အောက်တိုဘာ ၈၊ ၂၀၁၇
M-Media
– မြောက်ကိုရီးယားကိစ္စနှင့်ပတ်သက်၍ သံတမန်နည်းလမ်းဖြင့် ကြိုးပမ်းမှုအားလုံးမှာ မအောင်မြင်ဘဲ လက်ရှိတွင် ‘အလုပ်ဖြစ်မည့် နည်းလမ်းတစ်ခုသာ’ ကျန်ရစ်တော့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
“နှစ်ပေါင်း ၂၅ နှစ်လောက် သမ္မတတွေနဲ့ သူတို့ရဲ့ အစိုးရတွေဟာ မြောက်ကိုရီးယားနဲ့ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်တွေ ရအောင်လုပ်ကာ၊ ပိုက်ဆံတွေလည်း အများကြီး ပေးခဲ့ရပါတယ်။ ဒါတွေဟာ အလုပ်မဖြစ်ပါဘူး။ မင်မခြောက်ခင် သဘောတူညီချက်တွေက ပျက်ပျက်သွားပြီး အမေရိကန်ညှိနှိုင်းသူတွေကို အရူးလုပ်လိုက်ကြပါတယ်။ ဒါပေမယ့် အရာတစ်ခုကတော့ အလုပ်ဖြစ်မှာပါ” ဟု ထရမ့်က ယမန်နေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ထိုအရာမှာ မည်သည့်အရာဖြစ်သည်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိချေ။
ယခုသီတင်းပတ်များ၌ အမေရိကန်နှင့် မြောက်ကိုရီးယားတို့ တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း ထရမ့်နှင့် ကင်ဂျုံအန်တို့ကလည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဝေဖန်မှုများ ရှိခဲ့သည်။
ထရမ့်ကမူ ယခင် အမေရိကန်အစိုးရအဆက်ဆက်မှာ မြောက်ကိုရီးယားကိစ္စကို ဖြေရှင်းရန် လုံလောက်သည့် ဆောင်ရွက်မှုမျိုး မပြုလုပ်ခဲ့ဟု စနေနေ့တွင် Trinity Broadcasting Network တီဗီအစီအစဉ်၌ ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုနှင့် ဒုံးကျည်စီမံကိန်းကို ရပ်တန့်ရန်အတွက် စစ်ရေးအပါအ၀င် နည်းလမ်းအားလုံးကို စဉ်းစားထားသည်ဟု အမေရိကန်က ပြောကြားထားပြီး ထရမ့်၏ ယခုစကားက စစ်ရေးကို ရည်ညွှန်းသည်ဟု ခန့်မှန်းပြောကြားမှုများ ရှိနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်မှာ တရုတ်တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး၊ ထရမ့်က မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် ကြိုးစားမှုမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera