News @ M-Media

Blog

  • ဂျပန်က အကြီးဆုံးဗလီကြီးဟာ အစ္စလာမ့်သတင်းစကားတွေ ဘယ်လိုဖြန့်ချီနေလဲ

    ဂျပန်က အကြီးဆုံးဗလီကြီးဟာ အစ္စလာမ့်သတင်းစကားတွေ ဘယ်လိုဖြန့်ချီနေလဲ

    ဇူလိုင် ၁၇၊ ၂၀၁၇
    M-Media

    – အာရှမှာ အစ္စလာမ်သာသနာနဲ့ပတ်သက်ပြီး စိတ်ဝင်တစား လေ့လာကြတဲ့ နိုင်ငံတွေမှာ ဂျပန်နိုင်ငံက ထိပ်ဆုံးမှာ ရှိနေပါတယ်။

    အစ္စလာမ်သာသနာဟာ ဂျပန်နိုင်ငံကို နိုင်ငံရပ်ခြား ရင်းမြစ်တွေကနေတစ်ဆင့် ၀င်ရောက်လာခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဂျပန်လူမျိုး အစ္စလာမ်ဘာသာဝင်တွေဟာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ ပုံရိပ်တွေကို နိုင်ငံအတွင်း ဖြန့်ချီရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါပြီ။

    မြို့တော်တိုကျိုက နိုင်ငံရဲ့ အကြီးဆုံးဗလီဝတ်ကျောင်းတော်ဖြစ်တဲ့ တိုကျိုကာမီ ဗလီဝတ်ကျောင်းတော်ဟာ ကမ္ဘာ့လှည့်ခရီးသွားတွေ စိတ်ဝင်စားရာ နေရာသာမက အစ္စလာမ့်သတင်းစကားဖြန့်ချီပေးရာ နေရာလည်း ဖြစ်ပါတယ်။

    ဂျပန်ပြည်သူတွေနဲ့ နိုင်ငံခြားသားတွေအတွက် ဒီဗလီကြီးက ဘယ်လိုအသုံးတော်ခံနေလဲဆိုတာ ဒီဗီဒီယိုမှာ တွေ့မြင်ရမှာပါ။

    Press TV ရဲ့ ဖော်ပြမှုကို M-Media က စာတန်းတိုး တင်ဆက်တာ ဖြစ်ပါတယ်။

     

  • အလ်-ဟရမ်ဗလီကို အပေါ်စီးမှ မြင်နိုင်မည့် ကြယ်ငါးပွင့်ဟိုတယ်တစ်ခု မက္ကာတွင် ဆောက်လုပ်မည်

    အလ်-ဟရမ်ဗလီကို အပေါ်စီးမှ မြင်နိုင်မည့် ကြယ်ငါးပွင့်ဟိုတယ်တစ်ခု မက္ကာတွင် ဆောက်လုပ်မည်

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – မက္ကာမြို့ရှိ အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ်ထားရာ မတ်စ်ဂျစ် ဟရမ် ၀တ်ကျောင်းတော်သို့ လမ်းလျှောက်သွားနိုင်သည့် အကွာအဝေးတွင် ဒူဘိုင်းအခြေစိုက် Jumeirah Group က ကြယ် ၅ ပွင့် ဟိုတယ်တစ်လုံးဆောက်လုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

    ရိုးရိုးအခန်းပေါင်း ၁၀၃၃ ခန်း၊ အခန်းကျယ်ပေါင်း ၉၃ ခန်းပါဝင်မည့် အဆိုပါဟိုတယ်ကို Jabal Omar Jumeirah Makkah Hotel ဟု အမည်ပေးထားပြီး တာဝါ ၄ ခု ပါရှိမည်ဖြစ်သည်။

    ထို့ပြင် ထိုဟိုတယ်မှာ အလ်-ဟရမ် ဗလီဝတ်ကျောင်းတော်ကို အပေါ်စီးမှ တွေ့မြင်ရမည်ဟု Jumeirah Group ကို ပိုင်ဆိုင်သော ဒူဘိုင်းအစိုးရပိုင်လုပ်ငန်း Dubai Holding က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် ထိုဟိုတယ်တွင် အစားသောက်နှင့် အချိုရည်မျိုးစုံ၊ အစည်းအဝေးခန်းမများ၊ အနားယူနိုင်မည့်နေရာ၊ အားကစားခန်းမတစ်ခု၊ လက်လီအရောင်းဆိုင် ၉၀ ကျော် ပါဝင်မည်ဖြစ်သည်။

    Jumeirah Group ၏ ထိုအစီအစဉ်မှာ ဆော်ဒီတွင် ယူအေအီးကုမ္ပဏီတစ်ခုက ပထမဆုံးဆောင်ရွက်မည့် လုပ်ငန်းလည်းဖြစ်သည်။

    Ref: Arabian Business

     

  • ကော်ဖီများများသောက်ခြင်းက အသက်ပိုရှည်နိုင်

    ကော်ဖီများများသောက်ခြင်းက အသက်ပိုရှည်နိုင်

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – တစ်နေ့ကို ကော်ဖီသုံးခွက် သောက်မယ်ဆိုရင် အသက်ပိုရှည်နိုင်ဖွယ်ရှိတယ်လို့ လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    နိုင်ငံတကာ ကင်ဆာသုတေသန အေဂျင်စီနဲ့ Imperial ကောလိပ်တို့ဟာ ဥရောပနိုင်ငံပေါင်း ၁၀ နိုင်ငံက အသက် ၃၅ နှစ်ကျော် လူသန်းဝက်နီးပါးကို လေ့လာခဲ့တာဖြစ်ပြီး ကော်ဖီများမျာသောက်ခြင်းဟာ နှလုံးရာဂါလို ရောဂါမျိုးတွေ ဖြစ်ပွားမှုကို တားဆီးပေးနိုင်ကာ အသက်သေဆုံးမှုအန္တရာယ် လျော့ကျမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် တစ်ချို့ပညာရှင်တွေကတော့ ကော်ဖီသာက်ခြင်းဟာ ရောဂါဘယ ကာကွယ်ရေးဆိုင်ရာမှာ ကောင်းပေမယ့် ကျန်းမာတဲ့ဘ၀နေထိုင်မှု ရမယ်ဆိုတာမျိုး မဟုတ်ကြောင်း ထောက်ပြခဲ့ကြပါတယ်။

    သုတေသနမှာ ပါဝင်သူတွေကို ပထမဆုံး တစ်နေ့ ကော်ဖီဘယ်နှစ်ခွက်သောက်လဲဆိုတာကို မှတ်တမ်းတင်ခဲ့ပြီး နောက်ထပ် ၁၆ နှစ်အရောက်မှာ အဲဒီထဲကလူတွေရဲ့ သေဆုံးမှုကို လေ့လာခဲ့တာပါ။

    နေ့စဉ် ကော်ဖီ သောက်သုံးသူတွေနဲ့ မသောက်သုံးသူတွေရဲ့ နိုင်းယှဉ်ချက်၊ တစ်နေ့ကို ကော်ဖီ ၃ ခွက်သောက်နိုင်တဲ့အခြေအနေမျိုးဟာ ချမ်းသာသူတွေမှာ ပိုဖြစ်နိုင်တာကြောင့် သူတို့ရဲ့ ကျန်းမာရေး ကာကွယ်မှု ဆောင်ရွက်ချက် စတာတွေလို အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းစဉ်းစားထားခြင်း မရှိတာကြောင့် အခုတွေ့ရှိမှုဟာ ယေဘူယျသဘောတရားသာ ဖြစ်ပါတယ်။

    လေ့လာမှုမှာ ကော်ဖီပိုသောက်မှုနဲ့ အမျိုးသမီးတွေမှာ သားအိမ်ကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်မှု ဆက်စပ်နေတယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။

    သုတေသနပညာရှင်တွေဟာ သာမန်လူတွေကိုသာ စမ်းသပ်ခဲ့တာဖြစ်ပြီး နှလုံးရောဂါရှိသူတွေ၊ ဆီးချိုးရှိသူတွေ၊ လေဖြတ်နေသူတွေ မပါဝင်ပါဘူး။ ဒါ့ကြောင့် နေမကောင်းတဲ့လူတွေအနေနဲ့ ကော်ဖီသောက်ရင် ဘယ်လို ရိုက်ခတ်မှုမျိုး ရှိမလဲဆိုတာကို မသိရှိခဲ့ပါဘူး။

    Ref: BBC

     

  • ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းအား မော်ရင်ဟိုငြင်းဆို

    ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းအား မော်ရင်ဟိုငြင်းဆို

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းများကို မန်ယူနည်းပြ ဟိုဆေး မော်ရင်ဟိုက ငြင်းပယ်လိုက်ပြီး မဖြစ်နိုင်သော ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

    စပိန်တွင် အခွန်ရှောင်သည်ဟု စွပ်စွဲခံရမှုအတွက် ရော်နယ်ဒိုမှာ မကျမနပ်ဖြစ်နေပြီး ရီးယဲလ်မှ ထွက်ခွာရန် စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်နေကာ ၂၀၀၉ ခုနှစ်က ပေါင် သန်း ၈၀ ဖြင့် ထွက်ခွာသွားသည့် မန်ယူသို့ ပြန်လာမည်ဟု ရေပန်းစားနေသည်။

    သို့သော်လည်း ရော်နယ်ဒိုကို ခေါ်ယူရန်မှာ စီးပွားရေးဆိုင်ရာ အကြောင်းအရင်းများကြောင့် မဖြစ်နိုင်ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    “မဖြစ်နိုင်တဲ့ ကစားသမားအတွက် အချိန်ကုန်ခံနေမှာ မဟုတ်ပါဘူး။ ရော်နယ်ဒိုဟာ ရီးယဲအတွက် ရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး စီးပွားရေးအရလည်း တော်တော် အရာရောက်ပါတယ်။ ရော်နယ်ဒို ရီးယဲလ်က ထွက်နိုင်တယ်ဆိုတဲ့အတွေးမျိုး တွေးရလောက်တဲ့ အကြောင်းတရား ဘာမှမရှိပါဘူး” ဟု မော်ရင်ဟိုက ဆိုသည်။

    ထို့ပြင် ရီးယဲလ်တိုက်စစ်မှူးတစ်ဦးဖြစ်သူ မိုရာတာကိုလည်း ခေါ်ယူသွားမည်မဟုတ်ကြောင်း မန်ယူနည်းပြက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: BBC

  • အလ်-အက်ဆာဗလီကို ပိုမိုထိန်းချုပ်ထားသည့် အနေအထားဖြင့် အစ္စရေးက ပြန်ဖွင့်ပေး

    အလ်-အက်ဆာဗလီကို ပိုမိုထိန်းချုပ်ထားသည့် အနေအထားဖြင့် အစ္စရေးက ပြန်ဖွင့်ပေး

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်မြို့ဟောင်းတွင် သောကြာနေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနောက်ပိုင်း ပိတ်ပစ်ခဲ့သော အလ်-အက်ဆာဗလီဝတ်ကျောင်းတော်ကို အစ္စရေးက ယနေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ဗလီဝတ်ကျောင်းတော်ကို ပိုမိုထိန်းချုပ်ရေး ဆောင်ရွက်မှုများကြောင့် ပါလက်စတိုင်းများက ပရဝုဏ်အတွင်းသို့ ၀င်ရောက်ရန် ငြင်းဆိုခဲ့သည်။

    အစ္စရေးရဲ ၂ ဦးနှင့် ပါလက်စတိုင်း လက်နက်ကိုင် ၃ ဦးသေဆုံးခဲ့သည့် ပစ်ခတ်မှုနောက်ပိုင်း အစ္စရေးက အလ်-အက်ဆာ ဗလီကို ပိတ်မှုနှင့် သောကြာနေ့ဝတ်ပြမှုအား ပယ်ဖျက်ခြင်းကို ဒေသတွင်းနိုင်ငံများက ရှုတ်ချခဲ့သည်။

    ယနေ့နေ့လည်ပိုင်းတွင် အစ္စရေးက ဗလီကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ဗလီဝတ်ကျောင်းတော်၏ ဂိတ်ပေါက်ဝတွင် သတ္တုစစ်ဆေးရေး စက်များ၊ ကင်မရာများကို တပ်ဆင်ထားသောကြောင့် ပါလက်စတိုင်းပြည်သူများမှာ အတွင်းသို့ ၀င်ရောက်ရန် ငြင်းဆန်ခဲ့ပြီး အပြင်ဘက်တွင်ပင် နေ့လည်ခင်းဝတ်ပြုမှုကို ဆောင်ရွက်ခဲ့သည်။

    “အစ္စရေးအစိုးရက ပြုလုပ်တဲ့ ပြောင်းလဲမှုတွေကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒီ သတ္တုစစ်ဆေးရေးစက်တွေကို ဖြတ်ပြီး ကျွန်တော်တို့ အထဲမ၀င်နိုင်ပါဘူး” ဟု ဗလီဝတ်ကျောင်းတော်၏ ဒါရိုက်တာ ရှိခ် အိုမာရ် ကစ္စ၀ါနီက ပြောကြားခဲ့သည်။

    နိုင်ငံတကာက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ထားသည့် ဂျေရုစလင်မြို့ဟောင်းကို ၁၉၆၇ ခုနှစ်တွင် ကျူးကျော်သိမ်းပိုက်ပြီးနောက်ပိုင်း အစ္စရေးမှာ အလ်-အက်ဆာဗလီဝတ်ကျောင်းတော်၏ အနေအထားကို ပြောင်းလဲရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယခု ထပ်တိုးလုံခြုံရေးဆောင်ရွက်မှုကြောင့် ဗလီပရ၀ုဏ်အတွင်း ဖြစ်ပျက်နေသည်များကို အစ္စရေးက လုံးဝထိန်းချုပ်နိုင်မည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂျေရုစလင်မြို့ဟောင်း၏ အစိတ်အပိုင်းအချို့ကိုလည်း ပိတ်ပစ်ခဲ့သည်။

    Ref: Aljazeera