News @ M-Media

Blog

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၃၀)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၃၀)

    M-Media

    (ဓာတ်ပုံ – ဘေရွတ်က လူနေအထပ်မြင့်တိုက် လုံး၀ပြိုကျသွားမှု)

    လက်ဘနွန်တွင် အစ္စရေးက ထပ်တိုးတိုက်ခိုက်
    ———-
    မြို့တော်ဘေရွတ်အပြင် ကိုလာခရိုင်ကို မနေ့က အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ၁၀၅ ဦးထက်မနည်း သေဆုံးကာ ၃၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန်က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က စတင်တဲ့ လက်ဘနွန်တစ်၀ှမ်း အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူအရေအတွက်က ၁၀၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။

    ဂါဇာစာသင်ကျောင်းတစ်ခု တိုက်ခိုက်ခံရ
    ———–
    ဂါဇာမြောက်ပိုင်း ဘိုက်လာဟီယာရပ်ကွက်က စစ်ရှောင်တွေ ခိုလှုံနေတဲ့ Abu Jaafar စာသင်ကျောင်းကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ဟားမက်စ်ရဲ့ ဌာနချုပ်တွေဆိုပြီး အစ္စရေးဟာ စစ်ရှောင်စခန်းတွေကို တိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်လာပါတယ်။ တနင်္ဂနွေနေ့ မနက်ပိုင်းမှာပဲ ဂါဇာတစ်၀ှမ်း အစ္စရေးက အနည်းဆုံး ပါလက်စတိုင်း ၂၈ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

    အမေရိကန်က အစ္စရေးကို အပြည့်အ၀ ထောက်ခံပေးထား
    ————-
    တိုက်ခိုက်မှုတွေကို ဂါဇာကနေ လက်ဘနွန်အထိ ချဲ့ထွင်လာတဲ့ အစ္စရေးရဲ့ လုပ်ရပ်တွေကို ထောက်ခံတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်အပါအ၀င် ကန် နိုင်ငံရေးသမားတွေ အသီးသီးထုတ်ပြန်ပါတယ်။ အထူးသဖြင့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာဆာရက်လာကို သတ်ဖြတ်မှုဖြစ်ပါတယ်။ အဲဒီသတ်ဖြတ်မှုမှာ ဘေရွတ်မြို့က လူနေ အထပ်မြင့်တိုက် ၂ လုံး လုံး၀ပြိုကျပျက်ဆီးသွားပြီး အပြစ်မဲ့အရပ်သား ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera


  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရ သတင်းများ (စက်တင်ဘာ ၂၈)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရ သတင်းများ (စက်တင်ဘာ ၂၈)

    M-Media

    (ဓာတ်ပုံ – ဘေရွတ် တိုက်ခိုက်ခံရမှု မြင်ကွင်း)

    အီရန်လေယာဥ်ကို လက်ဘနွန်က ပိတ်ပင်
    —————
    အစ္စရေးက ဗုံးကြဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်တာကြောင့် အီရန်ကုန်တင်လေယာဥ်တစ်စီးကို လက်ဘနွန်က ပြည်၀င်ခွင့် ပိတ်ခဲ့ပါတယ်။ အီရန်လေယာဥ်ကလည်း တီဟီရန်ကို ပြန်လှည့်သွားပါတယ်။ အစ္စရေးဟာ အီရန်ကို တိုက်ရိုက်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    ခေါင်းဆောင်သေဆုံးပြီဟု ဟစ်ဇ်ဘိုလာ အတည်ပြု
    ———
    အသက် ၆၂ နှစ်အရွယ် ဟာဆန် နာဆရက်လာ သေဆုံးပြီလို့ ဟစ်ဇ်ဘိုလာအဖွဲ့က အတည်ပြု ထုတ်ပြန်ပါတယ်။ နာဆရက်လာဟာ ၁၉၉၂ ခုနှစ်ကတည်းက ဟစ်ဇ်ဘိုလာအဖွဲ့ကို ဦးဆောင်ခဲ့ပြီး လက်ဘနွန်တောင်ပိုင်းကို ၁၂ နှစ်ကြာ သိမ်းပိုက်ထားတဲ့ အစ္စရေးစစ်တပ်ကို ၂၀၀၀ ခုနှစ်မှာ မောင်းထုတ်နိုင်ခဲ့ သူ ဖြစ်ပါတယ်။

    လက်ဘနွန်က ထွက်ပြေးရသူ ၅ သောင်းကျော်လာ
    ———–
    အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လက်ဘနွန်ဖက်ကနေ ဆီးရီးယားကို အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ အရေအတွက်ဟာ ၅ သောင်းကျော် ရှိလာပြီလို့ ကုလက ထုတ်ပြန်ပါတယ်။ လက်ဘနွန်နိုင်ငံမှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂ သိန်းကျော် ရှိလာပါပြီ။ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံထားရသူက လက်ဘနွန်မှာ ၇၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

    Ref: Aljazeera


  • ဟစ်ဇ်ဘိုလာခေါင်းဆောင် သေဆုံးပြီဟု အစ္စရေး ထုတ်ပြန်

    ဟစ်ဇ်ဘိုလာခေါင်းဆောင် သေဆုံးပြီဟု အစ္စရေး ထုတ်ပြန်

    စက်တင်ဘာ ၂၈၊ ၂၀၂၄
    M-Media

    -လက်ဘနွန်အခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ဟစ်ဇ်ဘိုလာရဲ့ ခေါင်းဆောင် ဟာဆန် နဆရက်လာ သေဆုံးပြီလို့ အစ္စရေးက ထုတ်ပြန်ပါတယ်။

    စက်တင်ဘာ ၂၇ ရက်နေ့ ဘေရွတ်မြို့က လူနေအထပ်မြင့်တိုက်တစ်ခုကို အစ္စရေးက လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်ဗုံးကြဲခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာ ဟစ်ဇ်ဘိုလာခေါင်းဆောင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    ဟစ်ဇ်ဘိုလာဖက်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲ စတင်ကတည်းက ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ အစ္စရေးဟာ မြို့တော်ဘေရွတ်ကိုပါ ကျူးကျော်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

    လက်ဘနွန်က အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၇၀၀ ကျော် သေဆုံးထားပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၂၇)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၂၇)

    M-Media

    (ဓာတ်ပုံ – လက်ဘနွန်မှ စစ်ရှောင်များ)

    လက်ဘနွန်တွင် ၂ ရက်အတွင်း ကလေး ၅၀ အသတ်ခံရ
    ————–
    လက်ဘနွန်ကို အခုတစ်ပတ် အစောပိုင်းကစပြီး အစ္စရေးက ကျူးကျော်တိုက်ခိုက်နေရာမှာ ကလေးငယ်တွေ သေဆုံးမှုဟာ ၂ ရက်အတွင်း ၅၀ ထက်မနည်း ရှိခဲ့တယ်လို့ ကုလ ကလေးများအေဂျင်စီက ထုတ်ပြန်ပါတယ်။ ၂၀၀၆ ခုနှစ် အစ္စရေးရဲ့ ၃၃ ရက်တာ တိုက်ခိုက်သတ်ဖြတ်မှုမှာ တစ်ရက်ပျမ်းမျှ ကလေးငယ် ၁၂ ယောက်အသတ်ခံခဲ့ရပြီး အခုတိုက်ခိုက်သတ်ဖြတ်မှုက ပိုမို ဆိုးရွားလာတာ ဖြစ်ပါတယ်။

    ရိက္ခာဂိုဒေါင်ကို ဖျက်ဆီးခဲ့တဲ့ အစ္စရေး
    ——
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ကွာကီလ်ယာမြို့ကို ဒီကနေ့မနက်ပိုင်း အစ္စရေးတပ်ဖွဲ့တွေရဲ့ စီးနင်းမှုအတွင်း ကား၀ပ်ရှော့တစ်ခုနဲ့ ရိက္ခာဂိုထောင်တစ်ခုကို ဖောက်ထွင်းခဲ့ပြီး ရှိသမျှပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးဟာ အနောက်ဖက်ကမ်းမှာလည်း တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးမြှင့်ပြုလုပ်နေတာဖြစ်ပါတယ်။

    အစ္စရေး၏ ကျူးကျော်မှုသည်သာ အဓိကအကြောင်းအရင်း
    ————
    အရှေ့အလယ်ပိုင်း မတည်မငြိမ်မှုတွေရဲ့ အဓိက အကြောင်းအရင်းဟာ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေကြောင့် ဖြစ်တယ်လို့ လက်ဘနွန်နိုင်ငံခြားရေး၀န်ကြီးက ကုလညီလာခံမှာ ပြောကြားခဲ့ပါတယ်။ အစ္စရေးရဲ့ သတ်ဖြတ်မှုတွေကို ကမ္ဘာကြီးက ထိုင်ကြည့်နေတာကိုလည်း ၀န်ကြီး ဟာဘစ်က ၀ေဖန်ခဲ့ပါတယ်။

    Ref: Aljazeera


  • လက်ဘနွန်ကို အစ္စရေးကဗုံးကြဲမှု လူ ၅၀၀ နီးပါး သေဆုံး

    လက်ဘနွန်ကို အစ္စရေးကဗုံးကြဲမှု လူ ၅၀၀ နီးပါး သေဆုံး

    စက်တင်ဘာ ၂၄၊ ၂၀၂၄
    M-Media

    -အစ္စရေးဟာ တနင်္လာနေ့က လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၆၅၀ ကျော် ပြုလုပ်ခဲ့ပြီး လူပေါင်း ၄၉၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

    ဒဏ်ရာရရှိသူ ၁၆၄၅ ဦးရှိပြီး အစ္စရေးရန်ကြောင့် လက်ဘနွန်တောင်ပိုင်းနဲ့ အရှေ့ပိုင်းက ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ အသတ်ခံရသူတွေထဲမှာ အနည်းဆုံး ကလေးငယ် ၂၄ ဦး ပါ၀င်ပါတယ်။

    အစ္စရေးက တိုက်ခိုက်မှုတွေဟာ ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားတယ်လို့ ပြောကြားခဲ့ပြီး နောက်ထပ် စစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဟစ်ဇ်ဘိုလာဖက်ကလည်း အစ္စရေးကို ဒုံးကျည်တွေနဲ့ လက်တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အစ္စရေးရဲ့ အဓိကမဟာမိတ် အမေရိကန်က တင်းမာမှုတွေ လျှော့ချဖို့ တိုက်တွန်းခဲ့ပေမယ့် မဟာမိတ်ကို ကာကွယ်ဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

    အီဂျစ်နဲ့ တူရကီတို့က တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး အစ္စရေးဟာ အရှေ့အလယ်ပိုင်းတစ်ခုလုံးကို စစ်ပွဲထဲ ဆွဲခေါ်နေတယ်လို့ ၀ေဖန်ခဲ့ပါတယ်။

    Ref: Aljazeera