News @ M-Media

Blog

  • မွတ်စလင်အမျိုးသမီးများကို အတိဒုက္ခရောက်စေသည့် ကွာရှင်းမှုဓလေ့တစ်ခုကို အိန္ဒိယ ပယ်ဖျက်

    မွတ်စလင်အမျိုးသမီးများကို အတိဒုက္ခရောက်စေသည့် ကွာရှင်းမှုဓလေ့တစ်ခုကို အိန္ဒိယ ပယ်ဖျက်

    သြဂုတ် ၂၂၊ ၂၀၁၇
    M-Media
    ဘာသာပြန် – ရဲသူရိန်၊ လေးမောင်

    – မွတ်စလင်အမျိုးသမီးတွေကို ထိခိုက်နစ်နာစေတဲ့ ကွာရှင်းမှုဓလေ့ထုံးတမ်းတစ်ခု ကျင့်သုံးနေတာကို အိန္ဒိယ တရားရုံးချုပ်က မနေ့မှာ တားမြစ်ပိတ်ပင်လိုက်ပါတယ်။

    ‘သုံးသွလားက်’ လို့ခေါ်တဲ့ အဲဒီထုံးတမ်းဓလေ့နဲ့ပတ်သက်ပြီး တရားသူကြီး ၅ ဦးက ဆုံးဖြတ်ရာမှာ အဲဒီဓလေ့ဟာ အခြေခံဥပေဒက အမျိုးသမီးတွေကို အပ်နှင်းထားတဲ့ အခွင့်အရေးကို ချိုးဖောက်တယ်ဆိုပြီး တရားသူကြီး ၃ ဦးက ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    အစ္စလာမ့်ဥပဒေ ခေါင်းစဉ်အောက်မှာ ကျင့်သုံးနေတဲ့ အဲဒီ ‘သုံးသွလားက်’ ဟာ အမျိုးသားတစ်ယောက်က သူ့ရဲ့ဇနီးကို ‘ကွာရှင်းတယ်’ လို့ ၃ ကြိမ်ပြောဆိုလိုက်တာနဲ့ ကွာရှင်းမှုဟာ အထမြောက်သွားပြီး ပြန်လည်ပေါင်းထုပ်လို့ မရတော့တဲ့ ဓလေ့မျိုးဖြစ်ပါတယ်။

    ဆိုရှယ်မီဒီယာတွေ တွင်ကျယ်လာတဲ့ အခုအချိန်မှာ အမျိုးသားတွေဟာ Skype နဲ့ WhatsApp တွေလို ဆော့ဖ်ဝဲတွေကို အသုံးပြုပြီး အမျိုးသမီးတွေကို တစ်ဖက်သက်ကွာရှင်းမှု ဖြစ်လာတာကနေ ဒီဓလေ့ကို ပိတ်ပင်ဖို့ တက်ကြွလှုပ်ရှားသူတွေရဲ့ တောင်းဆိုမှု ပေါ်ထွက်လာတာပါ။

    မွတ်စလင်အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဒီဓလေ့ဟာ အစ္စလာမ့်စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆန့်ကျင်တဲ့ ရပ်ရွာဓလေ့သာဖြစ်တယ်လို့ ပြောဆိုပြီး ပိတ်ပင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

    အိန္ဒိယက နာမည်ကျော် အစ္စလာမ့်ဓမ္မတက္ကသိုလ်ဖြစ်တဲ့ ‘ဒီယိုဘန် ဒါ-ရွလ်-အွလ်လွမ်’ က ထိပ်တန်း အစ္စလာမ့်ဓမ္မပညာရှင်တွေကလည်း ဒီဓလေ့ကို တားမြစ်ပိတ်ပင်တဲ့အချက်ကို လက်ထပ်စာချုပ်မှာ ထည့်သွင်းဖို့ အခုနှစ်အစောပိုင်းမှာ တိုက်တွန်းခဲ့ပါတယ်။

    တရားရုံးချုပ်ရဲ့ အခုလို ဆုံးဖြတ်မှုအတွက် တက်ကြွလှုပ်ရှားသူတွေက သြဘာပေးခဲ့ကြပါတယ်။

    “ကျွန်မတို့အတွက် တော်တော်ပျော်ရွှင်ရတဲ့နေ့ပါ။ သမိုင်းဝင်နေ့လည်း ဖြစ်ပါတယ်။ ကျွန်မတို့ မွတ်စလင်အမျိုးသမီးတွေဟာ တရားရုံးနဲ့ တရားစီရင်မှုကနေ တရားမျှတမှုကို အပ်နှင်းခံခဲ့ရပါပြီ” လို့ Indian Muslim Women’s Movement အဖွဲ့ကို ပူးတွဲတည်ထောင်ထူ ဇာကီယာ ဆိုမန်က ပြောကြားခဲ့ပါတယ်။

    ဒီအဖွဲ့ဟာ ‘သုံးသွလားက်’ ဓလေ့ ပယ်ဖျက်ရေးအတွက် တရားဥပဒေကြောင်းအရ ကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့အဖွဲ့ပါ။

    ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ တရားရုံးချုပ်က ဒီဓလေ့ဟာ အခြေခံဥပဒေမညီညွတ်ဘူးလို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။ Bharatiya Muslim Mahila Andola (BMMA) ဆိုတဲ့ မွတ်စလင်အဖွဲ့အစည်းတစ်ခုက ဒီဓလေ့ကို ပိတ်ပင်ဖို့အတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကြိုးစားခဲ့တာဖြစ်ပါတယ်။

    ‘သုံးသွလားက်’ ကို ဒီယိုဘန်ကလည်း လက်မခံ

    ကိုင်ရိုက အလ်-အဇ်-ဟာရ် တက္ကသိုလ်ပြီးတဲ့နောက် အစ္စလာမ့်ဓမ္မရေးရာနယ်ပယ်မှာ ဂုဏ်သိက္ခာအရှိဆုံး ကျောင်းအဖြစ် သတ်မှတ်ထားတဲ့ အိန္ဒိယအခြေစိုက် ‘ဒီယိုဘန်- ဒါရွလ် အွလ်လွမ်’ တက္ကသိုလ်က ဒီဓလေ့ထုံးတမ်းကို တားဖြစ်ဖို့ တိုက်တွန်းတဲ့ ဖသ်ဝါဓမ္မသတ်တစ်ခုကို မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    မွဖ်သီ ဟာဘီဘွလ် ရဟ်မန် အပါအ၀င် ဒီယိုဘန်က နာမည်ကျော် ဆရာခုနစ်ပါးက ထုတ်ပြန်တဲ့ အဲဒီဓမ္မသတ်မှာ ‘အမျိုးသမီးတွေကို နှုတ်နဲ့ တစ်ကြိမ်တည်း သုံးသွလားက် မပေးရဆိုတဲ့ အချက်တစ်ခုကို လက်ထပ်စာချုပ်မှာ ထည့်သွင်းခြင်းဟာ သင့်တော်ပြီး’ တကယ်လို့ ဒီလို ‘သုံးသွလားက်ပေးခဲ့ရင်လည်း ဒါဟာ သွလားက်တစ်ကြိမ်သာ မှတ်ယူရမှာဖြစ်ပါတယ်’ လို့ ရေးသားထားပါတယ်။

    နောက်ပြီး ဒီအချက်ကို ချိုးဖောက်ရင် လက်ရှိ ဒဏ်ငွေ ရူပီး ၅ သောင်းကို ၁၀ ဆ မြှောက်ကာ ၅ သိန်းအထိ သတ်မှတ်သင့်တယ်လို့လည်း ဓမ္မသတ်က ဆိုပါတယ်။

    ဒီဓမ္မသတ်ဟာ National Commisison for Minority Educational Institutions ရဲ့ ဥက္ကဌဟောင်းဖြစ်တဲ့ တရားသူကြီး ဆိုဟေးလ် အိုက်ဂျက်ဇ် ဆီဒစ်ရဲ့ အသေးစိတ် စစ်တမ်းကောက်ယူမှုကို အခြေခံပြီး ပေါ်ထွက်လာတာဖြစ်ပါတယ်။

    “တစ်ပြိုင်တည်း သုံးသွာလက် ပေးခြင်းဟာ ရှိုင်တန်မိစ္ဆာကောင်ရဲ့ အကျင့်ဆိုး တစ်ခုဖြစ်တယ်ဆိုတာ လူထုက သဘောပေါက်ဖို့ အရေးကြီးပြီး၊ ဒါမျိုးကို ဆက်ပြီး ခွင့်ပြုလို့ မရတော့ပါဘူး။ လူထုကိုယ်တိုင်က ပြုပြင်ပြောင်းလဲလိုတဲ့စိတ်၊ ပြုပြင်ပြောင်းလဲနိုင်တဲ့ လုပ်ရပ်တွေရှိလာမှ ဘာသာရေးဓလေ့ထုံးတမ်းတွေမှာ တရားရုံးနဲ့ နိုင်ငံတော်အစိုးရက ၀င်ရောက်စွက်ဖက်စရာမလိုဘူးဆိုတဲ့ ဘုတ်အဖွဲ့ရဲ့ တားမြစ်မှုက အရာရောက်မှာပါ” လို့ ဆိုဟေးလ်က ပြောကြားခဲ့ပါတယ်။

    တရားသူကြီး ဆိုဟေးလ်ဟာ ‘ဂျမီအသ် အိုလမာအေ ဟင်ဒ်’ အဖွဲ့က မောင်လာနာ အရ်ရှက်ဒ် မဒ်နီနဲ့ မတ်လအတွင်းမှာ တွေ့ဆုံခဲ့ပြီး တရားရုံးချုပ်က မစီရင်ခင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဒီယိုဘန် ဒါ-ရွလ်-အွလ်လွမ်က ရင်းမြစ်တွေက ဆရာ ၇ ပါးရဲ့ ဓမ္မသတ်ကို ဂရုတစ်စိုက်နဲ့ ဖတ်ရှုကာ၊ မျှမျှတတ သုံးသပ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီဓမ္မသတ်ဟာ အစ္စလာမ့်ဥပဒေအရ ရှုထောင့်တစ်ခုသာဖြစ်ပြီး နိုင်ငံမှာ တရားဝင်ပြဌာန်းနိုင်တဲ့ ဥပဒေတစ်ရပ် မဟုတ်ပါဘူး။ ဒီယိုဘန် ဒါ-ရွလ်-အွလ်လွမ် တက္ကသိုလ်ဟာ မှန်ကန်ပြီး၊ သင့်လျော်တဲ့ ဓမ္မသတ်တွေကို ထုတ်ပြန်တဲ့ ဌာနတစ်ခုဖြစ် ဂုဏ်သတင်းကျော်စောပါတယ်။

    ဒီယိုဘန် ဒါ-ရွလ်-အွလ်လွမ်ရဲ့ ဓမ္မသတ်ထုတ်ပြန်ရာ ဌာနခွဲဖြစ်တဲ့ ‘ဒါရွတ်အစ်ဖ်သာ’ က စောစောပိုင်းမှာ ထုတ်ပြန်တဲ့ ဓမ္မသတ်တွေမှလည်း ဒီ ‘သုံးသွလားက်’ ဓလေ့ ကျင့်သုံးနေတာကို မနှစ်မြို့တဲ့ သဘောထားတွေကို တွေ့ခဲ့ရပါတယ်။

    Ref: Aljazeera, India Express

  • စင်ကာပူ ဟိန္ဒူဘုရားကျောင်းတစ်ခု ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ခံနေရ

    စင်ကာပူ ဟိန္ဒူဘုရားကျောင်းတစ်ခု ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ခံနေရ

    သြဂုတ် ၂၂၊ ၂၀၁၇
    M-Media

    – စင်ကာပူနိုင်ငံရှိ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ ရာဇ၀တ်မှုဆိုင်ရာ သံသယဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို ခံနေရသည်ဟု သိရသည်။

    Sri Veeramakaliamman ဘုရားကျောင်းဖြစ်ပြီး ရဲတပ်ဖွဲ့က လက်ရှိတွင် စီးပွားကူးသန်းဆိုင်ရာဌာနက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း သြဂုတ်လ ၂၂ ရက် (ယနေ့) တွင် အတည်ပြုခဲ့သည်။ သို့သော်လည်း မည်သည့်ကိစ္စဆိုသည်ကို တိတိကျကျ ပြောကြားခဲ့ခြင်းမရှိပေ။

    ပရဟိတဆိုင်ရာ ကော်မရှင်နာမင်းကြီး (COC) မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် စုံးစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ မိမိတို့ကို အသိပေးထားကြောင်း၊ ပရဟိတ အက်ဥပဒေပုဒ်မ ၈ အရ မိမိတို့အနေဖြင့်လည်း ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

    ထို့ပြင် ဘုရားကျောင်းဂေါပကအဖွဲ့မှ ပြန်ကြားမှုကိုလည်း ရရှိထားပြီး၊ စုံစမ်းစစ်ဆေးမှုပြီးမှ နောက်ထပ် ကိစ္စရပ်ကို ဆုံးဖြတ်သွားမည်ဟု ဆိုသည်။

    စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ် ကာလအတွင်း ဘုရားကျောင်း၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများ၊ နေ့စဉ် ပူဇော်မှုများကို ပိတ်ပင်သွားမည်မဟုတ်ဘဲ ဆက်လက် ဆောင်ရွက်ခွင့် ပေးထားမည်ဖြစ်သည်။

    အဆိုပါ ဘုရားကျောင်းမှာ Little India ရပ်ကွက်တွင် ထင်ရှားသည့် အမှတ်သညာတစ်ခုဖြစ်ပြီး စင်ကာပူနိုင်ငံသို့ အစောပိုင်းက ရောက်ရှိခဲ့သည့် အိန္ဒိယရွှေ့ပြောင်းလုပ်သားများက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

    Ref : CNA

  • အာဖဂန်တွင် ဆက်လက်တိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ ကြေငြာ

    အာဖဂန်တွင် ဆက်လက်တိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ ကြေငြာ

    သြဂုတ် ၂၂၊ ၂၀၁၇
    M-Media

    – အမေရိကန်စစ်တပ် အလျင်အမြန်ထွက်သွားသည့်အခါ ဖြစ်ပေါ်လာနိုင်သည့် မခန့်မှန်းနိုင်သော၊ လက်မခံနိုင်သော ရလဒ်များကို ရှောင်ရှားရန်အတွက် အာဖဂန်နစ္စတန်တွင် ဆက်လက်တိုက်ခိုက်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

    ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယမန်နေ့ညနေ မိန့်ခွန်းတွင် ထရမ့်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    မိမိ၏ မူလရည်ရွယ်ချက်မှာ အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာရန်ဖြစ်သော်လည်း ထိုသို့ထွက်ခွာသွားပြီးနောက် လစ်ဟာသွားမည့်နေရာတွင် အလ်ကိုင်းဒါးနှင့် IS ကဲ့သို့ အဖွဲ့များက ၀င်ရောက်နေရာယူသွားမည်ကို စိုးရိမ်သောကြောင့် တပ်များဆက်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    မိမိတို့၏ ချဉ်းကပ်မှုမှာ လက်ရှိတွင် အတွေးထက်၊ လက်တွေ့ကို ပိုမိုအခြေခံရမည်ဖြစ်ကြောင်း၊ အာဖဂန်တွင် လုံခြုံရေးအရ အကူအညီပေးမှုမှာ အချည်အနှီးမဟုတ်ကြောင်း ထရမ့်က ထည့်သွင်းပြောဆိုခဲ့သည်။ သို့သော်လည်း အခြားဒေသများတွင် ဒီမိုကရေစီတည်ဆောက်ရေးအတွက်မူ စစ်တပ်များ စေလွှတ်တော့မည် မဟုတ်ဟု ၎င်းက ဆိုသည်။

    အာဖဂန်တွင် အမေရိကန်တပ်ဖွဲ့များ တိုက်ခိုက်နေသည်မှာ ၁၆ နှစ် ရှိလာခဲ့ပြီဖြစ်ပြီး၊ လက်ရှိတွင် အမေရိကန်တပ်ဖွဲ့ဝင် ၈၄၀၀ ရှိနေကာ၊ တပ်သားသစ် ၄၀၀၀ ကို အမေရိကန်က ထမ်မံစေလွှတ်သွားရန် ရှိနေသည်။

    အာဖဂန်တွင် အမေရိကန်တပ်ဖွဲ့ဝင် အမြင့်ဆုံးအရေအတွက်မှာ သမ္မတအိုဘားမားလက်ထက် ၂၀၁၀-၂၀၁၁ ခုနှစ်တွင်ဖြစ်ပြီး အင်အား ၁ သိန်းနီးပါး ရှိခဲ့သည်။

    အမေရိကန်၏ စစ်ရေးထောက်မှုကို ရရှိနေသည့် ပါကစ္စတန်မှာ အကြမ်းဖက်အဖွဲ့အစည်းများကို ခိုလှုံခွင့်ပေးထားသည်ဟု သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ ထရမ့်က ယမန်နေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး ပါကစ္စတန်ကို ပိုမိုတင်းကြပ်သည့်နည်းလမ်းဖြင့် ချဉ်းကပ်သွားမည်ဟု ဆိုသည်။

    Ref: Aljazeera

  • ဘာစီလိုနာတွင် အကြမ်းဖက်တိုက်ခိုက်သူကို အသေဖမ်းမိ

    ဘာစီလိုနာတွင် အကြမ်းဖက်တိုက်ခိုက်သူကို အသေဖမ်းမိ

    သြဂုတ် ၂၂၊ ၂၀၁၇
    M-Media

    – ပြီးခဲ့သည့်တစ်ပတ်က ဘာစီလိုနာတွင် လူအုပ်ကြီးအား ဗန်ကားဖြင့် ၀င်တိုက်ခဲ့ပြီးနောက် ပြေးနေသူကို အသေဖမ်းဆီးနိုင်ခဲ့သည်ဟု စပိန်ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ယူနက်စ် အဘူယာကွဘ်ဆိုသူဖြစ်ပြီး ဘာစီလိုနာအနောက်ပိုင်း ဆူဘီရက်ဒေသတွင် ယမန်နေ့ နေ့လည်ပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီးစဉ် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    စပိန်အာဏာပိုင်များက အဖြစ်အပျက်နှင့်ပတ်သက်၍ အချက်အလက်အနည်းငယ်ကိုသာ ထုတ်ပြန်ခဲ့သည်။ သံသယရှိသူမှာ အသေခံဗုံးခွဲခါးပတ်ကို ၀တ်ဆင်ထားပြီး ရဲတပ်ဖွဲ့က မေးမြန်းရန် ၎င်း၏အနား ကပ်သွားသည့်အချိန်တွင် ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့် ပစ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ၎င်းသေဆုံးသွားပြီးနောက် ဗုံးရှင်းလင်းရေး စက်ရုပ်တစ်ခုကို ယူနက်စ်အနီးသို့ စေလွှတ်ခဲ့ဟု ဆိုသည်။

    ဆူဘီရက်စ်ရှိ အမျိုးသမီးတစ်ဦးက မသင်္ကာဖွယ်လူတစ်ဦးကို တွေ့ရှိသည်ဟု ရဲတပ်ဖွဲ့အား သတင်းပေးခဲ့မှုကြောင့် ထိုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

    ကြာသာပတေးနေ့က ဘာစီလိုနာရှိ နာမည်ကျော် ရမ်ဘလက်စ် နေရာတွင် ယူနက်စ်မှာ ဗန်ကားဖြင့် လူအုပ်ကြီးအတွင်းသို့ ၀င်တိုက်ခဲ့သာကြောင့် လူ ၁၃ ဦး သေဆုံးကာ ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ၎င်းမှာ ဗန်ကားမောင်းသမားကို ဓားဖြင့်ထိုးသတ်ကာ ကားအား အပိုင်စီးခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း စပိန်ရဲတပ်ဖွဲ့မှာ ယူနက်စ်ကို ရှာဖွေရန်အတွက် နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်။

    ဘာစီလိုနာတွင် တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီအနည်းငယ်အကြာတွင် အပန်းဖြေမြို့ ကမ်ဘရီလ်စ်တွင်လည်း ထိုကဲ့သို့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများကို ကြိုးကိုင်သည်ဟု ယူဆရသည့် လူ ၁၂ ဦးပါ အဖွဲ့တစ်ခုကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

    Ref: Aljazeera

  • မလေးရှား ၃-၁ မြန်မာ (ဆီးဂိမ်း အမျိုးသားဘောလုံး အုပ်စု A)

    မလေးရှား ၃-၁ မြန်မာ (ဆီးဂိမ်း အမျိုးသားဘောလုံး အုပ်စု A)

    သြဂုတ် ၂၁၊ ၂၀၁၇
    M-Media

    – ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု A မှာ မြန်မာ ယူ ၂၂ အသင်းရဲ့ နောက်ဆုံးပွဲစဉ် အဖြစ် အိမ်ရှင်မလေးရှားနဲ့ ဒီကနေ့ ယှဉ်ပြိုင်ကစားရာမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    မြန်မာအသင်းဟာ ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းကတော့ မညံ့ခဲ့ပါဘူး။ မလေးရှားကို ပထမပိုင်းမှာ ခြေရည်တူကစားနိုင်ခဲ့ပြီး မလေးရှားရဲ့ အစောပိုင်း ထိုးဖောက်မှုတွေကို မြန်မာနောက်တန်းနဲ့ ဂိုးသမား ဆန်းဆက်နိုင်တို့ အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၃၂ မိနစ်နဲ့ ၃၄ မိနစ်မှာ မထင်မှတ်တဲ့အနေအထားတွေကနေ ဂိုးပေးလိုက်ရတာက မြန်မာအသင်းအတွက် နစ်နာခဲ့ရပါတယ်။

    ၃၉ မိနစ်မှာ တိုက်စစ်မှူးအောင်သူ ဘယ်ခြမ်းကနေ အပိုင်ဂိုးသွင်းခွင့် ရခဲ့ပေမယ့် မလေးဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ ပိုကောင်းခဲ့ပြီး အချိတ်အဆက်မိမိနဲ့ မလေးရှားဘက်ကို ထိုးဖောက်နိုင်ခဲ့ကာ မလေးရှာနောက်တန်းက အဆင့်ဆင့် ဖြတ်တောက် ပိတ်ဆို့ထားတာကြောင့် ဂိုးရဖို့ ခက်ခဲခဲ့တာဖြစ်ပါတယ်။ ၅၉ မိနစ်မှာ မလေးရှားရဲ့ တိုက်စစ်ဆင်မှုကို ဂိုးသမား ဆန်းဆက်နိုင် အကောင်းဆုံးအနေအာထားနဲ့ နှစ်ဆင့် ကာကွယ်သွားခဲ့ပါတယ်။

    ၇၅ မိနစ်မှာ မြန်မာအသင်းက လူကျွံထောက်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ခဲ့ပေမယ့် ဘောလုံးအထိန်းအသိမ်း အားနည်းခဲ့တာကြောင့် မလေးရှားဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    မလေးရှားက တတိယမြောက်ဂိုးကို ၈၁ မိနစ်မှာ ရရှိခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ မြန်မာအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ၈၅ မိနစ်မှာ သန်းပိုင်က သွင်းယူပေးခဲ့ပါတယ်။

    ဒီပွဲမှာ မလေးရှားကစားသမားတစ်ချို့ဟာ ကစားပုံ တော်တော်လေး ကြမ်းတမ်းခဲ့ပါတယ်။

    အုပ်စုပွဲစဉ် ၄ ပွဲစလုံး ကစားပြီးချိန်မှာ မြန်မာအသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ အောင်သူ၊ အောင်ကောင်းမာန်၊ ရွှေကိုနဲ့ သန်းပိုင်တို့အားလုံး ဂိုးတွေသွင်းယူထားနိုင်ပြီး မြန်မာဘောလုံးအသင်း ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရတဲ့ တိုက်စစ်ပိုင်း အားနည်းမှုပြဿနာကနေ ရုန်းထွက်နိုင်တဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ လက်ရှိ ဆီးဂိမ်းမှာ ၄ ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ တိုက်စစ်မှူးအောင်သူဟာ ဒီနေ့မှာလည်း မလေးရှားနောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်

    ၃ ပွဲနိုင်၊ ၁ ပွဲရှုံးနဲ့ ၉ မှတ်ရထားတဲ့ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်နေပြီ ဖြစ်ပါတယ်။