News @ M-Media

Blog

  • ငှပ်တုပ်ကွေး မျိုးကွဲသစ်ကြောင့် တရုတ်တွင် လူသေဆုံးမှုဖြစ်

    ငှပ်တုပ်ကွေး မျိုးကွဲသစ်ကြောင့် တရုတ်တွင် လူသေဆုံးမှုဖြစ်

    ဧပြီ ၁၂၊ ၂၀၂၃

    M-Media 


    -တရုတ်နိုင်ငံမှာ ငှက်တုပ်ကွေး H3N8 ကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။ 

    H3N8 ဟာ ငှပ်တုပ်ကွေး မျိုးကွဲတစ်ခုဖြစ်ပြီး အရင်က တိရစ္ဆာန်တွေမှာသာ တွေ့ရတာပါ။ ပြီးခဲ့တဲ့နှစ် ဧပြီနဲ့ မေလအတွင်း တရုတ်မှာ လူသားကို ကူးစက်မှုနှစ်ခု ဖြစ်ခဲ့တာကို စတွေ့ရပြီး အခုနှစ်မှာတော့ လူသေဆုံးမှုပါ ရှိလာတာ ဖြစ်ပါတယ်။ 

    သေဆုံးသူဟာ ကင်ဆာရောဂါအခံရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဖေဖော်၀ါရီလက အဆုပ်ရောင်ရောဂါကြောင့် ဆေးရုံတင်ရကာ မတ်လအတွင်းမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။ 

    သေဆုံးသူနဲ့ အနီးကပ်နေထိုင်သူတွေမှာ ကူးစက်မှု မတွေ့ရသေးဘူးလို့ WHO ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကနဲ့ ဒီနှစ် ကူးစက်သူ ၃ ဦးစလုံးဟာ ကြက်ဘဲစျေးကနေ ဒီဗိုင်းရပ်စ်ကို ကူးစက်လာကြတာဖြစ်ပါတယ်။ 

    လက်ရှိမှာ တရုတ်အစိုးရက စောင့်ကြည့်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး ကူးစက်ပြန်နှံ့ဖို့အန္တရာယ် နည်းပါးတယ်လို့ WHO က ဆိုပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်၀ှမ်းကလည်း စောင့်ကြည့်မှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ 

    ငှက်တုပ်ကွေးတွေထဲမှာ H5N1 က လူတွေမှာ ကူးစက်မှုပိုများပြီး H3N8 ထက်လည်း ပြင်းထန်ပါတယ်။ ဒီဗိုင်းရပ်စ်နှစ်ခုဟာ ဆက်စပ်မှု မရှိဘူးလို့ WHO က ဆိုပါတယ်။ 

    Ref: Reuters 

  • မိမိသဘောဖြင့် တရားစီရင်သည့် ဘာသာရေးဆရာနှင့် အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဖမ်းဆီး

    မိမိသဘောဖြင့် တရားစီရင်သည့် ဘာသာရေးဆရာနှင့် အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဖမ်းဆီး

    ဧပြီ ၁၁၊ ၂၀၂၃

    M-Media


    -အမျိုးသမီတစ်ဦးကို အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ စွပ်စွဲကာ အရေးယူအပြစ်ပေးခဲ့တဲ့ ဘာသာရေးဆရာနဲ့ အဖွဲ့၀င် ၃ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ 

    ဒီအဖြစ်အပျက်ဟာ နိုင်ငံအရှေ့မြောက်ပိုင်း ဟာဘီဂန့်ဂျ်ဆိုတဲ့ ရွာတစ်ရွာမှာ ဖြစ်ပွားခဲ့တာပါ။ 

    အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးဟာ အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ဆိုပြီး ကြိမ်ဒဏ် ၈၂ ချက်ရိုက်ကာ၊ ခဲလုံး ၈၀ နဲ့ ပစ်ပေါက် အပြစ်ပေးဖို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးက ဓမ္မသတ်ထုတ်ခဲ့တာပါ။  ကျေးရွာကောင်စီကလည်း ဒီအတိုင်း လိုက်လုပ်ခဲ့ပါတယ်။ 

    စွပ်စွဲခံအမျိုးသမီးက ဒီကိစ္စကို သွားရောက်တိုင်ကြားခဲ့ပြီးနောက် ဘာသာရေးခေါင်းဆောင်နဲ့ ကျေးရွာလူကြီး ၃ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ 

    အမျိုးသမီးရဲ့ ခင်ပွန်းဟာ အိုမန်နိုင်ငံမှာ အလုပ်လုပ်နေတာဖြစ်ပြီး ဒီကိစ္စဖြစ်ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်ကို ပြန်ရောက်လာကာ သူ့ရဲ့ဇနီး ခံစားခဲ့ရတာတွေအတွက် တရားမျှတမှုရဖို့ တောင်းဆိုခဲ့ပါတယ်။ 

    အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေဟာ ဓမ္မသတ်ထုတ်ပြန်ခွင့် ရှိပေမယ့် အတင်းအကြပ် လိုက်နာဆောင်ရွက်ခိုင်းတာမျိုး မပြုဖို့ ဘင်္ဂလားဒေ့ရှ်တရားရုံးချုပ်က ၂၀၁၁ ခုနှစ်မှာ အမိန့်ထုတ်ထားမြစ်ထားပါတယ်။ 

    Ref: Reuters 

  • ယီမင်ပြည်တွင်းစစ် ပြီးဆုံးရေးကြိုးပမ်းမှု တိုးတက်မှုများ ရှိလာ

    ယီမင်ပြည်တွင်းစစ် ပြီးဆုံးရေးကြိုးပမ်းမှု တိုးတက်မှုများ ရှိလာ

    ဧပြီ ၁၁၊ ၂၀၂၃

    M-Media 


    -လွန်ခဲ့တဲ့ ၉ နှစ်က စတင်ခဲ့တဲ့ ပြည်တွင်းစစ် ပြီးဆုံးဖို့အတွက် ယီမင်က လက်နက်ကိုင်အဖွဲ့တွေအကြား ဆွေးနွေးမှုတွေ ပြုလုပ်နေတရာမှာ တိုးတက်မှုတွေ ရှိလာပါတယ်။ 

    ယီမင်အစိုးရဟာ ၂၀၁၄ ခုနှစ်က ဟူသီသူပုန်အဖွဲ့ရဲ့ ဖြုတ်ချမှုကို ခံရပြီးနောက် နိုင်ငံတောင်ပိုင်းကို ထွက်ပြေးခဲ့ရပြီး အဲဒီနောက် နိုင်ငံအတွင်းကနေ ထွက်ခွာကာ ဆော်ဒီမှာ ရှိနေတာ ဖြစ်ပါတယ်။ 

    အစိုးရကို ထောက်ခံတဲ့ ဆော်ဒီနဲ့ အိုမန်တို့က ကိုယ်စားလှယ်အဖွဲ့တွေဟာ မနေ့က မြို့တော်ဆန်နာကို ရောက်ရှိလာကာ ဟူသီခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ 

    လုပ်ငန်းစဥ်တွေထဲမှာ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး၊ အကျဥ်းသားလဲလှယ်ရေး၊ ရေရှည်တည်တံ့တဲ့ နိုင်ငံရေးအဖြေတစ်ခု ရရှိဖို့အတွက် ယီမင်က အဖွဲ့အစည်းတွေအကြား ညှိနှိုင်းဆွေးနွေးနိုင်ရေး စတာတွေ ပါ၀င်တယ်လို့ ယီမင်ဆိုင်ရာ ဆော်ဒီ သံအမတ် မိုဟာမက် ဘင် ဆအီဒ် အလ်-ဂျဘာရ်က ပြောပါတယ်။ 

    ယီမင်ပြည်တွင်းစစ်ထဲကို ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေက ၂၀၁၅ ခုနှစ်မှာ ပါ၀င်လာပြီး လေကြောင်းကနေ တိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်လာတာပါ။ 

    ဟူသီနဲ့ ဆော်ဒီတို့ကြား ပြီးခဲ့တဲ့နှစ်က အပစ်ရပ်ရေး သဘောတူညီချက်တစ်ခု ရရှိခဲ့ပေမယ့် အောက်တိုဘာလမှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ 

    Ref: Aljazeera 

  • မက်ဂွိုင်းယားကို သုံးရမှာပါ

    မက်ဂွိုင်းယားကို သုံးရမှာပါ

    ပရီးမီးယားလိဂ်အသင်းအားလုံးမှာ ကျွန်တော်တို့ရဲ့ ပွဲစဥ်ဇယားက အဆိုးရွားဆုံးပါ။ ၆ ရက်အတွင်း ၃ ပွဲကစားရမယ်။ ကျေနပ်စရာမဟုတ်ပေမယ့် ကစားရမှာပါပဲ။ ဘယ်လိုပြိုက်ဘက်မျိုးကိုမဆို မက်ဂွိုင်းယားက ကိုင်တွယ်နိုင်ပါတယ်။ သူ့ကို ကွင်းထဲထည့်ရမယ်။ လေ့ကျင့်ကွင်းမှာ သူ့ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ကျွန်တော် တွေ့ပြီးသားပါ။ ဘောလုံး ရှိရှိ မရှိရှိ ပြိုင်ဘက်တွေကို သူ ထိန်းထားနိုင်ရမယ်။ ဒါဟာ သူလုပ်ရမယ့် တာ၀န်၊ သူ့ရဲ့ ဂုဏ်သိက္ခာပါပဲ။ 

    (အဲရစ်တန် ဟဂ် – မန်ယူနည်းပြ)

  • ယူအေအီး အာကာသယာဥ်မှူး အာရပ်ကမ္ဘာတွင် နောက်ထပ် သမိုင်းသစ်တစ်ခု ရေးထိုးမည်

    ယူအေအီး အာကာသယာဥ်မှူး အာရပ်ကမ္ဘာတွင် နောက်ထပ် သမိုင်းသစ်တစ်ခု ရေးထိုးမည်

    ဧပြီ ၈၊ ၂၀၂၃

    M-Media 


    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ အာကာသယာဥ်မှူး ဆူလ်တန် အလ်-နီယာဒီဟာ ဧပြီ ၂၈ ရက်နေ့မှာ အာကာသထွက် လမ်းလျှောက်ဖို့ ရှိနေပါတယ်။ 

    နီယာဒီဟာ မတ်လ ၂ ရက်နေ့ကတည်းက နိုင်ငံတကာ အာကာသစခန်း (ISS) ကို ရောက်ရှိနေပြီး ၆ လကြာ နေထိုင်မှာ ဖြစ်ပါတယ်။ ဒီခရီးစဥ်ကြောင့် အာကာသမှာ အချိန်အကြာဆုံး နေထိုင်တဲ့ အာရပ် အာကာသယာဥ်မှူးအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    ဧပြီလကုန်ပိုင်းမှာ နီယာဒီဟာ အခြားအာကာသယာဥ်မှူးတစ်ဦးနဲ့အတူ အာကာသထဲထွက်ကာ နိုင်ငံတကာအာကာသစခန်း ပြုပြင်၊ အဆင့်မြှင့်တင်မှု လုပ်ဆောင်မှာဖြစ်ပါတယ်။ 

    ၆ နာရီခွဲကြာမယ့် ဒီလုပ်ငန်းစဥ်ကြောင့် အာရပ်ကမ္ဘာမှာ ပထမဆုံး အာကာသထွက်တဲ့ အာကာသယာဥ်မှူးအဖြစ် မှတ်တမ်း၀င်မှာပါ။

    အသက် ၄၁ နှစ်အရွယ် နာဒီဟာ အာကာသကိုရောက်တဲ့ ဒုတိယမြောက် ယူအေအီးနိုင်ငံသားလည်း ဖြစ်ပါတယ်။ 

    Ref: Alarabiya