News @ M-Media

Blog

  • မက်ဂွိုင်းယားကို သုံးရမှာပါ

    မက်ဂွိုင်းယားကို သုံးရမှာပါ

    ပရီးမီးယားလိဂ်အသင်းအားလုံးမှာ ကျွန်တော်တို့ရဲ့ ပွဲစဥ်ဇယားက အဆိုးရွားဆုံးပါ။ ၆ ရက်အတွင်း ၃ ပွဲကစားရမယ်။ ကျေနပ်စရာမဟုတ်ပေမယ့် ကစားရမှာပါပဲ။ ဘယ်လိုပြိုက်ဘက်မျိုးကိုမဆို မက်ဂွိုင်းယားက ကိုင်တွယ်နိုင်ပါတယ်။ သူ့ကို ကွင်းထဲထည့်ရမယ်။ လေ့ကျင့်ကွင်းမှာ သူ့ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ကျွန်တော် တွေ့ပြီးသားပါ။ ဘောလုံး ရှိရှိ မရှိရှိ ပြိုင်ဘက်တွေကို သူ ထိန်းထားနိုင်ရမယ်။ ဒါဟာ သူလုပ်ရမယ့် တာ၀န်၊ သူ့ရဲ့ ဂုဏ်သိက္ခာပါပဲ။ 

    (အဲရစ်တန် ဟဂ် – မန်ယူနည်းပြ)

  • ယူအေအီး အာကာသယာဥ်မှူး အာရပ်ကမ္ဘာတွင် နောက်ထပ် သမိုင်းသစ်တစ်ခု ရေးထိုးမည်

    ယူအေအီး အာကာသယာဥ်မှူး အာရပ်ကမ္ဘာတွင် နောက်ထပ် သမိုင်းသစ်တစ်ခု ရေးထိုးမည်

    ဧပြီ ၈၊ ၂၀၂၃

    M-Media 


    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ အာကာသယာဥ်မှူး ဆူလ်တန် အလ်-နီယာဒီဟာ ဧပြီ ၂၈ ရက်နေ့မှာ အာကာသထွက် လမ်းလျှောက်ဖို့ ရှိနေပါတယ်။ 

    နီယာဒီဟာ မတ်လ ၂ ရက်နေ့ကတည်းက နိုင်ငံတကာ အာကာသစခန်း (ISS) ကို ရောက်ရှိနေပြီး ၆ လကြာ နေထိုင်မှာ ဖြစ်ပါတယ်။ ဒီခရီးစဥ်ကြောင့် အာကာသမှာ အချိန်အကြာဆုံး နေထိုင်တဲ့ အာရပ် အာကာသယာဥ်မှူးအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    ဧပြီလကုန်ပိုင်းမှာ နီယာဒီဟာ အခြားအာကာသယာဥ်မှူးတစ်ဦးနဲ့အတူ အာကာသထဲထွက်ကာ နိုင်ငံတကာအာကာသစခန်း ပြုပြင်၊ အဆင့်မြှင့်တင်မှု လုပ်ဆောင်မှာဖြစ်ပါတယ်။ 

    ၆ နာရီခွဲကြာမယ့် ဒီလုပ်ငန်းစဥ်ကြောင့် အာရပ်ကမ္ဘာမှာ ပထမဆုံး အာကာသထွက်တဲ့ အာကာသယာဥ်မှူးအဖြစ် မှတ်တမ်း၀င်မှာပါ။

    အသက် ၄၁ နှစ်အရွယ် နာဒီဟာ အာကာသကိုရောက်တဲ့ ဒုတိယမြောက် ယူအေအီးနိုင်ငံသားလည်း ဖြစ်ပါတယ်။ 

    Ref: Alarabiya 

  • ဆော်ဒီ-အီရန် ဆက်ဆံရေး ခေတ်သစ်တစ်ခုကိုရောက်လာ

    ဆော်ဒီ-အီရန် ဆက်ဆံရေး ခေတ်သစ်တစ်ခုကိုရောက်လာ

    ဧပြီ ၈၊ ၂၀၂၃

    M-Media 


    -နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ပြီးခဲ့တဲ့လမှာ သဘောတူခဲ့တဲ့ ဆော်ဒီနဲ့ အီရန်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသေးစိတ်အချက်အလက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 

    ဆော်ဒီနိုင်ငံခြားရေး၀န်ကြီး ဖိုင်ဆဲလ် ဘင် ဖာရ်ဟန်နဲ့ အီရန်နိုင်ငံခြားရေး၀န်ကြီး အမီရာဒိုလာဟင်တို့ရဲ့ ဘေဂျင်းတွေ့ဆုံမှုမှာ လေယာဥ်တွေ အပြန်အလှန် ပြေးဆွဲဖို့၊ နှစ်ဖက်ပြည်သူတွေကို ဗီဇာခွင့်ပြုဖို့ စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

    ဆော်ဒီက ဂျစ်ဒါနဲ့ အီရန်က မက်ရှ်ဟဒ်တို့မှာ သံရုံးတွေ ပြန်ဖွင့်မှာဖြစ်ပြီး အီရန်ပြည်သူတွေကို ဆော်ဒီက အွမ္မရာဟ် ဘုရားဖူးဗီဇာ ထုတ်ပေးရေး သဘောတူခဲ့ကြောင်း ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။  

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အရင်က နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အသက်ပြန်သွင်းဖို့ သဘောတူခဲ့ကြပါတယ်။ 

    ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ ယုံကြည်မှုတွေ တိုးမြှင့်ဖို့ အရေးကြီးကြောင်း ကြေငြာချက်မှာ အလေးထားဖော်ပြထားပါတယ်။ 

    Ref: Arab News 

  • ၁၉၈၇ ခုနှစ်က အိန္ဒိယမှာ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ မွတ်စလင်တွေ တရားမျှတမှု ရရဲ့လား

    ၁၉၈၇ ခုနှစ်က အိန္ဒိယမှာ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ မွတ်စလင်တွေ တရားမျှတမှု ရရဲ့လား

    ဧပြီ ၅၊ ၂၀၂၃

    M-Media 


    မိုဟာမက် အစ္စမာအီလ်၏ မိဘနှစ်ပါးနှင့် ညီမငယ်

    -အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်း ၃၆ နှစ်အရင်က ဖြစ်ပွားခဲ့တဲ့ မွတ်စလင် ၇၂ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဥ်နဲ့ပတ်သက်လို့ ဖမ်းဆီးထားတဲ့ ဟိန္ဒူအမျိုးသား ၄၁ ဦးကို မကြာသေးခင်က လွှတ်ပေးလိုက်ပါတယ်။ 

    အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် မီရွတ်မြို့က မာလ်ယာနာရွာမှာ ၁၉၈၇ ခုနှစ် မေလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုနဲ့ သတ်ဖြတ်မှုဟာ အိန္ဒိယ ဒီမိုကရေစီရဲ့ အစွန်းအထင်းတစ်ခုလို့ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ 

    နှစ်ပေါင်း ၃၀ ကျော် ကြာသွားခဲ့ပေမယ့် ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးနိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ အူတာပရာဒက်ရှ်တရားရုံးချုပ်က သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေကို လွှတ်ပေးခဲ့ပါတယ်။ 

    “ကျူးလွန်ခံရသူတွေကို ရဲတပ်ဖွဲ့၊ နိုင်ငံရေးခေါင်းဆောင်ပိုင်း၊ မီဒီယာသမားတွေတင်မကဘဲ အခု တရားရေးဌာနကပါ လစ်လျူရှုလိုက်တာကို စိတ်မကောင်းဖွယ် တွေ့ရပါတယ်” လို့ အူတာပရာဒက်ရှ် ရဲချုပ်ဟောင်း ဗစ်ဘ်ဟူတီ နာရိန်ရိုင်က ပြောပါတယ်။

    အစကတည်းက မှားခဲ့

    မိုဟာမက် အစ္စမာအီလ်၏ အသက် ၈၅ နှစ်အရွယ် အဖိုးနှင့် မြေး

    တရားစွဲမှုတွေ၊ ဖမ်းဆီးမှုတွေက အစကတည်းက မှားခဲ့တာပါ။

    မာလ်ယာနာက မွတ်စလင်တွေအပေါ် တိုက်ခိုက်သတ်ဖြတ်မှုကို အဲဒီတုန်းက ပြည်နယ် ရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့ PAC က ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

    ဒီကိစ္စကို ရဲတပ်ဖွဲ့က အမှုဖွင့်ရာမှာ ကျူးလွန်သူ ၉၃ ဦးရဲ့စာရင်း တင်ပြထားပြီး အဲဒီအထဲက ၃၁ ယောက်ကို ရှာဖွေဖော်ထုတ်လို့ မရခဲ့ပါဘူး။ ၂၃ ယောက်ကလည်း တရားရင်ဆိုင်နေစဥ်အတွင်းမှာ သေဆုံးခဲ့ပါတယ်။ 

    ဒီစာရင်းထဲမှာ ရဲတပ်ဖွဲ့၀င်နဲ့ PAC အဖွဲ့၀င် တစ်ဦးမှ ပါ၀င်ခြင်း မရှိပါဘူး။ သတ်ဖြတ်မှုမဖြစ်ခင် ၇ နှစ်၊ ၈ နှစ် အရင်က သေဆုံးခဲ့သူ ၄ ဦး၊ အခင်းဖြစ်စဥ်က ဆေးရုံတက်ဆေးကုနေရသူ တစ်ဦးလည်း ရဲတပ်ဖွဲ့ရဲ့ တရားခံစာရင်းထဲမှာ ပါ၀င်နေပါတယ်။ 

    “သတ်ဖြတ်မှုတွေကို ရဲတပ်ဖွဲ့နဲ့ PAC က လုပ်ဆောင်တာလို့ တရားလိုဘက်ကရော တရားပြိုင်ဖက်ကပါ အကြိမ်ကြိမ် ပြောထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့နာမည်တွေ ပါမလာပါဘူး” လို့ တရားပြိုင်ရှေ့နေ ချိုတေး လာလ် ဘန်ဆာလ်က ပြောပါတယ်။ 

    သောကြာနေ့က စီရင်ချက်ဟာ ၂၆ မျက်နှာ ရှည်လျားပါတယ်။ သားဖြစ်သူက လည်ပင်းကို သေနတ်နဲ့ တည့်ပစ်ခံရပြီး အဖေက ဓားရှည်နဲ့ နုတ်နုတ်စင်းခံရတာ၊ အသက် ၅ နှစ်အရွယ် ကလေးငယ် မီးလောင်ပုံထဲ ပစ်ထည့်သတ်ဖြတ်ခံရတာ စတဲ့ ကြောက်မက်ဖွယ် အဖြစ်အပျက်တွေကို စီရင်ချက်မှာ အသေးစိတ် ဖော်ပြထားပါတယ်။ 

    စိတ်ပျက်

    အသက်ရှင်လွတ်မြောက်လာသူတွေနဲ့ ကျန်ရစ်သူမိသားစုတွေက ဒီစီရင်ချက်ကို စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ 

    “သတ်တဲ့လူတွေ၊ အသတ်ခံရတဲ့လူတွေအားလုံးကို ကျွန်တော်သိတယ်” လို့ အသက်ရှင်လွတ်မြောက်လာသူ ဗာကီလ် အဟ်မဒ် ဆစ်ဒစ်က ပြောပါတယ်။ 

    တိုက်ခိုက်မှုကြောင့် ရခဲ့တဲ့ သေနတ်ဒဏ်ရာအမာရွတ်တွေ အခုအချိန်အထိ ဆစ်ဒစ်မှာ ရှိနေတုန်းပါ။ 

    တိုက်ခိုက်မှု မဖြစ်ခင် အရင်ကတည်းက မီရွတ်မြို့မှာ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့တာလို့ ဆစ်ဒစ်က ပြောပါတယ်။ 

    “မီရွတ်မှာ နှစ်ပေါင်းများစွာ ဒီလိုလှုံ့ဆော်မှုတွေရှိခဲ့ပြီး တိုက်ခိုက်မှုတစ်ချို့လည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရွာမှာ ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် အဲဒီနေ့မှာ PAC တပ်ဖွဲ့၀င်တွေ ကား ၃ စီးနဲ့ ရွာကိုရောက်လာပြီး မွတ်စလင်တွေနေတဲ့ဖက်ကို ၀ိုင်းလိုက်တယ်။ အ၀င်အထွက်လမ်းကြောင်းတွေကိုလည်း ပိတ်လိုက်ပါတယ်”

    “ဟိန္ဒူတွေရဲ့အိမ်တွေ၊ အိမ်ခေါင်မိုးတွေပေါ်မှာ နေရာယူပြီး သေနတ်နဲ့ပစ်တာဟာ ကျည်ဆံမိုးရွာနေသလိုပဲ” လို့ ၁၉၈၇ ခုနှစ် မေလ ၂၃ ရက်နေ့က အဖြစ်အပျက်ကို ဆစ်ဒစ်က ပြန်ပြောင်း ပြောပြပါတယ်။ 

    ဆစ်ဒစ်အပါအ၀င် မျက်မြင်သက်သေတစ်ချို့ကို တရားရုံးက ခေါ်ယူစစ်ဆေးခဲ့ပြီး PAC တပ်ဖွဲ့၀င်တွေရဲ့ ပါ၀င်ပတ်သက်မှုတွေကို သူတို့က ထွက်ဆိုခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ 

    “တစ်နှစ်ကျော်လောက် တရားရုံးမှာ ကျွန်တော် သွားပြီး ထွက်ဆိုပေးခဲ့တယ်။ PAC က လူတွေ၊ သူတို့သုံးတဲ့ လက်နက်တွေကိုပါ ပြောပြခဲ့ပါတယ်” လို့ ဆစ်ဒစ်က ဆိုပါတယ်။ 

    ဟာရှင်ပူရာ သတ်ဖြတ်မှု

    ဟာရှင်ပူရာမှမြင်ကွင်းကို ဓာတ်ပုံစရာ ပရာဗင် ဂျိန်းက မှတ်တမ်းတင်ထားမှု

    မာလ်ယာနာမှာ သတ်ဖြတ်မှုမဖြစ်ခင် တစ်ရက်အရင် မေလ ၂၂ ရက်နေ့မှာ PAC တပ်ဖွဲ့၀င်တွေဟာ ရွာနဲ့ ၆ ကီလိုမီတာ၀ေးတဲ့ ဟာရှင်ပူရာရပ်ကွက်ကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။

    အဲဒီမှာ မွတ်စလင်အမျိုးသား ၄၈ ဦးကို ဖမ်းဆီးပြီး၊ ၄၂ ဦးကို သတ်ဖြတ်ကာ အလောင်းတွေကို အနီးက မြစ်ချောင်းတွေထဲ စွန့်ပစ်ခဲ့ပါတယ်။ 

    ဟာရှင်ပူရာမှာ PAC တပ်ဖွဲ့၀င်တွေ ဖမ်းဆီးမှုကို ဓာတ်ပုံဂျာနယ်လစ် ပရာဗင်းဂျိန်းက ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။ 

    ဒီအဖြစ်အပျက်အတွက် ၂၀၁၈ ခုနှစ်မှာ ဒေလီဟိုက်ကုတ် တရားရုံးက PAC တပ်ဖွဲ့၀င် ၂၆ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။ 

    သတ်ဖြတ်ခံရသူတွေရဲ့အလောင်း သွားပေါ်တဲ့ ဂါဇီယာဘတ်မြို့က ရဲချုပ် ဗစ်ဘ်ဟူတီ နာရိန်ရိုင်ရဲ့ စုံစမ်းဖော်ထုတ်မှုကြောင့် ဟာရှင်ပူရာ သတ်ဖြတ်မှုမှာ ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးနိုင်ခဲ့ပါတယ်။ 

    မာလ်ယာနာ သတ်ဖြတ်မှုမှာ အသက် ၈၅ နှစ်အရွယ်အဖိုး၊ ၇ နှစ်အရွယ် ၀မ်းကွဲညီ၊ လေးဘက်သွားအရွယ် ညီမငယ်အပါအ၀င် မိသားစု၀င် ၁၁ ယောက် ဆုံးရှုံးခဲ့ရတဲ့ မိုဟာမက် အစ္စမာအီလ်က သူတို့ခံစားခဲ့ရတာတွေအတွက် တစ်နေ့နေ့မှာ တရားမျှတမှုရဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    “စီရင်ချက်အတွက် ဟိုက်ကုတ်တရားရုံးမှာ ကျွန်တော်တို့ အယူခံ၀င်သွားပါမယ်။ အရှုံးမပေးပါဘူး။ ဒီအဖြစ်အပျက်မှာ တရားဥပဒေက နှောင့်နှေးတာမဟုတ်ဘူး။ ကျောခိုင်းသွားတာပါ” 

    ၁၉၈၇ ခုနှစ် ဧပြီလနဲ့ မေလအတွင်း အူတာပရာဒက်ရှ်ပြည်နယ်က မီရွတ်မြို့မှာ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့ပြီး၊ နေအိမ်အဆောက်အဦးများစွာ ဖျက်ဆီးခံခဲ့ရပါတယ်။ 

    Ref: BBC

  • ဆော်ဒီတွင် မောင်းသူမဲ့ကားများကို မြင်ရတော့မည်

    ဧပြီ ၅၊ ၂၀၂၃

    M-Media 


    -မောင်းသူမဲ့ကားတွေကို စတင်စမ်းသပ်နေပြီး မကြာခင် နိုင်ငံတစ်၀ှမ်းက လမ်းတွေမှာ မြင်တွေ့ရတော့မယ်လို့ ဆော်ဒီ ပို့ဆောင်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    နိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြင်စေဖို့၊ ယာဥ်တိုက်မှုတွေကို လျှော့ချဖို့၊ သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းဖို့ ရည်ရွယ်ကာ မောင်းသူမဲ့ကားအသုံးပြုမှု ထွန်းကားလာအောင် ဆော်ဒီက ဆောင်ရွက်နေတာပါ။ 

    အသစ်ဆောက်နေတဲ့ အနာဂတ်မြို့ NEOM မှာ မောင်းသူမဲ့ကား၊ ပို့ဆောင်ရေးစနစ်တွေကို အဓိက သုံးစွဲမှာဖြစ်ပြီး၊ ကာဘွန်ထုတ်လွှတ်မှု လုံး၀မရှိစေဖို့အတွက် ပြည့်ဖြိုးမြဲစွမ်းအင်ကို ရာနှုန်းပြည့် အသုံးပြုမှာလည်း ဖြစ်ပါတယ်။ 

    Ref: Arab News