News @ M-Media
Blog
  • အရှေ့အလယ်ပိုင်းကို အမေရိကန်က မတည်ငြိမ်အောင်လုပ်နေသည်ဟု အီရန်အဓိပတိ ပြော
    အရှေ့အလယ်ပိုင်းကို အမေရိကန်က မတည်ငြိမ်အောင်လုပ်နေသည်ဟု အီရန်အဓိပတိ ပြော
    ဇွန် ၁၃၊ ၂၀၁၇
    M-Media
    – အရှေ့အလယ်ပိုင်းမတည်ငြိမ်မှုအတွက် အီရန်အဓိပတိ အယာတိုလာခါမေနီက အမေရိကန်ကို ပြစ်တင်ပြောဆိုလိုက်ပြီး IS ကို ၀ါရှန်တင်က တိုက်ခိုက်နေသည် ဆိုသည်မှာလည်း အလိမ်အညာသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “ခင်ဗျား (အမေရိကန်) နဲ့ ခင်ဗျားရဲ့ အေးဂျင့်တွေဟာ အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုရဲ့ ရင်းမြစ်ပါပဲ။ ဘယ်သူက IS ကို ဖန်တီးလဲ။ အမေရိကန်ပါပဲ။ အမေရိကန်က IS အဖွဲ့ကို တိုက်ခိုက်နေတယ်ဆိုတာ လိမ်ညာနေတာပါ” ဟု ယမန်နေ့က အီရတ်အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံစဉ် ခါမေနီက ပြောကြားခဲ့သည်ဟု ၎င်း၏ တရားဝင်ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။
    ၁၉၇၉ ခုနှစ် အစ္စလာမ့်တော်လှန်ရေးပြီးနောက် အမေရိကန်မှာ အီရန်နှင့် သံအဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး၊ အမေရိကန်ကို ရန်သူအဖြစ် သတ်မှတ်ထားမှုမှာ ခါမေနီကို ထောက်ခံသည့် သဘောထားတင်းမာသူများအတွက် ကျေနပ်စရာ အကြောင်းတစ်ချက် ဖြစ်သည်။
    ခါမေနီမှာ ယခုနှစ် အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လအစကတည်းက အမေရိကန်ကို ဆန့်ကျင်ရှုတ်ချသည့် ပြောကြားမှုများစွာကို ပြုလုပ်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အာဏာရယူပြီးကတည်းက အီရန်အပေါ် ပြင်းထန်သည့်စကားများ ပြောဆိုခဲ့ကာ ယခင် အမေရိကန်အစိုးရများ၏ အီရန်အပေါ် ချဉ်းကပ်မှုကို ပြောင်းပစ်မည်ဟု ပြောကြားခဲ့သည်။
    IS မှာ ပြီးခဲ့သည့်တစ်ပတ် ဗုဒ္ဓဟူးနေ့က အီရန်နိုင်ငံတွင် ပထမဆုံးတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ခါမေနီက IS အပါအ၀င် အစွန်းရောက်အုပ်စုများကို အမေရိကန်နှင့် ၎င်း၏မဟာမိတ် ဆော်ဒီတို့က ထောက်ပံ့နေသည်ဟု စွပ်စွဲခဲ့သည်။
    အီရန်မှာ ပြီးခဲ့သည့်နှစ်က ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် သဘောတူညီချက် ရခဲ့သော်လည်း ခါမေနီကမူ မိမိတို့အနေဖြင့် အမေရိကန်နှင့် သံတမန်အဆက်အသွယ် ပြုလုပ်ရန် ဆန္ဒမရှိဟု ပြောကြားခဲ့သည်။
    “အမေရိကန်အစိုးဟာ လွတ်လပ်တဲ့ အီရန်နိုင်ငံကို ကြည့်မရပါဘူး။ အီရန်အစ္စလာမ့်ပြည်သူ့သမ္မတနိုင်ငံ တည်ရှိနေတာကိုက သူတို့အတွက် ပြဿနာပါ။ ကျွန်တော်တို့ကြားထဲက ပြဿနာအများစုဟာ ဖြေရှင်းလို့ မရပါဘူး။ အမေရိကန်ဟာ အကြမ်းဖက်နိုင်ငံတစ်ခု ဖြစ်ပြီး အကြမ်းဖက်ဝါဒကို ပံ့ပိုးနေတာပါ။ ဒါ့ကြောင့် ဒီလိုနိုင်ငံမျိုးနဲ့ ကျွန်တော်တို့ ပြန်ပြီး ဆက်သွယ်မှာ မဟုတ်ပါဘူး” ဟု ခါမေနီက ပြောကြားခဲ့သည်။
    Ref: Aljazeera
  • “ မျှော်လင့်တိုင်းဖြစ်မလာသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ”
    “ မျှော်လင့်တိုင်းဖြစ်မလာသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ”
    မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်တွင်းတစ်စုံ၊ ပြည်ပတစ်စုံ စစ်မေးလေ့ရှိခဲ့သည့် အစဉ်အလာသည် ၁၉၉၈ ခုနှစ်တွင် အဆုံးသတ်ခဲ့ပြီး ၁၉၉၉ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပြည်တွင်းပြည်ပ မေးခွန်း (၁၁)စုံ စစ်မေးခဲ့ပြန်သည်။ မေးခွန်းထုတ်သူ စာစစ်မှူးချုပ်များ မတူ၍ မေးခွန်း၏ အတိမ်အနက်လည်း မတူ ညီချေ။ ထို့ကြောင့် စာဖြေသူတိုင်းနှင့် ပြည်နယ်အသီးသီးရှိကျောင်းသားကျောင်းသူများ အတွက် အလွယ်/အခက် မတူညီ၍တိုင်းနှင့်ပြည်နယ်အသီးသီး၏ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း သည်လည်း မတူညီကြကြောင်းကို သတိပြုမိသည်။ ၂၀၁၅ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်ထိလည်း ပြည်တွင်းတစ်စုံ၊ ပြည်ပတစ်စုံ စစ်မေးသည့်အစဉ်အလာကို ကျင့်သုံးခဲ့ပြန်သည်။
    မေလ ၂၆ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် ပညာရေးနှင့်ပတ်သက် ၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြသည်ကို စိတ်ဝင်စားဖွယ်တွေ့ရသည်။ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မြန်မာ့ပညာရေးကို “ လှုပ်မြင်းရုပ် ကုလားထိုင်လို ပညာရေး” ဟု ဝေဖန် ပြောကြားသွားခဲ့ပါသည်။ အခြားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကလည်း “အထက်တန်း သင်ရိုး ညွှန်းတမ်း ပြဋ္ဌာန်းစာများကို မြန်မာလိုသင်လိုက်၊ အင်္ဂလိပ်လိုပြောင်းလိုက်၊ အင်္ဂလိပ်လိုကနေ မြန် မာလို ပြန်ပြောင်းလိုက်ဖြင့် အစမ်းသပ်ခံ ပညာရေး ဖြစ်ခဲ့ရသည်ကို ထောက်ပြသွားခဲ့သည်။ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးကလည်း သူတို့တိုင်းရင်းသား နယ်မြေများတွင် တိုင်းရင်းသား ဘာသာစကားဖြင့်မသင်ဘဲ မြန်မာဘာသာဖြင့် သင်ကြားသည့်အတွက် ပတ်ဝန်းကျင်နှင့် အံ့ဝင်ခွင် ကျ မဖြစ်ပုံ “ဗမာနိုက်ဇေးရှင်း”ပြုလုပ်လိုပုံ ပေါ်လွင်နေပြီး တိုင်းရင်းသားများအတွက် ဗမာစာသည် နိုင်ငံခြားဘာသာစကားလို ဖြစ်နေရပုံကိုလည်း ခံစားပြောဆိုသွားပါသည်။
    နိုင်ငံတစ်နိုင်၏ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်းသည် ထိုနိုင်ငံ၏ ပညာရေး အဆင့်အ တန်းပေါ်များစွာ မူတည်ပါသည်။ သက်ဆိုင်ရာအစိုးရများ၏ (၁) ပညာရေးစနစ်အပေါ် စီမံခန့်ခွဲမှု စ နစ်အားကောင်းခြင်း၊ (၂) နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကြေးအများစုကို ပညာရေးကဏ္ဍတွင် ထိထိ ရောက်ရောက်သုံးစွဲခြင်း (၃) ပညာရေးတွင် လာဘ်ပေးလာဘ်ယူမှု့များ ကင်းစင်ခြင်း စသည်တို့ သည် ပညာရေး အဆင့်အတန်း “စံ” သတ်မှတ်ချက်များဖြစ်ပါသည်။
    မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းရလာဒ်များသည် ဖြေဆိုသူ ကာယကံရှင် ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်သူမိဘများအတွက် စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံးဖြစ်သည်ကို စာသင်ကြားနေသူ ဆရာတစ်ဦးအနေဖြင့် စာရေးသူ သတိပြုမိပါသည်။  တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းသည်လည်း မြို့နယ်တစ်ခုအတွင်းရှိ ကျောင်းတစ် ကျောင်းနှင့် တစ်ကျောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုနှင့်တစ်ခု၊ မတူညီကြသည်ကိုလည်း တွေ့ရပြန်သည်။ ထို့အပြင် တစ်နှစ်ထက်အောင်ချက် ရာခိုင်နှုန်းများသည်လည်း ကွဲပြားခြားနားကြ ပြန်သည်။ ဥပမာပြရလျှင် ၂၀၁၅ခုတွင် တက္ကသိုလ် ၀င်တန်းဖြေဆိုသူ ၅၉၇၉၄၆ ယောက်ရှိခဲ့သော် လည်း အောင်မြင်သူပေါင်းမှာ၂၂၄၈၄၇ ယောက်သာရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃၇ ဒသမ ၆ ရာခိုင် နှုန်းရှိခဲ့သည်။ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုသူပေါင်းမှာ ၆၃၆၂၃၇ ဦးရှိခဲ့သော်လည်း အမှန်တကယ်အောင်မြင်သူပေါင်းမှာ ၁၉၀၃၈၈ ဦးသာ ရှိခဲ့ကြောင်း ရာခိုင်နှုန်းအားဖြင့် ၂၉ ဒသမ ၉၂ ရာခိုင်နှုန်း ရှိခဲ့သည်ကိုကြည့်လျှင် အောင်ချက်ရာခိုင်နှုန်းများကွာဟ နေသည်ကို တွေ့ရပြန် သည်။
    တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အောင်ချက်ရာခိုင်နှုန်းများကို လေ့လာကြည့်လျှင် ၂၀၁၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး၏ အောင်ချက်ရာခိုင်နှုန်းသည် ၅၁ ဒသမ၇၈ ရာခိုင်နှုန်း (၅၁. ၇၈%) ဖြစ်ပြီးနံပါတ်တစ်နေရာတွင် ရှိခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး ၏အောင်ချက် ရာခိုင်နှုန်းသည် ၃၆ ရာခိုင်နှုန်းသာရှိခဲ့သည်။ ၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် စာရင်းရလာဒ်ကို လေ့လာ ကြည့်လျှင် မွန်ပြည်နယ်သည်အောင်ချက်ရာခိုင်နှုန်း ၃၉ဒသမ၃၇ ရာခိုင်နှုန်း ( ၃၉.၃၇%)ဖြင့် အဆင့်တစ်နေရာတွင်ရပ်တည်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၏ အောင်ချက်ရာခိုင်နှုန်းသည် ၃၃ ဒသမ၂၁ ရာခိုင်နှုန်း (၃၃.၂၁%)သာရှိခဲ့သည်။
    လမ်းပန်းဆက်သွယ်ရေးလည်းခက်၊ သင်ထောက်ကူများလည်းခက်ဖြစ်သည့် ချင်းပြည်နယ် သည် ၂၀၁၅ခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း ၁၇.၈၅%၊၂၀၁၆ခုတွင် ၁၄.၃၆% ဖြစ်၍ အောင်ချက် အနိမ့်ဆုံးပြည်နယ်စာရင်းဝင်နေသည်ကို တွေ့ရသည်။
    ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို မတ်လ ၈ရက်နေ့မှ မတ်လ ၁၇ ရက် အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးခဲ့ရာ စာစစ်ဋ္ဌာန ၈၁၂ခုနှင့် နိုင်ငံခြားစာစစ်ဋ္ဌာန ၃ခု၌ စစ်ဆေးခဲ့ပြီး ဖြေဆိုသူပေါင်း ၇၁၆၂၁၆ဦးရှိခဲ့သည်။
    မေလ ၂၆ ရက် ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီး၏ဋ္ဌာန နေပြည်တော်ကောင်စီသို့ ပေးပို့သော ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်း လက်မှတ်ရေးထိုးထုတ်ပြန်သော စာအရ တက္ကသိုလ် ၀င်တန်းစာမေးပွဲ အောင်စာရင်းကို ၁၇-၆-၂၀၁၇ရက်နေ့ (စနေနေ့) ၌ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ အောင်စာရင်းထုတ်ပြန်မည့် မနက် ၆နာရီတွင် မြန်မာနိုင်ငံစာစစဦးစီးဋ္ဌာန website ဖြစ် သည့် www.myanmar.org  တွင် ၀င်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံစာစစ် ဦးစီးဋ္ဌာနမှ အသိပေး အကြောင်းကြားထားပေသည်။
    အမှန်တကယ်တော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းရလာဒ်များသည် စာဖြေသူ ၏ကံ၊ ဥာဏ်၊၀ီရိယ တစ်ဦးချင်း၏ မှတ်တမ်းများကို ထုတ်ပြန်ကြေညာပေးခြင်းသာဖြစ်ပေသည်။
    တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်လျှင် ကာယကံရှင်ကျောင်းသား၊ကျောင်းသူများ ပျော် ကြသည်။ သက်ဆိုင်ရာမိဘများလည်း ၀မ်းသာ ပီတိဖြစ်ကြသည်။ မိမိမျှော်မှန်းထားသည့် ဂုဏ်ထူးများ၊ အမှတ်များရရှိပါက အတိုင်းမသိ ၀မ်းသာပီတိဖြစ်ကြရသည်။ အနာဂတ် ပညာရေး ခရီးကို ဆက်လက်ချီတက်ရန် ကြိုတင်ပြင်ဆင်မှု့များ ပြုလုပ်ရတော့မည်ဖြစ်သည်။
    စာရေးသူတို့ ငယ်စဉ်ကျောင်းသားဘ၀က  ပြောလေ့ရှိခဲ့သော စကားတစ်ခွန်းမှာ “ ၁၀ တန်း စာမေးပွဲ အောင်သည့်နေ့ ဘ၀မှာအပျော်ဆုံးနေ့” ဟူ၍ဖြစ်သည်။ သို့သော် ယနေ့မြန်မာနိုင်ငံ တွင် တက္ကသိုလ်တန်း (၁၀တန်း) အောင်သော်လည်း ရာခိုင်နှုန်းပြည့် မပျော်ရွှင်နိုင်သူတွေရှိလာပြီ ဖြစ်သည်။ အကြောင်းမှာ(၁) တက္ကသိုလ်များကို မြို့ပြင်များတွင် ဆောက်လုပ်ထား၍ သွားရေး၊ လာရေး အဆင်မပြေမှုများ၊ အချိန်ကြန့်ကြာမှု့များရှိခြင်း (၂) ဆေးတက္ကသိုလ်မှစ၍ ၀ိဇ္ဇာသိပ္ပံတက္က သိုလ်များအဆုံး ကျူရှင်ယူရသည့်ဒုက္ခ၊ ကျူရှင် fees မြင့်မားလွန်းသည့်ဒုက္ခကို ရင်ဆိုင်ရခြင်း (၃) အချိန်တန်ဘွဲ့ရပြီးသောအခါ ဘ၀အာမခံချက်ရှိသည့် အလုပ်တစ်ခုခုကို ရရှိရန် မသေချာခြင်းတို့ ကြောင့် ဖြစ်သည်။
    မည်သို့ပင်ဆိုစေကာမူ လောကတွင် အခက်အခဲပြဿနာမှန်သမျှကို ရင်ဆိုင်ကြုံတွေ့ရ ပါက မျက်နှာလွှဲကာ ရှောင်ကွင်း၍မရပေ။ အကောင်းဆုံး အဖော်မွန် ဇွဲ၊လုံ့လ၊၀ိရီယတို့ကို အားကိုးကာ ရင်ဆိုင်ကျော်လွှား ဖြတ်သန်းရပေမည်။ “အခက်အခဲ၏နောက်တွင် အောင်မြင်မှု့ တည်း” ဟူသော “ပန်းတိုင်”ရှိနေသည်ကို နားလည်ထားသင့်ပေသည်။ ထို့အပြင်လက်ရှိ အရပ်သားအစိုးရအနေဖြင့် မြန်မာ့ပညာရေးကို ယခင့်၊ယခင် အစိုးရများထက် အစွမ်းကုန်အားပေး ထောက်ခံနေသည်ကို အလုပ်များက သက်သေတည်နေပေသည်။ဇွန်လ (၁၇)ရက်နေ့ထွက်ရှိမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကား မြန်မာပြည်သူလူထုအား စိတ်လှုပ်ရှားဖွယ်ရာဖြစ်စေမှာက တော့ မုချဧကန်ဖြစ်ပေသည်။ ပညာရေးသရဖူ လှမ်းဆွတ်ခူးလိုသူတွေအတွက် တက္ကသိုလ်ဝင် တန်းစာမေးပွဲကြီး အောင်မြင်ရေးသည် အရေးကြီးသော မဟာတံတိုင်းတစ်ခုပင် မဟုတ်ပါလော။
    ဆရာဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)
  • အစွန်းရောက်မှုဖြင့် နိုင်ငံသားအမျိုးသမီးတစ်ဦးကို စင်ကာပူ ဖမ်းဆီး
    အစွန်းရောက်မှုဖြင့် နိုင်ငံသားအမျိုးသမီးတစ်ဦးကို စင်ကာပူ ဖမ်းဆီး
    ဇွန် ၁၂၊ ၂၀၁၇
    M-Media
    – IS နှင့်သွားပေါင်းရန် ပြင်ဆင်နေသည့် အမျိုးသမီးတစ်ဦးကို ပြည်တွင်းလုံခြုံရေးအက်ဥပဒေ (ISA) နှင့် ဖမ်းဆီးလိုက်ပြီး၊ အစွန်းရောက်မှုအတွက် ပထမဆုံးဖမ်းဆီးခံရသည့် စင်ကာပူနိုင်ငံသား အမျိုးသမီးဖြစ်သည်ဟု စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာန (MHA) က ယနေ့တွင် ကြေငြာလိုက်သည်။
    ရှိုင်ခါ အီဇာ ဇဟ်ရာ အလ် အန်ဆာရီဆိုသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး PCF (PAP Community Foundation) Sparkletots မူကြိုတွင် ရင်ခွင်ပိုက် ကလေးထိန်းအကူအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။
    သူမမှာ ၂၀၁၃ ခုနှစ်တည်းက IS အကြမ်းဖက်အဖွဲ့၏ အွန်လိုင်း ၀ါဒဖြန့်ချီရေးအစီအစဉ်မှတစ်ဆင့် အစွန်းရောက်အောင် သိမ်းသွင်းခံရခြင်းဖြစ်ပြီး ဇွန်လအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာက ဆိုသည်။
    “IS ဟာ အစ္စလာမ်ကို ကိုယ်စားပြုတယ်လို့ သူက ယုံကြည်လာတယ်။ အချိန်ကြာလာတာနဲ့အမျှ သူမရဲ့ အစွန်းရောက်မှုဟာ နက်ရှိုင်းလာတယ်။ အွန်လိုင်းမှာ နိုင်ငံခြား အဆက်အသွယ်တွေများလာတာက ဒီအခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ အဲဒီအဆက်တွေထဲမှာ IS စစ်သွေးကြွတွေ၊ ထောက်ခံသူတွေ ပါဝင်ပြီး၊ တစ်ချို့ဆိုရင် ဆီးရီးယားမှာ သေဆုံးသွားတာ၊ အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်တဲ့ လုပ်ရပ်တွေအတွက် ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်” ဟု MHA ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
    ၂၀၁၄ ခုနှစ်ကတည်းက အီဇာမှာ အွန်လိုင်းတွင် IS ကို ထောက်ခံသည့် ပို့စ်များ တင်ခြင်း၊ မျှဝေခြင်းတို့ ပြုလုပ်ခဲ့ပြီး သူမ ဆိုရှယ်မီဒီယာအကောင့်များကို ထိုလုပ်ရပ်များကြောင့် အက်ဒမင်များက ဖယ်ရှားခဲ့သော်လည်း အသစ်များ ထပ်မံဖွင့်လှစ်ခဲ့သည်။
    MHA က အီဇာမှာ IS နှင့် သွားပေါင်းရန် ဆန္ဒရှိနေပြီး သူမ၏ ကလေးငယ်နှင့်အတူ သွားရောက်ရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။
    “ခါလီဖိတ်ကို တည်ဆောက်ဖို့၊ ကာကွယ်ဖို့ IS က အကြမ်းဖက်တာကို သူက ထောက်ခံပြီး၊ အဲဒီမှာသွားနေဖို့လည်း အားသန်နေပါတယ်။ ဆာလာဖီလို့ခေါ်တဲ့ IS ထောက်ခံသူတစ်ယောက်ကို ရှာပြီး လက်ထပ်ကာ သူရယ်၊ သူ့ကလေးရယ် ဒီလူနဲ့အတူ ဆီးရီးယားမှာ အခြေချဖို့အတွက် ၂၀၁၅ ခုနှစ်ကတည်းက လုပ်နေတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်”
    “သူ့ခင်ပွန်းအနေနဲ့ ဆီးရီးယားမှာ IS အတွက် သွားတိုက်ပေးမယ်ဆိုရ် ပံ့ပိုးပေးမယ်လို့ သူက ပြောခဲ့ပြီး၊ စစ်ပွဲမှာ သေသွားရင် ယောက်ျားဟာ ဆုလာဘ်တွေ အများကြီးရမယ်လို့လည်း သူက ယုံကြည်နေပါတယ်။ သူရဲကောင်းရဲ့ မိန်းမဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဆီးရီးယားမှာ နောက်ထပ် IS ထောက်ခံသူတစ်ယောက်ကို လက်ထပ်နိုင်မယ်လို့လည်း သူမ က ထင်နေပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
    IS က ခေါ်မည်ဆိုပါက စစ်ရေးလေ့ကျင့်ပြီး လက်နက်ကိုင် တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားသည်ဟုလည်း ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။
    အစ္စလာမ့်ဓမ္မဆရာများဖြစ်သည့် မိဘများနှင့် ညီအစ်မများက ၂၀၁၅ ခုနှစ်တွင် သူမ၏ အစွန်းရောက်ပို့စ်များကို မြင်ခဲ့သော်လည်း အာဏာပိုင်များကို အကြောင်းမကြားခဲ့ဘဲ ၎င်းတို့ဖာသာ တိုးတိုးတိတ်တိတ်ဖြင့် အီဇာ အစွန်းမရောက်အောင် ကြိုးစားခဲ့သည်။ သို့သော်လည်း အောင်မြင်ခြင်း မရှိပေ။
    MHA ၏ ကြေငြာချက်တွင် မိသားစုဝင်များ၊ သူငယ်ချင်းမိတ်ဆွေများအနေဖြင့် တစ်ဦးတစ်ယောက်မှာ အစွန်းရောက်များ၏ သိမ်းသွင်းခြင်းခံလိုက်ရသည်၊ သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ရန် စီစဉ်နေသည်ဟု သံသယရှိပါက အာဏာပိုင်များကို အသိပေးရန် အရေးကြီးသည်ဟုလည်း ထည့်သွင်းဖော်ပြခဲ့သည်။
    Ref: CNA
  • မွတ်စလင်များ ၀တ်ပြုရာတွင် ကစ်ဗလာဟ်ဘက် ရှာနိုင်မည့် လုပ်ဆောင်ချက်တစ်ခု Google ဖန်တီးပေး
    မွတ်စလင်များ ၀တ်ပြုရာတွင် ကစ်ဗလာဟ်ဘက် ရှာနိုင်မည့် လုပ်ဆောင်ချက်တစ်ခု Google ဖန်တီးပေး
    ဇွန် ၁၂၊ ၂၀၁၇
    M-Media
    – မွတ်စလင်များ ၀တ်ပြုရာမှာ မျက်နှာမှုရတဲ့ ကစ်ဗလာဟ်ဘက်ကို အလွယ်တကူနဲ့ မှန်မှန်ကန်ကန် ရှာဖွေနိုင်ဖို့အတွက် Google က လုပ်ဆောင်ချက်အသစ်တစ်ခုကို ဖြန့်ချီလိုက်ပါတယ်။
    တစ်နေ့ကို ၅ ကြိမ် ၀တ်ပြုရာမှာ မွတ်စလင်တွေဟာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့က ကအ်ဗာဝတ်ကျောင်းတော်ရှိရာကို မျက်နှာမူရပြီး အဲဒီလို မျက်နှာမူရာအရပ်ကို ကစ်ဗလာဟ်လို့ ခေါ်တာပါ။ မက္ကာမြို့ဟာ မြန်မာနိုင်ငံရဲ့ အနောက်ဖက်မှာ တည်ရှိတာကြောင့် မြန်မာနိုင်ငံက မွတ်စလင်တွေအတွက် ကစ်ဗလာဟ်ဟာ အနောက်ဖက်ဖြစ်ပါတယ်။
    Qibla Finder အမည်ပေးထားတဲ့ အဲဒီဝန်ဆောင်မှုကို မိုဘိုင်းဖုန်းနဲ့ Browser မှာ အသုံးပြုနိုင်မှာဖြစ်ပြီး augmented reality နည်းပညာကို အသုံးပြုထားတာပါ။ ဘယ်လို မိုဘိုင်းဖုန်းအမျိုးအစားမှာမဆို အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ တည်နေရာကိုတော့ တိတိကျကျဖော်ပြပေးဖို့ လိုပါတယ်။
    အရင်က ကစ်ဗလာဟ်ကို ရှာကြတဲ့အခါ ၀ဘ်ဆိုက်တွေ၊ ဖုန်းအက်ပလီကေးရှင်းတွေကို အသုံးပြုကြပေမယ့် ရာနှုန်းပြည့် အဆင်ပြေတာမျိုး မရှိပါဘူး။ Google ကတော့ အခု Qibla Finder ဟာ ကမ္ဘာ့ ဘယ်နေရာပဲ ရောက်နေနေ ၀တ်ပြုဖို့ မျက်နှာမူရာအရပ်ကို အလွယ်ကူဆုံး ရှာဖွေနိုင်မယ်လို့ ဆိုပါတယ်။
    ဒီလုပ်ဆောင်ချက်အသစ်ဟာ ရမ်ဇာန်လမှာ မွတ်စလင်အသုံးပြုသူတွေအတွက် ရည်ရွယ်ပြီး update လုပ်ပေးတဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်လာတာဖြစ်ပါတယ်။ Qibla Finder နဲ့အခြားသော ရမ်ဇာန်အတွက် ဖန်တီးပေးထားတဲ့ လုပ်ဆောင်ချက်အသစ်တွေကို ၂၀၁၄ ခုနှစ်ကတည်းက Google က လွှင့်တင်ခဲ့တဲ့ Ramadan Hub ၀ဘ်စာမျက်နှာမှာ ကြည့်ရှုနိုင်ပါတယ်။
    Qibla Finder ကို အောက်ပါလင့်တွင် ၀င်ရောက်ပြီး အသုံးပြုနိုင်ပါတယ်။
    https://qiblafinder.withgoogle.com/intl/en/desktop
    Ref: Arabian Business
  • ပင်လယ်ကွေ့နိုင်ငံများ မညီညွတ်မှုကို အစ္စရေးက ဘယ်လိုအသုံးချနေလဲ
    ပင်လယ်ကွေ့နိုင်ငံများ မညီညွတ်မှုကို အစ္စရေးက ဘယ်လိုအသုံးချနေလဲ
    ဇွန် ၁၂၊ ၂၀၁၇
    M-Media
    – လက်ရှိ ကာတာနဲ့ ပင်လယ်ကွေ့နိုင်ငံတွေအကြား ပြဿနာဟာ ဒေသအတွင်းမှာ အစ္စရေးရဲ့ တည်ရှိမှုကို ခိုင်မာစေဖို့၊ ပါလက်စတိုင်းပြဿနာ မှေးမှိန်စေဖို့၊ ဟားမက်စ်အဖွဲ့ သံတမန်ရေးရာ အကြပ်အတည်းဖြစ်စေဖို့ အစ္စရေးအတွက် ရွှေအခွင့်အရေး ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
    အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဆိုခဲ့ ခေါင်းစဉ်အောက်မှာ ဟားမက်ဆန့်ကျင်ရေး၊ အစ္စလာမ့်မစ်နိုင်ငံရေးကို ဆန့်ကျင်ရေး အုပ်စုဟာ အစ္စရေးကခေါင်းကိုင်ပြီး ဆော်ဒီဦးဆောင်တဲ့ အုပ်စုကနေ ပေါ်ထွက်လာပုံရတယ်လို့လည်း ဆိုပါတယ်။
    အစ္စရေးရေးရာ သုတေသနပညာရှင်နဲ့ ကျွမ်းကျင်သူ အန်တွိုင်နီ ရှာလ်ဟတ်က ဆော်ဒီရဲ့ ကာတာအပေါ် ဆောင်ရွက်မှုမှာ အစ္စရေးက လျင်လျင်မြန်မြန် ပါဝင်လိုက်တာဟာ ဒေသတွင်းကိစ္စတွေအပေါ်၊ ပါလက်စတိုင်း ကိစ္စအပေါ် အစ္စရေးရဲ့ ရှုမြင်ပုံကို ဆော်ဒီကလည်း လက်ခံထားတယ်ဆိုတာ အတည်ပြုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
    ဟားမက်ကို အားနည်းစေကာ ဂါဇာကို အုပ်စိုးထားမှု ပျက်ဆီးစေဖို့၊ အကြမ်းဖက်ဝါဒဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဟားမက်စ်ကို အာရပ်ကမ္ဘာမှာ သိက္ခာချဖို့အတွက် လက်ရှိ ပင်လယ်ကွေ့ပြဿနာနဲ့ ကာတာအပေါ် ပိတ်ဆို့မှုတွေကနေ အစ္စရေးဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ မျှော်လင့်နေတယ်လို့လည်း ရှာလ်ဟတ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ဟားမက်စ်ကို ဆော်ဒီကတိုက်ခိုက်မှု၊ အစ္စရေးတွေ ၀ါဒဖြန့်သလို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဆော်ဒီက ပုံဖော်မှုတွေဟာ ပါလက်စတိုင်းပြဿနာကို မှေးမှိန်ပျောက်ကွယ်သွားအောက်လုပ်ဖို့ အစ္စရေးရဲ့ ရည်ရွယ်ချက်နဲ့ သွားတူနေတယ်လို့လည်း သူက ဆိုပါတယ်။
    ကာတာဟာ အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆော်ဒီ၊ ယူအေအီးနဲ့ ဘာရိန်းတို့က ဇွန်လ ၅ ရက်နေ့မှာ ကာတာနဲ့ သံအဆက်အသွယ်ဖြတ်တောက်ကြောင်း ကြေငြာခဲ့ပါတယ်။
    ဒါတင်မကသေးဘဲ ဆော်ဒီဦးဆောင်တဲ့ ဒီအုပ်စုဟာ ကာတာကို ကုန်သွယ်ရေး၊ ခရီးသွားလာရေး စတဲ့ ပိတ်ဆို့မှုတွေကိုလည်း လုပ်ခဲ့ပါတယ်။ ကုန်းတွင်ပိုင်းမှာ ကာတာနဲ့ တစ်ခုတည်သော ထိစပ်တဲ့နိုင်ငံဖြစ်တဲ့ ဆော်ဒီဟာ သူတို့နယ်စပ်ကိုဖြတ်ကျော်ပြီး ခရီးသွားမှု၊ ကုန်စည်ပစ္စည်း ပို့ဆာင်မှုတွေကိုလည်း ပိတ်ပစ်လိုက်ပါတယ်။ ဆော်ဒီ၊ ယူအေအီးနဲ့ ဘာရိန်းတို့ဟာ ကာတာလေယာဉ်ပျံတွေအတွက် လေပိုင်နက်ကို ပိတ်ပစ်ခဲ့ပြီး၊ သူတို့ဆီကနေလည်း ကာတာကို မပျံသန်းတော့ပါဘူး။
    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘိုင်းရ်က ကာတာအနေနဲ့ ဟားမက်စ်နဲ့ဆက်သွယ်မှုကို ဖြတ်တောက်ပြီးမှ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဟားမက်စ်ကတော့ ဒါဟာ “ပါလက်စတိုင်းပြည်သူတွေ၊ အာရပ်နဲ့ အစ္စလာမ့်နိုင်ငံတွေအတွက် တုန်လှုပ်မှုတစ်ခု ဖြစ်စေကြောင်း”၊ ဒီလိုပြောကြားမှုတွေက “ပါလက်စတိုင်းပြည်သူတွေအပေါ် ကျူးလွန်မှုတွေကို ပိုမိုဆက်လုပ်ဖို့” အစ္စရေးအတွက် ဆင်ခြေရသွားစေကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
    အီဂျစ်၊ ဂျော်ဒန်တို့နဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားတဲ့ အစ္စရေးဟာ ကာတာ-ပင်လယ်ကွေ့ ပြဿနာကို အတတ်နိုင်ဆုံး အမြတ်ထုတ်ဖို့ စိုင်းပြင်းနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
    အစ္စရေး နေ့စဉ်ထုတ် Haaretz သတင်းစာမှာ ဆောင်းပါးရှင် အေမို့စ် ဟာရဲလ်က လက်ရှိ ပင်လယ်ကွေ့ ပြဿနာဟာ “ဟားမက်စ်ကို ပျက်ဆီးစေပြီး၊ အစ္စရေးက ပါလက်စတိုင်းပြဿနာကို လစ်လျူရှုကာ အာရပ်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပုံမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်နေတဲ့အချိန် ဒေသတွင်းနိုင်ငံတွေက သူတို့ရဲ့ပေါ်လစီတွေကို အစ္စရေးအကြိုက်လိုက်ပြီး ရေးဆွဲတာမျိုး” ဖြစ်စေလိမ့်မယ်လို့ ရေးသားခဲ့ပါတယ်။
    ကာတာပြဿနာဖြစ်ပြီးနောက်ပိုင်းမှာ အစ္စရေးအာဏာပိုင်တွေဟာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးကို ဦးတည်တဲ့ ကြေငြာချက်တွေကို ထပ်တလဲလဲထုတ်ပြန်ခဲ့ပြီး၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုနဲ့ပတ်သက်လို့ ပင်လယ်ကွေ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ကာတာနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်တဲ့ အာရပ်နိုင်ငံတွေဟာ အစ္စရေးကြောင့်၊ ပါလက်စတိုင်းပြဿနာကြောင့် လုပ်တာ မဟုတ်ပါဘူး။ အစွန်းရောက် အစ္စလာမ့်မစ်အကြမ်းဖက်မှုကို သူတို့ကိုယ်တိုင် စိုးရိမ်မှုကြောင့် လုပ်လိုက်တာဖြစ်ပါတယ်” လို့ ဇွန်လ ၆ ရက်နေ့မှာ အစ္စရေးကာကွယ်ရေးဝန်ကြီး အဗစ်ဒေါရ် လီဘာမန်က ပြောကြားခဲ့ပါတယ်။
    “ဒီလိုလုပ်လိုက်တာက အကြမ်းဖက်အပေါ် စစ်ဆင်နွှဲရေး ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်း တော်တော်များများကို လမ်းပွင့်စေတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ အစ္စရေးဟာ ဒီလို ပူးပေါင်းဆောင်ရွက်မှုအတွက် တံခါးဖွင့်ထားပြီးသားပါ။ လုပ်တာ၊ မလုပ်တာကတော့ သူတို့အပိုင်းပါပဲ”
    Radio Israel ရဲ့ အာရပ်နဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ သတင်းထောက် အီရန် ဇင်ဂါးကတော့ ဆောက်လုပ်ရေးအတွက် ရန်ပုံငွေပေးတာမျိုးလို ဟားမက်စ်က ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြှောင်က ပြဿနာတွေမှာ ကာတာရဲ့ ကြားဝင်ဆောင်ရွက်မှုကို အစ္စရေးက လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။
    ပါလက်စတိုင်းပြည်သူ ၂ သန်းလောက်နေထိုင်တဲ့ ဂါဇာကမ်းမြှောင်ကို အစ္စရေးက ပိတ်ဆို့ထားတာဟာ ၁၀ စုနှစ်တစ်ခုကျော်လောက် ရှိနေပါပြီ။ နောက်ပြီး အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှု ၃ ကြိမ်ကို ခံခဲ့ရတာကြောင့် ဂါဇာက အရေးပါတဲ့ အခြေခံအဆောက်အဦးတွေအားလုံးဟာ ပျက်စီးခြင်းငါးပါးအောက် ရောက်ခဲ့ရကာ ဂါဇာပြည်သူတွေလည်း လုံးပါးပါးသွားခဲ့ပါတယ်။ အစ္စရေးရဲ့ ပိတ်ဆို့မှု၊ ကျူးကျော်သိမ်းပိုက်မှုကို ခံနေရတဲ့ဂါဇာမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် ကာတာဟာ အကြီးမားဆုံး ဘဏ္ဍာရေးထောက်ပံ့တဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။
    ဆော်ဒီကိုထောက်ခံပြီး၊ ကာတာနဲ့ ဟားမက်စ်တို့ကို ဆန့်ကျင်တဲ့ ကြေငြာချက်တွေကို အစ္စရေးက ထုတ်ပြန်နေပေမယ့်လည်း ဆော်ဒီနဲ့ ကာတာအကြား ဆက်ဆံရေး ပိုဆိုးလာရင် ဒေသတွင်း မတည်မငြိမ် ပိုဖြစ်လာမှာ အစ္စရေးက ကြောက်နေတယ်လို့ ဇင်းဂါးက ကောက်ချက်ချပါတယ်။
    အဲဒီလိုစိုးရိမ်မှုထဲက တစ်ချက်က ဂါဇာပြဿနာ ပိုဆိုးလာရင် ဟားမက်စ်အဖွဲ့အတွင်းမှာ အငြင်းပွားမှုတွေ၊ ဂိုးဏ်ကွဲမှုတွေ ဖြစ်လာပြီး အစ္စရေးနဲ့ ဟားမက်စ်အကြား တိုက်ခိုက်မှုတွေဆီ ဦးတည်သွားနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။
    ဟာရဲလ်ကလည်း ဒီအချက်ကို Haaretz မှာ ဒီလိုရေးပါတယ်။
    “ဟားမက်စ်ကို ကာတာက ထောက်ပံ့မှုရပ်တန့်ုဖို့ ဆော်ဒီနဲ့ အီဂျစ်တို့က ကာတာကို ဖိအားပေးနိုင်ရင် ဂါဇာက စီးပွားရေး အကျပ်အတည်းဟာ ပိုဆိုးရွားနိုင်ပြီး၊ အစ္စရေးနဲ့ စစ်ရေးတင်းမာမှုလည်း မြင့်တက်လာနိုင်ပါတယ်”
    ဇင်ဂါးကတော့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး လီဘာမန်ုတို့ရဲ့ ထုတ်ပြန်ချက်တွေအရ ကာတာကို သီးခြားဖြစ်အောင်လုပ်တဲ့ နောက်ကွက်က ရည်ရွယ်ချက်ဟာ ဟားမက်စ်ကို ထောက်ပံ့နေတာတွေ ရပ်တန့်ရေး၊ ဆော်ဒီရဲ့ ပေါ်လစီတွေ ဒါမှမဟုတ် အလယ်အလတ်အာရပ်သဘောထားလို့ အစ္စရေးကခေါ်တဲ့ အခြေအနေမျိုးဖြစ်လာစေရေး ဖိအားပေးဖို့ဖြစ်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
    ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အီရန်နိုင်ငံအကြား ကွဲအောင်လုပ်ပြီး အာရပ်ကမ္ဘာမှာ အချင်းချင်း သဘောထားကွဲလွဲမှုအပေါ်မှာ ကစားနေကြတဲ့ အစ္စရေးတာဝန်ရှိသူတွေနဲ့ လေ့လာသူတွေက ကန့်လန့်ကာနောက်ကွယ်မှာ အစ္စရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်တဲ့ တိတ်တိတ်ပုန်း အာရပ် အလယ်အလတ်အုပ်စုမျိုး ဖြစ်လာရေး မကြာခဏ ပြောတာတွေလည်း ရှိပါတယ်။
    ဒီအုပ်စုမှာ အီဂျစ်၊ ဆော်ဒီနဲ့ ပင်လယ်ကွေ့အာရပ်နိုင်ငံတွေ၊ ဂျော်ဒန်နဲ့ မော်ရိုကိုအပါအ၀င် အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့ နိုင်ငံတွေဟာ ဆီးရီးယား၊ အီရန်၊ IS၊ ဟားမက်စ်နဲ့ မွတ်စလင်ညီနောင်များအဖွဲ့တွေလို ဘုံရန်သူတွေကို တန်ပြန်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
    ရှာလ်ဟတ်ကတော့ ကာတာကို ၀ိုင်းပယ်မှုရဲ အန္တာရာယ် အတိမ်အနက်ဟာ အာရပ်နိုင်ငံတွေကြားထဲ သံတမန်ဗျူဟာသစ် ဖော်ဆောင်နိုင်မှု အလားအလာပေါ်မှာ မူတည်နေပြီး ပါလက်စတိုင်းပြဿနာအတွက်တော့ အနှုတ်လက္ခဏဆောင်တဲ့ ဂယက်တွေ ရိုက်ခတ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera