News @ M-Media

Blog

  • လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်နေသည့် ၆၆(ဃ) ကို ပြင်မည်ဟု ဒေါ်စုပြော

    လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်နေသည့် ၆၆(ဃ) ကို ပြင်မည်ဟု ဒေါ်စုပြော

    ဇူလိုင် ၆၊ ၂၀၁၇
    M-Media

    – လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ထိခိုက်စေပြီး ဂျာနယ်လစ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ထောင်သွင်းအကျဉ်းချရာမှာ အသုံးပြုတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောကြားထားတဲ့ ဥပဒေတစ်ခုကို ပြင်ဆင်ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    နှစ် ၅၀ နီးပါးအတွင်း ပထမဆုံး အရပ်သားအစိုးရ တက်လာပေမယ့် မြန်မာနိုင်ငံမှာ လတ်တလော သတင်းထောက်တွေ ဆက်တိုက် အဖမ်းခံရမှု၊ စာနယ်ဇင်းလုပ်ငန်းမှာ ပိတ်ပင်တားဆီးမှုတွေ ကြုံတွေနေရတဲ့အတွက် စိုးရိမ်မှုတွေ ရှိတယ်လို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က သိပ်မကြာခင်ကပဲ ပြောကြားထားပါတယ်။

    လွှတ်တော်မှာ အများစုနေရာရထားတဲ့ NLD ပါတီက လွှတ်တော်အမတ်တွေဟာ အရင်အစိုးရတွေလက်ထက်က သဘောထားကွဲသူတွေကို နှိပ်ကွပ်ဖို့ အသုံးပြုတဲ့ ဥပဒေကို ပယ်ဖျက်ဖို့ အားထုတ်မှုမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    “၆၆(ဃ) အတွက် လွှတ်တော်အမတ်တွေက ပြင်ဆင်တာတွေလုပ်ဖို့ စဉ်းစားနေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    ဘယ်လိုပြင်ဆင်မှုတွေလုပ်မယ်ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း မရှိပါဘူး။ မြန်မာအာဏာပိုင်တွေက ဒီဥပဒေနဲ့ တရားစွဲခံရသူတွေကို တရားသူကြီးတွေက အာမခံပေးပြီး လွှတ်နိုင်လောက်အောင်သာ ပြင်ဆင်မယ့်အနေအထားရှိကြောင်း သံတမန်တွေက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အင်တာနက်သုံးစွဲမှု ကျယ်ပြန့်လာတဲ့ မြန်မာနိုင်ငံမှာ အမုန်းစကားတွေ၊ သတင်းမှားတွေကို ဟန့်တားဖို့ ၆၆ (ဃ) လိုအပ်တယ်လို့ တစ်ချို့ NLD ပါတီ အကြီးတန်းပုဂ္ဂိုလ်တွေက ပြောကြားထားပါတယ်။

    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုရဲ့ သတင်းကို သွားယူတဲ့ ဂျာနယ်လစ် ၃ ဦးဟာ ပြီးခဲ့တဲ့လက စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး တရားမ၀င်အသင်းအဖွဲ့နဲ့ ဆက်သွယ်မှုအတွက် တရားစွဲဆို ခံထားရပါတယ်။

    နေ့စဉ်ထုတ်သတင်းစာရဲ့ အယ်ဒီတာတစ်ဦးကလည်း စစ်တပ်အကြောင်း သရော်စာရေးတဲ့အတွက် တရားရင်ဆိုင်နေရပြီး ဒီအဖြစ်အပျက်တွေက မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာတွေဖြစ်လာကာ နိုင်ငံတကာလည်း ၀ိုင်းဝန်း ရှုတ်ချခဲ့ကြပါတယ်။

    မကြာခင်က ဖမ်းဆီးခံရတဲ့ သတင်းထောက် ၃ ဦးကိစ္စ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ရပ်တည်ချက်ကို ဖြေကြားခြင်းမရှိဘဲ သတင်းထောက် ၃ ယောက်နဲ့ စစ်တပ်ကိစ္စလောက်သာ ကွက်ကြည့်လို့မရကြောင်း၊ လက်ရှိဥပဒေတွေဟာ တရားမျှတမှု၊ ဒီမိုရက်စီနည်းကျမှုဆိုတဲ့ မိမိတို့ရဲ့ ဆန္ဒနဲ့ ကိုက်ညီမှုရှိလားဆိုတာကို ဆန်းစစ်ရမှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

    Ref: Reuters

  • ချယ်ဆီးကိုကျော်ကာ လူကာကူကို မန်ယူက ခေါ်ယူနိုင်

    ချယ်ဆီးကိုကျော်ကာ လူကာကူကို မန်ယူက ခေါ်ယူနိုင်

    ဇူလိုင် ၆၊ ၂၀၁၇
    M-Media

    – အဲဗာတန်အသင်းတိုက်စစ်မှူး လူကာကူကို ပေါင် ၇၅ သန်းဝန်းကျင်ဖြင့် မန်ယူက ခေါ်ယူရန် သဘောတူညီချက် ရခဲ့ပြီဟု နှစ်ဖက်အသင်း တာဝန်ရှိသူများက အတည်ပြုခဲ့ပြီး ချယ်ဆီးအသင်းကို ကျော်ဖြတ်ကာ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် အဲဗာတန်အသင်းအတွက် ၂၅ ဂိုးသွင်းယူပေးခဲ့သည့် အသက် ၂၄ နှစ်အရွယ် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို ခေါ်ယူရန် မန်ယူက နွေရာသီအပြောင်းအရွှေ့ကာလ တစ်လျှောက်လုံးတွင် ချယ်ဆီးနှင့် အပြိုင်ကြိုးစားခဲ့သည်။

    လက်ရှိတွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း မပြုရသေးဟု အဲဗာတန်အသင်းက ပြောကြားခဲ့သော်လည်း မန်ယူအသင်း၏ ရာသီကြိုခြေစမ်းပွဲအဖြစ် တနင်္ဂနွေနေ့ အမေရိကန်သို့ မသွားရောက်မီ ရောက်လာဖွယ် ရှိနေသည်။

    လူကာကူမှာ ၂၀၁၁ ခုနှစ်က အန်ဒါလက်ခ်ျအသင်းမှ ချယ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီး မော်ရင်ဟိုလက်ထက် ၂၀၁၄ ခုနှစ်တွင် ပေါ ၂၈ သန်းဖြင့် အဲဗာတန်သို့ ရောက်ရှိခဲ့သည်။

    အဲဗာတန်အသင်း၏ သမိုင်းတစ်လျှောက် အမြင့်ဆုံး ကမ်းလှမ်းမှုကို ပြီးခဲ့သည့်နှစ်တွင် လူကာကူက ပယ်ချခဲ့ပြီး မိမိအနေဖြင့် ယခုအဆင့်တွင် ဆက်နေရန် ဆန္ဒမရှိတော့ကြောင်း၊ တိုးတက်မှုကို ရှာဖွေလိုကြောင်း ပြောကြားခဲ့သည်။

    Ref: BBC

  • စစ်တွေပဋိပက္ခ လူသေဆုံးမှု တရားခံများ ဖမ်းဆီးနိုင်ခြင်း မရှိသေး

    စစ်တွေပဋိပက္ခ လူသေဆုံးမှု တရားခံများ ဖမ်းဆီးနိုင်ခြင်း မရှိသေး

    ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရဲတပ်သားသစ်များ သင်တန်းတက်နေစဉ် / Reuters

    အင်္ဂါနေ့က မွတ်ဆလင်တဦးသေဆုံးစေသော မှုခင်းဖြစ်ပွားသည့် နေရာတွင် လိုက်ပါစောင့်ကြပ်သည့် ရဲတပ်ဖွဲ့ဝင်များ ရှိစေကာမူ တိုက်ခိုက်မှုအတွက် သံသယရှိသူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း စစ်တွေခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ဒုရဲမှူကြီး ဝင်းနိုင်က ပြောသည်။

    ရဲအရာရှိများက ရခိုင်ဗုဒ္ဓဘာသာဝင် အများစုရှိသော ရွာကြီးမြောက်ရပ်ကွက်ရှိ ဒါးပိုင် ပြည်တွင်းနေရပ်စွန့်ခွာရသူများ စခန်းမှ မွတ်ဆလင် ၇ ဦးကို စောင့်ကြပ်လိုက်ပါသည့် ရဲတပ်ဖွဲ့ဝင်၏ပြောဆိုချက်များကို ထုတ်ပြန်ရန် ငြင်းဆိုသည်။ အစောပိုင်းကမူ ထိုမွတ်ဆလင်အုပ်စုသည် တိုက်ခိုက်မှု ဖြစ်ပွားရာ မြို့နယ်တရားရုံးတွင် သက်သေခံရန် လာသည်ဟု ဆို သည်။

    အမှတ် ၂ ရဲစခန်းမှ တာဝန်ပေးထားသော ရဲတပ်သားသည် လက်နက်တပ်ဆင်ထားခြင်း မရှိဘဲ လူအုပ်က တိုက်ခိုက် သောအခါ ထွက်ပြေးသည်ဟု ဝန်ခံပြီး ထိုရဲတပ်သားသည် တိုက်ခိုက်မှုကို မည်သို့မျှ မဟန့်တားနိုင်ခဲ့ဟုလည်း ဆိုသည်။

    “ကျနော်တို့်က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကြေညာချက်ကို နောက်တော့ ထုတ်ပြန်ပါမယ်”ဟု သူက ဆက်ပြော သည်။

    တိုက်ခိုက်မှုဖြစ်ပွားစဉ်က အခင်းဖြစ်ရာနေရာတွင် ရှိနေသော ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေးပြီးဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗိုလ်မှူးကြီးမျိုးသူစိုးက ဗုဒ္ဓဟူးနေ့က ရိုက်တာသတင်းဌာနသို့ ပြောသည်။ သူသည် တိုက်ခိုက်မှုကို ဟန့်တား ရန် ကြိုးစားခဲ့သော်လည်း သူ့တွင် လက်နက်မပါဝင်သောကြောင့် မအောင်မြင်ဘဲ ရဲစခန်းသို့ ပြန်ပြေးခဲ့ရသည်ဟု အထက်ပါ ပြောခွင့်ရသူက ဆိုသည်။

    ၎င်းတို့သည် ထုံးစံအားဖြင့် ပြည်တွင်းရွှေ့ပြောင်းအခြေချများကို စစ်တွေမြို့လယ် သို့မဟုတ် ဈေးသို့ လက်နက်ကိုင် အစောင့်အရှောက် ပေးသည်ဟု ဧရာဝတီသတင်းဌာနသို့ ဖုန်းဖြင့် ပြောသည်။

    ရဲအပါအဝင် လက်နက်ကိုင် စစ်သား ၁၀၀ ခန့်သည် သေဆုံးသူ အသက် ၅၅ နှစ်အရွယ် မောင်နုခေါ် မွန်နာအာမက်၏ အလောင်းကို ယူဆောင်ရန် အင်္ဂါနေ့ညက ရောက်လာသည်ဟု သူ့ကိုယ်သူ ရိုဟင်ဂျာဟု သတ်မှတ်သူ ဒါးပိုင်စခန်းမှ ဦးစောလွင်က ဧရာဝတီသတင်းဌာနသို့ ပြောပြီး ၎င်းတို့သည် အသက်ရှင်ကျန်သူ ၄ ဦးကိုလည်း စခန်းတွင် ချထားခဲ့ သည်ဟု ဆိုသည်။ နှစ်ဦးမှာ ဆေးရုံတွင် ရှိနေဆဲဖြစ်သည်။

    နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏အဆိုအရ တပ်ကြပ်နိုင်နိုင်နှင့် တပ်သား စိုးဝင်းတို့ သည် အင်္ဂါနေ့၌ မြို့နယ်တရားရုံးတွင် အမှုတခုအတွက် သက်သေခံရန် ရပ်ရွာအကြီးအကဲ ဦးမြင့်နိုင်ကို ဒါးပိုင်စခန်းမှ ခေါ် ဆောင်ခဲ့သည်။ သို့သော် အခြားသူ ၇ ဦးကို သယ်ဆောင်လာသော မီနီဘန်အမျိုးအစား ကားသည် မန်ဆီစခန်းရှိ လုံခြုံ ရေးအဖွဲ့များကို အကြောင်းမကြားဘဲ ရဲကားနောက်မှ လိုက်လာခဲ့သည်ဟု ဆိုသည်။

    အာဏာပိုင်များသည် မွတ်ဆလင်များကို မြို့ရှိ ရခိုင်ရပ်ကွက် သို့မဟုတ် ဆိုင်များသို့ သွားခွင့်မပြုပေ။ ဗုဒ္ဓဘာသာ ရခိုင် များလည်း ရဲအစောင့်အရှောက် မပါဘဲ မွတ်ဆလင်ရပ်ကွက်များသို့ သွားခွင့်မပေးပေ။

    အင်္ဂါနေ့က တရားခွင်အပြီး အထက်ပါ မွတ်ဆလင်၇ ဦးသည် ၎င်းတို့အပြန် လုံခြုံရေးအတွက် အကူအညီတောင်းရန် စစ်တွေအမှတ် ၂ ရဲစခန်းသို့ သွားခဲ့သည်။ စခန်းမှူးရာထူးသို့ မကြာသေးမီက တိုးမြှင့်ခံရသူ ဒုရဲအုပ် ကျော်မိုးက ရဲ တပ်သားတဦးကို ၎င်းတို့နှင့် လိုက်ပါရန် စေလွှတ်ခဲ့သည်။

    မြို့ခံများသည် ထုံးစံအားဖြင့် မြို့ပြင် မွတ်ဆလင်ရွာများသို့သွားရန် သို့မဟုတ် မြို့လယ်မှ ထွက်ရန် မေယုလမ်းမကို သုံးကြ သည်။ သို့သော် ထိုရဲသားနှင့် မွတ်ဆလင်အုပ်စုသည် ရွာကြီးမြောက် ရခိုင်ရပ်ကွက်ရှိ ဦးဥတ္တမလမ်းတွင် တိုက်ခိုက်ခံရ သည်။ ထိုနေရာသည် ၎င်းတို့အပြန်လမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု အမည်မဖော်လိုသော ရဲတပ်ဖွဲ့ဝင်တဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

    ထိုမွတ်ဆလင်အုပ်စုသည် ထိုနေရာတွင် နောက်ဆုံး၌ မည်သို့မည်ပုံဖြစ်သည်ကို မရှင်းလင်းဘဲ ၎င်းတို့သည် လှေတစင်း ဝယ်ရန် ရောင်နီဦးလှေဆိပ်သို့ သွားပြီး လူအုပ်စုက ခဲများဖြင့် ၎င်းတို့ကို ပေါက်သည်ဟု ဖော်ပြသည်။ တဦး ပွဲချင်းပြီး သေ ပြီး ကျန်သူများ ဒဏ်ရာ ရသည်ဟု ဆိုသည်။

    အစိုးရ၏ ကြေညာချက်တွင် သေဆုံးသူအမည်ကို ဖော်ပြသော်လည်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်အမည်ကို မဖော် ပြပေ။ ထိုဖြစ်ရပ်အသေးစိတ်ကို ဧရာဝတီသတင်းဌာနက အာဏာပိုင်များကို အကြိမ်ကြိမ် စုံစမ်းသော်လည်း နောက်ထပ် သတင်းအချက်အလက်မပေးပေ။

    စစ်တွေဒေသခံများနှင့် မွတ်ဆလင်များက မူလအခြေအနေပြန်ရောက်ပြီ၊ အာဏာပိုင်များက လုံခြုံရေးများ မြို့တွင် ချထားသည်ဟု ပြောသည်။

    ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြသည်။

    https://burma.irrawaddy.com/news/2017/07/06/138053.html

  • အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်တွင် ဗလီသစ်တစ်လုံး တည်ဆောက်မည်

    အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်တွင် ဗလီသစ်တစ်လုံး တည်ဆောက်မည်

    ဇူလိုင် ၆၊ ၂၀၁၇
    M-Media

    ဆောက်လုပ်မည့် ဗလီဝတ်ကျောင်းတော် ပုံစံငယ်

    – အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ပရင့်စ်ဝီလီယံကောင်တီက အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးတာဝန်တွေ ထမ်းဆောင်ဖို့အတွက် ဗလီဝတ်ကျောင်းတော်တစ်လုံးကို မကြာခင်မှာ စတင်ဆောက်လုပ်တော့မယ်လို့ သိရပါတယ်။

    ကောင်တီအစိုးရက ခွင့်ပြုချက်ပေးခဲ့ပြီးတဲ့နောက် ၁၄ ဧကရှိတဲ့ မြေပေါ်မှာ ဆောက်လုပ်သွားမှာဖြစ်ပြီး ဂိန်းစ်ဗီလီနဲ့ ဘရစ္စတိုးတို့က အစ္စလာမ်ဘာသာဝင် ၂၀၀ အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေးအတွက် အလှူငွေကောက်ခံတာ၊ ဆောက်လုပ်ရေးပါမစ်လျှောက်တာနဲ့ လုပ်ငန်းစတင်မှာတွေကြောင့် ဆောက်လုပ်ရေး ပထမဆင့်လုပ်ငန်းတွေဟာ ၁ နှစ်ကနေ ၂ နှစ်လောက်အထိ ကြာမြင့်နိုင်ပါတယ်။

    “ဒါက ကျွန်တော်တို့မွတ်စလင်လူ့အဖွဲ့အစည်းကို အားတက်စေပါတယ်။ လူ့အဖွဲ့အစည်းမှာ ပါဝင်ခွင့်ရပြီး၊ သာတူညီမျှ ဆက်ဆံခံရတယ်လို့လည်း ခံစားရပါတယ်” လို့ ဂိန်းစ်ဗီလီ မွတ်စလင်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ ဆယဒ် မူရ်တာဇာက ပြောကြားခဲ့ပါတယ်။

    လက်ရှိ ဂိန်းစ်ဗီလီက မွတ်စလင်တွေဟာ ၀တ်ပြုရာနေရာမရှိတာကြောင့် သောကြာနေ့ စုပေါင်းဝတ်ပြုမှုအတွက် ဟော်တယ် အစည်းအဝေးခန်းမကို ငှားရမ်းအသုံးပြုရသလို၊ ကလေးတွေကို အစ္စလာမ့်အခြေခံဓမ္မတွေ သင်ကြားပေးဖို့အတွက် အစိုးရစာသင်ကျောင်းကို အသုံးပြုနေရပါတယ်။

    ဗလီဝတ်ကျောင်းတော်ကို ဘေးနှစ်ဖက်မှာ အဆောက်အဦးနှစ်ခုထားပြီး အလယ်က ၀တ်ပြုဖို့ ဟောခန်းမအဖြစ် တည်ဆောက်သွားမှာပါ။ ပထမအဆင့်အနေနဲ့ လူ ၁၅၀ ကနေ ၂၀၀ ဆန့်တဲ့ ဟောခန်းမတစ်ခုနဲ့ တနင်္ဂနွေနေ သင်တန်းအတွက် စာသင်ခန်း ၁၀ ခန်းကို အရင်ဆုံး တည်ဆောက်သွားမှာဖြစ်ပြီး စီမံကိန်းပြီးစီးဖို့အတွက် ၅ နှစ်ကနေ ၈ နှစ်အထိ ကြာနိုင်တယ်လို့ မူရ်တာဇာက ပြောကြားခဲ့ပါတယ်။

    ဒီဗလီဝတ်ကျောင်းတော်ကို လှုမှုစင်တာတစ်ခုအနေနဲ့လည်း အသုံးပြုသွားမှာဖြစ်ပါတယ်။

    မူရ်တာဇာကတော့ လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း ဗလီဝတ်ကျောင်းတော် အသင်းဝင်အရေအတွက်ဟာ တိုးတက်လာမယ်လို့ မျှော်လင့်နေပါတယ်။

    Ref: Fauquier.com

  • မြောက်ကိုရီးယားပြဿနာအတွက် လိုအပ်လျှင် စစ်အင်အားသုံးမည်ဟု အမေရိကန်ကြေငြာ

    မြောက်ကိုရီးယားပြဿနာအတွက် လိုအပ်လျှင် စစ်အင်အားသုံးမည်ဟု အမေရိကန်ကြေငြာ

    ဇူလိုင် ၆၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားရန်မှ မိမိတို့နိုင်ငံနှင့် မဟာမိတ်နိုင်ငံများကို ကာကွယ်ရန် လိုအပ်ပါက စစ်အင်အားကို အသုံးပြုသွားမည်ဟု အမေရိကန်က ပြောကြားလိုက်သည်။

    မြောက်ကိုရီးယားမှာ အင်္ဂါနေ့က နျူထိပ်ဖူးတပ်ဆင်နိုင်ပြီး အမေရိကန်အထိ ရောက်ရှိနိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်တစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် ယမန်နေ့တွင်ပြုလုပ်သည့် ကုလလုံခြုံရေးကောင်စီအစည်းအဝေးတွင် အမေရိကန်သံအမတ် နစ်ကီဟာလေးက ယခုကဲ့သို့ တင်းတင်းမာမာ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ဟာလေးက ကမ္ဘာကြီးမှာ ပိုမိုအန္တရာယ်ရှိသော နေရာတစ်ခု ဖြစ်လာပြီး၊ ငြိမ်းချမ်းမှုမြှင့်တင်ရေးတွင် တရုတ်က အဓိကနေရာတွင် ရှိနေသည်ဟုလည်း ဆိုသည်။

    မြောက်ကိုရီးယား၏ ကုန်သွယ်ရေး ၉၀ ရာခိုင်နှုန်းမှာ တရုတ်နှင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဟာလေးက မြောက်ကိုရီးယားနှင့် တရုတ်၏ စီးပွားရေးဆက်ဆံမှုမှာ ကုလ၏ ပိတ်ဆို့မှုစည်းမျဉ်းများကို ချိုးဖောက်နေပါက အမေရိကန်နှင့်ကုန်သွယ်ရေးတွင် တရုတ်အတွက် အန္တရာယ်ရှိသည်ဟုလည်း သတိပေးခဲ့သည်။

    ထို့ပြင် အမေရိကန်က ပြဿနာကို မရှာဖွေဘဲ၊ ရှောင်ရှားရန်သာ ဆောင်ရွက်နေကြောင်း၊ သို့သော်လည်း တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုမှာ စစ်ရေးအရ တိုးမြှင့်ဆောင်ရွက်မှု၏ ရှင်းလင်းသော လက္ခဏာဖြစ်ကြောင်း မိမိနိုင်ငံနှင့် မဟာမိတ်နိုင်များကို ကာကွယ်ရန် စစ်အင်အား အသုံးပြုရေး အမေရိကန်က ပြင်ဆင်ထားကြောင်း သံအမတ်က ထည့်သွင်းပြောကြားခဲ့သည်။

    သို့သော်လည်း သမ္မတထရမ့်အနေဖြင့် ထိုပြဿနာကို ကုန်သွယ်ရေး ဖိအားပေးမှုနှင့်သာ ဖြေရှင်းရာ အားသန်နေသည်ဟုလည်း သူမက ဆိုသည်။

    Ref: Aljazeera