News @ M-Media
Blog
  • ရေဘေးကယ်ဆယ်ရေးအတွက် ဆင်တွေကို အသုံးချနေတဲ့ နီပေါ
    ရေဘေးကယ်ဆယ်ရေးအတွက် ဆင်တွေကို အသုံးချနေတဲ့ နီပေါ
    သြဂုတ် ၁၇၊ ၂၀၁၇
    M-Media
    – အခုရက်ပိုင်းအတွင်းမှာ အိန္ဒိယ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် လူပေါင်း ၂၀၀ ကျော်လောက် သေဆုံးခဲ့ကြပါတယ်။
    ဒီနိုင်ငံတွေမှာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ သိပ်မကောင်းတာကြောင့် ရေဘေးကယ်ဆယ်ရေးအတွက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးကိုလည်း ကြုံတွေ့နေရပါတယ်။
    နီပေါနိုင်ငံကတော့ ဒီအခက်အခဲကိုကျော်လွှားဖို့အတွက် သဘာဝရင်းမြစ်တစ်ခုကို အကောင်းဆုံး အသုံးချနေပါတယ်။ ဒါကတော့ ဆင်တွေကို ရေဘေးကယ်ဆယ်ရေးမှာ အသုံးပြုတာပါ။
    ဘယ်လိုအသုံးပြုလဲ၊ လူဘယ်လောက်ကို ဆင်တွေက ကယ်တင်ပေးနိုင်ခဲ့လဲဆိုတာကိုတော့ ဒီဗီဒီယိုမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
  • ၂ ပွဲဆက်အနိုင်နဲ့ ဆီးမီးတက်ရေး အခြေအနေကောင်းလာတဲ့ မြန်မာ ယူ ၂၂ ဘောလုံးအသင်း
    ၂ ပွဲဆက်အနိုင်နဲ့ ဆီးမီးတက်ရေး အခြေအနေကောင်းလာတဲ့ မြန်မာ ယူ ၂၂ ဘောလုံးအသင်း
    သြဂုတ် ၁၆၊ ၂၀၁၇
    M-Media
    မြန်မာအသင်း၏ ဂိုးသွင်းစက် အောင်သူ (Photo Credit – MFF)
    – ၂၉ ကြိမ်မြောက် ဆီးဂိမ်းရဲ့ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု A ဒုတိယပွဲစဉ်မှာ မြန်မာအသင်းဟာ လာအိုအသင်းကို နောက်ကျဂိုးတွေနဲ့ အနိုင်ရပြီး ရာနှုန်းပြည့် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။
    ဒီနေ့ညနေ ကစားခဲ့တဲ့ပွဲမှာ မြန်မာအသင်းဟာ ပွဲကစားချိန် ၁၅ မိနစ်မှာတင် အပိုင်ဂိုးသွင်းခွင့်ရခဲ့ပြီး အောင်သူရဲ့ တစ်ယောက်ချင်း ကန်သွင်းမှုကို လာအိုဂိုးသမား အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာလည်း မြန်မာအသင်းက အချိတ်အဆက်မိမိနဲ့ ထိုးဖောက်ကစားနိုင်ခဲ့ပြီး ဂိုးရနိုင်မယ့် အခွင့်အရေး ၂ ကြိမ်လောက် ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။
    ၃၅ မိနစ်မှာ မြန်မာတို့ ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူးအောင်သူက ထုံးစံအတိုင်း တစ်ကိုယ်တော်အစွမ်းနဲ့ လှလှပပ အဆုံးသတ်ပေးခဲ့တာပါ။
    ဒုတိယပိုင်းမှာ လာအိုရဲ့ တန်ပြန်တိုက်စစ်တွေ ထိရောက်ခဲ့ပြီး ၅၉ မိနစ်မှာ ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် လာအိုက တရစပ် ထိုးဖောက်ခဲ့တာကြောင့် ၆၃ မိနစ်ကနေ ၆၇ မိနစ်အတွင်း အပိုင်ဂိုးသွင်းခွင့် ၃ လုံးလောက်ကို မြန်မာနောက်တန်းနဲ့ ဂိုးသမားတို့ အသည်းအသန် ကာကွယ်ဖြတ်ထုတ်ခဲ့ရပါတယ်။
    မြန်မာအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ၉၂ မိနစ်မှာ ရွှေကို၊ ၉၅ မိနစ်မှာ လှိုင်းဘိုဘိုတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    အုပ်စုလက်ကျန်ပွဲစဉ်အဖြစ် မြန်မာအသင်းဟာ ဘရူးနိုင်း၊ အိမ်ရှင်မလေးရှားတို့နဲ့ ကစားရဖို့ရှိနေပြီး ဘရူးနိုင်းကို အနိုင်ရမယ်ဆိုရင်တော့ ဆီမီးတက်ဖို့ သေချာသလောက် ဖြစ်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ၂ ပွဲနိုင် ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။
  • ဖိလစ်ပိုင်မူးယစ်နှိမ်နှင်းမှု တစ်ညအတွင်း လူ ၃၀ ကျော် သေဆုံး
    ဖိလစ်ပိုင်မူးယစ်နှိမ်နှင်းမှု တစ်ညအတွင်း လူ ၃၀ ကျော် သေဆုံး
    သြဂုတ် ၁၆၊ ၂၀၁၇
    M-Media
    ဖိလစ်ပိုင်သမ္မတ ဒူတာတေး
    – မူးယစ်နှိမ်နှင်းရေးအဖြစ် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ယမန်နေ့တွင် မြို့တော်မနီလာအနီး ပြုလုပ်ခဲ့သော စစ်ဆင်ရေးများအတွင်း အနည်းဆုံး လူ ၃၂ ဦး သေဆုံးခဲ့ပြီး ဒူတာတေး၏ မူးယစ်တိုက်ဖျက်ရေးစီမံချက်တွင် သွေးထွက်သံယိုမှုအများဆုံး ညလည်းဖြစ်သည်။
    ရဲတပ်ဖွဲ့တာဝန်ရှိသူ ရိုမီယို အမ် ကာရာမတ်က ဘူလာချန်ပြည်နယ်၌ ယမန်နေ့တွင် စစ်ဆင်ရေး ၆၇ ခု ပြုလုပ်ခဲ့ပြီး ဒါဇင်နဲ့ချီ သေဆုံးခဲ့ကာ ၁၀၉ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့မှာ စိတ်ကြွဆေး ၂၀၀ ဂရမ်ကျော်၊ ဆေးခြောက် ၇၈၆ ဂရမ်၊ လက်နက်မျိုးစုံ၊ လက်ပစ်ဗုံးများ၊ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည်။
    ပြည်သူ ၃.၂၉ သန်း နေထိုင်နေသည့် ဘူလာချန်ပြည်နယ်တွင် ပြီးခဲ့သည့်လများအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဖမ်းဆီးခံရသူ၊ ရဲတပ်ဖွဲ့၏ သတ်ဖြတ်ခြင်းခံရသူ အရေအတွက်မှာ အလွန်များများနေသည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။
    ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၆ ရက်နေ့ ဒူတာတေး အာဏာရပြီးနောက်ပိုင်း ဖိလစ်ပိုင်အစိုးရ၏ မူးယစ်နှိမ်နှင်းမှု စီမံချက်အတွင်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ရာဇ၀တ်မှုများကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များကမူ သေဆုံးမှု အရေအတွက်မှာ ထိုထက်ပို၍ များပြားမည်ဟု ဆိုသည်။
    Ref: Aljazeera
  • ဆီရာလီယိုနီ ရေကြီးမှုတွင် သေဆုံးပျောက်ဆုံးသူ ၁၀၀၀ နီးပါးခန့်ရှိနေ
    ဆီရာလီယိုနီ ရေကြီးမှုတွင် သေဆုံးပျောက်ဆုံးသူ ၁၀၀၀ နီးပါးခန့်ရှိနေ
    သြဂုတ် ၁၆၊ ၂၀၁၇
    M-Media
    – အာဖရိကနိုင်ငံတစ်ခုဖြစ်သော ဆီရာလီယိုနီတွင် ဆိုးဆိုးဝါးဝါး ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးပြီး နိုင်ငံတော် ၀မ်းနည်းဖွယ်ကာလအဖြစ် တစ်ပတ်တာ သတ်မှတ်ထားသည်ဟု သိရသည်။
    ၃ ရက်တာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးခဲ့နောက် တနင်္လာနေ့တွင် မြို့တော်ဖရီးတောင်းတစ်ဝိုက်၌ မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး၊ မြို့တစ်ခုလုံးတွင်လည်း ရေကြီးခဲ့သည်။ သေဆုံးသူအရေအတွက်ကို တိတိကျကျ သိရှိရခြင်းမရှိသေးဘဲ ပျောက်ဆုံးသူများမှာလည်း အနည်းဆုံး ၆၀၀ ခန့် ရှိနေသည်။
    ကယ်ဆယ်ရေးလုပ်သားများမှာ အလောင်း ၄၀၀ ၀န်းကျင်ကို ဆယ်ယူရရှိထားပြီး၊ ကြက်ခြေနီ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြာကြားရာတွင် ယမန်နေ့ညနေအထိ သေဆုံးသူမှာ ၃၀၀ ၀န်းကျင်ရှိနေပြီဟု ဆိုသည်။
    ဖရီးတောင်းမြို့၏ ရေထိုးစွန့်ထုတ်မှုစနစ်မှာ ကောင်းမွန်မှု မရှိသောကြောင့် မိုးသည်းထန်စွာရွာသွန်းပါက မြို့တော်တစ်ဝိုက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ လမ်းများမှာ မတ်စောက်သောကြောင့် အန္တရာယ်အလွန်ရှိသည့် အနေအထားမျိုးကို ရင်ဆိုင်ရလေ့ရှိသည်။
    သမ္မတ အာရ်နက် ဘိုင် ကိုရိုမာက ထိုအဖြစ်အပျက်အတွက် ၀မ်းနည်းကြောင်း ယနေ့မနက်တွင် ပြောကြားခဲ့ပြီး လူအဖွဲ့အစည်းတစ်ခုလုံးမှာ ရှင်းလင်းခံရသကဲ့သို့ ဖြစ်နေကြောင်း၊ လက်ရှိတွင် အကူအညီများ အလျင်အမြန်လိုအပ်နေကြောင်း ပြောကြားခဲ့သည်။
    လက်ရှိတွင် ကုလက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးရန် စီစဉ်နေသည်။
    Ref: Aljazeera
  • ဟွာဂျီရှန်း ဗလီဝတ်ကျောင်းတော် (AD 742) – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၄)
    ဟွာဂျီရှန်း ဗလီဝတ်ကျောင်းတော် (AD 742) – အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ (၄)
    သြဂုတ် ၁၆၊ ၂၀၁၇
    M-Media
    (ကိုတင်ရီ တင်ဆက်သည်)
    – တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီပြည်နယ် (Shaanxi)၊ ရှန်း (Xi’an) မြို့မှာတည်ရှိတဲ့ ‘ဟွာဂျီရှန်း’ ဗလီဝတ်ကျောင်းတော်ဟာ နိုင်ငံရဲ့ ရှေးဟောင်းသမိုင်းဝင် ဗလီဝတ်ကျောင်းတော် ၄ လုံးမှာ ပါဝင်ပြီး ‘ကျင်ရှူဗလီ’ (Qingxiu Mosque)၊ ‘ဟွာဂျီဗလီ’ (Huajue Mosque)၊ ‘ဒွန်းဒါဗလီ’ (Dongda Mosque) လို့လည်း ခေါ်ဝေါ်ပါတယ်။
    အစ္စလာမ်သာသနာရဲ့ အစောပိုင်းကာလဖြစ်တဲ့ သက္ကရာဇ် ၇၄၂ ခုနှစ်၊ တန်မင်းဆက် (၆၁၈-၉၀၇) လက်ထက်မှာ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ ပြောစမတ်ရှိပြီး နောက်ပိုင်း တရုတ်မင်းဆက်လက်ထက်တွေမှာ ဒီဗလီဝတ်ကျောင်းတော်ကို ထိန်းသိမ်းခဲ့ကြပါတယ်။ လက်ရှိအဆောက်အဦးကတော့ မင်မင်းဆက် (၁၃၆၈-၁၆၄၄) လက်ထက်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ချင်မင်းဆက် (၁၆၄၄-၁၉၁၁) လက်ထက်မှာ ပရ၀ုဏ်ကို ချဲ့ထွင်ခဲ့ပါတယ်။
    ဟွာဂျီရှန်း ဗလီဝတ်ကျောင်းတော်ဟာ တရုတ်နိုင်ငံရဲ့ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ယခုအချိန်အထိ တရုတ်မွတ်စလင်တွေက အသုံးပြုနေပါတယ်။ ဗလီဝတ်ကျောင်းတော်ကို ထိန်းသိမ်းဖို့အတွက် ရှန်ရှီပြည်နယ်အစိုးရက တာဝန်ယူထားပါတယ်။
    သမိုင်းကြောင်း
    ပထမအကန့်ရှိ သစ်သားမုခ်ဦး
    အစ္စလာမ်သာသနာ စတင်ပေါ်ပေါက်ခဲ့တဲ့ ၆ ရာစု အစပိုင်းမှာပဲ အာရေဗျက မွတ်စလင် ဆူဖီသူတော်စဉ်တွေရဲ့ သာသနာပြုမှုကြောင့် အထူးသဖြင့် တရုတ်နိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ အစ္စလာမ်သာသနာဟာ အခြေတည်ခဲ့ပါတယ်။
    တရုတ်နိုင်ငံရဲ့ လူများစု ဟန်လူမျိုးတွေနေထိုင်ရာ နိုင်ငံအလယ်ပိုင်းမှာရှိနေတဲ့ ဒီ ဟွာဂျီရှန်းဗလီဝတ်ကျောင်းတော် နေရာဟာ တန်မင်းဆက်လက်ထက် သက္ကရာဇ် ၇၄၂ ခုနှစ်ကတည်းက ရှိခဲ့တယ်လို့ အဆိုရှိပါတယ်။
    ဗလီအဆောက်အဦးကို မင်းမင်းဆက် စိုးစံပြီး ၂၅ နှစ်ကြာတဲ့အချိန် ၁၃၉၂ ခုနှစ်မှာ ပြန်လည် ဆောက်လုပ်ခဲ့ပါတယ်။ တရုတ်ပင်လယ်ပြင်က ပင်လယ်ဓားပြတွေကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တဲ့ ဟွေလူမျိုး နာမည်ကျော် မွတ်စလင်မိသားစုက ပေါက်ဖွားလာတဲ့ ရေကြောင်းဗိုလ်ချုပ် ကျန်းဟီ (Zheng He) က ဦးစီးခဲ့တာဖြစ်ပါတယ်။
    ၁၄ ရာစုနောက်ပိုင်းကစလို့ ဒီဗလီဝတ်ကျောင်းတော်ကို ပြုပြင်မှုတွေ တောက်လျှောက်ပြုလုပ်ခဲ့ပြီး ယနေ့ခေတ် တွေ့မြင်ရတဲ့ အဆောက်အဦးဟာ မင်နဲ့ ချင်မင်းဆက်တွေလက်ထက်က လက်ရာဖြစ်ပါတယ်။
    ဗိသုကာလက်ရာ
    ‘ရှန်းဇင်လူ’ လို့အမည်ရတဲ့ ဘုံပြသာဒ် ၃ ဆင့်ပါဝင်တဲ့ မျှော်စဉ်တစ်ခု ဒီအကန့်မှာရှိပြီး အပေါ်ဆုံးထပ်ကို ၀တ်ပြုဖို့နှိုးဆော်တဲ့နေရာ (မင်နာရတ်) အဖြစ် အသုံးပြုကာ ဒုတိယအထပ်ကို လကြည့်မျှော်စင်အဖြစ် အသုံးပြုပါတယ်။
    အလျား ၂၄၈ မီတာ၊ အနံ ၄၈ မီတာရှိပြီး စုစုပေါင်း စကွဲယားမီတာ ၁၂၀၀၀ အကျယ်ရှိတဲ့ ဒီဗလီဝတ်ကျောင်းတော်ကို အကန့် ၅ ကန့်ခွဲထားပြီး သမရိုးကျဗလီပုံစံထက် တရုတ်ဘုံကျောင်းတစ်ခုနဲ့ ဆင်တူပါတယ်။
    အကန့်တစ်ခုချင်းစီမှာ အထိမ်းအမှတ်အဆောက်အဦး၊ မုခ်ဦးပါ ၀င်ပေါက်၊ နားနေဆောင်၊ နံရံကြီးတွေ၊ မြက်ခင်းပြင်နဲ့ ဘုံပြသာဒ်တွေလည်း တည်ရှိပါတယ်။ ဘုံကျောင်းနဲ့မတူတာက ဗလီဝတ်ကျောင်းကို အရှေ့ဖက်ကနေ အနောက်ဖက်ကို တူရူကာ မက္ကာမြို့ရှိရာဖက်ကို ဦးတိုက်တည်ဆောက်ထားတာပါ။
    ပထမအကန့်မှာ ချင်မင်းဆက်လက်ရာ ဂိတ်ပေါက်ဝရှိပြီး၊ ၀တ်ပြုဆောင်ရှိရာ စတုတ္ထအကန့်မှာတော့ ဇာမဏီငှက် ပျံသန်းနေတဲ့ပုံသဏ္ဍာန် ‘ဖုန်းဟွာတင်’ လို့ခေါ်တဲ့ အမိုးပါဂိတ်ပေါက်၊ ၆ ထောင့်အမိုးနဲ့ နားနေဆောင်တွေ ဒီအကန့်မှာ ရှိပါတယ်။
    အခြားအဆောက်အဦးတွေဖြစ်တဲ့ ပိဋကတ်တိုက်၊ ရှေ့ဆောင်အီမာမ် နေထိုင်ရာအခန်း၊ ၀ူဇူ ကိုယ်လက်သန့်ရှင်းဆောင်တွေလည်း ဗလီပရ၀ုဏ်အတွင်းမှာ တည်ရှိပါတယ်။ ၀တ်ပြုဆောင်ဟာ တစ်ချိန်တည်းမှာ လူ ၂၀၀၀ လောက် ၀တ်ပြုနိုင်ပြီး၊ ၀တ်ပြုဆောင်ရဲ့ အရှေ့မှာ ကွင်းပြင်ကျယ်ကြီး ရှိပါတယ်။
    ဟွာဂျီရှန်း ဗလီဝတ်ကျောင်းတော်ထဲမှာ ကျောက်ထွင်းစာ၊ လောပန်ခွက်တွေ၊ ကုရ်အာန်ကျမ်းစာ၊ စာပန်းချီကားတွေ၊ ရှေးဟောင်းမီးအိမ် စသဖြင့် ယဉ်ကျေးမှုဆိုင်ရာ အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေ ရှိနေပါတယ်။ နံရံတွေနဲ့ အဆောက်အဦးတွေတိုင်းမှာ ငှက်ပုံ၊ သစ်ပင်ပန်းမန်ပုံ၊ အရာဝတ္ထုပုံတွေ၊ ကုရ်အာန်ကျမ်းတော်မြတ်ကစာသားတွေ၊ ကဗျာ၊ လင်္ကာတွေကို တရုတ်နဲ့ အာရဘီအက္ခရာတွေနဲ့ လက်ရာမြောက်စွာ ရေထိုး၊ ထွင်းထုထားတာတွေကိုလည်း တွေ့နိုင်ပါတယ်။
    ဗလီဝတ်ကျောင်းတော်ရဲ့ သမိုင်းကြောင်းနဲ့ ပြုပြင်ထားမှုရက်စွဲတွေကို ကျောက်ပြားတွေမှာ ထွင်းထုထားပါတယ်။
    ဒုတိယအကန့်မှာတော့ စုန့်မင်းဆက်နဲ့ မင်မင်းဆက်လက်ထက်တွေက လက်ထက်က နာမည်ကျော် စာပန်းချီပညာရှင်တွေဖြစ်ကြတဲ့ မီဖူနဲ့ ဒုံးချီချန်တို့ရဲ့ လက်ရာတွေ ရှိပါတယ်။ ယွမ်မင်းဆက် (၁၂၇၁-၁၃၆၈) လက်ထက်မှာ နာမည်ကျော် တရုတ်မွတ်စလင် သူတော်စဉ်ကြီးတစ်ပါး ကူးယူရေးသားခဲ့တဲ့ ကုရ်အာန်ကျမ်းတော်မြတ် လက်ရေးမူကိုလည်း ဒီဗလီဝတ်ကျောင်းတော်ထဲမှာ ထိန်းသိမ်းထားပါတယ်။
    တတိယအကန့်ဟာ မုရာကဘာထိုင်ရာ (တရားထိုင်ရာ) အဆောက်အဦးတစ်ခုရှိပြီး ‘ချင်းရှုဒီယန်’ လို့ခေါ်ပါတယ်။ ‘ရှန်းဇင်လူ’ လို့အမည်ရတဲ့ ဘုံပြသာဒ် ၃ ဆင့်ပါဝင်တဲ့ မျှော်စဉ်တစ်ခု ဒီအကန့်မှာရှိပြီး အပေါ်ဆုံးထပ်ကို ၀တ်ပြုဖို့နှိုးဆော်တဲ့နေရာ (မင်နာရတ်) အဖြစ် အသုံးပြုကာ ဒုတိယအထပ်ကို လကြည့်မျှော်စင်အဖြစ် အသုံးပြုပါတယ်။
    ဗလီဝတ်ကျောင်းတော်ရဲ့ ဗိသုကာလက်ရာဟာ တရုတ်ရိုးရာနဲ့ အစ္စလာမ့် ဗိသုကာလက်ရာတို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။
    သမိုင်းဝင်နေရာ
    ၁၉၅၆ ခုနှစ်မှာ ဒီဗလီဝတ်ကျောင်းတော်ကို သမိုင်းဝင်နေရာနဲ့ ယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ရှန်ရှီပြည်နယ် အစိုးရက တာဝန်ယူစောင့်ရှောက်ထားပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ ဗဟိုအစိုးရက စီမံကိန်းချပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် အမျိုးသားသမိုင်းဆိုင်ရာ ယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ခဲ့ပါတယ်။
    ဒုတိယအကန့်မှ သလင်းကျောက်ဝင်ပေါက်
    ပေစာပြခန်း
    ပိဋကတိုက်
    oတ်ပြုဆောင်အတွင်းပိုင်း
    ဒုတိယအကန့်နှင့် တတိယအကန့်တွင်ရှိနေသည့် အုတ်တိုင်
    ဗလီဝတ်ကျောင်းတော် ပုံစံငယ်
    Ref: chinaculture.org, wiki, sacred-destinations.com
    အာရှမှ ရှေးဟောင်းသမိုင်းဝင်ဗလီများ တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို ဤနေရာတွင် သွားရောက် ဖတ်ရှုနိုင်ပါတယ်။