News @ M-Media
Blog
  • မွတ်စလင်အိမ်ရှေ့တွင် ၀က်သားတုံးသွားချသည့် အမျိုးသမီးကို စင်ကာပူ ပြစ်ဒဏ်ချ
    မွတ်စလင်အိမ်ရှေ့တွင် ၀က်သားတုံးသွားချသည့် အမျိုးသမီးကို စင်ကာပူ ပြစ်ဒဏ်ချ
    ဇွန် ၃၀၊ ၂၀၁၇
    M-Media
    မွတ်စလင်အိမ်နီးချင်း၏ အိမ်ရှေ့တွင် ၀က်သားတုံးသွားချသည့် လီဂျီလင်း
    – မွတ်စလင်အိမ်နီးချင်း၏ အခန်းရှေ့တွင် ၀က်သားတုံးသွားချထားသည့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကို စိတ်ကျန်းမာရေးဆေးရုံ၌ ၂ နှစ်တိတိ ကုသမှုခံယူရန် စင်ကာပူက ယနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။
    စိတ်ရောဂါ ခံစားနေရသည့် လီဂျီလင်းဆိုသူ အမျိုးသမီးဖြစ်ပြီး သူမ၏ အိမ်နီးချင်း မွတ်စလင်အမျိုးသမီး မာလီယာ ဂျိုနတ်၏ အခန်းရှေ့တွင် ၀က်သာစိမ်းကို သွားချကာ အရှက်ရအောင် ပြုလုပ်သည့် စွဲချက်၊ လူတစ်ဦး၏ ဘာသာရေး ယုံကြည်သက်ဝင်မှုကို တမင်ရည်ရွယ်၍ စိတ်နှလုံးညှိုးနွမ်းအောင် ပြုလုပ်သည့်စွဲချက် စသည့် စွဲချက်နှစ်ခုအတွက် အပြစ်ရှိကြောင်း ဧပြီလတွင် ၀န်ခံခဲ့သည်။
    ထို့ပြင် မာလီယာအား ၀က်ပုံသဏ္ဍာန် ပြုလုပ်ပြပြီး မလေးဘာစကားဖြင့် ‘ဘာဘီ’ (၀က်) ဟု ပြောကြားမှုအတွက် အရှက်ရစေမှု စွဲချက်ကိုလည်း ထည့်သွင်း စဉ်စားခဲ့သည်။
    ၂၀၁၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ ညဘက် ၁၁ နာရီခွဲအချိန်တွင် မီးဖိုဆောင် ပြတင်းပေါက်မှနေ၍ လီဂျီလင်း၏ အသံကို ကြားသောကြောင့် အပြင်ကိုကြည့်ရာ လီဂျီလင်းမှာ အတွင်းခံဘောင်းဘီများ လှန်းထားသည့် ၀ါးလုံးတစ်ဖက်ကို သူမ၏ မီးဖိုဆောင်ပြတင်းပေါက်တွင် တင်ကာ၊ အခြားတစ်ဖက်ကို မိမိ၏ မီးဖိုဆောင် ပြတင်းပေါက်၌ တင်ရန် ကြိုးစားကြောင်း မာလီယာက တရားရုံးတွင် ထွက်ဆိုခဲ့သည်။
    ရက်အနည်းငယ်အကြာ ၁၈ ရက်နေ့တွင် ညဘက် ၁၁ နာရီ ၄၀ အချိန်တွင် မာလီယာက အိမ်ရှေ့တံခါးကို ဖွင့်သည့်အခါ ၀က်သားအစိမ်းတုံးတစ်ခုကို တွေ့ရှိခဲ့ပြီး သူမ၏ အိမ်အပြင်ဘက်တွင် တပ်ဆင်ထားသည့် CCTV ကို ဖွင့်ကြည့်ရာ ထိုနေ့ည ၈ နာရီခန့်အချိန်တွင် လီဂျီလင်းက ထိုဝက်သားတုံးကို လာရောက်စွန့်ပစ်သွားသည်ကို တွေ့ခဲ့ရသည်။ နောက်နေ့မနက်တွင် မာလီယာက ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့သည်။
    ဘာသာရေး ယုံကြည်သက်ဝင်မှုကို တမင်ရည်ရွယ်၍ စိတ်နှလုံးညှိုးနွမ်းအောင် ပြုလုပ်ခြင်းအတွက် လီမှာ ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ကျခံရနိုင်ပြီး အရှက်ရအောင် ပြုလုပ်မှုအတွက် ထောင်ဒဏ်ခြောက်လ၊ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅ ထောင်၊ သို့မဟုတ် ဒဏ်နှစ်စလုံး ကျခံရနိုင်သော်လည်း တရားရုံး စိတ်ကျန်းမာရေးဆေးရုံတွင် ၂ နှစ် တက်ရောက်ကုသရန် အမိန့်ချခဲ့သည်။
    Ref: CNA
  • ​တောင်​တွင်းကြီးမြို့မှ အစ္စလာမ်​ဘာသာဝင်​များ ဝါကျွတ်အီးဒ်​ပွဲ အမှတ်တရ လှူဒါန်းမှုများပြုလုပ်
    ဇူလိုင် ၃၀ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ
    တောင်တွင်းကြီးမြို့နေ မွတ်စလင်မ်များမှ၂၀၁၇ ခုနှစ် ၊ ဇွန်လ ၂၉ ရက်တွင် အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဝါကျွတ်အီးဒ်ပွဲတော် အမှတ်တရ အဖြစ် လှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။
    တောင်တွင်းကြီးမြို့ပြည်သူ့ဆေးရုံ၊ နေရှင်နယ် ပရဟိတကျောင်းများသို့ နေ့လည်စာနှင့် အခြားအလှူပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
    ရှေးဦးစွာ မနက် ၁၀ နာရီခွဲတွင် တောင်တွင်းကြီးမြို့ပြည်သူ့ဆေးရုံတွင် တက်ရောက်ပြီး ဆေးကုသမှုခံယူနေသည့် လူနာများ၊ လူနာစောင့်များ၊ တာဝန်ကျ ဆရာဝန်များ၊သူနာပြုများနှင့် အခြားသော ဝန်ထမ်းများအတွက် နေလည်စာ ထမင်းနှင့် ကြက်သားဟင်း၊ အချိုရည် အစရှိသည့် တို့ကို လှူဒါန်းခဲ့ကြောင်းသိရပါတယ်။
    ဆက်လက်ပြီး နေ့လည် ၁၂ နာရီခွဲတွင် ​ ​တောင်​တွင်းကြီးမြို့ ​မောင်းတိုင်​ရပ်​ ​နေရှင်​နယ်​ ပရဟိတ​ကျောင်းမှ ​ပရဟိတ​ကျောင်းသား​လေးများ ​ဆရာများကိုလည်း ​နေ့လည်​စာ ကြက်​သားဟင်း ထမင်းနှင့်​ အချိုရည်​ ​ရေသန့်​ဘူးများ သွား​ရောက်​ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
    အဆိုပါ လှူဒါန်းပွဲသို့ ဖိတ်​ကြားထား​သော ဧည့်​သည်​​တော်​များ ဖြစ်​​သော စိတ္တသုခ နာ​ရေးကူညီမှုအသင်းမှ တာဝန်​ရှိသူများ၊ ဘာသာ​ပေါင်းစုံအဖွဲ့မှ ဘာသာအသီးသီး ကိုယ်​စားလှယ်​များ ဆရာ​တော်​များ၊ သူရိယစန္ဒာ ကျန်းမာပညာအသင်း၊ မြန်​မာနိုင်​ငံ သတင်းတပ်​ဖွဲ့၊ မြို့နယ်​သတင်း​ထောက်​များ အပါအဝင်​ ​တောင်​တွင်းကြီးမြို့ အစ္စလာမ်​သာသနာ့ဝတ်​​ကျောင်း​တော်​ အုပ်​ချုပ်​​ရေးအဖွဲ့ ဥက္ကဌနှင့်​ ​ဝတ်​​ကျောင်း ဆရာ​တော်​(မွဖ်​သီဆပ်​)၊ မြို့ခံ အစ္စလာမ်​ဘာသာဝင်​များ၊ ပရဟိတ အစ္စလာမ်​လူငယ်​များ တက်​​ရောက်​ပါဝင်​ခဲ့ ကြောင်းသိရှိရပါတယ်။
    သတင်းအချက်အလက်နှင့် ဓါတ်ပုံပေးပို့သူ- ကိုစိုးမြင့်လေးနှင့် မိတ်ဆွေများ
  • ကလေးလုပ်သားများကို ဆင်းရဲတွင်းမှထွက်နိုင်ရန် ကူညီပေးနေသည့် ရွေ့လျားပညာရေး
    ကလေးလုပ်သားများကို ဆင်းရဲတွင်းမှထွက်နိုင်ရန် ကူညီပေးနေသည့် ရွေ့လျားပညာရေး
    ဇွန်လ ၃၀၊ ၂၀၁၇
    M-Media
    myME မှ စီစဉ်သည့် ရွေ့လျားပညာရေး မြင်ကွင်းတစ်ခု
    – လက်ဖက်ဆိုင်မှာ စားပွဲထိုး၊ ကြမ်းတိုက်တဲ့ အလုပ်တွေကို ၁၁ နာရီကြာ လုပ်ခဲ့ရပြီးတဲ့နောက် ညနေ ၆ နာရီမှာတော့ စောကူဒိုးတစ်ယောက် အင်္ဂလိပ်စာ လေ့ကျင့်ခန်းတွေကို ပြန်ဖတ်နေပါတယ်။
    “Dog၊ cat၊ pig” လို့ မှတ်စုစာအုပ်ကိုကြည့်ပြီး ဆိုနေတာပါ။
    အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ စောကူဒိုးဟာ အခုမှ ပထမတန်းပဲ ရှိပါသေးတယ်။ မိသားစုကို ထောက်ပံ့ပေးဖို့အတွက် သူဟာ ကျောင်းထွက်ကာ အလုပ်လုပ်ရသူပါ။ သူ့ရဲ့ မိဘတွေက နေ့စားအလုပ်သမားတွေဖြစ်ပြီး သားသမီး ၆ ယောက်ကို ကျွေးမွေးဖို့ ရုန်းကန်နေရပါတယ်။
    “သား ကျောင်းမတက်ချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိဘတွေကို သနားတယ်လေ။ ပိုက်ဆံမရှိရင် ချေးရပြီး အတိုးနဲ့ပြန်ဆပ်ရတော့ တော်တော်လေး ကသီပါတယ်” လို့ စောကူဒိုးက ဖွင့်ဟခဲ့ပါတယ်။
    သူ့အနေနဲ့ တစ်ပတ်တစ်ရက် နားရပြီး တစ်လမှာ ၇ သောင်းလောက်သာ ရရှိတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်ကနေ ၈ နာရီကြာ သွားရတဲ့ ရွာက မိဘတွေဆီ လခတော်တော်များများကို သူက ပေးပို့ပါတယ်။
    လူဦးရေ ၄ ပုံတစ်ပုံလောက် ဆင်းရဲတွင်းနက်နေတဲ့ မြန်မာနိုင်ငံရဲ့ ဒေသအနှံ့အပြားမှာ သူ့လိုအခြေအနေမျိုးကို ပုံမှန်တွေ့ရလေ့ရှိပါတယ်။ အသက် ၁၀ နှစ်ကနေ ၁၇ နှစ်အရွယ် ကလေးတွေ ၅ ဦးမှာ တစ်ဦးဟာ မိသားစုကို ထောက်ပံ့ဖို့အတွက် ကျောင်းထွက်ကာ အလုပ်လုပ်ရပါတယ်။ သူတို့လေးတွေ တော်တော်များများဟာ နေထိုင်ရာ ရွာငယ်လေးတွေကနေ မြို့ကြီးတွေကိုတက်ပြီး အလုပ်လုပ်ကြရတာပါ။ ညဘက်မှာဆိုရင် သူတို့ အလုပ်လုပ်တဲ့ လက်ဖက်ရည်ဆိုင်က စားပွဲတွေအပေါ်မှာ ဒါမှမဟုတ် ကြမ်းပြင်မှာ ကတ္တူချပ်တွေခင်းပြီး အိပ်ကြရတာပါ။
    ကလေးသူငယ်ဥပဒေ
    မြန်မာနိုင်ငံမှာ အသက် ၁၄ နှစ်အောက် ကလေးငယ်တွေကို အလုပ်လုပ်ခွင့်တားမြစ်တဲ့ ဥပေဒ၊ အသက် ၁၆ နှစ်ရောက်မှ တစ်နေ့ ၄ နာရီသာ အလုပ်လုပ်ခွင့်ပြုတဲ့ ဥပဒေတွေကို ပြဌာန်းထားပေမယ့် သက်ရောက်မှုမှာတော့ အားနည်းပါတယ်။
    ဒါပေမယ့် စာသင်ခန်းထဲက ထွက်သွားရတဲ့ ကလေးတွေထဲကအချို့ကို စာသင်ခန်းထဲပြန်ရောက်အောင် လုပ်ပေးတဲ့ အစီအစဉ်တစ်ခုတော့ ရှိနေပါတယ်။
    အဲဒါက မြန်မာရွေ့လျားပညာရေးစီမံကိန်း (Myanmar Mobile Education Project) ဖြစ်ပြီး myME လို့ သိကြပါတယ်။ ဒီစီမံကိန်းမှာ အင်္ဂလိပ်၊ သင်္ချာတွေလို ပညာရပ်တွေအပါအ၀င် ၀န်ဆောင်မှုလုပ်ငန်း၊ အချုပ်အလုပ်တွေလို အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကိုလည်း သင်ကြားပေးပါတယ်။ စောကူဒိုးရဲ့ လက်ဖက်ရည်ဆိုင်က တစ်ပတ်မှာ ၃ ည ကိုယ်ထူကိုယ်ထ စာသင်ခန်းလေးအဖြစ် ပြောင်းသွားပါတယ်။
    myME ၏ သင်တန်းတွင် တက်ရေသည့် စောကူဒိုး
    “ပညာတတ်ဖို့ ကျွန်တော် ရည်မှန်းထားပါတယ်။ ဒါမှ အလုပ်ကောင်းကောင်းရမှာပါ” လို့ သူက ဆိုပါတယ်။
    myME ရဲ့ ရည်ရွယ်ချက်က စောကူဒိုးလိုမျိုး လက်ဖက်ရည်ဆိုင်လုပ်သားတွေ ကျန်တဲ့ ဘ၀သက်တမ်းတစ်လျှာက်လုံးမှာ ဒီလို လခနည်းပါးတဲ့ အလုပ်အကိုင်တွေမှာပဲ ကျင်လည်မနေရအောင် လိုအပ်တဲ့ပညာနဲ့ ကျွမ်းကျင်မှုတွေကို သင်ပေးဖို့ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ရှိပြီဖြစ်တဲ့ မနော်အေးအေးနိုင်ကိုတော့ စက်ချုပ်ပြီး
    အသက်မွေးဝမ်းကြောင်းနိုင်အောင် myME က လေ့ကျင့်ပေးခဲ့ပါတယ်။ သူမဟာ လက်ရှိ စက်ချုပ်ဆိုင်တစ်ခုမှာ အလုပ်ဝင်နေပြီး လက်ဖက်ရည်ဆိုင်လုပ်သားတွေ ရရှိတဲ့ ၀င်ငွေရဲ့ နှစ်ဆလောက်ကို အခုအချိန်မှာ ရရှိနေပါပြီ။
    “myME က ကျွန်မရဲ့ဘ၀ကို တော်တော်လေး တိုးတက်စေခဲ့ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။
    စီမံကိန်းရဲ့ အမှုဆောင် ဒါရိုက်တာ တင်မ် အေး-ဟာဒီဟာ မြန်မာနိုင်ငံမှာ မွေးဖွားပြီး ၁၉၈၉ ခုနှစ်မှာ အမေရိကန်ကို ပြောင်းရွှေ့သွားသူ ဖြစ်ပါတယ်။
    “၂၀၁၂၊ ၂၀၁၃ မှာ တိုင်းပြည်ကိုပြန်ရောက်တော့ လူငယ်တော်တော်များများဟာ ကျောင်းမှာရှိနေရမယ့်အစား လမ်းပေါ်က လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေရပါတယ်။ ဒါက ကျွန်တော့်ကို တော်တော်လေး ခံစားရစေပါတယ်။ ဘာ့ကြောင့် သူတို့လေးတွေ ကျောင်းမတက်ရတာလဲ။ ဘာ့ကြောင့် ကလေးတွေ ဒီလောက်များများ အပြင်ရောက်နေတာလဲ” စတဲ့ မေးခွန်းတွေလည်း ပေါ်လာပါတယ်” လို့ ဟာဒီက ဆိုပါတယ်။
    စစ်အာဏာရှင်လက်အောက် နှစ်ပေါင်း ၅၀ အတွင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပညာရေးဟာ တော်တော်လေး ယိုယွင်းပျက်ဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းကစလို တိုင်းပြည်ဟာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပါတယ်။
    ဆင်းရဲတွင်းမှ ရုန်းထွက်ခြင်း
    myME ရဲ့ တစ်နှစ်စာ ဘက်ဂျက်ဟာ ကန်ဒေါ်လာ ၂ သိန်းလောက်ရှိပြီး ပုဂ္ဂလိက ၀ိုင်းဝန်းလှူဒါန်းမှုကနေ ရရှိတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ မြန်မာနိုင်ငံတစ်ဝှမ်း လက်ဖက်ရည်ဆိုင်ပေါင်း ၃၅ ဆိုင်လောက်က အလုပ်သမားပေါင်း ၅၀၀ လောက်ကို သင်ကြားပေးနေပါတယ်။ ဒါပေမယ့် ဒီပမာဏဟာ မြန်မာနိုင်ငံအတွင်းက တစ်သန်းကျော်သော ကလေးလုပ်သားတွေရဲ့ အစိတ်အပိုင်းငယ်လေးမျှသာ ဖြစ်ပါတယ်။
    “ကျွန်တော်တို့ သူတို့ကို မကူညီရင် သူတို့လေးတွေဟာ ဒီထောင်ချောက်ထဲက ထွက်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကလေးတွေကလည်း သူတို့လို ကျောင်းထွက်ပြီး မိဘကို ကူညီရမယ်ဆိုရင် သူတို့တွေဟာ ဆင်းရဲတွင်း နက်သထက် နက်သွားနိုင်ပါတယ်” လို့ အေး-ဟာဒီက ပြောကြားခဲ့ပါတယ်။
    အင်္ဂလိပ်စာအချိန်မှာ ဆရာမက ဘယ်တိရစ္ဆာန်ကို အချစ်ဆုံးလဲလို့ မေးတဲ့အခါ စောကူဒိုးက ‘ကြောင်’ လို့ ဖြေခဲ့ပါတယ်။
    စောကူဒိုးရဲ့ အိပ်မက်ကတော့ အသက်ကြီးလာတဲ့အချိန်မှာ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု ထူထောင်ဖို့ ဖြစ်ပါတယ်။ ဒီလို myME စီမံကိန်းမှာ ပါဝင်ခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ခံစားနေကြပါတယ်။
    “myME သာမရှိဘူးဆိုရင် ကျွန်တော်တို့လည်း ဒီဘ၀ကနေ တက်မှာမဟုတ်ပါဘူး။ myME ကနေတစ်ဆင့် ပညာရည်ဝလာရင် ကျွန်တော်တို့ဟာ အလုပ်သစ်ရနိုင်မှာပါ” လို့ စောကူဒိုးက ဖွင့်ဟခဲ့ပါတယ်။
    Ref: VOA
  • အကျင့်မကောင်းသည့်ရဲများကို ဘရာဇီးက အကြီးအကျယ် ဖမ်းဆီးနေ
    အကျင့်မကောင်းသည့်ရဲများကို ဘရာဇီးက အကြီးအကျယ် ဖမ်းဆီးနေ
    ဇွန် ၃၀၊ ၂၀၁၇
    M-Media
    – ရီယိုဒီဂျနေရိုးပြည်နယ်မှ ‘ကြွက်ချေး’ ရဲတပ်ဖွဲ့ဝင် ၉၅ ဦးကို ဘရာဇီးအာဏာပိုင်များက ဖမ်းဝရမ်းထုတ်လိုက်ပြီး ၎င်းတို့မှာ မူးယစ်ဂိုဏ်များအား လက်နက်ရောင်းခြင်း၊ စစ်ဆင်ရေးများအတွက် ကြိုတင်သတင်းပေးခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
    ယခုလုပ်ဆောင်ချက်မှာ ခြစားနေသည့် ရဲတပ်ဖွဲ့ဝင်များကို အပြီးတိုင်ဖယ်ရှားရေး ဆောင်ရွက်မှုတွင် အကြီးမားဆုံးဖြစ်ပြီး စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် မူးယစ်မှောင်ခိုသမားများနှင့် အခြား ရာဇ၀တ်ကောင် အနည်းဆုံး ၇၀ အတွက်လည်း ၀ရမ်းထုတ်ပြန်ခဲ့သည်။
    စုံစမ်းစစ်ဆေးရေးမှူး ဖာဘီယို ဘာရူကီက ဖမ်းဆီးရန် ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များမှာ ‘ဆွမ်းဆန်ထဲမှ ကြွက်ချေးများ’ ဖြစ်ပြီး ရပ်ကွက်တစ်ခုတွင် လက်နက်များ မိသည့်အခါ အခြား ရပ်ကွက်တစ်ခုတွင် ပြန်လည်ရောင်းချသည်ဟု ပြောကြားခဲ့သည်။
    “ဒီလိုလူတွေကို စစ်ရဲတပ်ဖွဲ့ကနေ ဖယ်ရှားခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ဆောင်ရွက်နေတာပါ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြည်သူ့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဟာ အရေးပါတဲ့ အသင်းအဖွဲ့ပါ။ တိုင်းပြည်ရဲ့ လုံခြုံရေး ကောင်းမွန်ဖို့အတွက် ဆွမ်းဆန်ထဲက ကြွက်ချေးတွေ၊ အကျင့်မကောင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျွန်တော်တို့ ထုတ်ပယ်ခဲ့ပါတယ်” ဟု ဘာရူကီက ပြောကြားခဲ့သည်။
    ဘရာဇီးလ်တွင် စစ်ရဲများမှာ ရီယိုဒီဂျနေရိုးပြည်နယ်ရှိ ရာနှင့်ချီသော ပျံကျရပ်ကွက်များတွင် ပတ္တရောင်လှည့်မှုများ၊ မူးယစ်ဂိုဏ်းများအား နှိမ်နှင်းသည့် စစ်ဆင်ရေးများ ပြုလုပ်နေသည်။ ရဲတပ်ဖွဲ့မှာ မူးယစ်ဂိုးဏ်များအား ကူညီပေးမှု၊ ပြည်သူများအပေါ် မလျော်ကန်သည့် ဆက်ဆံမှုများ ရှိသည်ဆိုသည့် တိုင်ကြားမှုများလည်း ရှိနေ
    သည်။
    အစိုးရ စုံစမ်းစစ်ဆေးရေးမှူးများက ၎င်းတို့အနေဖြင့် အင်အားကောင်းသည့် မူးယစ်ဂိုးဏ်များနှင့် ဆက်နွယ်နေသော ရဲများကို ပစ်မှတ်ထား နှိမ်နင်းနေသည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ပြင်သစ်နိုင်ငံ ပဲရစ်ရှိ ဗလီတစ်လုံးရှေ့မှ လူအုပ်ကို ကားဖြင့်တိုက်ရန် ကြိုးစားမှု ဖြစ်ပွား
    ပြင်သစ်နိုင်ငံ ပဲရစ်ရှိ ဗလီတစ်လုံးရှေ့မှ လူအုပ်ကို ကားဖြင့်တိုက်ရန် ကြိုးစားမှု ဖြစ်ပွား
    ဇွန် ၃၀၊ ၂၀၁၇
    M-Media
    အခင်းဖြစ်ပွားခဲ့သည့်နေရာမှ ဗလီဝတ်ကျောင်းတော်
    – ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ဆင်ခြေဖုံး ခရီတီးလ်ရပ်ကွက်ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုရှေ့မှ လူအုပ်ကို အမျိုးသားတစ်ဦးက ကားဖြင့်ဝင်တိုက်ရန် ကြိုးစားခဲ့ပြီး ထိုအမျိုးသားအား ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြင်သစ်ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
    ယမန်နေ့ည ၆ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ပြီး ဗလီဝတ်ကျောင်းတော်ရှေ့ရှိ အဆီးအတားများကြောင့် ထိုကားမှာ လူအုပ်ဆီသို့ မရောက်ရှိခဲ့ကြောင်း၊ ထိုအဖြစ်အပျက်အတွင်း မည်သူမှ ဒဏ်ရာမရရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    လက်ရှိတွင် ထိုကိစ္စအတွက် အကြမ်းဖက်တိုက်ဖျက်ရေးဌာနမဟုတ်ဘဲ သာမန် ရဲဌာနကသာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး ထိုအမျိုးသားကို တရားစွဲဆိုရမည်လားဆိုသည်ကို ဆုံးဖြတ်သွားမည်ဟု ကြေငြာချက်က ဆိုသည်။
    ရဲတပ်ဖွဲ့က ထိုလုပ်ရပ်၏နောက်ကွယ်မှ လှုံ့ဆော်မှုကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ပြောကြားထားပြီး Le Parisien သတင်းစာက အဆိုပါအမျိုးသားမှာ ပြင်သစ်တွင် IS ၏ တိုက်ခိုက်မှုများအတွက် လက်စားချေချင်နေသူဖြစ်သည်ဟု ဖော်ပြခဲ့သည်။
    ပြီးခဲ့သည့်တစ်ပတ်က အင်္ဂလန်နိုင်ငံမြောက်ပိုင်း နယူးကာဆယ်တွင် ၀ါကျွတ်အီးဒ်အထိမ်းအမှတ် ၀တ်ပြုဆုတောင်းပြီး ထွက်လာသော လူအုပ်ကို ကားတစ်စီးက ၀င်တိုက်ခဲ့သောကြောင့် ကလေးငယ် ၂ ဦး အပါအ၀င် လူ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။
    ယခုလအစောပိုင်းကလည်း လန်ဒန်မြို့ရှိ ဗလီတစ်လုံးမှ ၀တ်ပြုပြီးထွက်လာသော မွတ်စလင်လူအုပ်ကို ဗန်ကားတစ်စီးက ၀င်တိုက်ခဲ့ပြီး လူ ၁ ဦးသေဆုံးခဲ့ကာ အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
    ကျူးလွန်သူမှာ ‘မွတ်စလင်တွေကို သတ်ချင်တယ်’ ဟု ဟစ်အော်ခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်း၏ အကြမ်းဖက်မှုဖြင့် တရားစွဲဆိုထားသည်။
    ပြင်သစ်နိုင်ငံတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာနောက်ပိုင်း IS က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်း ဘာသာရေး၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများကို လုံခြုံရေးကို တင်းကျပ်စွာ ချထားသည်။
    Ref: Aljazeera