက်စခန်း ၉၀၀ ကျော်နှင့် လက်နက်အမြောက်အများကိုလည်း ဖျက်စီးပစ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
    ရုရှားစစ်တပ်နှင့် မဟာမိတ်တပ်များ၏ ပံ့ပိုးမှုဖြင့် ဆီးရီးယားစစ်တပ်သည် IS တပ်ဖွဲ့များ သုံးနှစ်ကြာတပ်စွဲထားသော Dayr al-Zawr ပြည်နယ်ကို ပြီးခဲ့သည့်တစ်ပတ်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
    ၂၀၁၄ ခုနှစ် အလယ်ပိုင်းက ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအမြောက်အများကို IS အကြမ်းဖက်သမားများက သိမ်းယူနိုင်ခဲ့သည့်အချိန်တွင် Dayr al-Zawr ပြည်နယ်မှာလည်း ၎င်းတို့လက်သို့ ကျရောက်ခဲ့သည်။
    Ref: Press TV
  • ဂျပန်တွင် F-35 တိုက်လေယာဉ်များ အမေရိကန်ချထားမည်
    ဂျပန်တွင် F-35 တိုက်လေယာဉ်များ အမေရိကန်ချထားမည်
    အောက်တိုဘာ ၂၅၊ ၂၀၁၇
    M-Media
    – ကိုရီးယားကျွန်းဆွယ် တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင် အမေရိကန်လေတပ်က လာမည့်ရက်အနည်းငယ်အတွင်း ဂျပန်သို့ F-35 Lightning II တိုက်လေယာဉ်များ ပေးပို့ရန် စီစဉ်နေသည်ဟု သိရသည်။
    တိုက်လေယာဉ်များမှာ အိုကီနာဝါကျွန်းရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိမည်ဟု ပစိဖိတ်လေတပ် (PAF) က တနင်္လာနေ့တွင် ကြေငြာခဲ့သည်။
    လေယာဉ်များနှင့်အတူ လေယာဉ်မှူးများ၊ အင်ဂျင်နီယာများနှင့် အခြား သက်ဆိုင်သူ စစ်သား ၃၀၀ ကျော်လည်း ပါဝင်လာမည်ဖြစ်ပြီး ဂျပန်တွင် ၆ လတာ တပ်စွဲမည်ဖြစ်သည်။
    ပြီးခဲ့သည့်တစ်ပတ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြုလုပ်သော နိုင်ငံတကာလေကြောင်းအာကာသနှင့် ကာကွယ်ရေးပြပွဲ၌ F-35A တိုက်လေယာဉ်များကို ထုတ်ဖော်ပြသပြီးနောက် အာရှဒေသတွင် အဆိုပါလေယာဉ်များ ချထားတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
    လေတပ်ဝန်ကြီးဟောင်း ဒီဘိုရာ လီ ဂျိမ်းစ်က ဖေဖော်ဝါရီလ ရာထူးမှ အနားမယူမီတွင် အမေရိကန်လေတပ်အနေဖြင့် ၂၀၁၇ ခုနှစ် အကုန်တွင် F-35 တိုက်လေယာဉ်များကို အာရှတွင် နှစ်နေရာခွဲ၍ ချထားမည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။
    F-35 တိုက်လေယာဉ်များကို အမေရိကန်က ဥရောပတွင် ပထမဆုံးချထားခဲ့သည်။
    အမေရိကန် ရေတပ်တွင် ပြေးလမ်းတိုများတွင် အတက်အဆင်း လုပ်ဆောင်နိုင်သည့် F35B တိုက်လေယာဉ်များ ပိုင်ဆိုင်ထားပြီး ဇန်န၀ါရီလမှစ၍ ဂျပန်နိုင်ငံ အီဝါကူနီကျွန်းရှိ အမေရိကန်စစ်စခန်းတွင် တပ်ဖြန့်ထားသည်။
    Ref : Press TV
  • အမေရိကန်တွင် ကာတာက စစ်ရုံးသစ်တစ်ခု ဖွင့်လှစ်
    အမေရိကန်တွင် ကာတာက စစ်ရုံးသစ်တစ်ခု ဖွင့်လှစ်
    အောက်တိုဘာ ၂၅၊ ၂၀၁၇
    M-Media
    – ဒိုဟာနှင့် ပါရှန်းပင်လယ်ကွေ့နိုင်ငံများအကြား သံတမန်ရေးရာ တင်းမာမှုများဖြစ်ပေါ်နေသည့်အချိန်တွင် ကာတာက အမေရိကန်ပြည်ထောင်စု၌ စစ်ဖက်ရေးရာ ရုံးတစ်ခု ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
    ထိုရုံးမှာ ကာတာနှင့် အမေရိကန်ပြည်ထောင်စုအကြား ကာကွယ်ရေးဆိုင်ရာ သံတမန်ဆက်သွယ်မှု ပိုမိုအားကောင်းလာစေရေး နည်းလမ်းသစ်တစ်ခု၏ အစိတ်အပိုင်းဖြစ်သည်ဟု ကာတာ ကာကွယ်ရးဝန်ကြီးဌာန၏ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။
    ကာတာကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် အထူးတပ်ဖွဲ့ကိုယ်စားပြု အရာရှိ ၆ ဦးနှင့် လုပ်ငန်းတာဝန်မသတ်မှတ်ထားသော အရာရှိ တစ်ဦးတို့ကို အဆိုပါရုံးတွင် ခန့်အပ်ထားမည်ဟု ကူဝေရီက ဆိုသည်။
    စစ်သားပေါင်း တစ်သောင်းခန့်ရှိပြီး အရှေ့အလယ်ပိုင်း၏ အကြီးဆုံး အမေရိကန်လေတပ်စခန်းမှာ ကာတာနိုင်ငံတွင် ရှိနေသည်။
    အကြမ်းဖက်ဝါဒကို ထောက်ပံ့နေသည်ဟုဆိုကာ ဆော်ဒီ၊ အီဂျစ်၊ ဘာရိန်းနှင့် ယူအေအီးတို့က ဇွန်လတွင် ကာတာနှင့် သံတမန်အပါအ၀င် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ခဲ့သည်။ ကာတာကမူ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တစ်လာဆန်က အဆိုပါ သံတမန်အကြပ်အတည်းအား ပြေလည်ရန် ကြားဝင်ညှိနှိုင်းပေးလျက်ရှိနေသည်။
    Ref : Press TV