News @ M-Media

Blog

  • လူမျိုးရေးခွဲခြားစိတ်ကြောင့် အာရှသူအား အခန်းငှားရန်ငြင်းသည့် ကန်လူဖြူအမျိုးသမီး ပြစ်ဒဏ်ချခံရ

    လူမျိုးရေးခွဲခြားစိတ်ကြောင့် အာရှသူအား အခန်းငှားရန်ငြင်းသည့် ကန်လူဖြူအမျိုးသမီး ပြစ်ဒဏ်ချခံရ

    ဇူလိုင် ၁၄၊ ၂၀၁၇
    M-Media

    လူမျိုးရေးခွဲခြားဆက်ဆံခံရသည့် ဒိုင်နီဆူး

    – ကယ်လီဖိုးနီးယားပြည်နယ်မှာ အာရှနွယ်ဖွားတစ်ယောက်ရဲ့ အခန်းဘိုကင်လုပ်မှုကို လူမျိုးရေးခွဲခြားစိတ်နဲ့ ငြင်းဆိုခဲ့တဲ့ လူဖြူအမျိုးသမီးတစ်ဦးဟာ လျော်ကြေး ကန်ဒေါ်လာ ၅၀၀၀ အပါအ၀င် ပြစ်ဒဏ်အများအပြား ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

    ကယ်လီဖိုးနီးယားတက္ကသိုလ်က ဥပဒေကျောင်းသူ အာရှနွယ်ဖွား ဒိုင်နီဆူးဟာ နာမည်ကျော် Big Bear အပန်းဖြေစခန်းမှာ ဖေဖော်ဝါရီလက နှင်းလျှောစီးခရီးအတွက် အွန်လိုင်းအခန်းငှားဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Airbnb ကနေ အခန်းတစ်ခု ကြိုတင်ဘိုကင်လုပ်ခဲ့တာပါ။

    ဒါပေမယ့် အဲဒီက တာဝန်ရှိသူ တာမီဘာရ်ကာက သူ့အနေနဲ့ အာရှနွယ်ဖွားတစ်ယောက်ကို အခန်းမငှားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

    Youtube မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုမှာ ဆူးက သူတို့သူငယ်ချင်းတစ်စု နှင်းတောထဲမှာ Big Bear ဆီ ကားမောင်းသွားနေတဲ့အချိန် Airbnb မိုဘိုင်းအက်ပလီကေးရှင်းကနေ အခန်းမငှားနိုင်ကြောင်း ပြန်စာလာခဲ့တယ်လို့ မျက်ရည်လည်ရွဲနဲ့ ပြောကြားခဲ့ပြီး screenshoot ရိုက်ထားတဲ့ သူနဲ့ တာမီဘာရ်ကာတို့ရဲ့ အပြန်အလှန်ပြောဆိုမှုတွေကိုလည်း ပြသခဲ့ပါတယ်။

    “ကျွန်မက ဒီမှာ အသက် ၃ နှစ်ကတည်းက နေလာတာရှင့်။ အမေရိကန်က ကျွန်မရဲ့ ဌာနေပါပဲ။ ကိုယ့်ကိုယ်ကို အမေရိကန်တစ်ယောက်လို့ပဲ ကျွန်မ ခံယူတယ်။ ဒါပေမယ့် ဒီအမျိုးသမီးက ကျွန်မဟာ အာရှနွယ်ဖွားတစ်ယောက်ဖြစ်တဲ့အတွက် ခွဲခြားခဲ့တာပါ” လို့ ဆူးက ပြောကြားခဲ့ပါတယ်။

    ဘာကာရဲ့ပြန်စာမှာ “ဒီအကြောင်းကြောင့်ပဲ ထရမ့် တက်လာတာ” “ဒီတိုင်းပြည်ကို နိုင်ငံခြားသားတွေပြောတဲ့အတိုင်း လိုက်လုပ်ရတဲ့တိုင်းပြည်မျိုး ငါအဖြစ်မခံနိုင်ဘူး” ဆိုတာတွေလည်း ပါဝင်ခဲ့ပါတယ်။

    ကယ်လီဖိုးနီးယားက အလုပ်အကိုင်နှင့် အိမ်ယာ တရားမျှတရေးဌာနက ဒီကိစ္စကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် ဘာကာနေနဲ့ နစ်နာကြေး ကန်ဒေါ်လာ ၅၀၀၀ ပေးဖို့၊ ဆူးကို ပြန်လည်တောင်းပန်ဖို့၊ ကောလိပ်အဆင့်ရှိတဲ့ အာရှအမေရိကန် လေ့လာရေးသင်တန်း တက်ဖို့အပါအ၀င် အခြားသောပြစ်ဒဏ်တွေ ကျခံဖို့ အမိန့်ချခဲ့ပါတယ်။

    ကယ်လီဖိုးနီးယား နိုင်ငံသားဆိုင်ရာဥပဒေအရ နေထိုင်မှုဆိုင်ရာ ကိစ္စတွေမှာ လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်တဲ့ ပြစ်မှုတစ်ခုတိုင်းအတွက် ဒဏ်ငွေဟာ ကန်ဒ်ါလာ ၄၀၀၀ ဖြစ်ပါတယ်။

    Ref: LaTimes

     

  • လန်ဒန်တွက် အက်စစ်ဖြင့်တိုက်ခိုက်မှု ၅ ခု တစ်ဆက်တည်းဖြစ်ပွား

    လန်ဒန်တွက် အက်စစ်ဖြင့်တိုက်ခိုက်မှု ၅ ခု တစ်ဆက်တည်းဖြစ်ပွား

    ဇူလိုင် ၁၄၊ ၂၀၁၇
    M-Media

    – ယူကေမြို့တော် လန်ဒန်အရှေ့ပိုင်းတွင် အက်စစ်ဖြင့်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူအများအပြားမှာ မျက်နှာတွင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရမှုများ ရှိခဲ့ကာ ရဲတပ်ဖွဲ့ကမူ ဆယ်ကျော်သက် ၂ ဦးကို ဖမ်းဆီးထားသည်ဟု သိရသည်။

    ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က တိုက်ခိုက်သူ ၂ ဦးမှာ ဆိုင်ကယ်ဖြင့် မိနစ် ၉၀ အတွင်း နေရာ ၅ ခု၌ လူများကို အက်စစ်ဖြင့် ပက်ခဲ့ကြောင်း၊ ၎င်းတို့၏ ဆိုင်ကယ်များ အခိုးခံရမှုကြောင့် ထိုကဲ့သို့ တိုက်ခိုက်ခြင်း ဖြစ်ပုံရကြောင်း ပြောကြားခဲ့သည်။

    တိုက်ခိုက်ခံရသူများတွင် ၁ ဦးမှာ ဘ၀တစ်ခုလုံးကို ထိခိုက်နိုင်သည့် ဒဏ်ရာမျိုး ရရှိထားသည်ဟုလည်း ဆိုသည်။

    ထိုတိုက်ခိုက်မှုအတွက် အသက် ၁၅ နှစ်နှင့် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ၂ ဦးကို လန်ဒန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ဇွန်လအတွင်းကလည်း လန်ဒန်အရှေ့ပိုင်းတွင် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ၀မ်းကွဲညီအမတစ်ဦးမှာ မွေးနွေးပွဲကျင်းပပြီးအပြန်တွင် အက်စစ်ဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

    Ref : The Guardian

  • ဂျေရုစလင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အစ္စရေးရဲ ၂ ဦး သေဆုံး

    ဂျေရုစလင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အစ္စရေးရဲ ၂ ဦး သေဆုံး

    ဇူလိုင် ၁၃၊ ၂၀၁၇
    M-Media

    – အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့ဟောင်းတွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် အစ္စရေးရဲနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ပါလက်စတိုင်း သေနတ်သမား ၃ ဦးမှာ အလ်အက်ဆာဗလီအနီးရှိ ဂိတ်ပေါက်ဝတစ်ခုတွင် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ပြီးနောက် ထွက်ပြေးခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ သေနတ်သမားအားလုံး သေဆုံးသွားခဲ့သည်ဟု အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ထို့နောက် အစ္စရေးရဲတပ်ဖွဲ့က ဗလီဝတ်ကျောင်းတော်ကို ပိတ်ပစ်ခဲ့ကာ သောကြာနေ့ဝတ်ပြုမှုမလုပ်ရန် တားမြစ်ခဲ့သည်။ သေနတ်သမားများမှာ စက်သေနတ် ၂ လက်၊ ပစ္စတို တစ်လက်နှင့် ဓားတစ်ချောင်းပါဝင်သည်ဟုလည်း အစ္စရေးရဲတပ်ဖွဲ့က ဆိုသည်။

    အလ်အက်ဆာ ဗလီဝတ်ကျောင်းတော်တွင် အပတ်စဉ် သောကြာနေ့တိုင်း ပါလက်စတိုင်းပြည်သူ သောင်းချီ ၀တ်ပြုလေ့ရှိပြီး ယခုကဲ့သို့ အစ္စရေးက ဗလီအား ပိတ်ပင်မှုမှာ နှစ်များစွာအတွင်း ပထမဆုံးဖြစ်ကာ တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

    ထို့ပြင် အစ္စရေမှာ ဂျေရုစလင် မြို့ဟောင်းအတွင်းသို့ ၀င်ရောက်ခွင့်ကိုလည်း ပိတ်ပင်ခဲ့သည်။

    “သောကြာနေ့ဝတ်ပြုမှုကို ပိတ်ပင်တာဟာ မမျှတတဲ့ လုပ်ဆောင်ချက်ပါ။ အလ်အက်ဆာဗလီမှာ အခြေအနေသစ်တစ်ရပ်ဖန်တီးဖို့ စောစောပိုင်းက ဖြစ်ခဲ့တာတွေကို အစ္စရေးက အမြတ်ထုတ်နေတာပါ” ဟု အလ်အက်ဆာဗလီမှ ဘာသာရေးဆိုင်ရာ တာဝန်ရှိသူ ရှိခ် အိုမာရ် ကက်စ်ဝါနီက ပြောကြားခဲ့သည်။

    သီးခြားအဖြစ်အပျက်တစ်ခုအဖြစ် အစ္စရေးတပ်ဖွဲ့ဝင်များမှာ ၎င်းတို့သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဘက်သလီဟမ်တောင်ဘက် ဒုက္ခသည်စခန်း စီးနင်းမှုအတွင်း အသက် ၁၈ နှစ်အရွယ် ပါလက်စတိုင်းတစ်ဦးကို ယနေ့တွင် ပစ်သတ်ခဲ့သည်။

    အစ္စရေးတပ်ဖွဲ့များနှင့် ဂျူးအခြေချနေထိုင်သူများက အလ်အက်ဆာ ဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာမှစ၍ ဖြစ်ပွားခဲ့သော တင်းမာမှုများတွင် အစ္စရေးတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခတ်ခဲ့သည့် ပါလက်စတိုင်းစတိုင်းအရေအတွက်မှာ ယခုအချိန်အထိ ၂၅၄ ဦး ရှိလာပြီဖြစ်သည်။

    အစ္စရေးကမူ အများစုမှာ ၎င်းတို့အား တိုက်ခိုက်သူများဖြစ်သည်ဟု ပြေကြားထားသည်။ ထိုကာလအတွင်း ပါလက်စတိုင်းတိုက်ခိုက်သူများကြောင့် အစ္စရေး ၄၃ ဦး၊ အမေရိကန်ခရီးသွား ၂ ဦးနှင့် ဗြိတိန်ခရီးသွား တစ်ဦးတို့ သေဆုံးခဲ့သည်။

    Ref: Aljazeera

  • မွတ်စလင် ၆ နိုင်ငံအား ဗီဇာပိတ်ပင်မှု ကန်တရားရေးက ထပ်မံလျှော့ပေါ့

    မွတ်စလင် ၆ နိုင်ငံအား ဗီဇာပိတ်ပင်မှု ကန်တရားရေးက ထပ်မံလျှော့ပေါ့

    ဇူလိုင် ၁၄၊ ၂၀၁၇
    M-Media

    – အမေရိကန်က ဗီဇာပိတ်ထားသည့် ၆ နိုင်ငံမှဖြစ်သော်လည်း ခြွင်းချက်အဖြစ် အမေရိကန်တွင် မိသားစုဝင်အရင်းရှိပါက ဗီဇာလျှောက်နိုင်သည့် ဆက်နွယ်မှုစာရင်းကို ဟာဝိုင်ယီ ပြည်ထောင်စုတရားသူကြီးတစ်ဦးက ယမန်နေ့တွင် တိုးချဲ့လိုက်သည်ဟု သိရသည်။

    သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက မွတ်စလင်အများစုရှိရာ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့အား ရက်ပေါင်း ၉၀ ပြည်ဝင်ခွင့်ပိတ်ရန် မတ်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမိန့်ကို ပြီးခဲ့သည့်လက အမေရိကန်တရားရုံးချုပ်မှ အတည်ပြုခဲ့သည်။

    ထို့နောက် အမေရိကန်တွင် ရှိနေသူ သို့မဟုတ် အမေရိကန် အသင်းအဖွဲ့တစ်ခုခုတွင် ပါဝင်နေသူများ၏ အိမ်ထောင်ဖက်၊ ကလေးများ၊ စေ့စပ်ထားသူများနှင့် ညီအစ်ကိုမောင်နှမ အရင်းများမှာ ဗီဇာရယူနိုင်သည်ဟု နောက်ပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။

    ယမန်နေ့က ဟိုနိုလူလူရှိ ခရိုင်တရားသူကြီး ဒဲရစ် ၀တ်စတန်က ဗီဇာလျှောက်ထားနိုင်သည့် မိသားစုဝင် စာရင်းတွင် အဘိုးအဘွားများ၊ မြေးမြစ်များ၊ ခယ်မ၊ မရီး၊ မတ်များ၊ ဦးလေး၊ အဒေါ်များ၊ တူ၊ တူမများနှင့် ညီအစ်ကိုမောင်နှမ၀မ်းကွဲများလည်း ပါဝင်ခွင့်ရှိမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။

    ထို့ပြင် ၀ပ်စတန်က အစိုးရအနေဖြင့် မိသားစုအရင်းနှင့်ပတ်သက်၍ စဉ်းစားရာတွင် လိုအပ်သည်ထက် ပိုမိုကန့်သတ်မှုများ ရှိသည်ဟု ပြောကြားခဲ့သည်။

    ဒုက္ခသည်များအတွက်မူ အမေရိကန်တွင် မိသားစုဝင်အရင်း မရှိသူများအား ဗီဇာပိတ်သည့်ကာလကို ၄ လအဖြစ် ထရမ့်အစိုးရက သတ်မှတ်ထားသည်။

    Ref : Aljazeera

  • သဘာဝအဖြစ်အပျက်များကို စူးစမ်းခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၉)

    သဘာဝအဖြစ်အပျက်များကို စူးစမ်းခြင်း – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၉)

    ဇူလိုင် ၁၄၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    ကောင်းကင်ပြာမှုကို ရှင်းပြသည့် ကားချပ်

    -ကောင်းကင်ကြီး ဘာ့ကြောင့် ပြာနေလဲ။ သက်တံ့ရောင်က ဘယ်မှာဆုံးသလဲ။ ပင်လယ်ကြီးက ဘာ့ကြောင့် သဲကိုဖုံးနေတာလဲ… စသဖြင့် ကလေးတွေရဲ့ မေးမြန်းမှုဟာ ကျွန်တော်တို့အတွက် အခက်အခဲ ဖြစ်စေပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ပတ်ဝန်းကျင်က ဒီလို သဘာဝအဖြစ်အပျက် တော်တော်များများကို နားလည်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် မွတ်စလင်ပညာရှင်ကြီးတွေဟာ ၉ ရာစုလောက်မှာကတည်းက သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး နားလည်ဖို့အတွက် စပ်စုချင်စိတ်ထက်ကိုကျော်ကာ နက်နက်နဲနဲ စဉ်းစားတွေးတောခဲ့ကြပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ဖန်ဆင်းမှုဟာ သူတို့ရဲ့စိတ်ကို လှုံ့ဆော်ပေးခဲ့ပါတယ်။

    ကော်ဒိုဘာက ၁၀ ရာစု မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ ဟာဇမ် (Ibn Hazm) ခေတ် မတိုင်ခင်နဲ့ သူ့ခေတ်ကာလအတွင်းမှာ နက္ခတ္တဗေဒပညာရှင်တွေက ကြယ်တွေ၊ ဂြိုတွေမှာ ၀ိဉာဏ်တွေ၊ စိတ်မနောတွေရှိပြီး လူတွေအပေါ် လွှမ်းမိုးတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ အစ်ဗနေ့ဟာဇမ်ကတော့ ပိုပြီး ယုတ္တိရှိတဲ့အမြင်နဲ့ ကြည့်ခဲ့ပြီး အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့ပါတယ်။

    “ဒီကြယ်တွေဆိုတာ ၀ိဉာဏ်တွေ၊ စိတ်မနောတွေမရှိတဲ့ အာကာသ ရုပ်ဝတ္ထုပစ္စည်းတွေ ဖြစ်တယ်။ သူတို့ဟာ အနာဂတ်ကို ကြိုမသိသလို လူသားတွေအပေါ်မှာလည်း သက်ရောက်မှုမရှိဘူး။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ၀ိသေသလက္ခဏာတွေကသာ လူတွေအပေါ် ရိုက်ခတ်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် နေရဲ့အပူရှိန်နဲ့ ရောင်ခြည်တွေဟာ ဂြိုဟ်တွေအပေါ် ရိုက်ခတ်သလိုမျိုး၊ လကြောင့် ဒီရေအတက်အကျ ဖြစ်သလိုမျိုးပါ”

    ၁၁ ရာစုက မွတ်စလင်ပညာရှင် အလ်-ဘီရူနီ (Al-Biruni) ကလည်း လရဲ့ လှုပ်ရှားမှုသံသရာကို အခြေခံပြီး ဒီရေ အတက်အကျ ဖြစ်ပေါ်မှုကို ရှင်းပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ဆွမ်နသ် (Somnath) ဆိုတဲ့ မြို့မှာ အလ်-ဘီရူနီဟာ ဒီရေအကြောင်း တော်တော် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီး၊ လရဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ်ပေးခဲ့ပါတယ်။

    အလ်-ကင်ဒီ (Al-Kindi)

     

    အာကာသအရာဝတ္ထုတွေကို လေ့လာဆန်းစစ်ကြတဲ့ မွတ်စလင်ပညာရှင်တွေထဲမှာ အလ်-ကင်ဒီ (Al-Kindi) လို တစ်ချို့ပညာရှင်တွေက ကောင်းကင်ကြီး ပြာနေတဲ့အကြောင်းအရင်းကို ချပြခဲ့ကြပါတယ်။ Treatise on the azure color which is seen in the air in the direction of havens and is thought to be the color of the heaven (အာကာသလမ်းကြောင်းမှာ မြင်နေရပြီး အာကာသအရောင်လို့ ထင်နေသည့် ကောင်းကင်ကြီး၏ အရောင်ဆိုင်ရာကျမ်း) လို့ အမည်ရှည်ရှည် ကျမ်းတိုတစ်ခုနဲ့ အလ်-ကင်ဒီက ဒီအကြောင်းကို ရှင်းပြခဲ့ပါတယ်။ ပိုပြီး ရှင်းရှင်းလင်းလင်းပြောရရင် ကောင်းကင်ကြီးက ဘာ့ကြောင့် ပြာနေလဲဆိုတာ လူတွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ အလ်-ကင်ဒီက ကောင်ကင်ကြီး ပြာနေတာဟာ ‘လေထဲက အမှုန်လေးတွေနဲ့ ရေခိုးရေငွေ့ပေါင်းထားတဲ့ ကောင်းကင်ရဲ့ အမှောင်တိုက်ကို နေရဲ့အလင်းရောင် ထိတွေ့မှုကြောင့်ဖြစ်တယ်’ လို့ ဆိုပါတယ်။

    “ကမ္ဘာကြီးရဲ့အလင်းနဲ့ ကြယ်တွေရဲ့အလင်း ရောပြီးတော့ အပြာရောင်ဆိုတဲ့ အမှောင်နဲ့ အလင်းကြားက အရောင်မျိုးနဲ့ ကျွန်တော်တို့ခေါင်းပေါ်က အမှောင်တိုက်ကို မြင်နိုင်တယ်။ ဒါဟာ ကောင်းကင်ရဲ့ အရောင်မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ် အလင်းနဲ့အမှောင်တို့ဟာ ဒီလေထုကို လာရိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ အမြင်အာရုံမှာ မှောက်မှားသွားတာ ဖြစ်ပါတယ်။ နေထွက်တဲ့အချိန်မှာလို အရောင်မရှိတဲ့ အရာတစ်ခုအနောက်ကနေ တောက်ပတဲ့ အခြားအရာတွေကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ ပုံမှန်အရောင်တွေကို မြင်ရမှာဖြစ်ပြီး မှန်တစ်ခုရဲ့ အနောက်ကနေ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ မှန်ရဲ့အရောင်နဲ့ အရာဝတ္ထုရဲ့အရောင် ကြားက ကာလာတစ်ခုကို မြင်ရမှာဖြစ်ပါတယ်။ ”

    သူ့ခေတ်သူ့အခါက ထိပ်တန်းပညာရှင်အသိုင်းအ၀ိုင်းမှာ ဒီအချက်ဟာ ဗဟုသုတနေအဖြစ်နဲ့တောင် ရှုပ်ထွေးပြီး နားမလည်နိုင်စရာလို့ ထင်ရပေမယ့် အလ်-ကင်ဒီရဲ့ ဒီယူဆချက်ဟာ မှန်ကန်ခဲ့ပြီး ကောင်းကင်ဟာ အမှန်တကယ်တော့ ပြာနေတာမဟုတ်ပါဘူး။ ၉ ရာစု ဘဂ္ဂဒတ်မှာ သိပ္ပံ၊ သင်္ချာ၊ ဂီတနဲ ဆေးပညာမှာ ထူးချွန်တဲ့ က၀ိအကျော်အမော်ဖြစ်တာကြောင့် အလ်-ကင်ဒီရဲ့ ဒီအမြင်တွေဟာ လွှမ်းမိုးမှု ရှိခဲ့ပါတယ်။

    မွတ်စလင်ပညာရှင်ကြီတစ်ဦးဖြစ်တဲ့  အစ်ဗနေ့ အလ်-ဟေသမ် (Ibn al-Haytham) ဟာ သူ့ခေတ်သူ့အခါက သမရိုးကျအမြင်တွေကို ဖောက်ထွက်သူတစ်ဦးပါ။ နိုင်းမြစ်ရေကြီးတာကို ထိန်းချုပ်ဖို့အတွက် အီဂျစ်ပြည့်ရှင်ရဲ့ ခိုင်းစေမှုကို မလုပ်နိုင်တာကြောင့် အလ်-ဟေသမ်ဟာ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပါတယ်။ ရှေးဟောင်းအီဂျစ်တွေက ဒါကို မလုပ်နိုင်ခဲ့တာကြောင့် သူလည်း လုပ်နိုင်မှာ မဟုတ်ဘူးလို့ အလ်-ဟေသမ်က သိခဲ့ပါတယ်။ သူ့အပေါ် ကျရောက်လာမယ့် အန္တရာယ်ကို ရှောင်ရှားဖို့နဲ့ စူးစမ်းလေ့လာမှုတွေ ဆက်လက်ပြုလုပ်နိုင်ဖို့ အလ်-ဟေသမ်တစ်ယောက် ရူးချင်ယောင် ဆောင်ခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ်ချထားတာဟာ သူ့အတွက် သင့်လျော်ခဲ့ပြီး အဲဒီအချိန်အတွင်း ပြင်တင်းပေါက်ကနေ ၀င်လာနဲ့ နေရောင်ခြည်အကြောင်းကို အာရုံစိုက် လေ့လာခဲ့ပါတယ်။

    သူ့ရဲ့ ဒီ စူးစမ်းလေ့လာမှုတွေကြောင့် သက်တန့်ဖြစ်ပေါ်လာမှု၊ ရောင်ခြည်ဖျာမှုတွေ၊ နေနဲ့ လတွေဟာ မိုးကုပ်စက်ဝိုင်းနဲ့ နီးလာတဲ့အချိန် အရွယ်အစားကြီးလာတာကို မြင်ရမှု စတာတွေကို ရှင်းပြနိုင်ခဲ့ပါတယ်။ ဒီလို အရွယ်အစားကြီးလာမှုဟာ လေထုကြောင့်ဖြစ်ပြီး ဦးနှောက်က ဖြစ်ပေါ်တဲ့ အမြင်လှည့်ဖျားမှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ နေဟာ မိုးကုပ်စက်ဝိုင်းရဲ့အောက် ၁၉ ဒီဂရီမှာ ရှိနေချိန် နေအလင်းရောင်ဟာ လေထုကိုဖြတ်တဲ့အခါ အလင်းယိုင်ပြီး မိမိတို့ဆီကို ရောက်လာတာဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပြီး ဒါကို အခြေခံကာ လေထုရဲ့အမြင့်ဟာ ၁၀ မိုင်လောက်ရှိတယ်လို့လည်း တွက်ချက်ခဲ့ပါတယ်။

    စပိန်နိုင်ငံ အန်ဒါလူစီယာရှိ အစ်ဗနေ့ဟေသမ်၏ ဂုဏ်ပြုရုပ်ထု

    လုံးနေတဲ့ မှန်သားအတွင်းပိုင်းက အလင်းရဲ့လမ်းကြောင်းအကြောင်း အစ်ဗနေ့ အလ်-ဟေသမ်ရဲ့ ဖော်ထုတ်မှုကို သက္ကရာဇ် ၁၃၁၉ လောက်မှာ ကွယ်လွန်ခဲ့တဲ့ မွတ်စလင်ပညာရှင်ကြီး ကမာလ် အလ်-ဒင် အလ်-ဖာရစ်စီ (Kamal al-Din al-Farisi) က ပိုမိုပြည့်စုံအောင် လုပ်နိုင်ခဲ့ပါတယ်။ ရေစက်ရေပေါက်လေးတွေကို နေအလင်းရောင်ဖြတ်သွားတဲ့အခါ အလင်းယိုင်မှုနဲ့ပတ်သက်ပြီး အလ်-ဖာရီစီက ဖော်ထုတ်ရာကနေ  ၃မြှောင့်ဖန်တုံးကို အလင်းက ဖြတ်သွားတဲ့အခါ ရောင်စဉ်တွေ ကွဲထွက်လာမှုကို တွေ့ရှိခဲ့ပြီး သက်တံ့ရောင်ဖြစ်ပေါ်လာမှုကို ရှင်းပြနိုင်ခဲ့ပါတယ်။

    ဒါ့ကြောင့် နောက်တစ်ခါမှာ ကလေးငယ်တွေက ‘ဘာ့ကြောင့်’ ဆိုတဲ့အမေးမျိုး မေးလာရင်တော့ အလယ်ခေတ် ဒီ မွတ်စလင်ပညာရှင်ကြီးတွေရဲ့ လေ့လာဖော်ထုတ်မှုအကြောင်းကို ပြောပြပြီး တစ်ဦးချင်း စူးစမ်းလေ့လာမှုကို ကောင်းကောင်းကြီး မီးမောင်းထိုးပြနိုင်မှာ ဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်