News @ M-Media
Blog
  • စားသောက်ရေးတွင် နိုင်ငံပိုင်ငွေ အလွဲသုံးမှုအတွက် အစ္စရေးဝန်ကြီးချုပ်ကတော် တရားစွဲခံရဖွယ်ရှိနေ
    စားသောက်ရေးတွင် နိုင်ငံပိုင်ငွေ အလွဲသုံးမှုအတွက် အစ္စရေးဝန်ကြီးချုပ်ကတော် တရားစွဲခံရဖွယ်ရှိနေ
    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media
    အစ္စရေးဝန်ကြီးချုပ်နှင့် ၎င်း၏ ဇနီး
    – အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ဇနီးဖြစ်သူ ဆာရာ နေတန်ယာဟုကို အလွဲသုံးစားပြုမှုဖြင့် တရားစွဲဆိုရန် စဉ်းစားနေသည်ဟု အစ္စရေးရှေ့နေချုပ် အဗီချိုင် မန်ဒဲလ်ဘလစ်က ပြောကြားလိုက်သည်။
    လက်ရှိတွင် ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီး ရှေ့နေချုပ်က ဆာရာအား တရားစွဲဆိုရမည်လားဆိုသည့် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်သွားမည်ဟု ပြောကြားခဲ့သည်။
    ဆာရာနှင့် အကြီးတန်း တာဝန်ရှိသူ အီဇ်ရာ ဆီဒ်အော့ဖ်တို့က ထိုငွေကြးကို အပြင်တွင် အစားအသောက် စီစဉ်မှုနှင့် ၀န်ကြီးချုပ်အိမ်တွင် သီးသန့် စာဖိုမှုးများ ခန့်ထားခြင်းအတွက် အသုံးပြုခဲ့သည်ဟု စုံစမ်းစစ်ဆေးမှုတွင် ထွက်ဆိုခဲ့ပြီး ၀န်ကြီးချုပ်အိမ်တွင် စာဖိုးမှူးတစ်ယောက် နိုင်ငံက ခန့်ထားပေးသည်ဆိုသည့် အချက်ကို ဖုံးကွယ်ထားခဲ့သည်။
    ၎င်းတို့ဖြေဆိုခဲ့သည့် အချက် ၂ ချက်စလုံးအတွက် နိုင်ငံပိုင်ငွေ အသုံးပြုခြင်းကို အစ္စရေး ဥပဒေက ခွင့်ပြုထားခြင်းမရှိပေ။
    Ref : BBC
  • လှေဖြင့်လာသည့် ရိုဟင်ဂျာဒုက္ခသည်များကို ယာယီနေထိုင်ခွင့်ပြုမည်ဟု မလေးရှားပြော
    လှေဖြင့်လာသည့် ရိုဟင်ဂျာဒုက္ခသည်များကို ယာယီနေထိုင်ခွင့်ပြုမည်ဟု မလေးရှားပြော
    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media
    စက်တင်ဘာ ၇ ရက်နေ့က နတ်မြစ်ကို ဖြတ်ကူးရန် လှေစောင့်နေသော ရိုဟင်ဂျာ မိန်းကလေးငယ်တစ်ဦး ရေသောက်နေစဉ်
    – မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကြောင့် လှေနဲ့ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို ကမ်းခြေစောင့်အဖွဲ့တွေက နှင်ထုတ်သွားမှာမဟုတ်ဘဲ ယာယီ နေရာထိုင်ခင်း စီစဉ်ပေးသွားမယ်လို့ မလေးရှား ရေကြောင်း အာဏာပိုင်အဖွဲ့ အကြီးအကဲ ဇူလ်ကီဖလီ အဘူ ဘာကာက ပြောကြားလိုက်ပါတယ်။
    သြဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာလက်နက်ကိုင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန် ဖြစ်ပေါ်လာတဲ့ မတည်မငြိမ်မှုတွေအတွင်းမှာ ရိုဟင်ဂျာ ၁၆၀၀၀၀ လောက်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက ဆိုပါတယ်။
    အဘူဘာကာကတော့ ဒီလို မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ စက်လှေနဲ့ မလေးရှားကို ၀င်ရောက်လာဖွယ်ရှိတယ်လို့ ရှုမြင်ကြောင်း ပြောကြားခဲ့ပါတယ်။
    “အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး ပြန်လည်နှင်ထုတ်ဖို့ စောစောပိုင်းမှာ စီစဉ်ထားပေမယ့် နောက်ဆုံးမှာတော့ လူသားချင်း စာနာထောက်ထားမှု အကြောင်းအရင်းတွေကြောင့် ဒီလို လုပ်တော့မှာ မဟုတ်ပါဘူး” လို့ သူကဆိုပြီး လတ်တလော ဒုက္ခသည်တွေ ရောက်မလာသေးဘူးလို့ ဆိုပါတယ်။
    လက်ရှိ မလေးရှားမှာ ရိုဟင်ဂျာ တစ်သိန်းကျော်လောက် လိုလှုံနေရပြီး စစ်အာဏာရှင်လက်အောက် ဖိနှိပ်ချုပ်ချယ်ခံရတဲ့ မြန်မာနိုင်ငံက အခြားတိုင်းရင်းသား တော်တော်များများလည်း မလေးရှားမှာ ဒုက္ခသည်အဖြစ် ရောက်ရှိနေကြပါတယ်။
    မလေးရှားဟာ ကုလရဲ့ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်မှာ လက်မှတ်ရေးမထိုးထားပေမယ့် ဒုက္ခသည်တွေကို လက်ခံပေးထားကာ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးနေပါတယ်။
    ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးလာရသူတွေကို လက်ခံထားမယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားထားပါတယ်။ ထိုင်းနိုင်ငံမှာ ရိုဟင်ဂျာ ၅၉၀၀၀ လောက်ရှိပြီး အခြားတိုင်းရင်းသားတွေလည်း ဒုက္ခသည်အဖြစ် ရောက်ရှိနေပါတယ်။
    Ref: Alarabiya
  • ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သည့်အတွက် ဆော်ဒီက တစ်နိုင်ငံလုံးကို အခမဲ့ ဖုန်းပြောခွင့်ပေး
    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သည့်အတွက် ဆော်ဒီက တစ်နိုင်ငံလုံးကို အခမဲ့ ဖုန်းပြောခွင့်ပေး
    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media
    ခြေစစ်ပွဲ အောင်မြင်ပြီးနောက် အောင်ပွဲခံနေသည့် ဆော်ဒီအသင်းသားများ
    – ဆော်ဒီလက်ရွေးစင် ဘောလုံးအသင်း ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှုကို ဂုဏ်ပြုသည့်အတွက် ဆော်ဒီ နိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီ Saudi Telecom Company (STC) က ပြည်သူများအား ၂ ရက်တာ အခမဲ့ ဖုန်းပြောခွင့် ပေးခဲ့သည်ဟု သိရသည်။
    STC ဖုန်းလိုင်းကို အသုံးပြုသူများမှာ ဒေသစံတော်ချိန် ကြာသာပတေးနေ့ မနက် ၁၂ နာရီမှ စနေနေ့မနက် ၁၂ နာရီအထိ ဖုန်းပြောခွင့်ရမည်ဖြစ်သည်။
    ကုမ္ပဏီစီအီးအို ဒေါက်တာ ခါလစ် အိခ်ျ ဘီယာရီက ယခုအစီအစဉ်တွင် ပြည်တွင်း၊ ပြည်ပသို့ အခမဲ့ ကြိုက်သလောက် ခေါ်ဆိုနိုင်မည်ဟု ပြောကြားခဲ့သည်။
    အဆိုပါ အစီအစဉ်မှာ STC ၏ ကြိုတင်ငွေပေးစနစ်၊ လသွင်းစနစ် စသည့် ဖုန်းလိုင်းအားလုံးအတွက် အကျုံးဝင်ပြီး ဗုဒ္ဓဟူးနေ့မှစ၍ ပြည်သူများအား STC က မက်ဆေ့ပို့ အကြောင်းကြားခဲ့သည်။
    ဆော်ဒီမှာ အင်္ဂါနေ့က အုပ်စုနောက်ဆုံးပွဲတွင် ဂျပန်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ကစားပြီး အုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်ခဲ့ကာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့် ရခြင်းဖြစ်သည်။
    ဂျပန်၊ အီရန်၊ တောင်ကိုရီးယားတို့လည်း တိုက်ရိုက် ခြေစစ်ပွဲအောင်ခဲ့ပြီး ဆီးရီးယားနှင့် သြစတေးလျတို့မှာ play-off ကစားကာ နောက်ဆုံးအဆင့် တက်ရောက်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။
    Ref: Alarabiya
  • မုန်တိုင်းဒဏ်ခံ အမေရိကန်များအတွက် ကာတာနှင့် ယူအေအီးက ဒေါ်လာ သန်း ၄၀ လှူမည်
    မုန်တိုင်းဒဏ်ခံ အမေရိကန်များအတွက် ကာတာနှင့် ယူအေအီးက ဒေါ်လာ သန်း ၄၀ လှူမည်
    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media
    ဟာရီကိန်းဟာဗီး တိုက်ခတ်ပြီးနောက် မြင်ကွင်း
    – ပြီးခဲ့သည့်တစ်ပတ်က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် ဟာရီကိန်းမုန်တိုင်းဒဏ် ခံစားရသော ပြည်သူများအတွက် ကာတာက ကန်ဒေါ်လာ သန်း ၃၀ လှူဒါန်းမည်ဟု သိရသည်။
    အမေရိကန်ဆိုင်ရာ ကာတာသံအမတ် မက်စ်ဟဲလ် ဘင် ဟာမဒ် အလ် သာနီက ယမန်နေ့တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မကြာသေးမီကမှ မတည်ခဲ့သည့် Qatar Harvey Fund ရန်ပုံငွေမှတစ်ဆင့် လှူဒါန်းမည်ဖြစ်သည်။
    ထိုလှူဒါန်းမှုမှာ တက္ကဆက် ကမ်းရိုးတန်းတွင် ဆိုးဆိုးဝါးဝါး  ထိခိုက်ခဲ့သည့် ဟာရီကိန်းမုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် နိုင်ငံခြားတိုင်းပြည်တစ်ခုမှ အကြီးမားဆုံး လှူဒါန်းမှု ဖြစ်လာမည်ဖြစ်သည်။
    ကာတာ၏ ထောက်ပံ့မှုကို ရေကြီးမှုကြောင့် ပျက်ဆီးသွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးတွင် သုံးစွဲရန် ရှိနေသည်။
    “တက္ကဆက်ပြည်သူတွေဟာ ဘယ်လိုမုန်တိုင်းမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်ပြီး ပိုမို ကြံ့ခိုင်စွာ၊ ပိုကောင်းတဲ့ အနေအထားနဲ့ ပြန်လည် ထူထောင်လာမှာ ဖြစ်ပါတယ်။ ကာတာကလည်း မိမိတို့ရဲ့ မိတ်ဆွေတွေကို ဘယ်လိုအချိုးအကွေ့မှာမဆို ကူညီဖို့ အဆင်သင့်ရှိပါတယ်” ဟု အလ်သာနီက ပြောကြားခဲ့သည်။
    ဟာရီကိန်း ဟာဗီးဒဏ်ခံ ပြည်သူများအတွက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကလည်း ကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းမည်ဟု ပြောကြားထားသည်။
    တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး အဘော့ မိမိတို့ပြည်နယ်နှင့် ကာတာနိုင်ငံမှာ ကာလရှည်လျားသည့် မိတ်ဖက်ဆက်ဆံရေးရှိကြောင်း၊ ကာတာအစိုးရ၏ ရက်ရောမှု၊ တက္ကဆက်ပြည်နယ်အား ထောက်ပံ့မှုအတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။
    Ref: Aljazeera
  • တောင်ငူ အစ္စလာမ်သချိုင်္င်းတွင် လက်နက်များ ဖွက်နေဆိုသော သတင်းမဟုတ်ဟု ရဲတပ်ဖွဲ့ ပြောကြား
    တောင်ငူ အစ္စလာမ်သချိုင်္င်းတွင် လက်နက်များ ဖွက်နေဆိုသော သတင်းမဟုတ်ဟု ရဲတပ်ဖွဲ့ ပြောကြား
    တောင်ငူမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ကချောင်းကျေးရွာရှိ အစ္စလာမ် ဘာသာဝင်များ၏ သချိုင်္င်းတွင် အုတ်ဂူများဖောက်ကာ လက်နက်များ ဖွက်ထားသည်ဆိုသည့် သတင်းမှာ ကောလာဟလသာ ဖြစ်သည်ဟု တောင်ငူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှိရသည်။
    “အစ္စလာမ် ဘာသာဝင်တွေ ဓလေ့အရ ဆယ်နှစ်ပြည့်ချိန် အလောင်းပြန်ဖော်ပြီး အရိုးကောက်တဲ့ ဓလေ့အရ လုပ်ဆောင်ကြတာပါ။ မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ သွားရောက်စစ်ဆေးပြီး ဖြစ်ပါတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
    ဓာတ်ပုံ-Ko Sai
    The Voice မီဒီယာမှ ဖော်ပြချက်ကို ကောက်နှုတ်ဖော်ပြပါသည်။
    http://thevoicemyanmar.com/news/11694-tnt