News @ M-Media

Blog

  • အာဖဂန်နှင့် ပါကစ္စတန်တို့တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွား

    အာဖဂန်နှင့် ပါကစ္စတန်တို့တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွား

    ဇူလိုင် ၂၄၊ ၂၀၁၇
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့နှင့် ပါကစ္စတန်နိုင်ငံ လာဟိုးရ်မြို့တို့၌ ယနေ့တွင် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် လူအများအပြား သေဆုံးခဲ့သည်ဟု သိရသည်။

    ကဘူးလ်မြို့တွင် အစိုးရ ရေနံနှင့် သတ္ထုတွင်းဝန်ကြီးဌာနမှ လုပ်သားများ တင်ဆောင်လာသည့် ဘတ်စ်ကားမှာ အသေခံ ကားဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့သည်။ ယနေ့မနက် ၇ နာရီခန့်တွင် ဖြစ်ပွားသော အဆိုပါ တိုက်ခိုက်မှုအတွက် တာလီဘန်က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။

    တိုက်ခိုက်မှုကြောင့် ဘတ်စ်ကားအပါအ၀င် အခြားကားများ၊ ပတ်ဝန်းကျင်ရှိဆိုင်များ ပျက်ဆီးခဲ့ကြောင်း ဒဏ်ရာရသူများတွင် ကလေးများ ပါဝင်ကြောင်း ကဘူးလ်ရဲတပ်ဖွဲ့အကြီးအကဲ ဘဆီရ် မူဂျာဟစ်က ပြောကြားခဲ့သည်။ သေဆုံးဒဏ်ရာမှုစာရင်းမှာ တိုးလာဖွယ်ရှိနေသည်။

    ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၃ ရက်နေ့က ကဘူးလ်မြို့ရှိ ဟာဇရာရပ်ကွက်တွင် အသေခံဗုံးခွဲမှုတစ်ခုကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုအတွက် ယနေ့တွင် ဆန္ဒပြရန် စီစဉ်နေစဉ် ထိုနေရာ၌ပင် တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    လာဟိုးရ် ပေါက်ကွဲမှု

    ပါကစ္စတန်နိုင်ငံ လာဟိုးရ်မြို့ရှိ Lahore Technology Park အနီး ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၂၅ ဦး သေဆုံခဲ့ပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့သည်။

    ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အဆိုပါအဖြစ်အပျက်မှာ အသေခံဗုံးခွဲမှု ဖြစ်နိုင်ပြီး သေဆုံးသူများတွင် ရဲတပ်ဖွဲ့များလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

    ဧပြီလကလည်း လာဟိုးရ်မြို့တွင် သန်းခေါင်စာရင်းကောက်ယူသည့် ၀န်ထမ်းများကို တင်ဆောင်လာသော ကားတစ်စီး အသေခံဗုံးခွဲခံရမှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့သည်။

    လာဟိုးရ်မြို့လယ်ကောင်တွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်သော ဆန္ဒပြမှုတွင် လုံခြုံရေးယူပေးထားသည့် ရဲတပ်ဖွဲ့ဂိတ်ကို ပစ်မှတ်ထားသော အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၃ ဦးသေဆုံးခဲ့သည်။

    Ref: Aljazeera

  • ကနေဒါရှိ ဟိန္ဒူဘုရားကျောင်း ၁၀ နှစ်ပြည့်အခမ်းအနားသို့ ၀န်ကြီးချုပ် တက်ရောက်ချီးမြှင့်

    ကနေဒါရှိ ဟိန္ဒူဘုရားကျောင်း ၁၀ နှစ်ပြည့်အခမ်းအနားသို့ ၀န်ကြီးချုပ် တက်ရောက်ချီးမြှင့်

    ဇူလိုင် ၂၄၊ ၂၀၁၇
    M-Media

    – တိုရွန်တိုအခြေစိုက် ဟိန္ဒူဘုရားကျောင်း BAPS Shri Swaminarayan Mandir ရဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို မနေ့က ကျင်းပပြုလုပ်ခဲ့ပြီး ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒူ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

    ထရူဒူဟာ အိန္ဒိယရိုးရာဝတ်စုံ ကုရ်သာအပြာနဲ့ ပဂျာမားကို ၀တ်ဆင်ကာ ပန်းကုံးကို လည်ပင်းမှာစွပ်ပြီး ဟိန္ဒူဘာသာဝင်တွေရဲ့ ၀တ်ပြုဆုတောင်းမှုမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို တိုရွန်တို မြို့တော်ဝန် ဂျွန်တိုရီ၊ ကနေဒါနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ဗီကက်စ် ဆွာရပ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

    BAPS အဖွဲ့ဟာ ဟိန္ဒူဘာသာရဲ့ ဂိုးဏ်ခွဲတစ်ခုဖြစ်တဲ့ Swaminarayan က နိုင်ငံတကာ ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

    Shri Swaminarayan Mandir ဘုရားကျောင်းဟာ တိုရွန်တိုရဲ့ ကလိုင်ရီဗီလီဒရိုက်ဗ်ဒေသမှာရှိပြီး သက်တမ်းကတော့ ၁၀ နှစ်ရှိပြီ ဖြစ်ပါတယ်။

    “ကျွန်တော်တို့တိုင်းပြည်ရဲ့ အကြီးဆုံး Pearson International လေယာဉ်ကွင်းကနေတစ်ဆင့် ကနေဒါကို လာရောက်ကြတဲ့ ဧည့်သည်တွေ ကနေဒါမှာ ပထမဆုံးမြင်လိုက်ရတဲ့ မြင်ကွင်းတွေထဲက တစ်ခုဟာ အဝေးပြေးလမ်း ၄၂၇ က ဒီဘုရားကျောင်းကြီး ဖြစ်နေတာက ဘယ်လောက်တောင် အံ့ဖွယ်ကောင်းပြီး၊ လိုက်ဖက်သလဲဗျာ။ ကျွန်တော်ဆိုရင် ဒီထက်ပိုပြီး ဂုဏ်ယူစရာမျိုး မရှိတော့ပါဘူး” လို့ ကနေဒါဝန်ကြီးချုပ်က ဘုရားကျောင်းမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    BAPS ကမ္ဘာတစ်ဝှမ်းမှာ ကွန်ရက်ပေါင်း ၃၈၅၀ အထိ ဖြန့်ကျက်ထားပြီး အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေကာ ကုလအပါအ၀င် နိုင်ငံတကာက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဂုဏ်ပြုဆုတွေကိုလည်း ရရှိထားပါတယ်။

    [wzslider]

    Ref : Hindustantimes

  • “ဘာသာကို အကြောင်းပြု၍ လူမျိုးရေး ခွဲခြားတဲ့ မူဝါဒစနစ်တွေ ဖျက်သိမ်းဖို့အချိန်တန်ပြီ”

    “ဘာသာကို အကြောင်းပြု၍ လူမျိုးရေး ခွဲခြားတဲ့ မူဝါဒစနစ်တွေ ဖျက်သိမ်းဖို့အချိန်တန်ပြီ”

    မြန်မာနိုင်ငံမှာ တိုင်းရင်းသား နိုင်ငံသား၊ ပြု နိုင်ငံသား ၊ဧည့်နိုင်ငံသား စသည်ဖြင့် ခွဲ့ခြားခဲ့တဲ့ပုဂ္ဂိုလ်ကြီးမှာ မဆလ တစ်ပါတီအာဏာရှင် တရုတ်မျိုးနွယ်ဝင်ဗိုလ်ရှု့မောင် ခေါ် ဦးနေဝင်း ဖြစ်ပါတယ်။ဥပဒေပညာရှင်ကြီး ဒေါက်တာမောင်မောင် ကို မိမိအလိုကျ ဥဒေတွေကို ရေးဆွဲပြဌာန်းစေခဲ့ပါတယ်။၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာမသိမ်းခင် သမ္မတ အဖြစ်တောင် မြှောက်စားခဲ့ပါတယ်။

    တိုင်းရင်းသားဆိုတဲ့အဓိပ္ပါယ်ဟာ “၁၈၂၃ ခု အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲ မတိုင်ခင် မြန်မာနိုင်ငံအတွင်းမှာ နေရင်းဒေသအဖြစ် အတည်တကျနေထိုင်ခဲ့သူတွေပါ”လို့ အဓိပ္ပါယ် ဖွင့်ဆိုစေခဲ့တယ်။အဲဒိတိုင်းရင်းသားတွေထဲမှာ ပုဂံခတ်၊ အလောင်းမင်းတရား တို့ ခေတ် ကတည်းက ရှိခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေပါနေတော့ တိုင်းရင်းသားဆိုတာ လူမျိုး ၁၃၅ မျိုးထဲ ပါဆိုပြီးတော့ အာဏာရှင်ပီပီ လုပ်ချပစ်လိုက်ပြန်တယ်။ ကံကောင်းချင်တော့ ကမန် တိုင်းရင်းသား အစ္စလမ်ဘာသာဝင်တွေက သူဖယ်ရှားတဲ့အထဲမှာ ပါမသွားခဲ့ဖူး။ လူမျိုးရေးမုန်းတီးမှု့ အာဃာတရားတွေများနေလွန်းတာကြောင့် ကိုယ်လုပ်ချင်တာတွေပဲသိပြီး သမိုင်းကို မကျေတာကြောင့် ဗိုလ်မှူးကြီးဘရှင်တို့လို ဒေါက်တာသန်းထွန်းတို့လိုဂုဏ်သရေရှိ သမိုင်းပညာရှင်တွေ ရေးခဲ့တဲ့ နှစ်ပေါင်းထောက်ချီက ရှိခဲ့တဲ့ မြန်မာမွတ်စလင် (ပသီ)တိုင်းရင်းသားတွေကိုလည်း တိုင်းရင်းသားစာရင်းကနေ ဖယ်ထုတ်ခဲ့တယ်။ယခုလို နိုင်ငံရေးပွင့်လင်း ရာသီအချိန်မျိုးမှာတော့ ခေတ်ပညာတတ် တိုင်းရင်းသားခေါင်းဆောင်တွေ လူမျိုးစုခေါင်းတွေက အာဏာရှင်ကြီးနှင့်အပေါင်းပါတွေ သတ်မှတ်ခဲ့တဲ့ လူမျိုး ၁၃၅ မျိုးကို ဝေဖန်ထောက်ပြ ကန့်ကွက် ပြောဆိုနေကြပြီဖြစ်သည်။သူတို့ရဲ့ထောက်ပြချက်အရ

    (၁)လူမျိုး ၁၃၅ မျိုးစာရင်းထဲမှာ တကယ် မရှိတော့တဲ့ လူမျိုးစာရင်းတွေပါနေတယ်။
    (၂)နာမယ်တူတာတွေပါနေတယ်။နာမယ်ထပ်တာတွေပါနေတယ်။
    (၃)လူမျိုးစုအမည်စာရင်းတွေထဲမှာ မဆီမဆိုင်တဲ့ လူမျိုးစုစာရင်းတွေကို ထည့်ထားတယ်။
    (၄) သမိုင်းကြောင်းအရ နှစ်တစ်ထောင်ကျော်ကတည်းက တကယ်ရှိနေကြတဲ့ တိုင်းရင်းသားစာရင်းဝင်နေကြတဲ့ လူမျိုးစုစာရင်းတွေကိုလည်း ကိုးကွယ်တဲ့ဘာသာတရားကို အကြောင်းပြု၍အတ္တစိတ် လွှမ်းမိုးကာ ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်ပစ်ခဲ့တာတွေရှိခဲ့ကြောင်း ၂၀၁၄ မတ်လ ၃၁ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီးရဲ့လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNFPA ရဲ့ အကူအညီနဲ့လုပ်ခဲ့တဲ့တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်းကောက်ယူရေးစီမံချက်မှာ တိုင်းရင်းသားခေါင်းဆောင်တွေက သမိုင်းအကိုးအကား အထောက်အထားအပြည့်အစုံဖြင့် လူဝင်မှု့ကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။

    မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီခေတ်(မဆလ တစ်ပါတီခေတ်)မှာတော့ ဦးနေဝင်း ကို မလွန်ဆန်နိုင်သော ဥပဒေပညာရှင်ပေါင်း ၄၀ ကျော်ရဲ့အကူအညီနှင့် ရေးဆွဲခဲ့တဲ့ ၁၉၈၂ ခု မြန်မာ နိုင်ငံသားဥပဒေကို မဆလ လွှတ်တော်က အတည်ပြုပြဌာန်းခဲ့ပါတယ်။ အဲဒီ မြန်မာနိုင်ငံသားဥပဒေ အသက်မဝင်ခင် မှာပဲ ရှစ်လေးလုံး ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကြောင့် တစ်ပါတီအာဏာရှစ်စနစ် ပျက်ခဲ့ရပါတယ်။ ၁၉၈၈ ခု စက်တင်ဘာလ ၁၈ ရက်နေ့မှာ မဆလ သမ္မတဟောင်း ဒေါက်တာမောင်မောင် ထံမှ ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်သော အဖွဲ့ဝင် ၁၉ ဦးပါ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု့တည်ဆောက်ရေးအဖွဲ့-နဝတ စစ်အစိုးရအဖွဲ့)က နိုင်ငံတော်အာဏာကို လွှဲပြောင်း ရယူခဲ့ပါတယ်။ စစ်အာဏာရှင်ဟောင်းကြီးလည်းဖြစ် တစ်ပါတီ အာဏာရှင်ကြီးလည့်းဖြစ်ခဲ့တဲ့ ဦးနေဝင်းရဲ့ မဆလတစ် ပါတီခေတ်က မပြီးပြတ်သေးတဲ့ကိစ္စမှန်သမျှကို နဝတ စစ်အစိုးရ လက်ထက်မှာ အကောင် အထည်ဖော်ခဲ့ပါတယ်။

    အထူးသဖြင့် ၁၉၈၂ခု မြန်မာနိုင်ငံသားဥပဒေကို အသက်သွင်းခဲ့ပါတယ်။ ဥပဒေအရနိုင်ငံသားဖြစ်ထိုက်သူတွေကို လဝက ဝန်ကြီးဌာနဟာ ၁၉၈၉ ခုနှစ်တွင် ၁၉၅၈ နှစ်ခုက ထုတ်ပေးခဲ့သော ၃ ခေါက်ချိုးကတ်တွေကို ပြန်အပ်စေပြီး နိုင်ငံသားစိစစ်ရေး ကတ်ပန်းရောင်တွေကို လဲလှယ်ပေးခဲ့ပါတယ်။ လဝက ဝန်ကြီးဌာနဟာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကို ရောက်နေတဲ့အတွက် လဝက ဝန်ကြီးနှင့် ထိပ်တန်း လဝက တာဝန်ရှိသူတွေဟာလည်း စစ်အရာရှိကြီးတွေ ဖြစ်နေကြပါတယ်။

    မှတ်ပုံတင်ကိစ္စများနှင့်ပတ်သက်၍ အထက်က စစ်အရာရှိကြီးတွေရဲ့အစည်းအဝေးညွှန်ကြားချက် အမိန့်ညွှန်ကြားချက်များအတိုင်း တိတိကျကျ အကောင်အထည်ဖော် ဆောက်ရွက်ခဲ့ရပါတယ်။ စစ်တပ်မှာ ယနေ့တိုင် ကျင့်သုံးနေတဲ့ မူဝါဒ တစ်ရပ်ရှိပါတယ်။ အဲဒါကတော့ ဗုဒ္ဓဘာသာဝင်မှလွဲ၍ အစ္စလာမ်ဘာသာ ခရစ်ယာန်ဘာသာ နှင့်ဟိန္ဒူဘာသာ ကိုးကွယ်သူတွေဟာ တိုင်းရင်းသားဖြစ်ဖြစ် မဖြစ်ဖြစ် သူတို့ကို “ဘာသာခြား လူမျိုးခြား”လို့ ခေါ်ဝေါသတ်မှတ်ပြီး ထိုက်တန်တဲ့ ရာထူးနေရာမပေးခဲ့ပါဖူး။

    ဥပမာတစ်ရပ်ကို တင်ပြရလျှင် ပါလီမန်ဒီမိုကရေစီအစိုးရ ဖဆပလခေတ်နှင့် မဆလ တစ်ပါတီခေတ်က စစ်တပ်မှာ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ တ်ုင်းရင်းသားတွေ နိုင်ငံသားတွေကို ဗိုလ်ချုပ်တွေ ဗိုလ်မှူးချုပ်တွေ ဗိုလ်မှူးကြီး ရာထူးတွေပေးပြီး နိုင်ငံ့တာဝန်တွေကို ခန့်အပ်တာဝန်ပေးအပ်ခဲ့တာတွေရှိခဲ့ပါတယ်။ နဝတ စစ်အစိုးရ နှင့် နအဖ စစ်အစိုးရ လက်ထက်တွေမှာတော့ ယခင်အစိုးရများ လက်ထက်က ခန့်အပ်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေမဟုတ်တဲ့ စစ်တပ်ကအရာရှိကြီးတွေကိုအဓိကရည်ရွယ်ပြီး အချို့ကို အရပ်သားဖက်တွေ ပို့ခဲ့သည်။အချို့ကို ပင်စင်ပေးပြီး အနားယူစေခဲ့ပါတယ်။ဥပမာ စာရေးသူရဲ့တပည့်တွေ ဗိုလ်သင်တန်းလျောက်လွှာ တင်ပြီး စာမေးပွဲဖြေတဲ့အခါ အချို့က ရေးဖြေစာမေးပွဲအောင်ခဲ့တယ်။လူတွေ့စာမေးပွဲမှာ ဗုဒ္ဓဘာသာဝင်မဟုတ်လို့ အပယ်ခံခဲ့ရတာတွေ ရှိတယ်။ အချို့ကို ဗုဒ္ဓဘာသာ ပြောင်းရင် လက်ခံပေးမယ်လို့ပြောတယ်။အချို့က ဗုဒ္ဓဘာသာ ပြောင်းခဲ့လို့ အရွေးခံခဲ့ရသော်လည်း နောက်ပိုင်းမှာ ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာမဟုတ်မှန်း သိရှိသွားပြီ့း  ပင်စင်ပေးလိုက်တာတွေတောင် ရှိခဲ့ပါတယ်။ အခုဆိုရင် မြန်မာ့တပ်မတော်ထဲမှာ လုံခြုံရေး အကြောင်းပြချက်ဖြင့် ဗုဒ္ဓဘာသာမှလွဲ၍ မည့်သည့်ဘာသာဝင်ကိုမျှ အရာရှိတွေအဖြစ် ခန့်အပ်တာဝန်ပေးတာတွေမရှိတော့သည်မှာ ယခုအစိုးရ လက်ထက်တိုင် ဖြစ်သည်ဟု အမည်မဖော်လိုသော အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးက စာရေးသူအား ပြောပြခဲ့ဖူးပါသည်။ထိုအချက်သည် တိုင်းရင်းသားခေါင်းဆောင်များထောက်ပြနေသော အချက်တစ်ချက်လည်းဖြစ်ပါသည်။

    ၁၉၈၂ခု မြန်မာနိုင်ငံသားဥပဒေတွင် ပုဒ်မပေါင်း ၇၆ ခု ပါရှိပါသည်။၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေတွင် နည်းပဒေအချို့သည် အားနည်းချက်များ ပျော့ကွက်ဟာကွက် များရှိနေကြောင်း သက်သေပြရလျှင် ၁၉၈၂ ခုနှစ်ကပြဌာန်းခဲ့သော နိုင်ငံသားဥပဒေကို ၁၉၈၃ ခုနှစ်တွင်ပင် နည်းဥပဒေအချို့ကို ပြင်ဆင် ဖြည့်စွက်ရေးဆွဲ ခဲ့ရသည်များ ရှိခဲ့ဖူးသည်။ယခုအခါတွင် ကမ္ဘာ့ဥပဒေပညာရှင်များရော မြန်မာ့ဥပဒေပညာရှင်များကပါ ထို ၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု့မရှိကြောင်း ထောက်ပြနေကြသည်ကို ကမ္ဘာ့မီဒီယာများတွင် တွေ့မြင်နိုင်ပေသည်။လက်တွေ့နယ်ပယ်တွင် ဗုဒ္ဓဘာသာဝင်မဟုတ်သူများနှင့် လူမျိုး ၁၃၅ မျိုးတွင် မပါဝင်သူများကို “သွေးနှော” ဟု တံဆိပ်မဲခတ်ကာ ဥပဒေ နည်းဥအဒေ အရမဟုတ်သော အမိန့် ညွှန်ကြားလွှာများ နှုတ်မိန့်များသုံးကာ မွေးစာရင်း သန်းခေါင်စာရင်း မှတ်ပုံတင် လာလျှောက်တိုင်း “အထက်အမိန့် အထက်အမိန့်”ဆိုသော စကားများကို အပ်ကြောင်းထပ်အောင် “သုံး၍ လည်းကောင်း လျောက်ထားသော အမှု့တွဲဖိုင်များနှင့်ပတ်သက်၍ မြို့နယ် လဝက ရုံးတွင် သွားစုံစမ်းတိုင်း “အထက်ကို တင်ထားတယ် ပြန်မကျသေးဖူး နောက်တစ်ပါတ်လာစုံစမ်းကြည့်ပါ ” ဟူသော တာဝန်ယူမှု့ တာဝန်ခံမှု့ ကင်းမဲ့သော အကြောင်းပြချက်များဖြင့်ပြည့်နှက်နေသည့် တုန့်ပြန်သံများကိုသာ ကြားနေရပါသည်။ မြို့နယ် လဝက ရုံးများသို့ စာရေးသူ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်စုံစမ်းကြည့်သောအခါ ရုံးတိုင်း ရုံးတိုင်းတွင် အမှု့တွဲဖိုင်ပေါင်း ၅၀၀ ကျော်ရှိနေသည်ကို သိရှိခဲ့ရပါသည်။

    ထို့ကြောင့်လည်း ရန်ကုန်တိုင်း ၄၅ မြို့နယ်အသီးသီးမှ တက်လာသော အမှု့တွဲဖိုင်ပေါင်းသည် ၃၀၀၀၀ ကျော်လောက် ရန်ကုန်တိုင်းလဝက ရုံးထဲတွင် မျှော်လေတိုင်းမှိုင်းရီ ဖြစ်နေပါသည်။ ဥပဒေအတိုင်း မှတ်ပုံတင်ပေးသင့်ပေးထိုက်သူတွေကို မပေးဘဲ ကျစ်လုံးများညစ်လုံးများ နောက်ကြောင်းပြန် ကောက်ကြောင်းများလိုက်ကာ မရောင်ရာ ဆီလူးခဲ့သောကြောင့် မှတ်ပုံတင် ရသင့်သူတွေတောင် သုံး၊လေး၊ ငါးနှစ် ကြာသွားခဲ့သည်။လာဘ်ပေးလာဘ်ယူပြုနိုင်သူတွေ ကတော့ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ အဆင်ပြေသွားခဲ့ကြပါသည်။ ရေမလောင်းနိုင်သူတွေ(လ်ာငွေ)မပေးနိုင်သူတွေ နှစ်ချီ ကြာသွားခဲ့ပါသည်။အချို့စိတ်မရှည်ကြတော့ပဲ ရုံးသွားရမှာကို စိတ်ပျက်ညည်းငွေ့ကာ လက်လျော့လိုက်ကြတော့သည်။ ဒါကြောင့်လည်း နောက်ရေးအတွက် သိပ်မတွေးကြတော့ဘဲ သားတွေသမီးတွေရဲ့ ပညာရေးကိစ္စများဖြစ်တဲ့ ဘွဲ့လက်မှတ်မူယင်းရဖို့အတွက် အလုပ်အကိုင်အတွက် လက်တွေ့နယ်ပယ်မှာ ဒုက္ခပင်လယ်ဝေခဲ့ကြတော့သည်။ ထိုသူများထဲတွင် လဝက မှ မှတ်ပုံတင်လျောက်ထား ရာတွင် တောင်းဆိုသော လိုအပ်ချက် ပုံစံများ အထောက်အထားများကို ပြည့်ပြည့်စုံစုံ တင်ခဲ့သူများလည်း ပါဝင်ကြပါသည်။

    ဘိုးဘွားစဉ်ဆက် ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာကြီးပြင်းခဲ့ကြသည့် နိုင်ငံသားများသည် သွေးကွဲစေသည့်ဥပဒေ များ ခွဲ့ခြားဆက်ဆံခံရသည့် ဥပဒေများကို လက်တွေ့ ခံစားရသောအခါ အရည်အချင်းရှိသည့် အသိပညာရှင် အတတ်ပညာရှင် အဖိနှိပ်ခံနိုင်ငံသားများ နိုင်ငံ့တာဝန်ကို ထမ်းရွက်ချင်စိတ် ကုန်ခန်းသွားပါတော့သည်။ နိုင်ငံချစ်စိတ်လည်း တဖြေးဖြေး ပျောက်ပျက်သွားပါတော့သည်။နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ပြည်ပ နိုင်ငံများသို့ ထွက်ခွါကာ မိမိကျွမ်းကျင်ရာ လုပ်ငန်းခွင်များထဲသို့ ဝင်ရောက်သွားကြပါတော့တယ်။ အဓိကအကြောင်းရင်းမှာ နိုင်ငံသားအချင်းချင်း ခွဲခြားဆက်ဆံသည့်မူကို ကျင့်သုံးခဲ့သောကြောင့်ဖြစ်ပါသည်။

    ၁၉၈၂ခု မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားအမျိုးအစားကို ၃ မျိုး ခွဲခြားလိုက်ပါသည်။
    (၁)နိုင်ငံသားစိစစ်ရေးကတ် ပန်းရောင်နှင့်ပန်းရောင်နိုင်ငံသားစာအုပ်ရ နိုင်ငံသား
    (၂)ပြုနိုင်ငံသားအစိမ်းရောက်ကတ်နှင့်အစိမ်းရောင်နိုင်ငံသားစာအုပ်ရ နိုင်ငံသား
    (၃)ဧည့်နိုင်ငံသားအပြာရောင်ကတ်နှင့်အပြာရောင်စာအုပ်ရနိုင်ငံသားဟူ၍ ခွဲ့ခြားလိုက်ပါတယ်။

    ပန်းရောင်နိုင်ကတ်ကိုင်ဆောင်သူ ၁၃၅ မျိုးနွယ်ဝင် နိုင်ငံသားများကို မွေးရာပါနိုင်ငံသားများဟု သတ်မှတ်ပြီး ၁၃၅ မျိုးနွယ်ထဲမပါသော ပန်းရောင်ကတ်ရ နိုင်ငံသားများကို ဥပဒေအရ နိုင်ငံသားများဟု ထပ်ဆင့်ခွဲခြားသတ်မှတ်လိုက်ပါသည်။

    ၁၉၅၈-၅၉ ခုနှစ်လောက်က ၃ ခေါက်ချိုးကတ်ဟု လူသိများသော အမတ(အမျိုးသားမှတ်ပုံတင်)ကတ်ပြားများကို မြန်မာနိုင်ငံသား အသိအမှတ်ပြု ကတ်ပြားများအနေဖြင့် တရားဝင် ထုတ်ပေးခဲ့ပါသည်။ ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီးချုပ် ဦးနု၏ ဗဟန်းမြို့နယ်မှ ကိုင်ဆောင်ခဲ့သော အမတ ၃ ခေါက်ချိုးမှတ်ပုံတင်ကတ် အမှတ်စဉ်သည် တစ် (ဗဟန်းလဝက ကုပ်ပါ ၀၀၀၀၀၁)ဖြစ်သည်။ )ထိုအချိန်ကအမျိုးသားများအား ၃ ခေါက်ချိုး အစိမ်းရောင်ကတ်ပြာများထုတ်ပေးခဲ့ပြီး အမျိုးသမီးများအား ၃ ခေါက်ချိုး ပန်းနုရောင်ကတ်ပြားများထုတ်ပေးခဲ့ပါသည်။

    ထို ၃ ခေါက်ချိုးမှတ်ပုံတင်ကတ်ပြားများကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရနှင့်လက်ရှိ အစိုးရ လက်ထက်ထိ လဝက မှ အသိအမှတ်မပြုကြောင်း ကို လက်တွေ့နယ်ပယ်ဖြစ်ရပ်အချို့ကို စာရေးသူ သတိပြုမိ ပါသည်။လက်တွှေ့အတွေ့အကြုံတစိခုကို တင်ပြရလျှင် မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီးသူတိုင်းကို တက္ကသိုလ်ဝင်ခွင့်စာအုပ် ထုတ်ပေးလေ့ရှိပါသည်။

    ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်အရ ဆေးတက္ကသိုလ်ဝင်ခွင့် သို့မဟုတ် အသက်မွေးဝမ်းကြောင်းတစ်က္ကသိုလ်ဝင်ခွင့်တစ်ခုခုဝင်ခွင့်ဖောင် လျောက်ထားသောအခါ လျောက်လွှာရှင်ကာယကံရှင် ကျောင်းသားကျောင်းသူနှင့်မိဘ နှစ်ဦးစလုံးသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ(Myanmar Citizenship Law) အရ ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံသားပြုကတ်ပြား သို့မဟုတ် ဧည့်နိုင်ငံသားကတ်ပြား ၃ခုထဲက တစ်ခုခုကို လက်ဝယ်ရှိထားရပါမည်။အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်ပြားတစ်ခုမျှ လက်ဝယ်မရရှိသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ မြို့နယ်ရှိ လူဝင်မှု့ကြီးကြပ်ရေးနှင့်အလုပ်သမားဝန်ကြီးဌာန ဦးစီးအရာရှိ၏ နိုင်ငံသားကတ်လျောက်ထားကြောင်း အသိအမှတ်ပြု အထောက်အထားစာရွက်စာတမ်းတစ်ခုကို တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွင် ပူးတွဲ တင်ပြရမည် ဖြစ်ပါသည်။ မတင်ပြနိုင်ပါက မိမိလျှောက်ထားသော အသက်မွေးဝမ်းကြောင်း တက္ကသိုလ်ကို လက်ပြနှုတ်ဆက်ရပေလိမ့်မည်။တားဆီးပိတ်ပင်ခြင်း ခံရပေလိမ့်မည်။

    ဤအချက်သည် သွေးနှောသတ်မှတ်ခံသူ နိုင်ငံသားအားလုံးအပေါ် ပညာရေးဝန်ကြီးဌာန နှင့် လဝက ဌာနတို့ သဘောတူကျင့်သုံးနေသော လက်ရှိ မူဝါဒ တစ်ရပ်ဖြစ်ပါသည်။ ထိုမူဝါဒကြောင့် အဆင့်မြင့် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တက်ခွင့်ဆုံးရှုံးခဲ့ရသူတွေ ဘွဲ့လက်မှတ်မရသူတွေ ပြည်နယ်တိုင်းအနှံရှိနေပါသည်။ထို့အပြင် မြန်မာနိုင်ငံတွင် လဝက ၏ သွေးနှော သတ်မှတ်ခံရသူ နိုင်ငံသားများ လက်ရှိ ကိုင်ဆောင်ထားသော ၃ ခေါက်ချိုးမှတ်ပုံတင်ကတ်အကြောင်းကို အလျဉ်းသင့်သလို တင်ပြချင်ပါသည်။ထိုအကြောင်းကို မသိလျှင် မိမိရင်သွေး၏ပညာရေးအနာဂတ်ကို များစွာ ထိခိုက်နစ်နာစေမည် ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်က စာရေးသူသည် မြို့နယ် လဝက ဦးစီးတစ်ဦးနှင့် ၃ ခေါက်ချိုး မှတ်ပုံတင်ကတ်အကြောင်း စကားစမြည် ပြောဆိုဖြစ်ခဲ့ပါသည်။

    မိတ်ဆွေ”လဝက “ဦးစီးက “၁၉၅၈-၈၉ လောက်က ထုတ်ပေးခဲ့သော သုံးခေါင်ချိုး မှတ်ပုံတင်များကို ထိုအချိန်က လူတိုင်းလိုလိုအား သေသေချာချာ မစစ်ဆေးပဲ အခြေအနေအရ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ယခုအချိန်တွင် တည်ဆဲဥပဒေ ၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေဖြင့် စစ်ဆေးပြီး လျောက်ထားသည့် ကာယကံရှင်၏ မိဘ ဘိုးဘွားအထောက်အထားများကို စိစစ်ပြီး နိုင်ငံသားကတ်များ(နိုင်-ပြု-ဧည့် သုံးမျိုး) ထုတ်ပေးနေရခြင်းဖြစ်ပါတယ်လို့ “စာရေးသူအား ပြောဆိုခဲ့ဖူးသည်ကို အမှတ်ရနေမိပါသည်။

    မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုးသာရှိသည် သို့မဟုတ် ၁၄၃ မျိုးသာရှိသည် ဟူ၍ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေတွင် တိတိကျကျ ဖော်ပြထားခြင်းမရှိပေ။တိုင်းရင်းသား ၁၃၅ မျိုးဟူသည် နဝတ စစ်အစိုးရလက်ထက်က နိုင်ငံပိုင်သတင်းစာ ဗိုလ်တစ်ထောင်တွင် ဆောင်းပါးရှင် မြန်ပြည်သား ဆိုသူက “တို့ပြည်ထောင်စု တိုင်းရင်းသား ၁၃၅ မျိုးဟူ၍”ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ဖူးပါသည်”ထိုဆောင်းပါးရှင်၏အာဘော် ၁၃၅ လူမျိုးကို ” အစွဲပြု၍ မှီငြမ်း၍ လဝက မှ အသေဆုပ်ကိုင်က အသုံးပြုနေဟန်ရှိကြောင်း သုံးသပ်မိပါသည်။

    မဆလ တစ်ပါတီအာဏာရှင်ခေတ် နဝတ နအဖ စစ်အစိုးခေတ်နှင့်ဦးသိန်းစိန် အစိုးရခေတ်တွေမှာ ဗုဒ္ဓဘာသာဝင်လူဦးရေ ပိုများအောင်ဆိုပြီး စစ်အရာရှိတွေကို ပြည်နယ်နှင့်တိုင်းဒေသကြီးရှိတိုင်းရင်းသူတွေနှင့် လက်ထပ်ခိုင်းပြီး သွေးနှောစေခဲ့ပါတယ်။လဝက ထိပ်တန်း ဝန်ကြီးနှင့်ညွှန်ကြားရေးမှူးချုပ်ဆိုသူများကလည်း စစ်တပ်မှာ တာဝန်ယူခဲ့သော ပုဂ္ဂိုလ်များဖြစ်နေ၍ တစ်သွေးတစ်သံ တစ်မိန့်ဖြင့် ယဉ်ပါးနေသူများဖြစ်ကြသည်ကို သတိပြုမိသည်။လဝက တာဝန်ရှိတွေကို အထက်စစ်အရာရှိများက အစည်းအဝေးတွေမှာ နှုတ်မိန့်အထွေထွေနဲ့ညွှန်ကြားခဲ့တာတွေကြောင့် သန်းခေါင်စာရင်းလုပ်တဲ့အခါမှာ မှတ်ပုံတင်လျောက်တဲ့အခါမှာ လူမျိုးအမည်တွေနေရာမှာ ကာယကံရှင် လာလျှောက်သူတွေ ပိုင်ပိုင်နိုင်နိုင် မပြောနိုင်ရင် မပြောသလို “ဗမာ လူမျိုး”ဟူ၍ဖြည့်စွက်ပါတယ်။နတ်ကိုးကွယ်တဲ့တိုင်းရင်းသားတွေကိုလည်း ဗုဒ္ဓဘာသာ လို့ ဖြည့်လိုက်ပါတယ်။

    စာရေးသူ၏ မိတ်ဆွေ ချင်းစစ်စစ် တိုင်းရင်းသားအား ချင်းလဝက မှ နိုင်ကတ်ထုတ်ပေးရာတွက် လူမျိုးအမည်နေရာတွင် ချင်း– ဗမာဟူ၍ ထုတ်ပေးခဲ့ပါသည်။ ဗုဒ္ဓဘာသာမဟုတ်သူတွေကိုလည်း ဗုဒ္ဓဘာသာလို့ဖြည့်ပေးခဲ့တာတွေ စာရေးသူရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့ကို ရောက်ခဲ့စဉ် တွေ့ရှိခဲ့ရပါသည်။ကိုးကွယ်သည့်ဘာသာကို အကြောင်းပြု၍ ဗမာလူမျိုး တိုင်းရင်းသားများပြားရေးမူကို ပြုလုပ်ဖန်တီးခဲ့သည့် ဖြစ်စဉ်များသည် မြန်မာပြည်တွင် ဧကန်အမှန်ရှိနေပါသည်။ဥပမာပြရလျှင် ဘင်္ဂလားဒေရှ့်နိုင်ငံမှဝင်လာကြသော ဒိုင်းနက်လူမျိုးနှင့်တရုတ်ကိုးကန့် လူမျိုးများကို ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာဖြစ်သောကြောင့် ၁၉၈၉ ခုနှစ် နဝတ စစ်အစိုးခေတ်တွင် တိုင်းရင်းသား၁၃၅ လူမျိုးစုစာရင်းတွင် ထည့်ပေးခဲ့သည့်သမိုင်းသည် အလွန်ထင်ရှားလှပါသည်။ ထို့အပြင် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ရှမ်းပြည်နယ် ကလူဦးရေငါးသောင်းခန့်ရှိ တရုတ်စကားပြော တရုတ်ယဉ်ကျေးမှု့ကျင့်သုံးသော မုန်းဝန်းတရုတ် လူမျိုးနွယ်များကို ဗုဒ္ဓဘာသာကို လက်ခံယုံကြည်သောကြောင့် မုန်းဝန်းဗမာ တိုင်းရင်းသားလူမျိုးနွယ်အဖြစ် သမ္မတဟောင်းဦးသိန်းစိန် အမိန့်ဖြင့် တိုင်းရင်းသား အသစ်စာရင်းတွင်ထည့်ခဲ့ပါသည်။ထို့ကြောင့်ရှမ်းလူမျိုးနွယ်စုခေါင်းဆောင်များနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများက ဤလုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ခဲ့ပါသည်။ သမ္မတဟောင်းဦးသိန်းစိန်အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ထိုလုပ်ရပ်မျိုးကို “နောင်ခါလာ နောင်ခါဈေး နောက်ပြသာနာ နောက်မှာရှင်းပါစေ” ဆိုသလို ရှုပ်ထားခဲ့ဟန်ရှိသည်။ “မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်က ခန့်အပ်ထားတဲ့ လဝက ဝန်ထမ်းအများစုမှာ ရခိုင်နှင့် ဗမာ လူမျိုးများ ဖြစ်ကြသည့်အတွက် လူမျိုးကြီးဝါဒ ကျင့်သုံးလိုသူများ၏ စိတ်ကူးများ အောင်မြင်ပေါက်မြောက်ခဲ့သည်။ ထင်သလောက်ခရီးပေါက်ခဲ့ပါသည်၊ အမြတ်ထွက်ခဲ့ပါသည်”ဟု နိုင်ငံရေးသမားဟောင်းကြီး သခင်ချစ် က ပြောခဲ့ဖူးပါသည်။

    ပြီးခဲ့တဲ့အစိုးရ အဆက်ဆက်က မြန်မာ လဝက တာဝန်ရှိသူများအနေဖြင့် “လူကိုခင်ရင် မူကို ပြင်သည်။လူကိုမုန်းရင်မူကို သုံးသည့် “လုပ်ရပ်များ အမြောက်အများရှိခဲ့ဖူးပါသည်။ပြီးခဲ့တဲ့ ၂၀၁၇ ခု မတ်လက စာရေးသူရဲ့ မိတ်ဆွေ အစ္စလမ်ဘာသာဝင်တစ်ဦးသည် ပိုက်ဆံအိတ်တစ်ခု အငှားယာဉ် တစ်စီးပေါ်တွင် မေ့ကျန်ခဲ့သည်။လူမှု့ရေးကွန်ရက် Facebook ပေါ်တွင် ဖော်ပြပါလိပ်စာအတိုင်း ပို့ပေးပါက ကျေးဇူးဆပ်ပါမည်”ဟု တင်ခဲ့သော်လည်း တစ်လကြာသည်အထိ မထူးခြားသောအခါ ထုံးစံအတိုင်း ရဲစခန်းမှာ မှတ်ပုံတင်ပျောက်ဆုံးကြောင်း ထောက်ခံစာယူခဲ့သည်။မြို့နယ် လဝက ရုံးသွားကာ မှတ်ပုံတင်ပြန်လျှောက်ခဲ့သည်။ကြုံတွေ့ခဲ့ရသောအခက်အခဲတစ်ခုမှာ ပထမဆုံးအကြိမ် နိုင်ကတ်ပန်းရောင် လျှောက်ထားစဉ်က တောင်းခံခဲ့သော မိဘနှစ်ဦး၏ နိုင်ကတ် ပန်းရောင်မိတ္ထူအပြင် မိဘများ၏ငယ်စာရင်းများ(ပုံစံ ၁)ကို သက်ဆိုင်ရာ မြို့နယ် လဝက ရုံးများတွင် အချိန်ကုန် ငွေကုန်ခံ ယူပေးခဲ့ရရုံသာမက အလှမ်းဝေးသော နှစ်ဘက်အဖိုး အဖွါးများ၏အထောက်အထားပုံစံအချို့ကိုပါ ယူပေးခဲ့ရလေသည်။ နှစ်ဘက် အဖိုး အဖွားများသည် ၁၉၈၈ မတိုင်ခင် ကွယ်လွန်ခဲ့၍ ၃ ခေါက်ချိုးမှတ်ပုံတင်သာရှိခဲ့ကြပေသည်။ ထိုကြောင့်လည်း သူတို့ရဲ့ “၃ ခေါက်ချိုးအမတ မှတ်ပုံတင်” မိတ္ထူများကိုသာ ပေးခဲ့ရလေသည်။ သို့သော် ယခုအချိန်အထိ စာရေးသူရဲ့မိတ်ဆွေခဗျာ မှတ်ပုံတင်မရရှိသေး၍ ထောက်ခံစာဖြင့်သာ ခရီးဝေးသွားနေရပါသည်။ မြန်မာနိုင်ငံတွင် အထောက်အထားအပြည့်အစုံတင်ပြနိုင်သူများသည်ပင်လျှင် မှတ်ပုံတင်လျောက်ထားရာတွင် နှစ်ချို့နေခြင်းကို ကမ္ဘာ့နိုင်ငံအသီးသီးက သိရှိခဲ့လျှင် မြန်မာနိုင်ငံ၏ပုံရိပ်သည် ကျဆင်းသည်ထက် ကျဆင်းနေမည်သာ ဖြစ်သည်။မိမိနိုင်ငံသားတစ်ဦး နိုင်ငံသားကတ်မှတ်ပုံတင် ရရှိဖို့ရန် နှစ်ချီ စောင့်ရသည့်တိုင်းပြည်။ မှတ်ပုံတင်ပျောက်ဆုံး ပြန်လျှောက်လျှင် နှစ်ချီ စောင့်နေရသောတိုင်းပြည်မျိုးတွင် ပြည်ပမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သည် အလုံးအရင်းဖြင့် ဝင်လာနိုင်ဖွယ် မရှိဟု စာရေးသူထင်မြင်မိပါသည်။

    အချုပ်ဖြင့်ဆိုရလျှင် ဘာသာလူမျိုး အသားမရောင် မခွဲခြားပဲ အကျင့်စာရိတ္တကောင်းမွန်ပြီး အရည်အချင်း အရည်အသွေးရှိသူ လူစွမ်းအားအရင်းအမြစ်များကို ထိုက်တန်သည့်နေရာများတွင် နေရာပေးချိန်တန်ပြီဖြစ်သည်။ ကျဉ်းမြောင်းသည့် လူမျိုးရေး ဘာသာရေး စိတ်ဓာတ်များကို မြေမြှုပ်သင်္ဂြိုလ်ချိန် တန်ပြီ ဖြစ်ပါကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်။

    ဂျက်ဖရီတင်အုန်း(ရန်ကုန်စက်မှု့တက္ကသိုလ်R.I.T)

  • ရာနီယာ ကီဆာရ် (သို့) စစ်သွေးကြွများကိုအန်တုကာ ဆီးရီးယားတွင် ပညာဖြန့်ဝေနေသူ

    ရာနီယာ ကီဆာရ် (သို့) စစ်သွေးကြွများကိုအန်တုကာ ဆီးရီးယားတွင် ပညာဖြန့်ဝေနေသူ

    ဇူလိုင် ၂၄၊ ၂၀၁၇
    M-Media

    ဆီးရီးယားက အလ်ကိုင်းဒါးမဟာမိတ် အုပ်စိုးတဲ့ ဒေသလေးတစ်ခုမှာ စာသင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားတဲ့ ဆီးရီးယား-အမေရိကန် အမျိုးသမီး ရာနီယာ ကီဆာရ်တစ်ယောက် ဒီစစ်သွေးကြွအုပ်စုနဲ့ ညှိနှိုင်းတန် ညှိနှိုင်း၊ ဆန့်ကျင်တန်ဆန့်ကျင်နဲ့ သူရည်မှန်းထားတဲ့ ခရီးကို ဆက်လက်ချီတက်နေပါတယ်။

    – ဆီးရီးယားက အလ်ကိုင်းဒါးမဟာမိတ် အုပ်စိုးတဲ့ ဒေသလေးတစ်ခုမှာ စာသင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားတဲ့ ဆီးရီးယား-အမေရိကန် အမျိုးသမီး ရာနီယာ ကီဆာရ်တစ်ယောက် ဒီစစ်သွေးကြွအုပ်စုနဲ့ ညှိနှိုင်းတန် ညှိနှိုင်း၊ ဆန့်ကျင်တန်ဆန့်ကျင်နဲ့ သူရည်မှန်းထားတဲ့ ခရီးကို ဆက်လက်ချီတက်နေပါတယ်။

    ကျောင်းသားတွေအတွက် ဘွဲ့နှင်းသဘင်လုပ်ဖို့ စီစဉ်ချိန် အဲဒီစစ်သွေးကြွအုပ်စုက အခမ်းအနားနာမှာ သီချင်းဖွင့်လားဆိုတာကို စောင့်ကြည့်ဖို့ ကြီးကြပ်သူတစ်ယောက်လွှတ်ခဲ့ပြီး ကီဆာရ်က ဒါနဲ့ပတ်သက်လို့ လက်မခံပါဘူး။ ဒါပေမယ့် ဘွဲ့နှင်းသဘင်နေ့မှာ သူမဟာ ဒီအုပ်စုကို ဖိတ်ကြားခဲ့ပါတယ်။

    ကြီးကြပ်သူရဲ့ဆန္ဒအတိုင်း ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ ဧည့်သည့်တော်တွေ၊ မိသားစုဝင်တွေနဲ့ စစ်သွေးကြွအဖွဲ့က ကိုယ်စားလှယ်တွေအရှေ့မှာ ကျောင်းသားတွေအားလုံးကို စုရုံးပြီးတဲ့အခါမှာတော့ ကီဆာရ်ဟာ အမေရိကန်ကျောင်းတွေရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ဖွင့်လေ့ရှိတဲ့ Pomp and Circumstance သီချင်းကို ဖွင့်ခဲ့ပါတယ်။

    ဒါဟာ တွက်ချက်ထားပြီးသား အလောင်းအစားတစ်ခုလည်း ဖြစ်ပါတယ်။ စစ်သွေးကြွတွေ ဘယ်လိုတုန့်ပြန်မလဲဆိုတာက သူမက သွေးတိုးစမ်းလိုက်တာပါ။

    “ဘာမှ ထူးခြားမလာဘူးရှင့်။ သူတို့ ဘာမှမလုပ်ပါဘူး” လို့ ကီဆာရ်က ပြောပါတယ်။ အစောပိုင်းက ဒီကိစ္စမှာ ဘာဖြစ်လို့ သူတို့ဝင်ပါလဲဆိုတာကိုလည်း သူမက သိနေပါတယ်။

    “ဒီလိုဝင်မပါလို့ရှိရင် သူတို့ ပါဝါမရှိဘူးလို့ လူတွေက ထင်ကြမှာပေါ့”

    ကီဆာရ် ကျောင်းဖွင့်ထားတဲ့ အစ်ဒလစ်ဘ်ပြည်နယ်ဟာ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ တည်ရှိပြီး သမ္မတ ဘာရှာ အာဆတ်ကို ဆန့်ကျင်ကာ ၂၀၁၁ ခုနှစ်ကတည်းက ထခဲ့တဲ့ သူပုန်တွေရဲ့ နောက်ဆုံး ခြေကုပ်စခန်းဖြစ်ပါတယ်။ အဲဒီပြည်နယ်မှာ အလ်ကိုင်းဒါကို သစ္စာခံတဲ့အုပ်စုက အင်အားအတောင့်တင်းဆုံးဖြစ်ပြီး အုပ်စုငယ်လေးတွေစုထားတဲ့ သူတို့အုပ်စုကို Hayat Fatah al-Sham အဖွဲ့က ဦးဆောင်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှာတော့ အတိုက်အခံတွေက ဖွဲ့စည်းထားတဲ့ အစိုးရက လွှမ်းမိုးပါတယ်။

    ဒါပေမယ့် ဒီအုပ်စုဟာ သူတို့ရဲ့ခြေလှမ်းကို ဂရုတစ်စိုက်နဲ့ လှမ်းနေရပြီး ဒေသကို ထိန်းချုပ်ထားမယ့် သူတို့ရဲ့ရည်ရွယ်ချက်၊ ဒေသခံတွေ၊ အခြားသောအုပ်စုတွေနဲ့ အတိုက်အခံမဖြစ်ဖို့ဆိုတဲ့ အခြေအနေကြားမှာ ချိန်ညှိဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ အခြေအနေက တည်တည်ငြိမ်ငြိမ်ရှိနေပြီး သူတို့အာဏာရှိကြောင်း ပြသနိုင်မယ့် အခွင့်အလမ်းတိုင်းကို ဒီစစ်သွေးကြွအဖွဲ့က လက်လွှတ်မခံပေမယ့် အစွန်းရောက်အုပ်စုတွေရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ အစ္စလာမ့်မစ်ဥပဒေ ပြဌာန်းမှုကိုတော့ သိပ်ပြီ စိတ်ဝင်စားပုံမရပါဘူး။

    ရာဇ၀တ်ကောင်တွေကို လူသူရှေ့မှာ သတ်ပြတာမျိုး မရှိသလို၊ ဘာသာရေးပုလိပ်တွေ ပတ္တရောင်လှည့်ပြီး လူတွေကို ဖမ်းဆီးရိုက်နှက်တာ၊ အမျိုးသမီးတွေကို အတင်းမျက်နှာအုပ်ခိုင်းတာမျိုးလည်း မရှိပါဘူး။ ဒါဟာ အဲဒီစစ်သွေးကြွအုပ်စုနဲ့ IS တို့ကြားက ကွာခြားချက်ဖြစ်ပါတယ်။

    ပြည်တွင်းစစ်ကြောင့် နိုင်ငံတစ်ဝှမ်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၉ သိန်းကျော်လောက် အစ်ဒလစ်ဘ်ပြည်နယ်မှာ ရှိနေပါတယ်။

    SHINE ဖောင်ဒေးရှင်း

    ၂၀၁၅ ခုနှစ်မှာ ကီဆာရ်ဟာ အစ်ဒလစ်ဘ်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မာရကတ် အလ်-နူမန်မှာ အမျိုးသား စွမ်းအားမြှင့်တင်ရေးဆိုင်ရာ ဆီးရီးယား လူသားချင်းစာနာထောက်ထားမှု အင်စတီကျု (SHINE) ကို တည်ထောင်ခဲ့ပြီး အရွယ်ရောက်တဲ့သူတွေကို ကွန်ပျူတာသင်တန်း၊ ပရိုဂရမ်ရေးဆွဲနည်းသင်တန်း၊ ၀ဘ်ဒီဇိုးသင်တန်းတွေ သင်ပေးနေပါတယ်။

    SHINE အဖွဲ့ကို အမေရိကန်ပြည်ထေင်စု ဒါးလက်စ်မြို့မှာ မှတ်ပုံတင်ထားပြီး တူရကီ၊ အမေရိကနဲ့ အခြားနေရာတွေက ပြည်သူတွေရဲ့ထောက်ပံ့ပေးမှုနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ဒီအင်စတီကျုကနေ လက်ရှိမှာ ကျောင်းသားပေါင်း ၂၃၇ ဦးကို ဘွဲ့ပေးနိုင်ခဲ့ပါတယ်။

    ကီဆာရ်ဟာ geek squad (ဂုရုအဖွဲ့) ဆိုတဲ့ အဖွဲ့အလေးတစ်ခုကိုလည်း ဖွဲ့စည်းပေးထားပြီး အဲဒီအဖွဲ့က အမျိုးသား၊ အမျိုးသမီးတွေဟာ စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေကို ပြင်ဆင်ပေးနိုင်နေပါပြီ။ ဒါဟာ တယ်လီဖုန်းလိုင်းတွေမရှိဘဲ အင်တာနက်ဆက်သွယ်မှုအတွက် ဂြိုဟ်တုဆက်သွယ်ရေးကို မှီခိုနေရတဲ့ ဒီဒေသအတွက်တော့ တော်တော်လေး အရေးပါပါတယ်။

    “ပုဂ္ဂလိကကျောင်းမရှိဘူး၊ တက္ကသိုလ်မရှိဘူး၊ ဆေးရုံတွေလည်း မရှိပါဘူး။ ဒီဒေသက လူနည်းနည်း၊ စတနာ့ဝန်ထမ်း နည်းနည်းနဲ့ ကျွန်မတို့အုပ်စုကပဲ ရှေ့ဆက်လျှောက်နေရပြီး ‘ရတယ်။ ငါတို့ လမ်းတွေဖောက်သွားမယ်။ ဆေးရုံတွေမှာ စေတနာ့ဝန်ထမ်းလုပ်မယ်။ ကျောင်းတွေဆောက်မယ်။ ဒါဟာ ငါတို့ရဲ့ အလုပ်၊ ငါတို့ရဲ့ ဂုဏ်’ လို့ အားပေးနေရပါတယ်” လို့ ကီဆာရ်က ပြောကြားခဲ့ပါတယ်။

    ကီဆာရ်တစ်ယောက် စစ်သွေးကြွတွေနဲ့ ပထမဆုံး ရင်ဆိုင်ရတာက သူမရဲ့ အလုပ်အတွက် ဒီဒေသကို စီမံနေတဲ့အဖွဲ့ကနေ အသိအမှတ်ပြုမှုရဖို့ ရှင်းပြရတဲ့အချိန် ဖြစ်ပါတယ်။ တာဝန်ရှိသူတစ်ယောက်နဲ့ သူမ ကတောက်ကဆဖြစ်ခဲ့ပြီး လက်နက်ကိုင်အုပ်စုတွေအနေနဲ့ ပြည်သူတွေရဲ့ ကိစ္စတွေကို မထိန်းချုပ်သင့်ဘူးလို့ သူက ပြောခဲ့ပါတယ်။

    သူမဟာ အမျိုးသမီးဖြစ်တာကြောင့် အဲဒီတာဝန်ရှိသူက မျက်လုံးချင်းဆုံပြီး မကြည့်ပါဘူး။ ဒါပေမယ့် ကီဆာရ်ဟာ အမေရိကန်ကလို့ ကြားတဲ့အခါ ဒီလူက “အမေရိကန်မွတ်စလင်တစ်ယောက် ဒီမှာရှိတဲ့အတွက် ငါတို့ဂုဏ်ယူတယ်။ ခင်ဗျားကို ဒီမှာရှိစေချင်တယ်” လို့ ပြန်ပြောခဲ့ကြောင်း ကီဆာရ်က ပြောပါတယ်။

    ထိပ်တိုက်တွေ့ဆုံမှုများ

    စစ်သွေးကြွတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ သူမဟာ လေးစားတဲ့အနေအထားမျိုးနဲ့ပဲ စကားပြောဆိုခဲ့ပြီး ဒါက သူမရဲ့အလုပ်အတွက် အထောက်အကူဖြစ်ခဲ့ပါတယ်။ သူမဟာ အမျိုးသမီးတစ်ယောက် ဖြစ်နေတာကလည်း တစ်ပန်းသာပါတယ်။

    “ကိစ္စတော်တော်များများကို ကျွန်မ ဖြတ်ကျော်နိုင်ခဲ့တယ်။ အမျိုးသမီးတစ်ယောက် ဖြစ်တာကြောင့် ကျွန်မဟာ သက်ညာမှုလည်း တော်တော်ရခဲ့ပါတယ်”

    ရှေးရိုးစွဲ စစ်သွေးကြွတွေက အမျိုးသားနဲ့ အမျိုးသမီးတွေကို စာအတူတူတွဲသင်မှာ စိုးရိမ်ပြီး ကီးဆာရ်က အမျိုးသားတွေကို အောက်ထပ်မှာသင်စေကာ၊ အမျိုးသမီးတွေကိုတော့ အပေါ်ထပ်မှာ သင်စေခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အပေါ်ထပ်ပြိုသွားတဲ့အခါ ကီဆာရ်ဟာ အောက်ထပ်မှာပဲ အမျိုးသား၊ အမျိုးသမီး ခွဲသင်ပေးခဲ့ပါတယ်။

    သူတို့ကိုမထိခိုက်ရအောင် သင်ရိုးကို ရေးစွဲထားပေမယ့် စစ်သွေးကြွတွေဟာ အတန်းတွေကို လာလာစစ်ဆေးကြပါတယ်။

    “အားလုံးကို သူတို့က ၀င်စွက်ချင်တာရှင့်” လို့ ကီဆာရ်က ပြောပါတယ်။

    Hayat Fatah al-Sham အဖွဲ့ဟာ အစ်ဒလစ်ဘ်ပြည်နယ်က နေ့စဉ်ကိစ္စတွေနဲ့ လှုမှုအဖွဲ့အစည်းတွေအပေါ် ၀င်စွက်မှု တိုးလာခဲ့ပြီး ပစ္စည်းတွေ သိမ်းတာ၊ ကုန်သွယ်ဌာနတွေကို ထိန်းချုပ်တာ လုပ်လာတယ်လို့ Century Foundation အဖွဲ့က ဆမ် ဟယ်လာက ဆိုပါတယ်။ အကူအညီပေးရေးကိစ္စကို ထိန်းချုပ်ဖို့ ကြိုးစားလာတာကြောင့် အကူအညီပေးရေး အသိုင်းအ၀ိုင်းအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အလ်ကိုင်းဒါကို သစ္စာခံတဲ့အဖွဲ့တွေနဲ့ ဆီးရီးယားလွတ်မြောက်ရေးအဖွဲ့တွေအကြား ဇွန်လမှာ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ဒီပြဿနာတွေကြောင့် ကီဆာရ်က စိတ်ဓာတ်ကျဆင်းကာ အန္တရာယ်ကင်းအဖွဲ့အတွက် မြို့ကနေ ရက်အနည်းငယ်လောက် ထွက်သွားခဲ့ပါတယ်။

    နောက်ပိုင်း တိုက်ခိုက်မှုတွေ ရပ်ဆဲသွားတဲ့ခါမှာ ကီဆာရ်ဟာ အစ်ဒလစ်ဘ်ကို ပြန်သွားခဲ့ပြီး မွတ်စလင်တွေရဲ့ ၀ါကျွတ်အီးဒ်ပွဲတော်အတွက် ကလေးတွေကို ပြင်ဆင်ပေးခဲ့ပါတယ်။

    “ရှင်တို့ ဗီဒီယိုတွေ ကြည့်ကြည့်ရှင့်။ ဒစ္စနေလန်းလိုပဲ ရှိုင်းလန်းပေါ့။ တော်တော်မိုက်ပါတယ်” လို့ ကီဆာရ်တစ်ယောက် ရယ်ကျဲ့ကျဲ့နဲ့ ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ဦးကိုနီအမှု တရားခံများလုံခြုံရေးကို တရားလိုရှေ့နေစိုးရိမ်

    ဦးကိုနီအမှု တရားခံများလုံခြုံရေးကို တရားလိုရှေ့နေစိုးရိမ်

    လေဆိပ်လုပ်ကြံမှု အရေးကြီးတရားခံတို့ကို အချုပ်ကားဖြင့် သယ်ဆောင်မှုမပြုခြင်းမှာ လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းချက်ဖြစ်သည်ဟု ရှေ့နေက ယူဆသည်။

    ဇွန် ၂၃ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားခွင်မှ အင်းစိန်ထောင်သို့ ပြန်ရမည့် လေဆိပ်လူသတ်မှု အဓိက သံသယတရားခံတိုကို ရဲအစောင့်အရှောက်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now)

    ဖြိုးသီဟချို/Myanmar Now

    ရန်ကုန် (Myanmar Now) – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးသည့် အချိန်အတွင်း လုံခြုံရေး ပိုမို ချထားသင့်သည်ဟု အာဏာပိုင်တို့ကို တိုက်တွန်းလိုကြောင်း တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ဇူလိုင် ၂၁ ရက်နေ့တွင် ပြောလိုက်သည်။

    တရားရုံးအနီး ဖြတ်သန်းသွားလာနေသူ များပြားလှပြီး ထိုအမှုနှင့် မဆက်စပ်သည့် မော်တော်ယာဉ် အများအပြားလည်း တရားခံတို့ကို တင်ဆောင်လာသည့် ယာဉ်အနီး ရပ်နားထားတတ်သည်ဟု သူက ဆက်ပြောသည်။

    နိုင်ငံတကာက စိတ်ဝင်စားနေသည့် လေဆိပ်လူသတ်မှုနှင့် ပတ်သက်ပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသူတို့ကို တရားခွင်သို့ ခေါ်ဆောင်ရာတွင် အချုပ်ကားကို အသုံးမပြုဘဲ သာမန်ရဲကားကိုသာ အသုံးပြုနေခြင်းမှာလည်း လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းချက် ဖြစ်သည်ဟု ယူဆကြောင်း ရှေ့နေက ဆိုသည်။

    “သူတို့အနားကိုကပ်သွားတဲ့အခါမှာလည်း လက်နက်ကိုင်လုံခြုံရေးတွေက နည်းနေတယ်။ အဓိကကျတဲ့ တရားခံကို နှုတ်ပိတ်တာတို့ဘာတို့ ဆိုတာ ဖြစ်နိုင်တယ်” ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

    ဦးကိုနီလုပ်ကြံခံရမှုကို အကောင်အထည်ဖော်သူများအဖြစ် အာဏာပိုင်တို့ သံသယ ရှိနေသူများထဲတွင် အောင်ဝင်းခိုင်၊ အောင်ဝင်းဇော် နှင့် အောင်ဝင်းထွန်းတို့ ညီအစ်ကိုသုံးဦး၊ ဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၊ လေဆိပ်တွင် အနီးကပ် လုပ်ကြံပစ်ခတ်ခဲ့သူ သေနတ်သမား ကြည်လင်းတို့ ပါဝင်သည်။

    ၎င်းတို့ထဲမှ ၄ ဦးကို ဖမ်းဆီးရမိထားပြီး နေပြည်တော်ပရဆေးဥယျာဉ်အနီးရောက်ရှိပြီးနောက်ပိုင်း ခြေရာပျောက်သွားသည်ဟု အာဏာပိုင်တို့ ကြေညာထားသော ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် လွတ်မြောက်နေဆဲဖြစ်သည်။

    မိုင်းဖြတ်မြို့နယ် အမတ်
    ———————–

    အမှုနှင့် ပတ်သက်သည့် သက်သေများအနက် တစ်ဦးဖြစ်သူ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းကို စစ်ဆေးခွင့် မရရှိသေးကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

    မိုင်းဖြတ်လွှတ်တော်အမတ်သည် အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နှင့်အတူ ရန်ကုန်၊ တာမွေမြို့နယ်ရှိ မော်ဒန် လက်ဘက်ရည်ဆိုင်တွင် ဦးကိုနီနှင့်ပတ်သက်ပြီး ပြောဆို ဆွေးနွေးကြရာမှ မကျေနပ်မှုများဖြစ်ပေါ်လာပြီး လုပ်ကြံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြောဆိုထားကြောင်း ရှေ့နေက ထောက်ပြသည်။

    “ပြည်ထဲရေးက အခိုင်အမာသတင်းရှိလို့ပြောတာပေါ့၊ အဲဒါကို အစစွဲထုတ်ရင်တော့ နောက်ထပ် အစတွေ ထွက်လာဦးမှာပေါ့။ အဲဒါကို ကျွန်တော်တို့ ကြိုးစားနေပါတယ်။ (ဦးလင်းဇော်ထွန်းက) သက်သေထဲမှာ ပါနေတယ်။ ရှေ့ကိုတိုးပြီးဆောင်ရွက်ဖို့က ဥပဒေအရာရှိက စောပါသေးတယ် ဆိုတော့ ကျွန်တော်တို့က ဘာမှလုပ်မရဘူး” ဟု ရှေ့နေက ဆက်ပြောသည်။