News @ M-Media

Blog

  • အဘ်ဒူလ် ဆာမဒ် ရှိခ် (သို့) ကမ္ဘာကြီးကို အလှဆင်နေသူ ဘင်္ဂါလီတစ်ဦး

    အဘ်ဒူလ် ဆာမဒ် ရှိခ် (သို့) ကမ္ဘာကြီးကို အလှဆင်နေသူ ဘင်္ဂါလီတစ်ဦး

    ဇူလိုင် ၉၊ ၂၀၁၇
    M-Media

    – ‘နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး’ ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ ဒါပေမယ့် ဒီဆိုရိုးဟာ ဘင်္ဂလားဒေ့ရှ်က အသက် ၆၀ အရွယ် ဆိုက်ကားသမား အဘ်ဒူလ် ဆာမဒ် ရှိခ်အတွက်တော့ မမှန်ပါဘူး။

    လူသားတွေကို အကျိုးရှိစေမယ့် အလုပ်တစ်ခုဟာ သေးငယ်ပေမယ့် စွဲစွဲမြဲမြဲလုပ်မယ်ဆိုရင် ထူးခြားမှုတစ်ခုခု ဖြစ်လာနိုင်တယ်ဆိုတာ သူက သက်သေပြခဲ့ပါတယ်။

    ဆာမဒ်ဟာ အသက် ၁၂ နှစ်ကတည်းက တစ်နေ့ကို အနည်းဆုံး သစ်ပင်တစ်ပင်ကျ စိုက်ပျိုးခဲ့ပြီး အခုအချိန်မှာတော့ သူစိုက်ပျိုးခဲ့တဲ့ သစ်ပင်အရေအတွက်ဟာ ၁၇၅၀၀ ကျော်လာခဲ့ပြီဖြစ်ပြီး တောအုပ်ငယ်လေး တစ်ခုစာလောက်ကို ရှိနေပါပြီ။

    ဒီ ထူးခြားတဲ့အလေ့အကျင့်ကြောင့် ဘင်္ဂလားဒေ့ရှ်အလယ်ပိုင်းက သူ့ရဲ့ဇာတိမြို့ ဖာရစ်ပူးရ်မှာ ‘သစ်ပင် ဆာမဒ်’ လို့ လူသိများပါတယ်။

    သက်တမ်းတစ်လျှောက်လုံး ဆိုက်ကားသမားအဖြစ်နဲ့ ကုန်ဆုံးခဲ့တာဖြစ်ပြီး တစ်နေ့ကို ၁၀၀ တာကာ (ကန် ၁.၂၅ ဒေါ်လာ) လောက်ရတဲ့ သူ့ဝင်ငွေဟာ မိသားစုစားဝတ်နေရေးအတွက်တောင် အလျင်မမီပါဘူး။ ဒါပေမယ့် ဆာမဒ်ကတော့ ဖာရစ်ပူးရ် ဥယျာဉ်ခြံက နေ့စဉ် အနည်းဆုံး သစ်ပင်တစ်ပင် ၀ယ်ယူစိုက်ပျိုးဖို့ မပျက်ကွက်ပါဘူး။

    ဒါဟာ ကမ္ဘာကြီးအတွက် လူသားတစ်ယောက်ရဲ့တာဝန်လို့ သူက ယူဆနေပြီး သစ်ပင်မစိုက်ဖြစ်တဲ့နေ့ ညဘက် အိပ်မပျော်ဘူးလို့လည်း ဆာမဒ်က ဖွင့်ဟခဲ့ပါတယ်။

    “သစ်ပင်တစ်ပင်လောက်မှ မစိုက်ရရင် တစ်ညလုံးအိပ်မပျော်ဘူးဗျ။ အသက် ၁၂ နှစ်ကတည်းက ကျွန်တော် လုပ်လာတာပါ။ များသောအားဖြင့် အစိုးရမြေမှာ စိုက်ပျိုးပြီး ဒါမှ လူတွေက မခုတ်ကြမှာ။ အဲဒီသစ်ပင်တွေကို ကျွန်တော် ရေလည်းလောင်းပေးတယ်။ တစ်ယောက်ယောက်က အဲဒီသစ်ပင်ကို ခုတ်တာတွေ့ရင် သူတို့ကို ကျွန်တော် ဆူပူကြိမ်းမောင်းတာပါပဲ။ ကျွန်တော်ဟာ သက်ရှိ၊ သက်မဲ့ အားလုံးကို ချစ်ပါတယ်။ အထူးသဖြင့် သစ်ပင်တွေကိုပေါ့လေ”

    ဇနီး ကလေးလေးယောက်နဲ့ ဆာမဒ်တို့မိသားစုဟာ ကိုယ်ပိုင်အိမ်မရှိဘဲ အစိုးရက ပေးထားတဲ့ မြေပေါ်မှာ တဲထိုးပြီးနေရသူပါ။ ဆာမဒ်ရဲ့ဝင်ငွေဟာ မိသားစုလိုအပ်ချက်ကိုတောင် အလျင်မမီတာကြောင့်၊ ဇနီးဖြစ်သူက သစ်ပင်တွေ မ၀ယ်လို့ ဆူပူပေမယ့် ဆာမဒ်က သူ့ရဲ့ နေ့စဉ် ၀တ္တရားကို မပျက်ကွက်ပါဘူး။

    “၀င်ငွေက မကောင်းဘူးရှင့်။ ကျွန်မတို့မိသားစုရဲ့ နေ့စဉ်စားသုံးစားရိတ်ကို အလျင်မီအောင် ရှာနေရတာ။ တစ်ခါတစ်လေ သစ်ပင်မ၀ယ်ဖို့ ကျွန်မပြောတာပေါ့။ ဒါပေမယ့် သူက နားမထောင်ပါဘူး။ သစ်ပင်တွေအပေါ် သူ့ရဲ့ သံယောဇဉ်က ရပ်တန့်လို့ မရပါဘူး” လို့ ဇနီးဖြစ်သူ ဂျိုရ်နာက ပြောကြားခဲ့ပါတယ်။

    အသက် ၃၀ အရွယ် သားဖြစ်သူ ကူသုဘ် အူဒင်က ဖခင်ရဲ့လုပ်ရပ်ဟာ လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် ဖြစ်တာကြောင့် သစ်ပင်မစိုက်ဖို့ ဘယ်တုန်းကမှ မပြောခဲ့ဘူးလို့ ဆိုပါတယ်။

    Daily Star မှ ဂုဏ်ပြုဆုငွေ ပေးအပ်စဉ်

    လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေအရင်က ဆာမဒ်စိုက်ပျိုးခဲ့တဲ့ သစ်ပင်တွေဟာ အခုအချိန်မှာ သစ်ပင်ကြီးတွေဖြစ်လာခဲ့ပြီး ဒေသခံတွေကလည်း သူရဲ့ ဒီလုပ်ရပ်အတွက် လေးစားအားကျနေကြပါတယ်။

    “ဆာမဒ်ဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် စံနမူနာပါပဲ။ သူ့ရဲ့ ဒီကောင်းမွန်တဲ့ အလေ့အကျင့်ကို လေးစားအားကျမိပါတယ်” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ အဘ်ဒူလ် ကာလမ် ဟောင်လာဒါက ပြောကြားခဲ့ပါတယ်။

    သစ်ပင်တွေ စိုက်ပျိုးရုံသာမကဘဲ ဆာမဒ်ဟာ ပရဟိတစိတ်ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။

    “သစ်ပင်စိုက်တာတင်မဟုတ်ဘူးဗျ။ ဆာမဒ်ဟာ အရမ်း ကူညီတတ်တဲ့သူ။ တစ်ယောက်ယောက်က အကူအညီတောင်းပြီဆိုရင်၊ သူတတ်နိုင်တာအားလုံးကို အကောင်းဆုံး လုပ်ပေးတတ်တာ။ သူ့လိုလူမျိုးက ရှားပါတယ်။ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ များများစားစား လိုအပ်နေတဲ့ လူမျိုးပေါ့ဗျာ” လို့ အိမ်နီးချင်း ဆကန်ဒါ အလီက ပြောကြားခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၄၈ နှစ်က စတင်ပြီး သစ်ပင်စိုက်ပျိုးခဲ့တဲ့ ဆာမဒ်က သူဟာ ဘုရားသခင်ရဲ့ စေခိုင်းမှုကြောင့် ဒီအလုပ်ကိုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။ အခုအချိန်အထိ သူစိုက်ပျိုးထားတဲ့ သစ်ပင်တွေဟာ ၁၇၅၃၂ ပင်ရှိနေပြီ ဖြစ်ပါတယ်။

    သူ့ရဲ့ ဒီအပြုအမူကို ဂုဏ်ပြုတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် မီဒီယာ Daily Star က တာကာ ၁ သိန်း (ကန် ၁၂၅၃ ဒေါ်လာ) ချီးမြှင့်ခဲ့ပြီး မိသားစုအတွက် အိမ်လေးတစ်လုံးဝယ်ဖို့ မတည်ငွေသဘောမျိုး ဖြစ်ပါတယ်။

    “ကျွန်တော် တစ်ယောက်တည်းနဲ့ မပြီးပြည့်စုံနိုင်ပါဘူး။ အားလုံး ၀ိုင်းကူကြဖို့ လိုပါတယ်” လို့ ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားမှာ ဆာမဒ်က လူတိုင်း သစ်ပင်စိုက်ပျိုးဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref : Daily Star

  • မွတ်စလင်တွေရဲ့ အာဇန်သံဟာ ကြည်နူးဖွယ်ကောင်းတယ်လို့ ဟောလီးဝုဒ်မင်းသားကြီး မော်ဂန်ဖရီးမင်း ပြော

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – ကမ္ဘာကျော်ဟောလီးဝုဒ်မင်းသားကြီး မော်ဂန်ဖရီးမင်းက မွတ်စလင်တွေရဲ့ နေ့စဉ် ၀တ်ပြုဖို့ နှိုးဆော်သံဟာ ကြည်နူးဖွယ်ရာကောင်းတဲ့ အသံတစ်ခုလို့ ထင်မြင်ကြောင်း ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလောက်က National Geographic က ရိုက်ကူးတဲ့ History of God အစီအစဉ်မှာ အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးနဲ့ ဆွေးနွေးစဉ် သူက ဒီလို ပြောကြားလိုက်တာပါ။

    မော်ဂန်ဖရီးမင်းဟာ ၁၉၉၁ ခုနှစ်ကထွက်ရှိခဲ့ပြီး အင်္ဂလန် ဒဏ္ဍာရီ သူရဲကောင်း ရော်ဘင်ဟုအကြောင်း ရိုက်ကူးထားတဲ့ Robin Hood: Prince of Thieves ဇာတ်ကားမှာ မွတ်စလင်ဇာတ်ကောင် အဇင်းအဖြစ် သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

    အာဇန်သံနဲ့ပတ်သက်ပြီး မော်ဂန်ဖရီးမင်းရဲ့ အမြင်ကို ဒီဗီဒီယိုလေးမှာ တွေ့ရမှာ ဖြစ်ပါတယ်။

     

  • လျှပ်စစ်ဓာတ်အားပေးမည့် ကမ္ဘာ့အကြီးဆုံး ဘတ္တရီကို သြဇီတွင် တည်ဆောက်မည်

    လျှပ်စစ်ဓာတ်အားပေးမည့် ကမ္ဘာ့အကြီးဆုံး ဘတ္တရီကို သြဇီတွင် တည်ဆောက်မည်

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံက ပြည်နယ်တစ်ခုမှာ လိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်ကို ဖြည့်ဆည်းပေးဖို့အတွက် လျှပ်စစ်ကားတွေကို ထုတ်လုပ်နေတဲ့ Tesla ကုမ္ပဏီက ကမ္ဘာ့အကြီးဆုံး လစ်သီယန်အိုင်းယွန်းဘတ္တရီကို တည်ဆောက်သွားမယ်လို့ သိရပါတယ်။

    ပြင်သစ် ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီ Neoen နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အဲဒီစီမံကိန်းကို ရက် ၁၀၀ အတွင်းမှာ တည်ဆောက်သွားမှာဖြစ်ပြီး မပြီးဘူးဆိုရင် အခမဲ့ လုပ်ပေးသွားမယ်လို့ Tesla ပိုင်ရှင် အေလွန်မက်စ်က မနေ့မှာ ကတိပြုခဲ့ပါတယ်။

    “စွန့်စားမှုအချို့ရှိမှာ ကျိန်းသေပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ ကန့်သတ်မှုတစ်ခုအတွင်းမှာ လုပ်ပေးရမယ့် ကမ္ဘာ့ကြီးဆုံး ဘတ္တရီ ဖြစ်မှာမို့လိုပါ” လို့ မက်စ်က ဆိုပါတယ်။

    အခုဘတ္တရီဟာ ၁၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး ၃၀ မီဂါဝပ်ထုတ်လုပ်ပေးနိုင်မယ့် နောက်ထပ် ကမ္ဘာ့အကြီးဆုံး ဘတ္ထရီတစ်ခုကိုလည်း မက်စ်တို့က တည်ဆောက်ဖို့ ရှိနေပါတယ်။

    အခု ဆောက်သ်သြစတေးလျပြည်နယ်မှာ ဆောက်လုပ်မယ့် အဲဒီဘတ္တရီဟာ အရေးပေါ်အခြေအနေတွေမှာ ၂၄ နာရီ ဓာတ်အားပေးနိုင်မှာဖြစ်တယ်လို့ သြဇီအစိုးရက ပြောကြားခဲ့ပါတယ်။

    အဲဒီပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဓာတ်အားပြတ်တောက်မှုကို မကြာခဏ ကြုံတွေ့ခဲ့ရပြီး နိုင်ငံရဲ့ စွမ်းအင်ပေါ်လစီနဲ့ပတ်သက်လို့ နိုင်ငံရေးနယ်ပယ်မှာ ဝေဖန်မှုတွေ ဖြစ်ခဲ့ပါတယ်။

    Ref : BBC

  • မူဆိုးလ်တွင် IS လက်ကျန်အဖွဲ့များကို အီရတ်စစ်တပ် ရှင်းလင်း

    မူဆိုးလ်တွင် IS လက်ကျန်အဖွဲ့များကို အီရတ်စစ်တပ် ရှင်းလင်း

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – အီရတ်နိုင်ငံ မူဆိုးလ်မြို့ ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေသည့် အီရတ်စစ်တပ်မှာ IS အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးနေရာနှင့် နီးကပ်လာပြီး ရက်ပိုင်းအတွင်း မြို့မှာ လုံးဝ လွတ်မြောက်တော့မည့် အလားအလာ ရှိနေသည်။

    အီရတ်တပ်ဖွဲ့များမှာ IS ၏ နောက်ဆုံး စနိုက်ပါသမားများ၊ အသေခံဗုံးခွဲသမားများကို ရှင်းလင်းရေး လုပ်ဆောင်နေသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း အရပ်သား ၂ သောင်းခန့်မှာ ပိတ်မိနေသည်ဟု ကုလက ပြောဆိုထားသည်။

    ပြီးခဲ့သည့်တစ်ပတ်အတွင်း မူဆိုးလ်မြို့ရှိ အလ်-နူရီ ဗလီဝတ်ကျောင်းတော်ကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း IS အဖွဲ့ ကျဆုံးသွားပြီဟု အီရတ်ဝန်ကြီးချုပ် အလ်-အာဘာဒီက ပြောကြားခဲ့သည်။

    အမေရိကန် ကျောထောက်နောက်ခံပြု အီရတ်စစ်တပ်နှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ IS အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးခံတပ် မူဆိုးလ်မြို့ကို သိမ်းပိုက်ရေး ထိုးစစ်မှာ ၈ လတာ ကြာမြင့်နေပြီဖြစ်သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းမြို့တစ်မြို့နှင့် ဗလီတစ်လုံးကို ကုလက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

    ပါလက်စတိုင်းမြို့တစ်မြို့နှင့် ဗလီတစ်လုံးကို ကုလက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှ ဟီဘရွန်မြို့ မြို့ဟောင်းနှင့် အီဗရာဟီမီ ဗလီဝတ်ကျောင်းတော်တို့ကို အန္တရာယ်ရှိနေသည့် သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်အဖြစ် ယူနက်စကိုက သောကြာနေ့တွင် သတ်မှတ်ခဲ့သည်။

    ယူနက်စကို၏ ၄၁ ကြိမ်မြောက် အစည်းအဝေးတွင်း မဲခွဲခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ ၁၂ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၆ မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

    ဟီဘရွန် မြို့ဟောင်းမှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံရသည့် ပါလက်စတိုင်းတို့၏ စတုတ္တမြောက် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပြီး၊ ယခင်က ဂျေရုစလင်၊ ဘက်သလီဟမ်တို့မှာလည်း ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

    “ဒီသမိုင်းဝင် သတ်မှတ်မှုရဲ့ အရေးပါမှုက ဒါဟာ ဟီဘရွတ်မြို့နဲ့ အီဘရာဟီမီဗလီတို့ရဲ့ အမှတ်သညာကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်” ဟု ပါလက်စတိုင်း ခရီးသွားလာရေးနှင့် ဗိသုကာဆိုင်ရာဝန်ကြီးက ပြောကြားခဲ့သည်။

    ဟီဘရွန်မြို့မှာ ကမ္ဘာပေါ်တွင် ကျန်ရှိနေသည့် သက်တမ်းအရင့်ဆုံး မြို့များထဲမှ တစ်ခုဖြစ်ပြီး သက်တမ်း နှစ်ပေါင်း ၆၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

    အီဘရာဟီမီဗလီဝတ်ကျောင်းတော်မှာလည်း ပါလက်စတိုင်းရှိ ယဉ်ကျေးမှုဆိုင်ရာ အရေးပါဆုံး အဆောက်အဦးများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စားရာ နေရာဖြစ်သည်။

    ယူနက်စကို၏ ထိုဆုံးဖြတ်ချက်ကို အစ္စရေးက ရှုတ်ချခဲ့သည်။ ပါလက်စတိုင်းမှာ လွန်ခဲ့သည့် ၆ နှစ်ကတည်းက ဟီဘရွန်အား ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်စာရင်းသွင်းရေး လျှောက်ထားခဲ့ခြင်းဖြစ်သည်။

    Ref: Alarabiya