News @ M-Media

Blog

  • ဂျပန်ကိုကျော်၍ မြောက်ကိုရီးယားက ဒုံးကျည်လွှတ်

    ဂျပန်ကိုကျော်၍ မြောက်ကိုရီးယားက ဒုံးကျည်လွှတ်

    စက်တင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားမှာ ယနေ့မနက်ပိုင်းတွင် ဒုံးကျည်တစ်ခုကို ပစ်လွှတ်လိုက်ပြီး ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းကိုကျော်၍ ပစိဖိတ်သမုဒ္ဒရာထဲသို့ ကျရောက်ခဲ့သည်ဟု သိရသည်။

    “ဒီပစ်လွှတ်မှုကို ဂျပန်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး၊ ကုလနဲ့ အခြားနေရာတွေကနေတစ်ဆင့် သင့်လျော်တဲ့ ဆောင်ရွက်ချက်တွေကို လျင်လျင်မြန်မြန် ပြုလုပ်သွာမှာပါ။ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတွေနဲ့လည်း အနီးကပ် ဆက်သွယ်ဆောင်ရွက်သွားပါမယ်” ဟု ဂျပန်ကက်ဘိနတ် အတွင်းရေမှူး ယိုရှီဟီဒီ ဆူဂါက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ထိုကဲ့သို့ ထပ်တလဲလဲ ရန်စသည့်လုပ်ရပ်မျိုးကို လုံးဝ သည်းခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒုံးကျည်မှာ ကီလိုမီတာ ၃၇၀၀ အကွာအဝေအထိ ပျံသန်းသွားခဲ့ပြီး အမြင့် ကီလိုမီတာ ၇၇၀ အထိ ရောက်ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ အကွာအဝေးနှစ်ခုစလုံးမှာ ယခင်က စမ်းသပ်ပစ်လွှတ်မှုများထက် ပိုမိုများပြားခဲ့သည်။

    မြောက်ကိုရီးယား၏ အဆိုပါပစ်လွှတ်မှုကို တုန့်ပြန်သည့်အနေဖြင့် မိမိတို့မှာလည်း ကျည်အစစ်ဖြင့် စစ်ရးလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့သည်ဟု တောင်ကိုရီးယားက ထည့်သွင်းပြောဆိုခဲ့သည်။

    အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်က ယခုပစ်လွှတ်မှုမှာ အမေရိကန်၊ အမေရိကန်၏ မဟာမိတ်များကို ခြိမ်းခြောက်မှုမဖြစ်ဆိုသည်ကို ကနဦး သုံးသပ်မှုများအရ သိရှိရကြောင်း ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားမှာ ပြီးခဲ့သည့်လနှောင်းပိုင်းက ၆ ကြိမ်မြောက် နျူဗုံးကို စမ်းသပ်ခဲ့ပြီး ကုလက ထိုကိစ္စအတွက် တနင်္လာနေ့တွင် ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့သည်။

    Ref: Aljazeera

  • မလေးရှားတွင် ဘာသာရေးကျောင်းမီးလောင်မှု ၂၀ ကျော်သေဆုံး

    မလေးရှားတွင် ဘာသာရေးကျောင်းမီးလောင်မှု ၂၀ ကျော်သေဆုံး

    စက်တင်ဘာ ၁၄၊ ၂၀၁၇
    M-Media

    မီးလောင်ခဲ့သည့် Tahfiz Darul Quran ကျောင်း

    – မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်တစ်ခု မီးလောင်မှုတွင် အနည်းဆုံး ၂၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ကုရ်အာန်ကျမ်းစာ အာဂုံဆောင်သင်ကြားပေးသည့် Tahfiz Darul Quran ကျောင်းမှာ ယနေ့မနက် အစောပိုင်းတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားများ အိပ်ဆောင်တွင် ပိတ်မိနေသောကြောင့် သေဆုံးသူအရေအတွက် မြင့်မားခဲ့ရသည်။

    “နှစ် ၂၀ အတွင်း အဆိုးဝါးဆုံး မီးလောင်မှုတွေထဲက တစ်ခုပါပဲ” ဟု မီးသပ်ဌာနမှ အကြီးအကဲ ခိုင်ရူဒင် ဒရာမန်က ပြောကြားခဲ့သည်။

    သေဆုံးသူများမှာ အသက် ၁၃ နှစ်မှ ၁၇ နှစ်အထိ ကျောင်းသား ၂၁ ဦး၊ ကျောင်းဝန်ထမ်း ၂ ဦးတို့ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ၁၀ ဦးကို ဆေးရုံပို့ခဲ့ရပြီး ၄ ဦးမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

    မီးလောင်မှုကို စုံစမ်းစစ်ဆေးနေပြီး မီကြိုးရှော့ဖြစ်မှု သို့မဟုတ် ခြင်ဆေးခွေကြောင့် ဖြစ်ဖွယ်ရှိသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါကျောင်းမှာ အစိုးရက သတ်မှတ်ပေးထားသည့် စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိဘဲ၊ မီးဘေးအန္တရာယ်ကင်းစေသည့် အစီအမံများ ချထားမှုနှင့်ပတ်သက်၍ အစိုးရထံမှ အသိအမှတ်ပြုလက်မှတ်လည်း မရသေးဟု ဒေသတွင်းမီဒီယာများက ဖော်ပြကြသည်။

    မလေးရှား အိုးအိမ်ဝန်ကြီးက ၂၀၁၅ ခုနှစ်အတွင်း ဘာသာရေးကျောင်းများတွင် မီးလောင်မှု ၂၉ ခု ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: BBC

  • အမေရိကန်တွင် မုန်တိုင်းသင့်ပြည်သူများအတွက် ဗလီများက ခိုလှုံရာဖြစ်နေ

    အမေရိကန်တွင် မုန်တိုင်းသင့်ပြည်သူများအတွက် ဗလီများက ခိုလှုံရာဖြစ်နေ

    စက်တင်ဘာ ၁၄၊ ၂၀၁၇
    M-Media

    အတ္တလန်တာမှ ‘အလ်-ဖာရူက်’ ဗလီ

    – အခုတစ်ပတ်အစောပိုင်းမှာ အမေရိကန်တောင်ပိုင်းကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း အာရ်မာဒဏ် ခံစားခဲ့ရသူတွေကို ဗလီဝတ်ကျောင်းတော်တွေက ကူညီကယ်ဆယ်ပေးထားတယ်လို့ သိရပါတယ်။

    အတ္တလန်တာက ဗလီဝတ်ကျောင်းတော် အလုံး ၂၀ လောက်ဟာ မုန်တိုင်းသင့်ပြည်သူတွေကို ကယ်ဆယ်ထားပြီး ‘အလ်-ဖာရူက်’ ဆိုတဲ့ ဗလီဝတ်ကျောင်းတော်တစ်ခုတည်းမှာတင် ခိုလှုံသူ ၂၀၀ လောက် ရှိနေပါတယ်။

    “ဗလီမှာ လူတော်တော်များများ ရောက်လာတာကိုကြည့်ပြီး ကျွန်တော် တော်တော် အံ့အားသင့်သွားပါတယ်” လို့ အသက် ၆၆ နှစ်အရွယ် စေတနာ့ဝန်ထမ်း ခါလစ် အလ်ရာရှစ်က ပြောကြားခဲ့ပါတယ်။

    ရာရှစ်ဟာ အလ်-ဖာရူက် ဗလီဝတ်ကျောင်းတော်ကို နှစ်ပေါင်း ၃၀ လောက် စွဲစွဲမြဲမြဲ လာရောက်ဝတ်ပြုခဲ့သူ ဖြစ်ပါတယ်။

    လာရောက်ခိုလှုံသူတွေကို ဗလီဝတ်ကျောင်းတော်က အစားအသောက်နဲ့ အခြား လိုအပ်တဲ့အရာတွေကိုလည်း စီစဉ်ပေးထားပါတယ်။

    ဗလီဝတ်ကျောင်းတော်တွေအချင်းချင်း ဆက်သွယ်ဆောင်ရွက်ပေးနေတဲ့ အသက် ၂၄ နှစ်အရွယ် အိုက်ရှာ ယာကွဘ်က “ကျွန်မတို့ ပူးပေါင်းဆောင်ရွက်နိုင်အောင် လုပ်ပေးတာပါ။ တတ်နိုင်သလောက် ချောချောမွေ့မွေ့ဖြစ်စေချင်လို့ ကူညီနေတဲ့ လူငယ်တွေလည်း ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    နေရာထိုင်ခင်း၊ အခြားလိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ဗလီဝတ်ကျောင်းတော်က စေတနာ့ဝန်ထမ်းတွေဟာ WhatsApp နဲ့ Google Docs တို့လို အွန်လိုင်းဆော့ဖ်ဝဲတွေ အသုံးပြုကာ နောက်ဆုံးရ သတင်းတွေကို ဖလှယ်နေကြပါတယ်။

    “လူတွေကို ကူညီရတဲ့အခါတိုင်း စိတ်ချမ်းသာတယ်ဗျ။ ဒါဟာ ကျွန်တော်တို့ ဘာသာတရားရဲ့ အစိတ်အပိုင်းပါပဲ။ ဘာသာတရားတိုင်းကလည်း ဒီလိုပါပဲ” လို့ ရာရှစ်က ပြောကြားခဲ့ပါတယ်။

    Ref: Washingtonpost

  • ဘာသာခြာများ၏ ၀တ်ပြုရာနေရာကို တိုက်ခိုက်ရန် စီစဉ်သည့် IS တစ်ဦးအား မလေးရှား ဖမ်းဆီး

    ဘာသာခြာများ၏ ၀တ်ပြုရာနေရာကို တိုက်ခိုက်ရန် စီစဉ်သည့် IS တစ်ဦးအား မလေးရှား ဖမ်းဆီး

    စက်တင်ဘာ ၁၄၊ ၂၀၁၇
    M-Media

    – မွတ်စလင်မဟုတ်သူများနှင့် ၎င်းတို့၏ ၀တ်ပြုရာနေရာများကို တိုက်ခိုက်ရန်အတွက် ဆီးရီးယားမှ အမိန့်ရထားသော IS အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု မလေးရှား ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အသက် ၂၁ နှစ်အရွယ် အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ဆီလန်ဂေါနှင့် မလာကာပြည်နယ်တို့တွင် စက်တင်ဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပြုလုပ်သော စစ်ဆင်ရေးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    “အိမ်နီးချင်းနိုင်ငံက M-16 ရိုင်ဖယ်၊ AK-47 ရိုင်ဖယ်နဲ့ လက်ပစ်ဗုံးတွေဝယ်ပြီး မွတ်စလင်မဟုတ်သူတွေနဲ့ သူတို့ရဲ့ ၀တ်ပြုရာနေရာတွေကို တိုက်ခိုက်ဖို့အတွက် ဆီးရီးယားက မလေးရှားနိုင်ငံသား IS အဖွဲ့ဝင်တစ်ယောက်ရဲ့ ညွှန်ကြားချက်ကို သူ ရရှိထားပါတယ်” ဟု မလေးရှား ထောက်လှမ်းရေးအကြီးအကဲ မိုဟာမက် ဖူဇီ ဟာရွန်က ပြောကြားခဲ့သည်။

    မည်သည့်ဝတ်ပြုရာအဆောက်အဦးများအား တိုက်ခိုက်မည်ဆိုသည့် အချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

    အဆိုပါအမျိုးသားမှာ ယခုနှစ်အစောပိုင်းက IS နှင့်ဆက်သွယ်ခဲ့ပြီး IS လိုလားသည့် အဘူဆက်ယက်ဖ် လက်နက်ကိုင်အဖွဲ့မှ ၀ရမ်းပြေး မလေးရှားနိုင်ငံသား မဟ်မူဒ် အဟ်မဒ်ထံမှ ညွှန်ကြားချက်ရရှိခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့မှာ ၎င်း၏ နေအိမ်မှ ဓာတ်တုဗေဒပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

    ထို့ပြင် ဖိလစ်ပိုင်တောင်ပိုင်းမှ IS အဖွဲ့၊ မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့တို့နှင့် သွားရောက်ပူးပေါင်းရန် စီစဉ်နေသည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ယခုနှစ်နှောင်းပိုင်းတွင် ဆီးရီးယားရှိ IS အဖွဲ့နှင့် သွားပေါင်းမည့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကိုလည်း ဖမ်းဆီးခဲ့သည်ဟု ဖူဇီက ပြောကြားခဲ့သည်။

    Ref: CNA

  • ဆစ်ခ်အဖွဲ့တစ်ခုက လဟာပြင်မီးဖိုကြီးဖြင့် ရိုဟင်ဂျာဒုက္ခသည်များအား ကျွေးမွေးမည်

    ဆစ်ခ်အဖွဲ့တစ်ခုက လဟာပြင်မီးဖိုကြီးဖြင့် ရိုဟင်ဂျာဒုက္ခသည်များအား ကျွေးမွေးမည်

    စက်တင်ဘာ ၁၄၊ ၂၀၁၇
    M-Media

    – ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို နေ့စဉ် ချက်ပြုကျွေးမွေးမယ့် အစီအစဉ်တစ်ခုကို အိန္ဒိယအခြေစိုက် ဆစ်ခ် ပရဟိတအဖွဲ့ Khalsa Aid က ဒီကနေ့မှာ စတင်လိုက်ပါတယ်။

    Guru ka langar (လဟာပြင်မီးဖိုကြီး) လို့ အမည်ပေးထားတဲ့ ဒီအစီအစဉ်အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရထံကနေ ခွင့်ပြုချက် တောင်းခံခဲ့ရပြီး တစ်နေ့ကို လူပေါင်း ၃၅၀၀၀ လောက်အတွက် အစားအသောက်တွေကို ချက်ပြုတ်ကျွေးမွေးမှာဖြစ်ပါတယ်။

    Khalsa Aid အဖွဲ့ဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ရောက်ရှိလာခဲ့တာပါ။

    Guru ka langar အစီအစဉ်ကို ရိုဟင်ဂျာဒုက္ခသည်တွေရှိရာ ရှာပူရီကျွန်းမှာ ဆောင်ရွက်မှာဖြစ်ပါတယ်။

    “ဒီနေ့စပြီး ကျွန်တော်တို့ ချက်ပြုတ်မှာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရဆီကနေ ခွင့်ပြုချက်ရပြီးတဲ့နောက်မှာ ဆန်၊ အသီးအနှံနဲ့ အိုးခွက်ပန်းကန်တွေလို လိုအပ်တာတွေကို ဗုဒ္ဓဟူးနေ့မှာ ၀ယ်ယူခဲ့ပါတယ်။ ကနဦးအစီအစဉ်က တစ်နေ့ကို လူ ၃၅၀၀၀ လောက် ကျွေးမွေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒုက္ခသည်အရေအတွက် မြင့်တက်လာတာကို ကျွန်တော်တို့ မြင်နေရပြီး အားလုံးကို ကျွေးမွေးဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် လုပ်နိုင်သလောက် စလုပ်ရမှာပါ” လို့ အဖွဲ့ရဲ့ မန်းနေးဂျင်းဒါရိုက်တာ အေမာရ်ပရစ်တ် ဆင်းက ပြောကြားခဲ့ပါတယ်။

    ဒုက္ခသည်တွေရဲ့ သနားစရာကောင်းတဲ့အခြေအနေတွေ၊ အထူးသဖြင့် ကလေးတွေဟာ ရက်တော်တော်ကြာ မစားရ မသောက်ရ ဖြစ်နေတာက သူတို့ရဲ့ ဒီအစီအစဉ်ကို ဘယ်မှာစတင်မယ်ဆိုတာ ဆုံးဖြတ်ဖို့ အခက်တွေ့ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

    “ဒီမှာ ထမင်းကျွေးတယ်ဆိုတာကိုသိရင် လူတိုးမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီမှာ ဒုက္ခသည်က ၃ သိန်းလောက်ရှိတယ်။ လူတိုင်းကို ကျွန်တော်တို့ မကျွေးနိုင်ပေမယ့် စတော့ စရမှာပါ။ ဒီမှာ လူတွေဟာ အစားအသောက် ချို့တဲ့ကြတယ်။ ကလေးငယ်တွေဟာ လမ်းတွေပေါ်မှာထွက်ပြီး တောင်းတာမျိုးတွေ ဖြစ်နေတယ်။ အခြေအနေတွေက ဆိုးရွားနေဆဲပါ”

    ပထမဆုံးနေ့မှာ သူတို့အဖွဲ့ဟာ ထမင်းနဲ့ သီးစုံပဲဟင်း ကျွေးမှာဖြစ်ပြီး၊ လိုအပ်တဲ့ပစ္စည်းတွေကို ၀ယ်ယူတဲ့အခါ ဒေသခံတော်တော်များများက ကူညီကြကြောင်း၊ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီချင်တဲ့သူတွေရှိသလို၊ မကူညီချင်တဲ့သူတွေလည်း ဒေသခံတွေထဲမှာ ရှိကြောင်း ဆင်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ထမင်းကျွေးမွေးမှုမလုပ်ခင် ဆစ်ခ်ဘာသာအရ ၀တ်ပြုဆုတောင်းမှုလည်း လုပ်မှာဖြစ်ပါတယ်။

    Khalsa Aid အဖွဲ့ဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို စောစောပိုင်းကလည်း အစေားအသောက်တွေ၊ သောက်ရေတွေ ဝေငှပေးထားပါတယ်။

    Ref : Indiaexpress