News @ M-Media

Blog

  • နှစ် ၉၀ ပြည့်မှာ ပါဝါပြတဲ့ တရုတ်စစ်တပ်

    ဇူလိုင် ၃၁၊ ၂၀၁၇
    M-Media

    – တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တည်ထောင်မှု နှစ်ပေါင်း ၉၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် တရုတ်က မနေ့မှာ ကြီးကျယ်တဲ့ စစ်ရေးပြပွဲ အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

    တပ်ဖွဲ့ဝင် ၁၂၀၀၀ ကျော် ပါဝင်ပြီး၊ စစ်လက်နက်ပစ္စည်းပေါင်း ၆၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၁၀၀ ကျော်ကို အသုံးပြုထားတဲ့ ဒီစစ်ရေးပြအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ လက်နက်အသစ်တွေကိုလည်း တရုတ်က ထုတ်ပြခဲ့ပါတယ်။

    တရုတ်ဟာ လတ်တလောမှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် ဖိအားတွေရှိနေပြီး အမေရိကန်သမ္မတ ထရမ့်က မြောက်ကိုရီးယားကို မကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး တရုတ်ကို မနေ့မှာ ဝေဖန်ပစ်တင်ခဲ့ပါတယ်။

    ဒီဗီဒီယိုမှာတော့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရဲ့ အင်အား တစ်စိတ်တစ်ပိုင်းကို တွေ့မြင်ရမှာပါ။

     

  • လူစုလူဝေး၀ါဒ အောင်ပွဲခံနေဆဲလား

    လူစုလူဝေး၀ါဒ အောင်ပွဲခံနေဆဲလား

    စည်သူအောင်မြင့် ရေးသည်။

    ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ ည က မြန်မာနိုင်ငံ အလယ်ပိုင်း ကျောက်ပန်းတောင်းမြို့မှာ ဆောက်လက်စ နေအိမ်တစ်လုံးကို အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီ လို့ စွတ်စွဲပြီး လူအုပ်ကြီးက အကြမ်းဖက် မီးရှို့ဖြိုချဖို့ ကြိုးစားမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အမုန်းတရား ပျံ့ပွားမှုတွေကြောင့် မူဆလင်တွေကို မုန်းတီးမှု ရှိနေတဲ့ မြန်မာနိုင်ငံမှာ လူအုပ်ကြီးရဲ့ အခုလို ကြိုးပမ်းမှုမျိုး အထူးအဆန်းလို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ထူးဆန်းသွားတာ ကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် ကို ကာကွယ်ရမယ့်၊ တရားဥပဒေ စိုးမိုးရေး အကောင်အထည် ဖော်ရမယ့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာက ပုဂ္ဂိုလ်တွေ၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ နဲ့ လွှတ်တော် အမတ်ပါ ပါဝင်ပြီး လူအုပ်ကြီးက အိမ်ကို မီးရှို့ဖျက်ဆီးမှာ စိုးရိမ်လို့ ဆိုပြီး သူတို့ကိုယ်တိုင် ဘက်ဟိုးနဲ့ ထိုးချဖျက်ဆီးလိုက်တဲ့ ကိစ္စပါ။ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး ဘယ်အဆင့် ရောက်နေပြီလဲ၊ လူစုလူဝေး ၀ါဒကပဲ အောင်ပွဲခံနေသလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

    ဖြစ်စဉ် အကြမ်းဖျဉ်းကတော့ ခုလိုပါ။ ကျောက်ပန်းတောင်းမြို့နယ် သာယာအေး ရပ်ကွက်က ဆောက်လုပ်စ နှစ်ထပ်အိမ်ကြီးတစ်လုံးကို အဲဒါ ဗလီအဖြစ် အသုံးပြုဖို့ ဆောက်တာပါ၊ ဒါကို ဖြိုဖျက်ပေးပါ ဆိုပြီး လူစုလူဝေးနဲ့ တောင်းဆိုရာက အစ ပြုတယ်လို့ သိရပါတယ်။ လူစုလူဝေးနဲ့ အကြမ်းဖက်ဖို့ စုစည်းလာတဲ့အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး နဲ့ လွှတ်တော်အမတ်ပါ အဲဒီ နေရာကို ရောက်သွားတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာ လူအုပ်ကြီးက ဗလီလို့ စွတ်စွဲနေပေမယ့် ဗလီဖြစ်နိုင်တယ် ဆိုတဲ့ အထောက်အထား တခုတ လေတောင် ရှိတာ မဟုတ်ပါဘူး။ ပြသနာ ဖြစ်ပြီးနောက် သတင်းမီဒီယာတွေကို ပြန်ပြီး ဖြေကြားပေးတဲ့ ကျောက်ပန်းတောင်းက တိုင်းအဆင့် လွှတ်တော်အမတ် ဦးအေးခိုင်က ကျောက်ပန်းတောင်းမှာ မူဆလင် နေအိမ် တအိမ်မှ မရှိဘူး ဆိုတာ သူတို့ သိတယ်၊ အခု နေအိမ်ကို ပိုင်ဆိုင်သူဟာလည်း ဗုဒ္ဓဘာသာဝင် ဆိုတာ သူတို့ သိတယ်၊ နောက် အဲဒီနေအိမ်ဟာ ဗလီအဖြစ် အသုံးပြုဖို့ သံသယ ဖြစ်စရာ တချက်မှ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။ ဒါဆိုရင် အဲဒီ အိမ်ကို ဘာကြောင့် ဖျက်ရတာပါလဲပေါ့။ ဦးအေးခိုင်ပြောတာကတော့ အဲဒီနေအိမ်ဟာ မြို့နယ် စည်ပင်သာယာ ခွင့်ပြုချက်နဲ့ ဆောက်တာ မဟုတ်ဘူး၊ နောက်တချက်ကတော့ လူအုပ်ကြီးကို ဒီအတိုင်း ထားလိုက်ရင် သူတို့ဖာသာသူတို့ မီးရှို့ကြ၊ ဖျက်ကြလိမ့်မယ်၊ အဲလိုဆို အခြေအနေ ပိုဆိုးသွားလိမ့်မယ်၊ ဒါကြောင့် အဲဒီ အချက်နှစ်ချက်နဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ ရဲ၊ လွှတ်တော် အမတ် အားလုံး တိုင်ပင်ပြီး ဖျက်မိန့်ပေး၊ အာဏာပိုင်တွေ ကိုယ်တိုင်က ဘက်ဟိုးသုံးပြီး ဖြိုချ ဖျက်ဆီးလိုက်တာလို့ ဆိုပါတယ်။

    ဒီနေရာမှာ အုပ်ချုပ်ရေး၊ ရဲ နဲ့ လွှတ်တော်အမတ် အာဏာပိုင် အားလုံးရဲ့ စဉ်းစားချက် အလွန်အံ့သြဖို့ ကောင်းတာ တွေ့နိုင်ပါတယ်။ ပြသနာကို ဥပဒေအတိုင်း ဖြေရှင်းဖို့ မစဉ်းစားခဲ့သလို၊ အမှန်အတိုင်း ဖြေရှင်းဖို့လည်း ကြိုးစားတာ မတွေ့ရပါဘူး။ လူအုပ်ကြီးက မီးရှို့ဖျက်ဆီးရင် ပိုဆိုးသွားလိမ့်မယ် ဆိုတာ တခုတည်းနဲ့ လူအုပ်ကြီး ကျေနပ်အောင် အာဏာပိုင်တွေကိုယ်တိုင် ဖြိုချ ဖျက်ဆီးပေးလိုက်တာ ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတာက ခုလို လူအုပ်နဲ့ အကြမ်းဖက်ဖို့ လုပ်တာကို မတားဆီးရုံမက၊ ဘယ်သူတွေက သတင်းမှားတွေဖြန့်ပြီး အကြမ်းဖက်ဖို့ လှုံ့ဆော်သလဲ ဆိုတာကိုလည်း စုံစမ်းဖော်ထုတ်ဖို့ လုပ်တာ မတွေ့ရပါဘူး။

    တကယ့်တကယ် ပြန်ဆန်းစစ်ကြည့်ရင် မူဆလင် တစ်အိမ်ထောင်မှ မရှိတဲ့နေရာမှာ ဗလီဆောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် နေအိမ်ပိုင်ရှင်ဟာ ဗုဒ္ဓဘာသာ မြန်မာ လို့ သိထားတဲ့အတွက် ဗလီဆောက်ဖို့ ဆိုတာ ပိုပြီး မဖြစ်နိုင်ပါဘူး။ ဒီ အတွက် ပြသနာကို အကြမ်းဖက်ရန် ကြံရွယ်ချက်နဲ့ မမှန်မကန် လှုံ့ဆော်မှုအဖြစ် ရဲရဲဝံ့ဝံ့ ကိုင်တွယ်ခဲ့သင့်ပါတယ်။

    လက်တွေ့မှာလည်း အဲဒီ နေအိမ်ပိုင်ရှင်ဟာ ဗုဒ္ဓဘာသာ လင်မယားနှစ်ယောက်ဖြစ်ပြီး ဓာတ်ပုံ စတူရီယို တခု အတွက် အခုလို တည်ဆောက်ထားတာလို့ သိရပါတယ်။ နေအိမ်ကို ဖြိုဖျက်ဖို့ အာဏာပိုင်တွေပေးတဲ့ နောက်ထပ် အကြောင်းပြချက်တခုက စည်ပင်မှာ ခွင့်ပြုချက် တင်မထား လို့ဆိုပါတယ်။ ဒီနေရာမှာ မေးစရာ မေးခွန်းရှိလာတာက အဲဒီနေရာမှာ အဲဒီနှစ်ထပ်အိမ်ကြီး တည်ဆောက်ပြီးစီးခါနီးအထိ စည်ပင်က မသိခဲ့ဘူး ဆိုတာများလား။ အဲဒါမျိုးမဖြစ်နိုင်ဘူး ဆိုတာ အားလုံးက သိနေကြပါတယ်။

    ဖြစ်နိုင်တာတွေက ခွင့်ပြုချက်နဲ့ ပတ်သက်ပြီး အိမ်ပိုင်ရှင်တွေဟာ စည်ပင်သာယာကို လာဘ်ထိုးပြီး ဆောက်နေသလား၊ နောက်ပိုင်းကျမှ စည်ပင်က သတ်မှတ်တဲ့ ဒါဏ်ငွေဆောင်ပြီး လူနေထိုင်ခွင့်ကျအောင် လုပ်မှာမျိုးလား၊ တစ်ခုခု ဖြစ်နိုင်ပါတယ်။ စည်ပင်သာယာ ဥပဒေအရ အရေးယူတယ် ဆိုရင် အရင်ကတည်းက အရေးယူဖို့ လိုပါတယ်။ အခုလို လူစုလူဝေးနဲ့ ဖျက်ဖို့ တောင်းဆိုလာရင်လည်း အာဏာပိုင်တွေဟာ ဒါကို မရရတဲ့နည်းနဲ့ တားဆီးရပါမယ်၊ နောက်ပိုင်းကျမှ တည်ဆဲ စည်ပင်သာယာ ဥပဒေအရ ပိုင်ရှင်ကို ဥပဒေအတိုင်း အရေးယူဖို့ပဲ ဖြစ်ရပါမယ်။ အခုပြသနာမှာ အာဏာပိုင်တွေဟာ တရားဥပဒေ စိုးမိုးရေးကို မျက်ကွယ်ပြုထားတာ အတော်လေး ထင်ရှားတာ တွေ့နိုင်ပါတယ်။

    သိပ်မကြာသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့တုန်းကပဲ ရခိုင်ပြည်နယ် စစ်တွေမြို့ ဒါးပိုင် ဒုက္ခသည် စခန်းက မူဆလင် ၇ ယောက် ရဲလုံခြုံရေး တယာက်ပါပြီး ရောင်နီဦး ဆိပ်ကမ်းကို သွားပါတယ်။ ဆိပ်ကမ်းအရောက်မှာ ဘာပြသနာမှ မဖြစ်ပါပဲနဲ့ လူအုပ်စုကြီးက ခဲတွေနဲ့ဝိုင်းထု၊ အကြမ်းဖက် ၀ိုင်းတိုက်ခိုက်ကြလို့ တစ်ယောက်သေ၊ ကျန် ၆ ယောက်လုံးလည်း ဒါဏ်ရာရသွားပါတယ်။ သူတို့ စီးသွားတဲ့ ကားလည်း ပျက်စီးသွားပါတယ်။ အခုလို မင်းမဲ့တိုင်းပြည်ဆန်ဆန် လူစုလူဝေးနဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုကြီး ဖြစ်သွားခဲ့တာတောင် အာဏာပိုင်တွေဟာ လုံလောက်တဲ့ အရေးယူမှု လုပ်တာ မတွေ့ရပါဘူး။ လူတစ်ယောက်ကို ဖမ်းထားတယ် ဆိုတာကလွဲပြီး တခြား ဘယ်လို အရေးယူဆောင်ရွက်မှုမျိုးကိုမှ ထုတ်ပြန်တာ မတွေ့ရပါဘူး။ အလားတူ ၂၀၁၂ နောက်ပိုင်းကာလ မြန်မာနိုင်ငံတွင်း ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့စဉ် ကာလတုန်းကလည်း အခုလိုပဲ လူစုလူဝေးနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ လူတွေကို ၀ိုင်းဝန်း သတ်ဖြတ်တာတွေ နေရာ အတော်များများမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ပြသနာတွေနဲ့ ပတ်သက်ရင် အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် အရေးယူကိုင်တွယ်နိုင်တာ အလွန်ရှားပါတယ်။ ဒါကြောင့်လည်း ဒီနေ့ထက်ထိ လူစုလူဝေးနဲ့ အကြမ်းဖက်တဲ့ လုပ်ရပ် ဆက်ပြီး ရှင်သန်နေတာ ဖြစ်ပါတယ်။

    ပြသနာတွေအားလုံးကို ဆန်းစစ်ကြည့်လိုက်ရင် အာဏာပိုင်တွေဟာ အကြမ်းဖက်သမားတွေကို ထိထိရောက်ရောက် အရေးယူတာ မတွေ့ကြရပါဘူး။ အလားတူ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေလည်း များသောအားဖြင့် အရေးယူ မခံကြရပါဘူး။ ဒါတင်မက အမုန်းတရား ပျံ့ပွားအောင် လှုံ့ဆော်သူတွေဟာလည်း ဒီကနေ့အချိန်ထိ အရေးယူတာ မခံကြရပါဘူး။ အဲလို ပြသနာတွေကို တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်သေးသ၍ တရားဥပဒေ စိုးမိုးရေး ဆိုတာ ဖြစ်လာဦးမှာ မဟုတ်သလို နိုင်ငံတကာ အလည်မှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကလည်း ဆက်ပြီး ကျဆင်းနေဦးမှာပါပဲ။ တစ်ဆက်တည်း အခုလို လူစုလူဝေးနဲ့ အကြမ်းဖက်မှု လုပ်တာမျိုးတွေလည်း ထပ်ပြီး ပေါ်ပေါက်လာဦးမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

    VOA မှ ကူးယူဖော်ပြပါသည်။

     

  • မူးယစ်စစ်ဆင်ရေးအတွင်း မြို့တော်ဝန်နှင့် ဇနီးဖြစ်သူကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ပစ်သတ်

    မူးယစ်စစ်ဆင်ရေးအတွင်း မြို့တော်ဝန်နှင့် ဇနီးဖြစ်သူကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ပစ်သတ်

    ဇူလိုင် ၃၀၊ ၂၀၁၇
    M-Media

    – နိုင်ငံတောင်ပိုင်းရှိ မြို့တစ်မြို့တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် စီးနင်းမှုအတွင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့မှာ မြို့တော်ဝန်နှင့် ၎င်း၏ ဇနီးဖြစ်သူတို့ကို ပစ်သတ်ခဲ့သည်ဟု သိရသည်။

    အိုဇာမစ်ဇ်မြို့တွင် မြို့တ်ာဝန် ရေနာလ်ဒို ပါရိုဂျီနော့ဂ်၊ ၎င်း၏ သမီးဖြစ်သူနှင့် အခြား တာဝန်ရှိသူ ၄ ဦးကို ၀ရမ်းဖြင့် ဖမ်းဆီးရန် ယနေ့မနက်ပိုင်းက ပြုလုပ်ခဲ့သည့် စီးနင်းမှုအတွင်း ၎င်းတို့က သေနတ်ဖြင့် ခုခံခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ပါရိုဂျီနော့ဂ်မှာ ပြီးခဲ့သည့်နှစ် သြဂုတ်လက သမ္မတဒူတာတေးမှ ထုတ်ပြန်သော မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် အစိုးရတာဝန်ရှိသူ ၁၆၀ စာရင်းတွင် ပါဝင်သူဖြစ်သည်။

    အဆိုပါ စီးနင်းမှုအတွင်း ပါရိုဂျီနော့ဂ်၏ဇနီး၊ ၎င်းတို့၏ ဆွေမျိုးတစ်ဦး လုံခြုံရေးအစောင့် ၄ ဦးတို့လည်း သေဆုံးခဲ့သည်။ မြို့ဝန်၏ သမီးဖြစ်သူ ဒုတိယမြို့တော်ဝန် နိုဗာ အီချာဗက်စ်ကို ဖမ်းဆီးနိုင်ခဲ့သည်။

    ရဲတပ်ဖွဲ့ဝင်များမှာ လက်ပစ်ဗုံးများ၊ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားခဲ့သည်။ ပါရိုဂျီနော့ဂ်မှာ ခြစားမှုစွဲချက်များကိုလည်း ရင်ဆိုင်နေရပြီး မူးယစ်ဆေးနှင့် ဆက်နွယ်မှုမရှိဟု ၎င်းက ငြင်းဆိုထားသည်။

    ပြီးခဲ့သည့်နှစ် ဇွန်လ ၂၀၁၆ ခုနှစ်မှစ၍ ဆောင်ရွက်သော ဒူတာတေး၏ မူးယစ်နှိမ်နှင်းမှု စစ်ဆင်ရေးတွင် လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ ပါရိုဂျီနော့ဂ်မှာ သေဆုံးခဲ့သည့် မြို့တော်ဝန်များတွင် ဦးမြောက်ဖြစ်သည်။

    Ref: Aljazeera

  • အီဒရစ် နိုစရာတီ (သို့မဟုတ်) လီဗာပူးလ်မြို့မှ မွတ်စလင်သူရဲကောင်း

    အီဒရစ် နိုစရာတီ (သို့မဟုတ်) လီဗာပူးလ်မြို့မှ မွတ်စလင်သူရဲကောင်း

    ဇူလိုင် ၃၀၊ ၂၀၁၇
    M-Media

    လူဖြူများအား တိုက်ခိုက်နေသည့် လူ ၃ ဦးကို ရဲလက်အပ်နိုင်ခဲ့သည့် အီဒရစ်

    – လီဗာပူးလ်မြို့တစ်ဝှမ်း လျှောက်သွားပြီး ခရစ်ယာန်လို့ ပြောတဲ့သူတိုင်းကို တိုက်ခိုက်ဖို့လုပ်တဲ့ လူငယ် ဂိုဏ်းတစ်ခုကို လိုက်ဖမ်းတဲ့အချိန် ဘယ်လောက်အထိ စိုးရိမ်ကြောက်ရွံ့စိတ်တွေ ရှိခဲ့လဲဆိုတာကို အသင့်စား စားသောက်ဆိုင်ပိုင်ရှင် အီဒရစ် နိုစရာတီက ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။

    သူငယ်ချင်းတွေနဲ့ ညထွက်လည်ပြီး အိမ်အပြန်လမ်းမှာ အီဒရစ်ဟာ လူ ၃ ဦးက လမ်းလျှောက်နေတဲ့ လူဖြူစုံတွဲကို တိုက်ခိုက်နေတာ တွေ့မြင်ခဲ့ပါတယ်။

    “သူတို့ကို ကျွန်တော် ကာကွယ်ပေးချင်တယ်။ ဒါ့ကြောင့် ကျွန်တော်သွားပြီး ‘မင်းတို့ဘာလုပ်နေတာလဲ’လို့ ပြောခဲ့ပါတယ်” လို့ အသက် ၃၅ နှစ်အရွယ် အီဒရစ်က ဆိုပါတယ်။

    “သူတို့က ကျွန်တော့်ကို မွတ်စလင်လားလို့မေးတယ်။ ကျွန်တော်က ဘာလို့လဲလို့ ပြောတဲ့အခါ အဲဒီလူက ‘ငါ့မေးတာဖြေပါ’ လို့ ပြောတယ်။ ကျွန်တော်မွတ်စလင်ဖြစ်ကြောင်း ပြောလိုက်တဲ့အခါ သူက ‘မွတ်စလင်တွေသိတဲ့ စကားတစ်ခွန်း’ ပြောလို့ ပြောပါတယ်”

    အဲဒီနောက်မှာတော့ မစ္စတာ အီဒရစ်က အစ္စလာမ့်သက်သေခံချက်ဖြစ်တဲ့ ‘အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား ခ၀ပ်ကိုးကွယ်ရာမရှိ၊ တမန်တော်မုဟမ္မသခင်သည် အလ္လာအရှင်မြတ်၏ တမန်တော်ဖြစ်သည်’ လို့ ဆိုပြခဲ့ပါတယ်။

    IS အကြမ်းဖက်သမားတွေဟာ ဖမ်းဆီးထားသူတွေကို မသတ်ခင် ဒီလိုမေးမြန်းလေ့ရှိပြီး၊ အီဒရ်စတစ်ယောက် ဒီလိုမေးမြန်းခံခဲ့ရတဲ့အချိန်မှာ သူ့အနေနဲ့ IS ထောက်ခံသူတွေနဲ့ ရင်ဆိုင်နေရပါလားဆိုတဲ့ စိုးရိမ်စိတ်တစ်ခုဝင်လာခဲ့ပါတယ်။

    ” ‘မင်း မွတ်စလင်လား ခရစ်ယာန်လား’ လို့ သူတို့က မေးတယ်။ ခရစ်ယာန်လို့ဖြေရင်တော့ သူတို့ဟာ အဲဒီလူတွေကို ထိုးနှက်ကြပါတယ်။ ဒီလိုမျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး” လို့ အီဒရစ်က သူရင်ဆိုင်ခဲ့ရတဲ့ လူ ၃ ဦးအကြောင်းကို ပြောကြားခဲ့ပါတယ်။

    အဲဒီအုပ်စုက သူတို့လုပ်နေတာတွေကို ၀င်မရှုပ်ဖို့ အီဒရစ်ကို သတိပေးခဲ့ပြီး ထွက်သွားခဲ့ပါတယ်။ အီဒရစ်ဟာ နောက်ကလိုက်သွားပြီး ဒီလူတွေ နောက်ထပ်တစ်ယောက်ကို ထိုးနှက်တဲ့အချိန်မှာ အီဒရစ်က ရဲကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။

    နောက်ထပ် ၆ ယောက်လောက် ထိုးနှက်ခံရပြီးတဲ့နောက်ပိုင်း ရဲလာတဲ့အချိန်မှာ အဲဒီလူရမ်းကားအုပ်စုထဲက အသက် ၁၉ နှစ်အရွယ် ဖာရူက် ပတေးလ်ဆိုသူက သူတို့ရဲ့ ထိုးကြိမ်မှုကို ရိုက်ကူးထားတဲ့ ဖုန်းထဲက ဗီဒီယိုတွေကို ဖျက်ဖိုးကြိုးစားခဲ့ပြီး၊ အီဒရစ်က သက်သေပျောက်မှာဆိုးတဲ့အတွက် ဒီလူငယ်ကို ၀င်လုံးခဲ့ပါတယ်။

    အပြန်အလှန်လုံးထွေးမှုအတွင်း အီဒရစ်ဟာ မျက်နှာကို ထိုးနှက်ခံခဲ့ရပြီး နောက်ဆုံးမှာ ဒီလူကို မြေပြင်ပေါ်လှဲချကာ ချုပ်ထားနိုင်ခဲ့ပါတယ်။

    “နောက်ဆုံးမှာတော့ ကျွန်တော် မိုဘိုင်းဖုန်းကို ရခဲ့ပြီး ရဲလက်အပ်နိုင်ခဲ့ပါတယ်”

    ဒီမိုဘိုင်းဖုန်း၊ မစ္စတာ အီဒရစ်ရဲ့ ထွက်ချက်တွေက ဒီလူရမ်းကား ၃ ဦးကို တရားစွဲဆိုရေးမှာ အထောက်အကူဖြစ်စေခဲ့ပြီး အသက် ၂၄ နှစ်အရွယ် အေမင် မိုဟာမက်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ထောင်ဒဏ် ၄၂ ပတ် ကျခံခဲ့ရပါတယ်။ အသက် ၂၀ အရွယ် မိုဟာမက် ပက်တေးလ်ဟာ လူငယ်ထိန်းသိမ်းရေစခန်းမှာ ၄၂ ပတ် နေရမှာဖြစ်ပြီး၊ ဖာရူက်ကတော့ ၁၈ ပတ် နေရမှာ ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ ၈ နှစ်က အင်္ဂလန်ကို ပြောင်းရွှေ့လာခဲ့တဲ့ မစ္စတာ အီဒရစ်ဟာ ဒီလိုအရေးယူခဲ့မှုအတွက် ပျော်ရွှင်နေပါတယ်။

    “ဒီလူတွေက တော်တော်မကောင်းတဲ့လူတွေဗျ။ မွတ်စလင်၊ ဂျူး၊ ခရစ်ယာန် ဘာပဲဖြစ်ဖြစ် လူဆိုးဟာ လူဆိုးပါပဲ” လို့ သူကဆိုပါတယ်။

    ဒီသတင်းကိုကြားပြီးတဲ့နောက် လီဗာပူးလ်က ပြည်သူတွေဟာ အီဒရစ်ရဲ့ စားသောက်ဆိုင် Kng Taco ကို ဖုန်းဆက်ပြီး ကျေးဇူတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    အများစုက အပြုသဘောဆောင်တဲ့စကားတွေပြောကြားခဲ့ပြီး တစ်ချို့က လက်စားချေခံရနိုင်တယ်ဆိုတဲ့ သတိပေးမှုတွေလည်း ရှိပါတယ်။

    “လူသားတစ်ယောက်အနေအနဲ့ အခြားလူသားကို ကြည့်ရှုစောင့်ရှောက်ဖို့အတွက် တာဝန်ရှိတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ထိခိုက်သူက ကျွန်တော့်ပတ်ဝန်းကျင်မှာ နေထိုင်သူပါ။ တစ်ခြားတစ်ယောက်ယောက်က ဒီလို ရိုင်းစိုင်းမယ်ဆိုရင် ကျွန်တော်လုပ်နိုင်တာ လုပ်သွားမှာပါ။ ကျွန်တော်လုပ်တာမှန်တယ်လို့ ထင်တယ်။ တိုက်ခိုက်သူတွေဟာ သင်ခန်းစာကောင်းကောင်း ရသွားမှာပါ”

    Ref: Independent

  • လေယာဉ်ဖောက်ခွဲရန် ကြံစည်မှုတစ်ခုကို သြစတေးလျ ဖော်ထုတ်

    လေယာဉ်ဖောက်ခွဲရန် ကြံစည်မှုတစ်ခုကို သြစတေးလျ ဖော်ထုတ်

    ဇူလိုင် ၃၀၊ ၂၀၁၇
    M-Media

    – လက်လုပ်ဖောက်ခွဲရေးပစ္စည်းဖြင့် လေယာဉ်တစ်စင်းကို ဖျက်ချရန် ဆောင်ရွက်မည့် အကြမ်းဖက်ရန် ကြံစည်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု သြစတေးလျ အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။

    ယမန်နေ့က ဆစ်ဒနီတွင် ပြုလုပ်ခဲ့သည့် စီးနင်းမှုများအတွင်း ထိုကိစ္စနှင့်ပတ်သက်၍ လူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၀န်ကြီးချုပ် မဲလ်ကွန် တန်ဘူးလ်က အဆိုပါကြံစည်မှုမှာ တစ်ဦးတည်းထက် လူအများ ပူးပေါင်းကြံစည်ပုံရပြီး နိုင်ငံတစ်ဝှမ်းရှိ ပြည်တွင်းနှင့် နိုင်ငံတကာလေဆိပ်များကို လုံခြုံရေး တိုးမြှင့်ချထားလိုက်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုကြံစည်မှုမှာ ပြည်တွင်း သို့မဟုတ် နိုင်ငံတကာလေကြောင်းလိုင်း စသဖြင့် မည်သည့်လေကြောင်းခရီးစဉ်အား ပစ်မှတ်ထားသည်လားဆိုသည်ကို အာဏာပိုင်များက ပြောကြားခဲ့ခြင်းမရှိဘဲ Daily Telegraph သတင်းစာက ပြည်တွင်းလေကြောင်းလိုင်း ဖြစ်သည်ဟု ဆိုသည်။

    ၾသစေတ်းလ် ပြည်ထောင်စု ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး အန်ဒရူး ကိုလ်ဗင်က အဆိုပါ ကြံစည်မှုမှာ ‘အစ္စလာမ့်မစ်များကို အားကျသော’ ကြံစည်မှုဖြစ်ကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများထဲမှ ခိုင်မာသည့် သတင်းအချက်အလက်များကို ရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး ဖမ်းဆီးခံထားရသူများမှာ စောင့်ကြည့်စာရင်းတွင် ပါဝင်လားဆိုသည်ကို ပြောဆိုခဲ့ခြင်းမရှိချေ။

    ABC သတင်းဌာနက စနေနေ့တွင် ပြုလုပ်ခဲ့သော စီးနင်းဖမ်းဆီးမှုအတွင်း လက်လုပ်ဗုံးတစ်ခု ပြုလုပ်ရာတွင် အသုံးပြုနိုင်သည့် ပစ္စည်းမျာကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့မှာ အဆိုပါဗုံးကို လေယာဉ်ပေါ်သို့ ခိုးသယ်ပြီး ဖောက်ခွဲရန် ကြံစည်နေသည်ဟု အာဏာပိုင်များက ယုံကြည်နေကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    Ref: CNA