News @ M-Media

ခိုးရိုက်၊ ချောင်းရိုက်တွေကို ထောင်ချတော့မယ့် ဂျပန်

မေ ၄၊ ၂၀၂၃

M-Media


-လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ချောင်းရိုက်၊ ခိုးရိုက်မှုကို ပြင်းပြင်းထန်ထန် အရေးယူမယ့် ပထမဆုံး ဥပဒေသစ်တစ်ရပ်ကို ဂျပန်လွှတ်တော်မှာ အခုတစ်ပတ်အတွင်း ဆွေးနွေးခဲ့ပါတယ်။ 

ဒီဥပဒေဟာ နိုင်ငံတစ်၀ှမ်း ပိုပိုဆိုးလာနေတဲ့ လိင်အမြတ်ထုတ်မှုပြဿနာကို တိတိကျကျ ကိုင်တွယ်မယ့် ပထမဆုံး ခြေလှမ်းလည်း ဖြစ်ပါတယ်။ 

လက်ရှိမှာ ချောင်းရိုက်၊ ခိုးရိုက်ကိစ္စတွေကို ပြည်နယ်တွေရဲ့ ဒေသဆိုင်ရာဥပဒေတွေနဲ့သာ လျော့တိလျော့ရဲ အရေးယူနေတာ ဖြစ်ပါတယ်။ 

ဥပဒေသစ်အရ တစ်ပါးသူရဲ့ လိင်အင်္ဂါ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို ကာယကံရှင် မသိရှိဘဲ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ယူတာ၊ ဒီပုံတွေကို သိမ်းဆည်းထားတာ၊ ပြန်လည်ဖြန့်ဖြူးတာတွေဟာ ရာဇ၀တ်မှု မြောက်မှာဖြစ်ပါတယ်။ 

ကာယကံရှင်မသိဘဲ လိင်မှု ကိုယ်နေဟန်ထားဖြစ်အောင် ဖန်တီးပြီး ဓာတ်ပုံ၊ ဗီဒီယို ရိုက်ယူတာ၊ အရွယ်မရောက်သေးသူတွေကို လိင်အသားပေး ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတာတွေကိုလည်း ဥပဒေသစ်မှာ တားမြစ်ထားပါတယ်။ 

ဂျပန်မှာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးမော်ဒယ်တွေကို လိင်အသားပေး ရိုက်ကူးမှု အလွန်များပြားပြီး အခုဥပဒေကြောင့် ဒီလုပ်ရပ်တွေ ပပျောက်မယ်လို့ လွှတ်တော်အမတ်တွေက မျှော်လင့်နေပါတယ်။ 

ဥပဒေချိုးဖောက်သူဟာ ထောင်ဒဏ် အမြင့်ဆုံး ၃ နှစ်၊ ငွေဒဏ် ယန်း ၃ သန်းအထိ ချမှတ်အရေးယူခံရမှာဖြစ်ပါတယ်။ ဥပဒေကို လာမယ့် ဇွန်လမှာ စတင်ကျင့်သုံးနိုင်မှာပါ။

ဂျပန်မှာ ချောင်းရိုက်၊ ခိုးရိုက်ကိစ္စတွေ အလွန်များပြားပြီး ဒါကို တားဆီးဖို့အတွက် ပြည်တွင်းသုံး ဖုန်းတွေမှာ ကင်မရာအသံကို ပိတ်လို့မရအောင် ဖုန်းကုမ္ပဏီတွေက ဖန်တီးပေးထားရပါတယ်။ 

Ref: BBC