News @ M-Media

Blog

  • မောင်တောတွင် ပစ်ခတ်မှုဖြစ်ပွား ၆ ဦး သေဆုံးပြီး ၂ ဦးပျောက်ဆုံးနေ

    မောင်တောတွင် ပစ်ခတ်မှုဖြစ်ပွား ၆ ဦး သေဆုံးပြီး ၂ ဦးပျောက်ဆုံးနေ

    သြဂုတ်လ ၄ ၊ ၂၀၁၇

    ဓါတ်ပုံ- မင်းအောင်ခိုင် (ဧရာဝတီ)

    မောင်တောမြို့နယ်၊ ကိုင်းကြီး(မြို)ရွာ အနောက်ဘက်မှာ သေနတ်သံတွေ ကြားတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းဆောင်ရွက်တဲ့အခါ ကိုင်းကြီးကျေးရွာသား ခြောက်ယောက်ရဲ့ အလောင်းတွေကို တွေ့ခဲ့ရပြီး နှစ်ဦး ပျောက်ဆုံးနေတဲ့အတွက် အကြမ်းဖက်သူတွေကို ပိတ်ဆို့ရှာဖွေနေတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

    ကိုင်းကြီး (မြို)ကျေးရွာနေ ကိုကုန်ဝိုင်း (၂၅) နှစ်၊ ကိုလင်းကြတ် (၂၉) နှစ်တို့ နှစ်ဦးရဲ့ အလောင်းတွေကို စတင်တွေ့ရှိရပြီး နေ့လယ်ပိုင်းမှာ ကိုကိုင်းမွှေး (၂၅)နှစ်၊ မဆိန်ရာ (၃၈)နှစ်၊ မရီ(၂၇)နှစ်၊ မထီးကော် (၂၅) နှစ်တို့ကို သေနတ်ဒဏ်ရာနဲ့ ပြတ်ရှဒဏ်ရာတွေရပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။

    မောင်တော အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ ရဲအရာရှိ တဦးက  ပစ်ခတ်မှု ဖြစ်ပွားခြင်းသည် မှန်ကန်ကြောင်း၊ သို့သော် လူသေဆုံးမှုနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးကြောင်း၊ အခင်းဖြစ်ပွားသည့် နေရာသို့ နယ်ခြားစောင့် တပ် ဖွဲ့ဝင်များနှင့်တပ်မတော် စစ်ကြောင်း တချို့ သွားရောက် စစ်ဆေးနေပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေဆဲ ဖြစ် ကြောင်း၊ ဘယ်အဖွဲ့ ပစ်ခတ်တယ်ဆိုတာ မသိရသေးကြောင်း ၊ အသေးစိတ်သိရရင် သတင်းထုတ်ပြန်မှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ဧရာဝတီ သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

    လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပျောက်ဆုံးနေသူ ၂ ယောက်ကို ဆက်လက် ရှာဖွေနေပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကို ပိတ်ဆို့ရှာဖွေတာ၊ လိုက်လံရှင်းလင်းတာတွေ ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပေမယ့် ဘယ်အဖွဲ့ဆိုတာ တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။

    မောင်တော ခရိုင်အတွင်းရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့တွင် လူသတ်မှုများ မကြာ ခဏ ဖြစ်ပွားနေပြီး၊ မသင်္ကာသူများကိုလည်း မကြာခဏ ဖမ်းဆီးရမိနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်း ထုတ်ပြန်ထားသည်။

    ref: DVB,ဧရာဝတီ

  • ဘာကာတိုက်စစ်မှူး နေးမာ ပီအက်စ်ဂျီသို့ ရောက်ပြီ

    ဘာကာတိုက်စစ်မှူး နေးမာ ပီအက်စ်ဂျီသို့ ရောက်ပြီ

    သြဂုတ် ၄၊ ၂၀၁၇
    M-Media

    ကမ္ဘာ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားများ

    – ဘာစီလိုနာအသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေးမာမှာ ပီအက်စ်ဂျီအသင်းနှင့် ၅ နှစ်တာ စာချုပ်ကို မနေ့က အပြီးသတ်ချုပ်ဆိုနိုင်ခဲ့ပြီး ၎င်းအား ခေါ်ယူရာတွင် ကုန်ကျခဲ့သည့် ယူရို ၂၂၂ သန်းမှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့သည်။

    ပီအက်စ်ဂျီမှ ထုတ်ပြန်သော ကြေငြာချက်တွင် နေးမာမှာ ၂၀၂၂ ခုနှစ်အထိ အသင်းတွင် ရှိမည်ဖြစ်ပြီး တစ်ပတ်လျှင် အခွန်လွတ်လစာငွေ ယူရို ၅၅၀၀၀၀ ၀န်းကျင် ရရှိမည်ဖြစ်ကြောင်း၊ စနေနေ့တွင် ပရိတ်သတ်များနှင့် မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    “ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ရတဲ့အတွက် ကျွန်တော် အလွန်အမင်း ပျော်ရွှင်မိပါတယ်။ ကျွန်တော် ဥရောပစရောက်တည်းက ဒီအသင်းဟာ အမြဲတမ်း ယှဉ်ပြိုင်နိုင်စွမ်းအရှိဆုံး၊ ရည်မှန်းချက်အကြီးဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ အသင်းသစ်က ကစားသမားတွေနဲ့ ပေါင်းစည်းဖို့ ကျွန်တော့်ကို လှုံ့ဆော်နိုင်ဆုံးအရာက ပရိတ်သတ်တွေလိုချင်တဲ့ ဆုဖလားတွေကို ရယူနိုင်အောင် ကူညီပေးချင်တဲ့ စိတ်ဓာတ်ဖြစ်ပြီး ဒါဟာ အကြီးမားဆုံးစိန်ခေါ်မှုလည်း ဖြစ်ပါတယ်” ဟု နေးမာက ပြောကြားခဲ့သည်။

    ယခုကဲ့သို့ ဘာစီလိုနာမှ ပြောင်းရွှေ့သွားခြင်းကြောင့် နေးမာမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ၅ ကြိမ်ရ မက်ဆီ၏ လောင်းရိပ်အောက်မှာ လွတ်မြောက်ကာ၊ ပြင်သစ်တွင် အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်လာမည်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။

    နေးမာအပြောင်းအရွှေ့အတွက် သုံးစွဲခဲ့သည့် ငွေကြေးမှာ ဥရောပဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားသည့် ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်း FFP နှင့် ညိစွန်းမှုရှိနေလားဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်နေသည်။

    ပီအက်စ်ဂျီအသင်းက နေးမာအတွက် စာချုပ်လျော်ကြေး ယူရို ၂၂၂ သန်းကို လာလီဂါအဖွဲ့အား ပေးအပ်ခဲ့သော်လည်း လက်ခံခဲ့ခြင်းမရှိဘဲ နောက်ပိုင်းတွင် ဘာစီလိုနာက ထိုငွေကြေးကို ၎င်းတို့ လက်ခံရရှိကြောင်း ကြေငြာခဲ့သည်။

    Ref: Aljazeera

     

  • နေးမာအပြောင်းအရွှေ့ကိစ္စကို လာလီဂါတာဝန်ရှိသူများ လက်မခံ

    နေးမာအပြောင်းအရွှေ့ကိစ္စကို လာလီဂါတာဝန်ရှိသူများ လက်မခံ

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    ယမန်နေ့က ပေါ်တိုလေဆိပ်တွင် တွေ့ရသည့် နေးမာ

    – ဥရောပဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည့် ဘဏ္ဍာရေး ညီမျှမှု စည်းမျဉ်း (FFP) အား ချိုးဖောက်ဖွယ် ရှိနေသည့်အတွက်ကြောင့် ပီအက်စ်ဂျီအသင်းက နေးမာအပြောင်းအရွှေ့အတွက် လျော်ကြေး ယူရို ၂၂၂ သန်း ပေးချေမှုကို လာလီဂါတာဝန်ရှိသူများက လက်မခံဟု သိရသည်။

    အသက် ၂၅ နှစ်အရွယ် နေးမာမှာ မနေ့က အသင်းမှ ထွက်ချင်သည်ဟု ဘာစီလိုနာအား ပြောကြားခဲ့ပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပီအစ်က်ဂျီသို့ ရောက်ရန် ရှိနေသည်။

    စာချုပ်သက်တမ်း မပြည့်သေးသောကြောင့် ပီအက်စ်ဂျီမှာ ဘာစီလိုနာအား လျော်ကြေး ယူရို ၂၂၂ သန်း ပေးရမည်ဖြစ်ပြီး စည်းမျဉ်းအားဖြင့် လာလီဂါအုပ်ချုပ်ရေးအဖွဲ့က လက်ခံရမည်ဖြစ်ကာ နောက်ပိုင်းတွင် ဘာစီလိုနာကို လွှဲပေးရမည်ဖြစ်သည်။

    လာလီဂါက ယခုငွေကြေးကို လက်မခံမှုအတွက် ပြင်သစ် လိဂ်ဝမ်း တာဝန်ရှိသူတစ်ဦးက ဝေဖန်ခဲ့ပြီး လာလီဂါမှာ တရားနည်းလမ်းမကျသည့် လုပ်ရပ်ကို လုပ်နေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဘာစီလိုနာအသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့အနေဖြင့် အခြေအနေကို စောင့်ကြည့်နေသည်ဟု AP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဘာစီလိုနာမှာ ပီအက်စ်ဂျီ၏ ထိုကမ်းလှမ်းမှုအတွက် ဥရောပဘောလုံးအဖွဲ့ချုပ်ကို တင်ပြမည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။

    လာလီဂါက နေးမာ၏ ရှေ့နေမှာ ထိုငွေကြေးကို မိမိတို့ထံ လာရောက်ပေးအပ်ခဲ့သော်လည်း မမိတို့က ငြင်းပယ်ခဲ့သည်ဟု BBC သို့ ပြောကြားခဲ့သည်။

    Ref: BBC

  • အစိုးရဆန့်ကျင်ရေးသပိတ်မှောက်မှု ‘ပတ္တနိက္ကုဇ္ဇနကံ’ အကြောင်းတရားနှင့် မညီဟု သာသနာရေး ထုတ်ပြန်

    အစိုးရဆန့်ကျင်ရေးသပိတ်မှောက်မှု ‘ပတ္တနိက္ကုဇ္ဇနကံ’ အကြောင်းတရားနှင့် မညီဟု သာသနာရေး ထုတ်ပြန်

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    – ရန်ကုန်နဲ့ မန္တလေးမှာ မနေ့က စတင်ခဲ့ပြီး ရဟန်းသံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေပါဝင်တဲ့ အစိုးရဆန့်ကျင်ရေး သပိတ်မှောက်မှုဟာ အင်္ဂုတ္တရပါဠိတော်မှာ ဖော်ပြထားတဲ့ ‘ပတ္တနိက္ကုဇ္ဇနကံ(သပိတ်မှောက်ခြင်း)’ အကြောင်းတရား ၈ ပါးနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီကနေ့မှာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

    ကြေငြာချက်အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

     

    ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့သည့် သပိတ်မှောက်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းဖော်ပြခြင်း

    ၂-၈-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အနီး မဟာဇေယျ အတုလမာရဇိန် ကြေးသွန်းဘုရားတွင် သံဃာ ၁၀ ပါးနှင့် လူပုဂ္ဂိုလ် ၃၅ ဦးတို့ကလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး အနောက်ဘက် ၂၅၀၀ ခန်းမရှေ့တွင် သံဃာ ၁၅ ပါးခန့်နှင့် လူပုဂ္ဂိုလ် ၅၀ ဦးခန့်တို့ကလည်းကောင်း အစိုးရအား ဆန့်ကျင်သပိတ်မှောက်ပွဲ ပြုလုပ်ခဲ့ကြောင်း လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် တွေ့ရှိရပါသည်။

    ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း(သို့မဟုတ်) သပိတ်မှောက်ခြင်းဆိုသည်မှာ ရဟန်းကောင်း၊ ရဟန်းမြတ် များအပေါ် အပြစ်လုပ်သူ ဒါယကာ၊ ဒါယိကာမများအား သပိတ်မှောက်သူများက သံဃာနှင့်ပတ်သက်ခွင့် ရှိသူ မဟုတ်တော့ကြောင်း၊ ၎င်းတို့လှူဒါန်းသည့် ဆွမ်း၊ ကွမ်းစသော အလှူဒါနတို့ကို ခံယူမှုမပြုတော့ကြောင်း သိစေအပ်ခြင်းကို ပတ္တနိက္ကုဇ္ဇနကံဆောင်သည်(သို့မဟုတ်) သပိတ်မှောက်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

    လူဖြစ်စေ ရဟန်းဖြစ်စေ တစ်စုံတစ်ယောက်သောသူသည် အောက်ဖော်ပြပါအချက်များနှင့် ညီညွတ်မှသာ ပတ္တနိက္ကုဇ္ဇနကံ(သပိတ်မှောက်ခြင်း) ပြုလုပ်သင့်ကြောင်း အင်္ဂုတ္တရပါဠိတော်တွင် ဖော်ပြထားပါသည်-

    ၁။ ရဟန်းတို့အား လာဘ်မရအောင် ပြုလုပ်ခြင်း၊
    ၂။ ရဟန်းတို့အား အကျိုးမဲ့အောင် ပြုလုပ်ခြင်း၊
    (အပြစ်မရှိဘဲ အပြစ်ရှိသည်ဟု စွပ်စွဲခြင်း၊ သီလမပျက်စီးဘဲ သီလပျက်စီးသည်ဟု စွပ်စွဲခြင်း)
    ၃။ ရဟန်းတို့အား နေရာမရအောင် ပြုလုပ်ခြင်း၊
    ၄။ ရဟန်းတို့အား ဆဲရေးခြင်း၊ ကြိမ်းမောင်းခြင်း၊
    ၅။ ရဟန်းသံဃာအချင်းချင်း ကွဲပြားအောင် ကုန်းတိုက်ခြင်း၊
    ၆။ ဘုရားရှင်၏ ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊
    ၇။ တရားတော်၏ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊
    ၈။ သံဃာတော်တို့၏ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊

    ဤ ၈ မျိုးသော အကြောင်းတရားတို့တွင် တစ်ခုခုဖြင့် ငြိစွန်းလျှင် ထိုသို့ပြုလုပ်သောပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့အား သံဃာတော်များသည် “ပတ္တနိက္ကုဇ္ဇနကမ္မဝါစာ”ကို ရွတ်ဖတ်၍ ကျောင်းအတွင်း၌သာ သပိတ်မှောက်ထိုက်၊ ဆန္ဒပြထိုက်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းသည်သာ သာသနာတော်ကို ကာကွယ်ခြင်း၊ တည်တံ့ပြန့်ပွားအောင် ပြုလုပ်ခြင်းဖြစ်ပါသည်။ အထက်ဖော်ပြပါအကြောင်းတရား ၈ ပါးအနက် တစ်ပါးပါးဖြင့် ငြိစွန်းခြင်းမရှိပါက ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း မပြုလုပ်သင့်ပါ။

    ယခု သပိတ်မှောက်ကံ ပြုလုပ်ခံနေရသော အစိုးရသည်လည်း ဘာသာသာသနာကို ထောက်ပံ့ လှူဒါန်းစောင့်ရှောက်နေသောကြောင့် ဘုရားရှင်ဟောကြားထားသော “ပတ္တနိက္ကုဇ္ဇနကံ” ပြုရမည့် အကြောင်းတရား ၈ ချက်အနက် တစ်ပါးပါးကိုမျှ ပြုမူဆောင်ရွက်ခြင်းမရှိကြောင်း၊ ရန်ကုန်၊ မန္တလေးမြို့ တို့တွင် ပြုလုပ်နေသော သပိတ်မှောက်ပွဲ၌ ပါဝင်သည့် သံဃာများသည် သံဃာအများစု၏ဆန္ဒကို ကိုယ်စားမပြုကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက ရဟန်းများနှင့် လူပုဂ္ဂိုလ်အချို့ကို အသုံးချခြင်းဖြစ်နိုင်ကြောင်းနှင့် ယခုကဲ့သို့ သပိတ်မှောက်ခြင်းသည် ပြည်သူလူထု၏ဆန္ဒ မဟုတ်ပါကြောင်း အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။

    သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

  • မျိုးရိုးလိုက်တတ်သည့် ရောဂါများကို ဖယ်ရှားနိုင်တော့မည်

    မျိုးရိုးလိုက်တတ်သည့် ရောဂါများကို ဖယ်ရှားနိုင်တော့မည်

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    ရောဂါဖြစ်နိုင်သည့် DNA ကို ဖယ်ရှားပြီးနောက် တွေ့ရသည့် သန္ဓေသားလောင်း

    – မျိုးရိုးလိုက်ပြီး ဖြစ်တတ်တဲ့ ကြောက်စရာ နှလုံးရောဂါရဲ့ DNA ကို သိပ္ပံပညာရှင်တွေက သန္ဓေသားလောင်းကနေ ပထမဆုံးအကြိမ် အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပြီး အနာဂတ်မှာ မျိုးရိုးလိုက်ရောဂါတွေကို တားဆီးနိုင်ရေး လမ်းစတစ်ခုလည်း ဖြစ်ပါတယ်။

    ဒီစမ်းသပ်မှုကို အမေရိကန်ပြည်ထောင်စု အော်ရီဂွန် ကျန်းမာရေးနဲ့ သိပ္ပံတက္ကသိုလ်၊ Salk Institute နဲ့ တောင်ကိုရီးယား Institute for Basic Science က ပညာရှင်တွေက ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရောဂါဖြစ်နိုင်တဲ့ DNA ကို ဖယ်ရှားပြီးတဲ့နောက် သန္ဓေသားလောင်းကို ၅ ရက်တာ ဆက်ထားခဲ့ကာ နောက်ပိုင်းမှာ စမ်းသပ်မှုကို အဆုံးသတ်ခဲ့ပါတယ်။

    နှလုံးရောဂါ၊ ရင်သားကင်ဆာအပါအ၀င် မျိုးရိုးလိုက်ဖြစ်တတ်တဲ့ ရောဂါပေါင်း တစ်သောင်းလောက်ကို ဖယ်ရှားနိုင်ရေး အလားအလာရှိတဲ့ ဒီစမ်းသပ်မှုကို ၂၀၁၅ ခုနှစ်က ဖန်တီးနိုင်ခဲ့တဲ့ Crispr နည်းပညာနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

    ဒီလို DNA ဖယ်ရှားမှုကို အမျိုးသားဆီက သုတ်သွေးနဲ့ အမျိုးသမီးဆီက မမျိုးဥတို့ စတင်ပေါင်းစည်းတဲ့အချိန်မှာ ပြုလုပ်ရတာဖြစ်ပြီး သုတေသနအဖွဲ့က အဓိကတာဝန်ရှိသူ ဒေါက်တာ ရှူခရတ် မီတာလီပေါ့ဗ်က ဒီလိုဖယ်ရှားလိုက်ကာ ရောဂါကင်းသွားတဲ့ မျိုးရိုးဗီဇဟာ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီလို မျိုးရိုဗီဇ ပြုပြင်မှုမျိုးကို ၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့ပေမယ့် အပြည့်အ၀ မအောင်မြင်ခဲ့ပါဘူး။

    ဒီနည်းလမ်းရဲ့ အဓိက အခက်အခဲက ဘေးကင်းရေးဖြစ်ပြီး နောက်ထပ် ကျယ်ပြန့်တဲ့ စမ်းသပ်မှုတွေလုပ်ဖို့ လိုပါတယ်။ လက်ရှိမှာ ဒီနည်းလမ်းဟာ ကျင့်ဝတ်နဲ့ ညီပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: BBC