News @ M-Media

Blog

  • စစ်တပ်ကိုဝေဖန်ခဲ့သော ဦးဝင်းထိန် ဆေးရုံတက်ရသည့်ကိစ္စ၏ နောက်ကွယ်…..

    စစ်တပ်ကိုဝေဖန်ခဲ့သော ဦးဝင်းထိန် ဆေးရုံတက်ရသည့်ကိစ္စ၏ နောက်ကွယ်…..

    သြဂုတ် ၂၊ ၂၀၁၇
    M-Media

    – အာဏာရ NLD ပါတီက ပြောရေးဆိုခွင့်ရှိသူ ဦ၀င်းထိန်တစ်ယောက် ဇမ္ဗူသီရိ အထူးကုဆေးရုံမှာ တက်ရောက်ကုသနေပြီး သတင်းထောက်တွေကို ၀င်ရောက်ခွင့်မပေးဘူးလို့ သူနဲ့ နီးစပ်သူရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

    ဦးဝင်းထိန်ဟာ လွန်ခဲ့တဲ့ ၂ ပတ်ကျော်ကျော်လောက်ကတည်းက ဆေးရုံတက်ခဲ့ရတာဖြစ်ပေမယ့် သူ့ရဲ့အခြေအနေနဲ့ ပတ်သက်ပြီး အများပြည်သူသိအောင် တရားဝင်ကြေငြာချက်မထုတ်ပြန်ပါဘူး။ NLD ရင်းမြစ်တွေက ဆေးစစ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အကြံပေးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဆေးရုံတက်လိုက်ရတယ်လို့ ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နီးကပ်သူတစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ဟာ ဆေးရုံမှာ ၂ လလောက် အချိန်ကုန်ဆုံးရမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဇူလိုင် ၂၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ NLD အမှုဆောင်ကော်မတီအစည်းဝေးကို ဦးဝင်ထိန် တက်ရောက်ခဲ့ရာမှာ ကျန်းမာတဲ့ ပုံစံ ရှိပါတယ်။

    အမည်မဖော်လိုတဲ့ NLD ရင်းမြစ်တွေက ဆေးစစ်မှုအတွင်းမှာ ဆရာဝန်တွေက ဦးဝင်းထိန်ကို အနားယူဖို့ အကြံပြုခဲ့ပြီး ရုပ်သံလိုင်းတွေ တပ်ပေးထားတဲ့ တီဗီရှီရာ အခန်းတစ်ခုကို ပြသခဲ့ကာ ကာလရှည်အနည်းယူဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဦးဝင်းထိန့်နဲ့ နီးစပ်သူ သတင်းထောက်တွေက သူတို့ဟာ ဦးဝင်းထိန်ကို သွားတွေ့ဖို့ ကြိုးစားတဲ့အခါ ပုံမှန်မဟုတ်တဲ့ ပုံစံမျိုးနဲ့ မောင်းထုတ်ခံခဲ့ရတယ်လို့လည်း ဧရာဝတီကို ပြောကြားခဲ့ပါတယ်။

    အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ တော်တော်လေးကျန်းမာတယ်လို့ ထင်ရပြီး ပြီးခဲ့တဲ့လအနည်းငယ်အတွင်း သူ့ရဲ့ ပြဿနာက မီဒီယာ၊ စစ်တပ်တို့နဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်မိတ်ဆွေဖြစ်ပြီး NLD က ရွေးချယ်ခန့်အပ်ထားတဲ့ သမ္မတ ဦးထင်ကျော်ဟာ နှုတ်ထွက်တော့မယ်ဆိုတဲ့ ကောလဟာလတွေ အခုနှစ်အစောပိုင်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပေမယ့် မမှန်သတင်းသာဖြစ်ခဲ့ပါတယ်။

    ဒီကောလဟာလတွေနဲ့ပတ်သက်ပြီး ဦးဝင်းထိန်က “ကြံ့ခိုင်ရေးကပဲ လုပ်သလား၊ တချို့တပ်မတော်အဖွဲ့အစည်းတွေကပဲ လုပ်သလား၊ ကျွန်တော်တို့ကို မလိုလားတဲ့ အိုင်တီကျွမ်းကျင်သူတွေကပဲ လုပ်သလားဆိုတာ မှန်းရခက်တယ်” လို့ ပြောကြားခဲ့ပါတယ်။

    စစ်တပ်ကပါဝင်တယ်ဆိုပြီး အာဏာရပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားမှုကို စစ်တပ်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

    စစ်တပ်သတင်းအချက်အလက်အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ “အခြေအမြစ်ခိုင်လုံခြင်းမရှိပဲ သံသယစိတ်ပေါ် အခြေခံပြီး တပ်မတော်အား ထည့်သွင်းပြောဆိုခြင်းဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်” လို့ ဖော်ပြခဲ့ပါတယ်။

    ဒီလိုလုပ်ရပ်တွေဟာ ‘အထူးသဖြင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အစဉ်တစ်စိုက် ဦးတည်ဆောင်ရွက်နေတဲ့ကာလမှာ အမျိုသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်တယ်’ လို့ စစ်တပ်က ပြောကြားခဲ့ပြီး ‘လိုအပ်တဲ့ တုန့်ပြန်မှုတွေ လုပ်သွားမယ်’ လို့လည်း ဖော်ပြခဲ့ပါတယ်။

    ဒီလို ထိပ်တိုက်တွေ့မှုကို ဦးဝင်းထိန်အပါအ၀င် NLD ခေါင်းဆောင်တွေအနေနဲ့ ဘယ်လို ဖြေရှင်းခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် မေလက ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဦးဝင်းထိန်တစ်ယောက် အပြေးအလွှား သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။

    စစ်တပ်အရာရှိဟောင်းဖြစ်ပြီး ၁၉၈၈ ခုနှစ် NLD ပါတီကို ၀င်ရောက်ပြီးတဲ့နောက်ပိုင်း နှစ်များစွာ ထောင်းနန်းစံခဲ့ရတဲ့ ဦးဝင်ထိန်းဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သစ္စာရှိသူဖြစ်ပြီး ပါတီရဲ အဓိကအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ သူမရဲ့ပါတီနဲ့ စစ်တပ်ခေါင်းဆောင်တွေအကြား ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ဦးဝင်းထိန် ဆေးရုံတက်ရတဲ့ကိစ္စ ပေါ်လာတာဖြစ်ပါတယ်။

    ဇူလိုင်လအစောပိုင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပရိုတိုကောလ်အရ အစိုးရအဖွဲ့မှာ ညွှန်ကြားရေးမှူးချုပ်ရာထူးသာရှိပြီး၊ သူ့ကို ခေါင်းဆောင်တစ်ယောက်လို ဆက်ဆံနေတာဟာ ဒီမိုကရေစီနည်းမကျဘူးလို့ ပြောကြားခဲ့ကာ စစ်တပ်နဲ့ အရပ်သားအစိုးရအကြား ပွတ်တိုက်မှုကို ဖြစ်စေခဲ့ပါတယ်။

    စစ်တပ်က ချက်ခြင်းဆိုသလိုပဲ NLD အစိုးရကို ဒီကိစ္စအတွက် တိုင်ကြားခဲ့ပြီး ၀န်ကြီးချုပ်ကို ‘လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဖို့’ တောင်းဆိုခဲ့ပါတယ်။

    ဦးဖြိုးမင်းသိန်းကလည်း လျင်လျင်မြန်မြန်ပဲ စစ်တပ်ကို တောင်းပန်စာပေးခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်သူ NLD အကြီးတန်းအဖွဲ့ဝင် ဦးဝင်းမြင့်ရဲ့ ခေါ်ယူဆုံးမမှုကိုလည်း ခံခဲ့ရပါတယ်။

    ဒီအငြင်းပွားစရာကိစ္စတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့အစိုးရတို့ဟာ တစ်နှစ်တာ အုပ်ချုပ်မှုကာလမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် စစ်တပ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ထူထောင်ဖို့ ကြိုးစားနေချိန်မှာ ဖြစ်ပေါ်လာတာပါ။

    နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လတ်လောနှစ်တွေမှာ အကြိမ်တော်တော်များများ တွေ့ဆုံခဲ့ပြီး ယုံကြည်မှုတည်ဆောက်ဖို့ဖြစ်တယ်လို့ ယူဆရပါတယ်။

    ထောင်ထဲမှာ နှစ်တော်တော်များများ နေခဲ့ရတဲ့ NLD က ကြီးတန်းအဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်ခေါင်းဆောင်တွေအကြား ယုံကြည်မှုတည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ ဦးဝင်းထိန်နဲ့ ဦးဖြိုးမင်းသိန်းတို့ရဲ့ ပြောကြားမှုတွေဟာ အထောက်အကူမဖြစ်ဘူးလို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ဧရာဝတီကို ပြောကြားခဲ့ပါတယ်။

    Ref : .irrawaddy

    (ဧရာဝတီသတင်းဌာန၏ အင်္ဂလိပ်ပိုင်းတွင် လွှင့်တင်ထားသော Analysis: Behind NLD Spokesperson’s Hospitalization ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • လူနည်းစုကို မကာကွယ်ပေးသည့် ရဲတပ်ဖွဲ့နှင့် အစိုးရကို အာဖဂန်ပြည်သူများ ဆန္ဒပြ

    လူနည်းစုကို မကာကွယ်ပေးသည့် ရဲတပ်ဖွဲ့နှင့် အစိုးရကို အာဖဂန်ပြည်သူများ ဆန္ဒပြ

    သြဂုတ် ၂၊ ၂၀၁၇
    M-Media

    ယနေ့ဈာပနအခမ်းအနားကို တက်ရောက်ခဲ့သည့် ရှီအာပြည်သူများ

    – မနေ့က ရှီအာဗလီဝတ်ကျောင်းတော်မှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ သေဆုံးသွားကြသူတွေကို ဒီနေ့ မြှုပ်နှံမှုအပြီး အာဖဂန်ပြည်သူတွေက ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ် ဟီရတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ ၄၈ နာရီအတွင်း အာဖန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ပြီး အနည်းဆုံး ရှီအာဝတ်ပြုသူ ၂၉ ဦး သေဆုံးခဲ့ပါတယ်။

    သေဆုံးသွားသူတွေကို ဒီနေ့မှာ မြှုပ်နှံသင်္ဂြီုဟ်ပြီးနောက်ပိုင်းမှာ လူနည်းစုတွေကို ကာကွယ်မပေးနိုင်တဲ့ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

    ဗလီဝတ်ကျောင်းတော်အတွင်း ဖောက်ခွဲမှု မပြုလုပ်ခင်မှာ သေနတ်သမား ၂ ဦးဟာ ဗလီဝတ်ကျောင်းတော် အပြင်ဘက်က လုံခြုံရေးအစောင့် ၂ ယောက်ကို ပစ်သတ်ခဲ့ပြီး နောက်ပိုင်းမှာ ဗလီအတွင်းက ၀တ်ပြုသူတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။

    ဟီရတ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျီလာနီ ဖာရ်ဟဒ်က ဒဏ်ရာရသူတွေဟာ ၆၀ ကျော်လောက် ရှိတဲ့အတွက် သေဆုံးသူအရေအတွက် တိုးလာမယ်ဆိုတဲ့ စိုးရိမ်မှုတွရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပစ်ခတ်မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ မိုဟာမက် ဂျာဝဒ် အေမစ်က ရဲတပ်ဖွဲ့နဲ့ အစောင့်တွေဟာ သေနတ်သမားတွေကို တုန့်ပြန်ပစ်ခတ်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

    “လူတွေက အော်ပြီး၊ ပြေးကြတယ်။ အကြည့်တွေအားလုံးက ရဲတပ်ဖွဲ့နဲ့ အစောင့်တွေဆီရောက်သွားပါတယ်။ သူတို့ကတော့ ပြန်မပစ်ပါဘူး။ အမိန့်မရလို့မပစ်တာလို့ သူတို့က ပြောပါတယ်။ ရဲဆိုရင် အခင်းဖြစ်တဲ့နေရာက ထွက်ပြေးသွားပါတယ်” လို့ အေမစ်က ပြောကြားခဲ့ပြီး သေနတ်သမား ၄ ယောက်မှာ ၂ ယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

    တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ ဟီရတ်မြို့သားတွေဟာ ရဲတပ်ဖွဲ့ရဲ့ တုန့်ပြန်မှု အားနည်းတာကို မကျေနပ်တဲ့အတွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ခဲ့ကာ၊ ရဲကင်းတွေလည်း မီးရှို့ခံခဲ့ရပါတယ်။

    ဒီနေ့ပြုလုပ်ခဲ့တဲ့ ချီတက်ဆန္ဒပြမှုမှာ ပြည်သူတွေက လူနည်းစုတွေကို ပိုမိုကာကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပြီး၊ ဆန္ဒပြပွဲကို ဦးစီးခဲ့တဲ့ ဂျာဝဒ်က ဒီချီတက်မှုမှာ ရှီအာနဲ့ စွန်နီမွတ်စလင်တွေ အတူပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ အစိုးရကတော့ လုံခြုံရေးကို ထူထပ်စွာ ချထားခဲ့ပါတယ်။

    “ဟီရတ်က စည်းလုံးပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့တဲ့အခါ စွန်နီမွတ်စလင်တွေ တော်တော်များများက လိုအပ်တဲ့သွေးကို လှူဒါန်းခဲ့ပါတယ်။ လူတိုင်းက စိတ်ဆိုးနေကြတာဗျ။ ရှီအာ၊ စွန်နီဆိုတာတွေကို အခုအချိန်မှာ ဘယ်သူမှ ဂရုမစိုက်ဘူး။ ဒီအကြမ်းဖက်သမားတွေက ကျွန်တော်တို့အားလုံးကို ပစ်မှတ်ထားနေတာ”

    ရှီအာဗလီဝတ်ကျောင်းတော်ကို တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်မယူသေးပေမယ့် တနင်္လာနေ့က မြို့တော်ကဘူးလ်မှာ ဖြစ်ပွားခဲ့ပြီး အာဖဂန် လုံခြုံရေးအစောင့် ၂ ဦး သေဆုံးခဲ့တဲ့ အီရတ်သံရုံးတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS က ပြောဆိုခဲ့ပါတယ်။

    ဒီနေ့မနက် ကန်ဒါဟာမှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို တာလီဘန်က သူတို့လုပ်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မနေ့က ဟဲလမန်ပြည်နယ်နဲ့ ပက်တီယာပြည်နယ်တွေမှာလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    Ref: Aljazeera

  • ရုရှားနိုင်ငံမှ ထူးခြားသည့် ဗလီဝတ်ကျောင်းတော် ၁၀ လုံး

    ရုရှားနိုင်ငံမှ ထူးခြားသည့် ဗလီဝတ်ကျောင်းတော် ၁၀ လုံး

    သြဂုတ် ၂၊ ၂၀၁၇
    M-Media

    – အစ္စလာမ်သာသနာဟာ ရုရှးအော်သိုဒေါ့စ်ပြီးရင် ရုရှားနိုင်ငံမှာ ဒုတိယကိုးကွယ်သူအများဆုံး ဘာသာတရားတစ်ခုဖြစ်ပြီး ရုရှားရဲ့ သမိုင်းအမွေအနှစ်တွေနဲ့ ဆက်စပ်နေတဲ့ ရိုးရာဘာသာတရားတွေထဲက တစ်ခုအဖြစ် မှတ်ယူခံထားရပါတယ်။

    ၂၀၀၇ ခုနှစ်က Russian Public Opinion Research Center က ကောက်ယူတဲ့ စစ်တမ်းမှာ ရုရှားပြည်သူတွေရဲ့ ၆ ရာခိုင်နှုန်းက သူတို့ဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြတယ်လို့ ဖြေကြားခဲ့ပါတယ်။ Pew Research Center က ၂၀၁၇ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်းမှာတော့ ရုရှားမှာ အစ္စလာမ်ဘာသာဝင်အရေအတွက်ဟာ ၁၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဆိုပါတယ်။

    Russia Today မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ခုမှာ ၁၅ ရာခိုင်နှုန်းလို့ ရေးသားထားပါတယ်။

    ရုရှားနိုင်ငံမှာ ဗလီဝတ်ကျောင်းတော် တော်တော်များများလည်းရှိနေပြီး အဲဒီအထဲကမှ ထူးခြားတဲ့ ဗလီဝတ်ကျောင်းတော် ၁၀ လုံးအကြောင်းကို အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။

    ၁။ နူရ်ဒါ ကမာလ် ဗလီ (Nurda Kamal Mosque)

    ကမ္ဘာ့ မြောက်ဖက်အစွန်းကျဆုံး ဗလီအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ နူရ်ဒါ ကမာလ် ဗလီဝတ်ကျောင်းတော်ဟာ ဆိုက်ဘေးရီးယားဒေသက စက်မှုမြို့ဖြစ်တဲ့ Norilsk မှာ တည်ရှိပါတယ်။ ဒီဗလီဝတ်ကျောင်းတော်ကို ၁၉၉၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

    ၂။ မော်စကိုဂျာမေဗလီ (Moscow Cathedral Mosque)

    ၁၉၀၄ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဒီဗလီဝတ်ကျောင်းတော်ကြီးဟာ ၂၀၁၁ ခုနှစ်မှာ ဖြိုချတဲ့အထဲ ပါသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆောက်အဦးအဟောင်းက ကျောက်တုန်းတွေကို ပြန်လည်စုစည်းကာ တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဥရောပရဲ့ အကြီးဆုံးဗလီဝတ်ကျောင်းတော်ကြီးဖြစ်သလို ၇၉ မီတာရှိတဲ့ မင်နာရတ်မျှော်စင်ကလည်း ဥရောပမှာ အမြင့်ဆုံး မင်နာရတ်အဖြစ် မှတ်တမ်းဝင်ပါတယ်။

    ၃။ ဗလီပြာ (Blue Mosque)

    ဒီဗလီဝတ်ကျောင်းတော်ကြီးကို နီဗာမြစ်ဝကျွန်းပေါ်ဒေသရဲ့ တတိယအကြီးဆုံးကျွန်း Petrogradsky မှာ ၁၉၁၀ ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။ ဗလီရဲ့အမိုးခုံးဟာ ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာရ်ကန်ဒေသမှာရှိတဲ့ တူရကီဘုရင် တာမာလိန်းရဲ့ ဗိမာန်က အမိုခုံးကို ပုံတူယူပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဗလီပြာဟာ မြစ်ကမ်းနဖူးပေါ်မှာ တည်ဆောက်ထားတဲ့ ဥရောပက တစ်ခုတည်းသော ဗလီဖြစ်ပါတယ်။

    ၄။ ဆူလ်တန် ဒီလင်မ်ခါနော့ဗ် ဗလီ (Sultan Delimkhanov)

    ခြေချင်းညာဒေသက Dzhalka ဆိုတဲ့ ရွာလေးမှာ တည်ရှိပါတယ်။ ၁၉၉၀ ပြည့်နှစ်ပိုင်းက လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရတဲ့ ကျေးရွာခေါင်းဆောင် ဒီလင်မ်ခါနော့ဗ်ကို အစွဲပြုပြီး သူ့နာမည် မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ ဒီဗလီဝတ်ကျောင်းတော်မှာ တစ်ကြိမ်တည်း လူ ၅၀၀၀ လောက် ၀တ်ပြုနိုင်ပါတယ်။

    ၅။ ဂျူမာ ဗလီဝတ်ကျောင်းတော် (Jumah Mosque)

    ဒါဂက်စတန်ဒေသက ဒါဘန့်မြို့မှာတည်ရှိတဲ့ ဒီဗလီဝတ်ကျောင်းတော်ကို သက္ကရာဇ် ၇၃၃ နဲ့ ၇၃၄ ကြားမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ရုရှားမှာ ရှေးအကျဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်ပါတယ်။ ဒီဗလီဟာ ယူနက်စကိုက ကမ္ဘာ့သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဗလီလည်း ဖြစ်ပါတယ်။

    ၆။ ဂျမေဗလီကြီး ( Grand Mosque)

    ဒီဗလီဝတ်ကျောင်းတော်ကို ၁၉၉၇ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး တူရကီက အချမ်းသာဆုံး မိသားစုတွေထဲက တစ်စုက ငွေကြေးစိုက်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဂက်စတန်ဒေသ Makhachkala မှာရှိတဲ့ ဒီဗလီဝတ်ကျောင်းတော်ကို နောက်ပိုင်းမှာ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိ လူပေါင်း ၁၇၀၀၀ လောက် တစ်ချိန်တည်း ၀တ်ပြုနိုင်ကာ ရုရှားမှာ လူအများဆုံး ၀တ်ပြုနိုင်တဲ့ ဗလီဖြစ်ပါတယ်။

    ၇။ ကူလ်ရှရစ်ဖ် ဗလီ (Kul Sharif)

    ကာဇန်မြို့က ဒီဗလီဟာ ၁၅၄၇ ခုနှစ်ကနေ ၁၅၅၂ ခုနှစ်အထိ အုပ်စိုးခဲ့တဲ့ အိုက်ဗန် ဂရော့ဇနီရဲ့ လက်ထက်မှာ ဖျက်ဆီးခံလိုက်ရတဲ့ သမိုင်းဝင် မင်နာရတ်ရှိရာ ဗလီဝတ်ကျောင်းတော်ဟောင်း နေရာမှာ ပြန်လည်ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ၅၅ မီတာမြင့်တဲ့ မင်နာရတ်မျှော်စင် ၆ ခုဟာ ကာဇန်ရဲ့ ဗိသုကာဆိုင်ရာ သမိုင်းဝင် အဆောက်အဦးထဲမှာ ပါဝင်ပြီး ၂၀၀၀ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ခဲ့ပါတယ်။

    ၈။ လာလာတူလစ် ဗလီကြီး ( Lala-Tulip Mosque)

    Bashkortostan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရှိနေတဲ့ ဒီဗလီကြီးကို ၁၉၉၀-၉၈ မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ထူးခြားဆန်းပြားတဲ့ ခေတ်သစ် ဗိသုကာလက်ရာ ဖြစ်ပါတယ်။ အဓိက ၀တ်ပြုဆောင်ရဲ့ တစ်ဖက်တစ်ချက်စီမှာ ရှိနေတဲ့ မင်နာရတ်နှစ်ခုဟာ ၅၃ မီတာစီ မြင့်ပါတယ်။ ဒီဗလီဟာ ဥရောပမှာ မော်ဒန်အကျဆုံး ဒီဇိုင်းလည်း ဖြစ်ပါတယ်။

    ၉။ ဘူလ်ဂါရ်ဗလီ (Bulgar Mosque)

    ကာဇန်မြို့မှာ တည်ရှိနေပြီး ရုရှားတစ်နိုင်ငံလုံးမှာ တစ်ခုတည်းသော အဖြူရောင်ဗလီကြီး ဖြစ်ပါတယ်။ မွတ်စလင်ထုံးစံအရ အဖြူရောင်ဟာ သန့်ရှင်းစင်ကြယ်မှုနဲ့ စိတ်နှလုံးငြိမ်းချမ်းခြင်းကို ကိုယ်စားပြုပါတယ်။ သောကြာနေ့ ၀တ်ပြုတာမျိုး မက္ကာကိုသွားပြီး ဟဂ်ျပြုတာမျိုးတွေမှာ မွတ်စလင်တွေဟာ အဖြူရောင်ဝတ်စုံတွေကို ၀တ်လေ့ရှိပါတယ်။

    ၁၀။ အဟ်မဒ် ကဒီရော့ဗ်ဗလီ (Akhmat Kadyrov Mosque)

    ခြေချင်းညာဒေသရဲ့ အသည်းနှလုံးဖြစ်တဲ့ ဒီဗလီကျောင်းတော်ကြီးကို အစ္စတန်ဘူလ်က နာမည်ကျော် ဗလီပြာ (Blue Mosque) နဲ့ တစ်ပုံစံတည်းတူအောင် တူရကီလက်ရာအတိုင်း တည်ဆောက်ထားတာဖြစ်ပါတယ်။ ခြေချင်းညာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ပထမဆုံးသမ္မတအမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားတာဖြစ်ပြီး ဗလီဝတ်ကျောင်းတော်အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကနေ ၂၄ နာရီ ၇ ရက်ပတ်လုံး ဗလီရဲ့ လှုပ်ရှားမှုကို အွန်လိုင်းက Live လွှင်ပေးနေပါတယ်။

    Ref: rbth.com

  • မသန်စွမ်းမှုကို နောက်ကောက်ချခဲ့တဲ့ လန်ဒန်က မွတ်စလင်လူငယ်

    မသန်စွမ်းမှုကို နောက်ကောက်ချခဲ့တဲ့ လန်ဒန်က မွတ်စလင်လူငယ်

    သြဂုတ် ၂၊ ၂၀၁၇
    M-Media

    – အလန် ဟန်နက်စီဆိုတဲ့ လန်ဒန်က မွတ်စလင်လူငယ်တစ်ယောက်ဟာ အမြင်အာရုံချို့တဲ့သူတစ်ဦးပါ။

    ဒါပေမယ့် ဒီမသန်စွမ်းမှုကို သူက လုံ့လ၊ ၀ိရိယတွေ၊ စိတ်အားထက်သန်မှုတွေနဲ့ ကျော်ဖြတ်ကာ ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ ကိန်းဘရစ်ဂ်ျတက္ကသိုလ်မှာ ဥပဒေဘွဲ့ကို ပထမအဆင့်နဲ့ ရယူနိုင်ခဲ့ပါတယ်။

    ဒီဗီဒီယိုလေးကတော့ သူ့ရဲ့ ဘ၀အကြောင်း၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရမှုတွေအကြောင်း၊ စာသင်ခန်းပြင်ပဘ၀အကြောင်းကို ဖွင့်ဟထားတာ ဖြစ်ပါတယ်။

    BBC က ဗီဒီယိုကို M-Media က စာတမ်းထိုးပြီး တက်ဆက်တာဖြစ်ပါတယ်။

  • လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးအား နှုတ်ထွက်ခွင့်ပြု၊ ဆောက်လုပ်ရေးဝန်ကြီးမှ ပူးတွဲကိုင်မည်။

    လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးအား နှုတ်ထွက်ခွင့်ပြု၊ ဆောက်လုပ်ရေးဝန်ကြီးမှ ပူးတွဲကိုင်မည်။

    သြဂုတ် ၂ ၊ ၂၀၁၇
    M-Media
    သီဟ

    လျှပ်စစ်နှင့် စွမ်းအင် ဖိုရမ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဖေဇင်ထွန်း အဖွင့်မိန့်ခွန်းပြောနေ စဉ် (ဆင်ဟွာ)

    လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်းအား ၄င်း၏ သဘောဆန္ဒအရ ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။

    ဦးဖေဇင်ထွန်းမှာ ယခင် ဦးသိန်းစိန် အစိုးရလက်ထက်တွင် လျှပ်စစ်ဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး NLD အစိုးရ လက်ထက် ဝန်ကြီးအဖြစ် တာဝန် ပေးအပ်ခံရသူ ဖြစ်ပါတယ်။

    လစ်လပ်သွားတဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးတာဝန်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်မှ ပူးတွဲတာဝန်ယူဖို့ အမိန့်ကြေညာချက်ကိုလည်း သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

    NLD အစိုးရ တာဝန်ယူပြီး တနှစ်ခွဲကျော်ကာလ အတွင်း မွန်ပြည်နယ် ဝန်ကြီးချူပ် ဦးမင်းမင်းဦးအား ၄င်း၏ သဘောဆန္ဒအရ နှုတ်ထွက်ခွင့်ပြုခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို သမ္မတ အမိန့်နဲ့ ရာထူးမှ ထုတ်ပယ်ခဲ့ပြီးဖြစ်ပါတယ်။