News @ M-Media

Blog

  • မြောက်ကိုရီးယားကိစ္စဖြေရှင်းရန် နည်းလမ်းတစ်ခုသာရှိတော့ဟု ထရမ့်ပြော

    မြောက်ကိုရီးယားကိစ္စဖြေရှင်းရန် နည်းလမ်းတစ်ခုသာရှိတော့ဟု ထရမ့်ပြော

    အောက်တိုဘာ ၈၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားကိစ္စနှင့်ပတ်သက်၍ သံတမန်နည်းလမ်းဖြင့် ကြိုးပမ်းမှုအားလုံးမှာ မအောင်မြင်ဘဲ လက်ရှိတွင် ‘အလုပ်ဖြစ်မည့် နည်းလမ်းတစ်ခုသာ’ ကျန်ရစ်တော့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

    “နှစ်ပေါင်း ၂၅ နှစ်လောက် သမ္မတတွေနဲ့ သူတို့ရဲ့ အစိုးရတွေဟာ မြောက်ကိုရီးယားနဲ့ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်တွေ ရအောင်လုပ်ကာ၊ ပိုက်ဆံတွေလည်း အများကြီး ပေးခဲ့ရပါတယ်။ ဒါတွေဟာ အလုပ်မဖြစ်ပါဘူး။ မင်မခြောက်ခင် သဘောတူညီချက်တွေက ပျက်ပျက်သွားပြီး အမေရိကန်ညှိနှိုင်းသူတွေကို အရူးလုပ်လိုက်ကြပါတယ်။ ဒါပေမယ့် အရာတစ်ခုကတော့ အလုပ်ဖြစ်မှာပါ” ဟု ထရမ့်က ယမန်နေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ထိုအရာမှာ မည်သည့်အရာဖြစ်သည်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိချေ။

    ယခုသီတင်းပတ်များ၌ အမေရိကန်နှင့် မြောက်ကိုရီးယားတို့ တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း ထရမ့်နှင့် ကင်ဂျုံအန်တို့ကလည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဝေဖန်မှုများ ရှိခဲ့သည်။

    ထရမ့်ကမူ ယခင် အမေရိကန်အစိုးရအဆက်ဆက်မှာ မြောက်ကိုရီးယားကိစ္စကို ဖြေရှင်းရန် လုံလောက်သည့် ဆောင်ရွက်မှုမျိုး မပြုလုပ်ခဲ့ဟု စနေနေ့တွင် Trinity Broadcasting Network တီဗီအစီအစဉ်၌ ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုနှင့် ဒုံးကျည်စီမံကိန်းကို ရပ်တန့်ရန်အတွက် စစ်ရေးအပါအ၀င် နည်းလမ်းအားလုံးကို စဉ်းစားထားသည်ဟု အမေရိကန်က ပြောကြားထားပြီး ထရမ့်၏ ယခုစကားက စစ်ရေးကို ရည်ညွှန်းသည်ဟု ခန့်မှန်းပြောကြားမှုများ ရှိနေသည်။

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်မှာ တရုတ်တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး၊ ထရမ့်က မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် ကြိုးစားမှုမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ‘ရုရှား-အစ္စလာမ်ကမ္ဘာ’ မဟာဗျူဟာအဖွဲ့ ဆော်ဒီတွင် အစည်းအဝေးလုပ်မည်

    ‘ရုရှား-အစ္စလာမ်ကမ္ဘာ’ မဟာဗျူဟာအဖွဲ့ ဆော်ဒီတွင် အစည်းအဝေးလုပ်မည်

    အောက်တိုဘာ ၇၊ ၂၀၁၇
    M-Media

    – ‘ရုရှား-အစ္စလာမ်ကမ္ဘာ’ မဟာဗျူဟာအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံတွင် တွေ့ဆုံပွဲပြုလုပ်ရန် ပန်ကြားမှုကို ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ဆော်ဒီဘုရင် ဆလ်မန်က သဘောတူခဲ့သည်ဟု သိရသည်။

    ဘုရင်ဆလ်မန်နှင့် တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ သမ္မတဖြစ်သူ ရူစတန် မီနီခါနော့ဗ်တို့ မော်စကိုတွင် ယမန်နေ့တွေ့ဆုံစဉ် ထိုကဲ့သို့ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

    ရုရှားသမ္မတ ပူတင်၏ လမ်းညွှန်မှုအောက်တွင် ရှိနေသည့် ‘ရုရှား-အစ္စလာမ်ကမ္ဘာ’ မဟာဗျူဟာအဖွဲ့တွင် မီနီခါနော့ဗ်မှာ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေပြီး၊ အဆိုပါအဖွဲ့၏ လှုပ်ရှားမှုများ လက်ရှိ ဆောင်ရွက်နေသည့် ကိစ္စများကို ဘုရင်ဆလ်မန်နှင့် တွေ့ဆုံစဉ် အကျဉ်းချုံး ပြောကြားခဲ့သည်ဟု တာတာစတန် သမ္မတရုံးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြခဲ့သည်။

    ‘ရုရှား-အစ္စလာမ်ကမ္ဘာ’ အဖွဲ့ကို ရုရှားက အိုအိုင်စီအဖွဲ့တွင် စောင့်ကြည်သူအဖြစ် ၀င်ရောက်သည့် ၂၀၀၆ ခုနှစ်တွင် ထိုစဉ်က ရုရှားဝန်ကြီးချုပ် အီ အမ် ပရီမာကော့ဗ်နှင့် တာတာစတန်သမ္မတ အမ်-အက်စ် ရှိုင်မီဗ်တို့ ဦးဆောင်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    Ref: Alarabiay

  • ရုရှားထံမှ ဒုံးခွင်းစနစ်များကို ဆော်ဒီဝယ်ယူမည်

    ရုရှားထံမှ ဒုံးခွင်းစနစ်များကို ဆော်ဒီဝယ်ယူမည်

    အောက်တိုဘာ ၇၊ ၂၀၁၇
    M-Media

    ရုရှားထုတ် S-400 ဒုံးခွင်းစနစ်

    – ဆော်ဒီဘုရင် ဆလ်မန်၏ မော်စကိုခရီးစဉ်၌ ရုရှားထံမှ S-400 ဒုံးခွင်းစနစ် ၀ယ်ယူရန် ပဏာမသဘောတူညီမှုများ ရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    နန်းစံသည့်ကာလအတွင်း ရုရှားနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ဆော်ဒီဘုရင် ဆလ်မန်ကို ကရင်မလင်နန်းတော်တွင် သမ္မတပူတင်က ဧည့်ခံစကားပြောခဲ့သည့် ကြာသာပတေးနေ့တွင် ယခုသဘောတူညီချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    S-400 ဒုံးခွင်းစနစ်နှင့်အတူ Kornet တင့်ဖျက် ပဲ့ထိန်းဒုံးကျည်မျာ၊ ဒုံးပစ်လောင်ချာများ ၀ယ်ယူရန်လည်း ဆော်ဒီက သဘောတူညီချက် ရယူခဲ့သည်။

    အဆိုပါ သဘောတူညီချက်များက ဆော်ဒီစစ်တပ်၏ တိုးတက်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဖွယ် ရှိနေသည်။

    ဘုရင်ဆလ်မန်ဦးဆောင်သည့် ဆော်ဒီကိုယ်စားလှယ်အဖွဲ့မှာ ဒေါ်လာဘီလီယံနှင့်ချီသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များကိုလည်း ရုရှားနှင့် ချုပ်ဆိုခဲ့သည်။ ဆော်ဒီ၏ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများက ရေနံဈေးကျမှု၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် ကျဆင်းနေသည့် ရုရှားစီးပွားရအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

    Ref : Aljazeera

  • ဂျပန်သတင်းထောက်တစ်ဦး အချိန်ပိုအလွန်အကျွံလုပ်ရမှုကြောင့် သေဆုံး

    ဂျပန်သတင်းထောက်တစ်ဦး အချိန်ပိုအလွန်အကျွံလုပ်ရမှုကြောင့် သေဆုံး

    အောက်တိုဘာ ၇၊ ၂၀၁၇
    M-Media

    အချိန်ပို အလွန်အကျွံလုပ်ရမှုကြောင့် သေဆုံးခဲ့ရသည့် NHK သတင်းထောက် မီဝါစာဒို

    – ဂျပန်လူငယ်သတင်းထောက်တစ်ဦးသည် တစ်လအတွင်း အချိန်ပို ၁၅၉ နာရီ အလုပ်လုပ်ခဲ့ရသောကြောင့် နှလုံးရပ်သေဆုံးခဲ့သည့်သတင်း ထွက်ပေါ်လာခဲ့ပြီးနောက် ဂျပန်ထိပ်တန်းသတင်းဌာန NHK က အလုပ်ချိန်များကို ပြုပြင်ပြောင်းလဲသွားမည်ဟု ကတိပြုခဲ့သည်။

    တိုကျိုမြို့တွင် နိုင်ငံရေးသတင်းများကို တာဝန်ယူတင်ဆက်နေသူ အသက် ၃၁ နှစ်အရွယ်ရှိသူ NHK သတင်းထောက် မီဝါစာဒိုမှာ သူမ၏လက်ကိုင်ဖုန်း ဆုပ်ကိုင်ထားလျက် အိပ်ယာထဲ၌ သေဆုံးလျက်ရှိနေသည်ကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် တွေ့ခဲ့ရသည်။

    သူမ၏ သေဆုံးမှုမှာ အချိန်ပို အလွန်အကျွံလုပ်ကိုင်ခြင်းနဲ့ ဆက်စပ်နေကြောင်း တစ်နှစ်အကြာတွင် ဂျပန်အာဏာပိုင်များက ဖော်ထုတ်နိုင်ခဲ့သည်။

    သူမမသေဆုံးခင် ယင်းလ၌ ပိတ်ရက်နှစ်ရက်သာ ရရှိခဲ့ကာ ဆာဒို၏ မိဘများက ဖိအားပေးခြင်း၊ နောက်နောင် ထိုကဲ့သို့ မဖြစ်စေရန် တောင်းဆိုခြင်းတို့ကြောင့် NHK သတင်းဌာနက အဆိုပါဖြစ်ပွားမှုကို လေးနှစ်ကြာပြီးမှ လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

    ဂျပန်နိုင်ငံတွင် အလုပ်ချိန် ကြာရှည်လွန်းမှုအတွက် ဝေဖန်မှုများ မြင့်တက်နေချိန် ယခုသတင်း ပေါ်ထွက်လာပြီး အလုပ်ချိန်ကြာရှည်မှုကို ဆန့်ကျင်နေသော NHK သတင်းဌာနက ယခုကိစ္စတွင် ပါဝင်နေမှုအတွက် အရှက်ရစရာ ဖြစ်ခဲ့သည်။

    NHK အကြီးအကဲ အလုပ်အကိုင်အခြေအနေများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး၊ စာဒိုသေဆုံးမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ သူမသေဆုံးမှုမှာ အလုပ် အလွန်အကျွံလုပ်ရမှုကြောင့် ဖြစ်သည်ဆိုသည်ကိုလည်း လက်ခံကြောင်း ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။

    Ref: Alarabiya

  • တော်ဝင်အသိုင်းအ၀ိုင်းကို စော်ကားမှုဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း တရားစွဲခံရမည်

    တော်ဝင်အသိုင်းအ၀ိုင်းကို စော်ကားမှုဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း တရားစွဲခံရမည်

    အောက်တိုဘာ ၇၊ ၂၀၁၇
    M-Media

    – ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို တော်ဝင်မိသားစုအား စော်ကားမှု၊ ကွန်ပျူတာရာဇ၀တ်မှုများဖြင့် တရားစွဲဆိုသွားမည်ဟု ထိုင်းရှေ့နေချုပ်က ယမန်နေ့တွင် ပြောကြားလိုက်ပြီး၊ တရားရုံးမှ ၎င်း၏ညီဖြစ်သူ ၀န်ကြီးချုပ်ဟောင်း ယင်းလပ်ကို ဒုတိယအကြိမ်ဖမ်းဝရမ်းထုတ်ပြီး နောက်တစ်ရက်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ရှေ့နေချုပ် Khemchai Chutiwon က သက်ဆင်အနေဖြင့် တော်ဝင်အသိုင်းအ၀ိုင်းအား မည်ကဲ့သို့ စော်ကားခဲ့သည်ကို အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိချေ။

    “ဒီကိစ္စဟာ ရာဇ၀တ်မှုဖြစ်ပါတယ်။ အခုအချိန်မှာ ရှာဖွေဖမ်းဆီးဖို့ပဲ ကျန်ပါတော့တယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ် တောင်ကိုရီးယားမီဒီယာနှင့် အင်တာဗျူးတွင် သက်ဆင်၏ ဖြေကြားမှုအား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ရှေ့နေချုပ်၏ ယခုပြောကြားမှုမှာ ထိုကိစ္စအား ရည်ညွှန်းခြင်းလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    သက်ဆင်မှာ ထိုင်းနိုင်ငံရေးလောကကို ၁၀ စုနှစ်တစ်ခုကြာ ဦးဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပြုတ်ကျပြီးနောက်ပိုင်း ထောင်ဒဏ်ကျခံရမည်ကို ရှောင်ရှားရန်အတွက် နိုင်ငံခြားတွင် နေထိုင်ခဲ့သည်။

    ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ်ထရာမှာ သက်ဆင်၏နောက်ပိုင်းတွင် ၀န်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဖြုတ်ချခြင်းခံခဲ့ရသည်။

    ထိုင်းတရားရုံးချုပ်မှာ ယင်းလပ်အား ၎င်းဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်စဉ် စပါးအမတော်ကြေး ကိစ္စအတွက် တရားစွဲဆိုကာ ပြီးခဲ့သည့်လတွင် ထောင်ဒဏ်ချမှတ်ခဲ့သည်။ သို့သော်လည်း ယင်းလပ်မှာ အမိန့်မချခင် ထိုင်းနိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီး လက်ရှိ ဒူဘိုင်းတွင် ရှိနေသည်ဟု သတင်းထွက်နေသည်။

    Ref : CNA