News @ M-Media

Blog

  • ရွေးကောက်ပွဲ အခြေမလှသော်လည်း တိုင်းပြည်ကို ဆက်အုပ်ချုပ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

    ရွေးကောက်ပွဲ အခြေမလှသော်လည်း တိုင်းပြည်ကို ဆက်အုပ်ချုပ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

    ဇွန် ၉၊ ၂၀၁၇
    M-Media

    – အစိုးရဖွဲ့ရန် လုံလောက်သော မဲအရေအတွက်ကို မရသော်လည်း မိမိတို့အနေဖြင့် မြောက်အိုက်ယာလန် DUP ပါတီနှင့်ပေါင်းကာ အစိုးရဖွဲ့ပြီး ဥရောပမှ ဗြိတိန်ခွဲထွက်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ပြောကြားလိုက်သည်။

    ယမန်နေ့က ကျင်းပခဲ့သော ဗြိတိန်ရွေးကောက်ပွဲတွင် အမတ်နေရာ ၆၅၀ ၌ ၆၄၉ နေရာကို ကြေငြာပြီးသည့် အချိန် ထရီဇာမေ၏ ကွန်ဆာဗေးတစ်ပါတီက ၃၁၈ နေရာ ရရှိထားပြီး ပြီးခဲ့သည့်ရွေးကောက်ပွဲထက် ၁၂ နေရာ လျော့သွားခြင်းဖြစ်သည်။ အတိုက်အခံ လေဘာပါတီကမူ ၂၆၁ နေရာ ရရှိခဲ့ပြီး ၂၉ နေရာ တက်လာခဲ့သည်။

    ရွေးကောက်ပွဲအပြီး ဘက်ကင်ဟမ်နန်းတော်၌ ဘုရင်မကြီးနှင့် သွားရောက်တွေ့ဆုံပြီးနောက် ပြောကြားသော မိန်ခွန်းတွင် ထရီဇာမေက လိုအပ်သည့် အမတ်နေရာ မရှိသော်လည်း မိမိတို့၏ ပါတီသာလျှင် တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ခွင့်ရှိကြောင်း၊ DUP မှ မိတ်ဆွေများနှင့်ပေါင်းကာ Brexit ကိစ္စ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    လေဘာပါတီကမူ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူမှာ မိမိတို့သာဖြစ်ပြီး ထရီဇာမေအနေဖြင့် ရှက်သင့်ကြောင်း ပြောကြားခဲ့သည်။

    ထရီဇာမေက မိမိအနေဖြင့် “အကြပ်အတည်းတွေ့နေသည့် ယခုအချိန်တွင် ဗြိတိန်ကို အမှန်တကယ် ဆက်လက်ဦးဆောင်နိုင်မည့်” အစိုးရကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း နောက်ထပ် ၁၀ ရက်အတွင်း စတင်မည့် “Brexit အတွက် ဆွေးနွေးမှတစ်ဆင့် တိုင်းပြည်အား လမ်းကြောင်းညွှန်မည်” ဖြစ်ကြောင်း သူမ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

    ထရီဇာမေ ပူးပေါင်းမည့် DUP ပါတီမှာ ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၀ နေရာ ရရှိခဲ့သည်။

    လေဘာပါတီခေါင်းဆောင် ကော်ရ်ဘန်ကမူ ၀န်ကြီးချုပ် ထရီဇာမေကို နှုတ်ထွက်ရန် စောစောပိုင်းက တောင်းဆိုခဲ့သည်။

    Ref: BBC

  • အင်ဒိုနီးရှား၏ ဘာသာရေးသဟဇာတဖြစ်မှုကို ထင်ဟပ်နေသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာ

    အင်ဒိုနီးရှား၏ ဘာသာရေးသဟဇာတဖြစ်မှုကို ထင်ဟပ်နေသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာ

    ဇွန် ၉၊ ၂၀၁၇
    M-Media

    – အင်ဒိုနီးရှားနိုင်ငံ ဘာလီဒေသအခြေစိုက် ဘာလီယူနိုက်တက် ဘောလုံးအသင်းဟာ ဇွန်လ ၅ ရက်နေ့က သူတို့ရဲ့ Facebook စာမျက်နှာ ဓာတ်ပုံတစ်ပုံကို လွှင့်တင်ခဲ့ပြီး နိုင်ငံရဲ့ ဘာသာရေးသဟဇာတဖြစ်မှုကို ဖော်ပြနေတဲ့ ဒီဓာတ်ပုံကြောင့် ပြည်သူတွေရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။

    မေလအတွင်းက ဘောနီယိုအက်ဖ်စီနဲ့ ပြည်တွင်းပွဲမှာ အသင်းတိုက်စစ်မှူး ယာဘက်စ်ရိုနီ ဂိုးသွင်းပြီးနောက် ကစားသမား ၃ ဦးက သူတို့ယုံကြည် ကိုးကွယ်ရာ ဘာသာတရား ၃ ခုရဲ့ ပုံစံတွေနဲ့ ဆုတောင်းကြတဲ့ ပုံဖြစ်ပါတယ်။

    ဓာတ်ပုံထဲမှာ ဟိန္ဒူဘာသာဝင်တစ်ယောက်ဖြစ်တဲ့ နောက်ခံလူ ဂူရာ နာနက်က လက်အုပ်ချီ အနေအထား၊ သူ့ရဲ့ဘေးမှာ ဂိုးသွင်းယူခဲ့သူ ခရစ်ယာန်ဘာသာဝင် ယာဘက်စ်က ဒူးထောက် လက်နှစ်ဖက်ကို ယှက်ထားတဲ့အနေအထား၊ သူ့ရဲ့ဘေးမှာ မွတ်စလင်ကစားသမား မစ်ဖ်သာဟွလ် ဟမ်ဒီက ပျပ်ဝပ်ဦးချတဲ့ အနေအထားနဲ့ အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။

    ဒီဓာတ်ပုံကို ရိုက်ကူးခဲ့သူ မစ်ဖ်တာဟူဒင် ဟာလင်မ်က “ကိုးကွယ်ယုံကြည်ရာတွေ မတူညီမှုက တူညီတဲ့ ရည်မှန်းချက်ဆီ ကျွန်တော်တို့ အရောက်လှမ်းမှုကို တားဆီးနိုင်မှာ မဟုတ်ပါဘူး” လို့ မှတ်ချက်ပေးပြီး ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တာဖြစ်ပါတယ်။

    နိုင်ငံအတွင်းက ဘာသာစုံ လူမျိုးစုံ ပြည်သူတွေ ညီညွတ်ရေး ရည်ရွယ်ပြီး ဘာလီယူနိုက်တက်က လွှင့်တင်ခဲ့တဲ့ ဒီဓာတ်ပုံအောက်မှာ အင်ဒိုပြည်သူတွေက ချီးကျူးခဲ့ကြပါတယ်။

    ယာဘက်စ်ကတော့ သူတို့သုံးယောက်ရဲ့ ဒီလိုလုပ်ဆောင်မှုဟာ နိုင်ငံအတွင်းက ပြည်သူတွ ကိုးကွယ်ရာ ဘာသာတရား၊ ယဉ်ကျေးမှုချင်း မတူကြပေမယ့် စုစုစည်းစည်းရှိကြဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓာတ်ကို ကာကွယ်ပြီး စည်းစည်းလုံးလုံးနေကြပါ” လို့ အသက် ၂၂ နှစ်အရွယ် ယာဘက်စ်က ပြောကြားခဲ့ပါတယ်။

    မစ်ဖ်သာဟွလ်ကလည်း သူတို့ရဲ့ ဒီလိုအောင်ပွဲခံမှုဟာ အတုယူစရာတစ်ခုဖြစ်မယ်ဆိုရင် ကျေနပ်တယ်လို့ ဆိုပါတယ်။

    “ဘောလုံးအားကစားက တိုင်းပြည်ကို စည်းလုံးစေနိုင်ပါတယ်”

    Ref: CNA

  • ဒေါ်နယ်ထရမ့်ရဲ့အရှိုက်ကို ထိသွားပြန်တဲ့ FBI အကြီးအကဲဟောင်းရဲ့ ထွက်ဆိုချက်

    ဒေါ်နယ်ထရမ့်ရဲ့အရှိုက်ကို ထိသွားပြန်တဲ့ FBI အကြီးအကဲဟောင်းရဲ့ ထွက်ဆိုချက်

    ဇွန် ၉၊ ၂၀၁၇
    M-Media

    သမ္မတထရမ့်က ထုတ်ပယ်ခဲ့သည့် FBI အကြီးအကဲဟောင်း ဂျိမ်းစ်ကိုမေး

    – ၂၀၁၆ ရွေးကောက်ပွဲအတွင်း ရုရှားက ပါဝင်ပတ်သက်ခဲ့လား၊ ထရမ့် မဲဆွယ်ရေးအဖွဲ့နဲ့ ဆက်နွယ်မှု ရှိလားဆိုတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးမှုကို ပျက်ဆီးစေဖို့အတွက် သမ္မတထရမ့်က မိမိကို ရာထူးက ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ အမေရိကန်ရဲ့ ထိပ်တန်း ထောက်လှမ်းရေးအေဂျင်စီ FBI အကြီးအကဲဟောင်း ဂျိမ်းစ် ကိုမေးက ယမန်နေ့မှာ စွပ်စွဲ ပြောကြားလိုက်ပါတယ်။

    “ရုရှားကိစ္စ စုံစမ်းစစ်ဆေးမှုကြောင့် ကျွန်တော် အထုတ်ခံလိုက်ရတယ်လို့ ဒီလိုပဲ သုံးသပ်ပါတယ်” လို့ ကိုမေးက အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီရှေ့မှောက်မှာ မနေ့က ထွက်ဆိုလိုက်တာပါ။

    ကိုမေးအနေနဲ့ ကျမ်းသစ္စာကြိမ်ကာ ထွက်ဆိုရတဲ့ အဲဒီကြားနာမှုကို ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပြီး “ရုရှားကိစ္စနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုနည်းလမ်းကို ပြောင်းလဲဖို့၊ ဒါမှမဟုတ် ပြောင်လဲရေး ကြိုးစားဖို့” သူ့ကို ထုတ်ပယ်လိုက်တယ်လို့ ယုံကြည်ကြောင်းလည်း ကိုမေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နောက်ပြီး FBI ဟာ ကိုမေးရဲ့လက်အောက်မှာ စွမ်းဆောင်ရည်ကျဆင်းသွားတယ်ဆိုတဲ့ စွဲချက်နဲ့ သူ့ကို ထုတ်ပယ်ခဲ့ပြီးတဲ့နောက် ထရမ့်အစိုးရဟာ သူနဲ့ပတ်သက်လို့ “လိမ်အညာ ဇာတ်လမ်းဆင်မှုတွေ” ဖြန့်ခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

    ဒါပေမယ့် ၂ နာရီကျော်ကြာမြင့်တဲ့ ဒီထွက်ဆိုမှုအတွင်းမှာ ကိုမေးက သမ္မတထရမ့်အနေနဲ့ တရားရေးကို ၀င်ရောက်နှောက်ယှက်မှု ရှိလားဆိုတာနဲ့ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို မပြောခဲ့ပါဘူး။

    ထရမ့်ရဲ့ ရှေ့နေဖြစ်တဲ့ မာ့ခ် ကာဆိုဝစ်ဇ်က ကိုမေးရဲ့ ထွက်ဆိုချက်ဟာ သမ္မတအနေနဲ့ စုံစမ်းစစ်ဆေးမှု မခံရဘူးဆိုတာကို ‘လူသိရှင်ကြား ၀န်ခံလိုက်တာ’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမျိုးသားလုံခြုံရေးအကြံပေးဟောင်း မိုက်ကယ် ဖလင်း ရုရှားနဲ့ ဆက်သွယ်မှုရှိလားဆိုတာနဲ့ ပတ်သက်လို့ FBI က စုံစမ်းစစ်ဆေးမှုအတွက် သစ္စာရှိဖို့ ဒါမှမဟုတ် ဒီစုံစမ်းစစ်ဆေးမှုကို ရပ်တန့်ဖို့ ကိုမေးကို ထရမ့်က တောင်းဆိုခဲ့တယ်ဆိုတဲ့ ကိစ္စကိုလည်း ကာဆိုဝစ်ဇ်က ငြင်းခဲ့ပါတယ်။

    အံ့အားသင့်စရာ

    ကိုမေးကတော့ သူတို့ထုတ်ပယ်တာနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ ရှေ့နောက်မညီတဲ့ ပြောဆိုမှုတွေအတွက် “စိတ်ရှုပ်ရကာ စိုးရိမ်မှုတွေလည်း မြင့်တက်လာကြောင်း”၊ ထရမ့်က သူနဲ့တွေ့တိုင်း “တော်တယ်” လို့ အကြိမ်ကြိမ်ပြောကြားခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

    သမ္မတရဲ့လုပ်ရပ်တွေက တရားရေးကို အနှောက်အယှက်ဖြစ်စေလားဆိုတာကို ဆုံးဖြတ်ရမှာက သူ့ကိစ္စမဟုတ်ဘူးလို့လည်း ကိုမေးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    သမ္မတတစ်ယောက်က တရားရေးမှာ ၀င်ရောက်စွက်ဖက် နှောက်ယှက်တာဟာ ဆိုးရွားတဲ့ ရာဇ၀တ်မှုတစ်ခုဖြစ်ပြီး ဖြုတ်ချခံရနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ သမ္မတထရမ့်ရဲ့ ဖိအားတွေဟာ “အလွန် အနှောက်အယှက်ဖြစ်ပြီး၊ စိုးရိမ်စရာလည်းဖြစ်တယ်” လို့ ကိုမေးက ပြောပါတယ်။

    မိုက်ကယ်ဖလင်းကိစ္စ စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ဖို့အတွက် အိမ်ဖြူတော်မှာ ထရမ့်က ကိုမေးကို တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် ဒီယန်နီ ဖိုင်စတိန်းက “ခင်ဗျားက ဘာ့ကြောင့် ‘သမ္မတကြီး ဒီလိုပြောတာ မှားတယ်နော်’ လို့ ပြောပြီး မတားခဲ့တာလဲ” လို့ မေးတဲ့အခါ ..

    ကိုမေးက “အင်မတန်ကောင်းတဲ့မေးခွန်းပါ။ ကျွန်တော့်အနေနဲ့ ပြောနိုင်တဲ့အင်အားရှိခဲ့ရင် ကျွန်တော် ပြောကောင်းပြောမှာပါ။ ဒီစကားကို ကြားလိုက်ခြင်းပဲ ကျွန်တော် တုန်လှုပ်သွားတာပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    နောက်ပြီး ထရမ့်ဟာ ညစာစားပွဲတစ်ခုမှာ သူ့ကို အလုပ်မှာ ဆက်နေချင်လားလို့ မေးခဲ့ပြီး ထရမ့်ဟာ သူ့ကို “အပိုင်မွေးဖို့” ကြိုးစားတယ်လို့ စိုးရိမ်မိကြောင်းလည်း ကိုမေးက ပြောဆိုခဲ့ပါတယ်။

    ထရမ့်ဟာ ဖလင်းနဲ့ပတ်သက်တဲ့ကိစ္စ စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ဖို့ ပြောကြားတာနဲ့ပတ်သက်ပြီး မှတ်စုစာအုပ်မှာ ရေးခဲ့တာကို သူငယ်ချင်းတစ်ယောက်ထံ ပေးတဲ့အကြောင်းကိုလည်း ၀န်ခံခဲ့ပြီး သတင်းသမားတွေဆီရောက်သွားကာ အထူးစုံစမ်းစစ်ဆေးရေး ကိုယ်စားလှယ်တစ်ဦး ပေါ်ပေါက်လာဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

    ကိုမေးက ထရမ့်နဲ့တွေ့ဆုံမှုအားလုံးကို ရေးသားမှတ်တမ်းတင်ထားရမယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဒါဟာ “ထရမ့်အနေနဲ့ သူနဲ့တွေ့ဆုံမှု အကြောင်းအရာကို လိမ်လည်ပြောဆိုနိုင်တယ်လို့ ရိုးရိုးသားသား စိုးရိမ်တဲ့အတွက်” လုပ်ခဲ့တာလို့လည်း ပြောကြားခဲ့ပါတယ်။

    ထရမ့်ရှေ့နေ ကာဆိုဝစ်ဇ်က ကိုမေးဟာ သမ္မတနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးမှုတွေကို ထုတ်ပြန်ပိုင်ခွင့်မရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာ ဟူကာဘီ ဆန်းဒါကလည်း ကိုမေးကို ဝေဖန်ခဲ့ပြီး “သမ္မတဟာ လူလိမ်မဟုတ်ဘူးဆိုတာ ကျွန်မ အသေအချာ ပြောရဲပါတယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ထရမ့်က ကိုမေးနဲ့ စကားပြောထားတာကို အသံဖမ်းထားကောင်း ဖမ်းထားနိုင်တယ်လို့ ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်း မိမိအနေနဲ့ ရေးထားတဲ့ မှတ်ချက်ကို ဖြန့်ခဲ့တာလို့ ကိုမေးက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ထရမ့်နဲ့သူ စကားပြောထားတာကို အသံဖမ်းထားလားဆိုတာ မသိဘဲ ရှိမယ်ဆိုရင် အများပြည်သူသိအောင် ထုတ်ပြန်သင့်တယ်လို့လည်း ဆိုပါတယ်။

    ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရုရှားက ၀င်စွက်ခဲ့တယ်ဆိုတဲ့ ထောက်လှမ်းရေးအသိုင်းအ၀ိုင်းရဲ့ ကောက်ချက်ကို ကိုမေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “သိပ်ရှင်းပါတယ်။ ရုရှားက ၀င်ရောက်စွက်ဖက်ခဲ့တယ်။ ဒါမျိုး ဖြစ်ခဲ့ပါတယ်။ ဒါဟာ ခင်ဗျားတို့ လက်လှမ်းမမီနိုင်တဲ့ တကယ့်အဖြစ်အပျက်ပါပဲ”

    ရုရှားကတော့ ဒီလို စွက်ဖက်မှုမရှိဘူးလို့ ပြောကြားခဲ့ပြီး အိမ်ဖြူတော်ကလည်း သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ပြောကြားထားပါတယ်။

    ကိုမေးရဲ့ ဆီးနိတ်မှာ ထွက်ဆိုချက်နဲ့ပတ်သက်လို့ ထရမ့်က အခုအချိန်အထိ ဘာမှ တုန့်ပြန်တာမျိုး မရှိသေးပါဘူး။

    Ref: Aljazeera

  • မလေးရှားရှိ မျက်မမြင်လူငယ်များ ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်ရန် ကြိုးစားနေ

    မလေးရှားရှိ မျက်မမြင်လူငယ်များ ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်ရန် ကြိုးစားနေ

    ဇွန် ၉၊ ၂၀၁၇
    M-Media

    – မလေးရှားနိုင်ငံမှ အမြင်အာရုံချို့ယွင်းနေသည့် လူငယ်တစ်စုမှာ ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို အာဂုံဆောင်နိုင်ရန် ကြိုးစားနေသည်ဟု သိရသည်။

    ဆီလန်ဂေါပြည်နယ်ရှိ ကုရ်အာန်ရေးရာ သင်တန်းကျောင်း ‘ဒါရုလ်ကုရ်အာန်’ မှ မွေးရာပါ မျက်မမြင် ကျောင်းသား ၈ ဦးဖြစ်ပြီး မျက်မမြင်များ ဖတ်ရှုနိုင်သော သင်္ကေတဖြင့် ဖန်တီးထားသည့် ကုရ်အာန်ကျမ်းတော်မြတ်ကို အသုံးပြုကာ အလွတ်ကျက်မှတ်နေခြင်း ဖြစ်သည်။

    အဆိုပါ ဒါရုလ်ကုရ်အာန်ကျောင်းတွင် ကျောင်းသားပေါင်း ၁၀၀၀ ခန့် ရှိနေသည်။

    မျက်မမြင်များ ဖတ်ရှုနိုင်သည့် သင်္ကေတဖြင့် ရေးသားထားသည့် ကုရ်အာန်ကျမ်းတော်မြတ်ကို မလေးရှားတွင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး အတွဲ ၆ တွဲ ပါဝင်သည်။

    “သူတို့လေးတွေဟာ တစ်နေ့ကို တစ်မျက်နှာကနေ ၂ မျက်နှာအထိ အလွတ်ကျက်ရပါတယ်။ တစ်မျက်နှာကို အလွတ်ရဖို့ အကြိမ်ပေါင်း ၃၀၊ ၄၀ လောက် ဖတ်ရပါတယ်” ဟု ကုရ်အာန်သင်ကြားပေးနေသည့် ဆရာ အဟ်မဒ် ကူဆိုင်ရီ မတ် ဇီဇီက ပြောကြားခဲ့သည်။ ၎င်းကိုယ်တိုင်မှာလည်း အမြင်အာရုံ ချို့တဲ့သူဖြစ်သည်။

    ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်နေသည့် မျက်မမြင်ကျောင်းသားများမှာ အသက် ၁၉ နှစ်မှ ၂၁ နှစ်အရွယ် ရှိကြပြီး ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်ရန်၊ အာရဘီဘာသာစကားနှင့် အခြား အစ္စလာမ့်ရေးရာ ပညာရပ်များကို လေ့လာရန် စာသင်နှစ် ၄ နှစ်တာ၏ တစ်ဝက်ကို ရောက်ရှိနေပြီဖြစ်သည်။

    “ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်အတွက် ရည်ရွယ်ပြီး ဒီကျောင်းမှာ လာတက်တာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်က ကုရ်အာန်အာဂုံဆောင်ရတာကို နှစ်သက်တယ်လေ။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပါ” ဟု မျက်မမြင်ကျောင်းသား နူရ် အက်စ်ယီရာဟ် အဇ်ဟာရ်က ပြောကြားခဲ့သည်။

    ၎င်းတို့မှာ အဆိုပါ ၄ နှစ်တာစာသင်နှစ် ကုန်ဆုံးသွာားပြီးနောက် အစ္စလာမ့်ရေးရာ ပညာရပ်များကို တက္ကသိုလ်အဆင့်တွင် ဆက်လက်တက်ရောက်ခွင့် ရမည်ဖြစ်သည်။

    ဒါရုလ်ကုရ်အာန် သင်တန်းကျောင်းမှ ဆရာများက မလေးရှားရှိ အခြားသော အစ္စလာမ့်ရေးရာ သင်တန်းကျောင်းများအနေဖြင့် မျက်မမြင်များအတွက် ဖန်တီးထားသော ကုရ်အာန်ကျမ်းတော်မြတ်ကို အသုံးပြုကာ မျက်မမြင်များအား သင်ကြားပေးရန် တိုက်တွန်းခဲ့သည်။

    Ref: Straits Times

  • အိမ်နီးချင်းနိုင်ငံများ၏ ဖိအားကို အညံ့ခံမည်မဟုတ်ဟု ကာတာပြော

    အိမ်နီးချင်းနိုင်ငံများ၏ ဖိအားကို အညံ့ခံမည်မဟုတ်ဟု ကာတာပြော

    ဇွန် ၉၊ ၂၀၁၇
    M-Media

    – အိမ်နီးချင်းအာရပ်နိုင်ငံများက ပေးနေသော ဖိအားများအောက်တွင် ကာတာက အညံ့ခံသွားမည်မဟုတ်ဘဲ မိမိတို့၏ လွတ်လပ်သော နိုင်ငံခြားရေးပေါ်လစီကို ပြောင်းလဲသွားမည်မဟုတ်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူရဟ်မန် အလ် သာနီက ပြောကြားလိုက်သည်။

    ကာတာမှာ လက်နက်ကိုင်အုပ်စုများနှင့် ဒေသတွင်းပြိုင်ဘက် အီရန်တို့ကို ပံ့ပိုးပေးနေသည်ဟူသော စွပ်စွဲချက်ဖြင့် ဘာရိန်း၊ ဆော်ဒီ၊ အီဂျစ်၊ ယူအေအီးနှင့် အခြားသော နိုင်ငံတစ်ချို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကာတာနှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။

    သို့သော်လည်း ကာတာကမူ ထိုစွပ်စွဲချက်များမှာ အခြေအမြစ်မရှိဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ အညံ့ခံမှာ မဟုတ်ပါဘူး။ ဘယ်တော့မှာလည်း အညံ့ခံဖို့ လုပ်မှာ မဟုတ်ပါဘူ။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးပေါ်လစီဟာ လွတ်လပ်ပါတယ်” ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့ ဒိုဟာတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ကာတာခေါင်းဆောင် ရှိခ် တာမင် ဘင် ဟာမဒ် အလ် သာနီမှာ လတ်တလော ပိတ်ဆို့မှုများ ရှိနေချိန်၊ နိုင်ငံပြင်ပသို့ သွားရောက်မည်မဟုတ်ဘဲ အိမ်ဖြူတော်တွင် ပြုလုပ်ရန်ရှိနေသည့် ညှိနှိုင်းမှုအတွက် သမ္မတထရမ့်၏ ဖိတ်ခေါ်မှုကိုလည်း တက်ရောက်မည်မဟုတ်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ဆော်ဒီ ဘာရိန်း၊ အီဂျစ်နှင့် ယူအေအီးတို့က ယမန်နေ့တွင် ပူးပေါင်းထုတ်ပြန်သော ကြေငြာချက်၌ ကာတာအခြေစိုက် သို့မဟုတ် ကာတာက ထောက်ပံ့ပေးနေသော လူပုဂ္ဂိုလ် ၅၉ ဦး၊ အဖွဲ့အစည်း ၁၂ ခုတို့ကို အကြမ်းဖက်စာရင်းထဲ ထည့်သွင်းခဲ့သည်။

    ရှိခ် မိုဟာမက် ဘင် အဘ်ဒူလ်ရဟ်မန်က မိမိတို့အနေဖြင့် ကုန်သွယ်ရေးပိတ်ဆို့မှုများ ရှိနေလျင်လည်း တစ်သက်လုံး ရှင်သန်နေထိုင်နိုင်ကြောင်း၊ လက်ရှိတွင် ပြည်သူများ ပုံမှန်ရရှိနေသော ၀န်ဆောင်မှုများ ဆက်လက်ရရှိရန် အစိုးရက စီစဉ်ပေးထားကြောင်း၊ မိမိတို့နှင့် ဆက်အသွယ်ဖြတ်သည့် နိုင်ငံများမှ တောင်းဆိုမှုစာရင်းများကို မရသေးဘဲ ထိုကိစ္စကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ယခုပြဿနာအတွက် စစ်ရေးဖြင့် ဖြေရှင်းမှု ပြုလုပ်မည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera