News @ M-Media

Blog

  • ကမ္ဘာ့ ဟိုက်ဘက်ထိပ် ဒီဘက်ထိပ်က မွတ်စလင်တွေ ရမ်ဇာန်ဥပုသ်လကို ဘယ်လို ဖြတ်သန်းရလဲ

    ကမ္ဘာ့ ဟိုက်ဘက်ထိပ် ဒီဘက်ထိပ်က မွတ်စလင်တွေ ရမ်ဇာန်ဥပုသ်လကို ဘယ်လို ဖြတ်သန်းရလဲ

    ဇွန် ၁၆၊ ၂၀၁၇
    M-Media

    – အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လမှာ ဥပုသ်သီလ ဆောက်တည်ချိန်ဟာ နံနက် အာရုဏ်တက်ကနေ ညနေ နေ၀င်ချိန်အထိ သတ်မှတ်ထားတာကြောင့် ကမ္ဘာ့တစ်ဝှမ်း မွတ်စလင်တွေရဲ့ ဥပုသ်ဝင်ချိန် ထွက်ချိန်တွေဟာ မတူညီကြပါဘူး။

    ဒီ ဗီဒီယိုအတိုလေးမှာတော့ ကမ္ဘာ့ တစ်ဖက်တစ်ချက် နိုင်ငံနှစ်ခုက မွတ်စလင်တွေရဲ့ ရမ်ဇာန်ဥပုသ်လ ဖြတ်သန်းမှုကို ရှုစားရမှာပါ။

    Aljazeera သတင်းဌာနက ဗီဒီယိုကို M-Media က ဘာသာပြန်ဆို တင်ဆက်တာ ဖြစ်ပါတယ်။

  • ပါကစ္စတန်လုပ် တိုက်လေယာဉ်များ မကြာမီ မြန်မာနိုင်ငံရောက်မည်

    ပါကစ္စတန်လုပ် တိုက်လေယာဉ်များ မကြာမီ မြန်မာနိုင်ငံရောက်မည်

    ဇွန် ၁၆၊ ၂၀၁၇
    M-Media

    JF-17 တိုက်ပွဲဝင် တိုက်လေယာဉ်

    – မြန်မာလေတပ်အတွက် ဒီဇိုင်းထုတ်ထားတဲ့ တိုက်ပွဲဝင် JF-17 တိုက်လေယာဉ်တွေကို တရုတ်နိုင်ငံမှာ စမ်းသပ်ပျံသန်းနေပြီး အခုနှစ် ဒုတိယနှစ်ဝက်မှာ ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။

    တရုတ် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Chengdu Aircraft Industry Corporation (CAC) ရဲ့ ရှန်ဒူးလေယာဉ်ကွင်းမှာ စမ်းသပ်နေတာဖြစ်ပြီး ACA ဟာ ပါကစ္စတန် လေကြောင်းကုမ္ပဏီ Pakistan Aeronautical Complex (PAC) နဲ့ ပူးပေါင်းကာ ဒီ JF-17 တိုက်လေယာဉ်ကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံဟာ အဲဒီတိုက်လေယာဉ် ၁၆ စီး ၀ယ်ယူဖို့အတွက် ကန်ဒေါ်လာ သန်း ၅၆၀ တန် စာချုပ်တစ်ခုကို ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ ချုပ်ဆိုခဲ့ပါတယ်။

    PAC ရဲ့ ကမ်ရာစက်ရုံမှာ ဒီ JF-17 တိုက်လေယာဉ် နောက်ဆုံးအဆင့် ထုတ်လုပ်နေမှုကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ပါကစ္စတန်ရုပ်သံမှာ ပြသခဲ့ပါတယ်။ လေယာဉ်တွေကို ဒီနှစ် ဒုတိယနှစ်ဝက်မှာ မြန်မာနိုင်ငံကို ပို့ဆောင်မှာဖြစ်ပြီး တရုတ်နိုင်ငံလုပ် Nanchang Q-5 နဲ့ Chengdu J-7 တိုက်လေယာဉ်တွေနေရာမှာ အစားထိုးမှာ ဖြစ်ပါတယ်။

    ယခင်ထုတ်လုပ်ထားပြီး ပါကစ္စတန်လေတပ်မှာ အသုံးပြုနေတဲ့ JF-17s တွေနဲ့ မတူတာက ဒီ JF-17M ဟာ လေပေါ် ဆီဖြည့်လို့ရပြီး၊ ခေတ်မီ လေယာဉ်တည်ဆောက်မှုပိုင်းနဲ့ လျှပ်စစ်စနစ်တွေ ပါဝင်တာဖြစ်ပါတယ်။ ဒီလေယာဉ်တစ်စီးလုံးကို ပါကစ္စတန်က ကမ်ရာစက်ရုံမှာ တည်ဆောက်ခဲ့ပေမယ့် ဘာ့ကြောင့် ရှန်ဒူးမှာ စမ်းသပ်လဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

    ref: AIN Online

  • အာဖဂန်ရှိ ဗလီတစ်လုံးကို IS က ဗုံးခွဲ၊ လူ ၄ ဦး သေဆုံး

    အာဖဂန်ရှိ ဗလီတစ်လုံးကို IS က ဗုံးခွဲ၊ လူ ၄ ဦး သေဆုံး

    ဇွန် ၁၆၊ ၂၀၁၇
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံ မြိုတော်ကဘူးလ်ရှိ ရှီအာ ဗလီဝတ်ကျောင်းတ်ာတစ်လုံးတွင် ယမန်နေ့က တိုက်ခိုက်မှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အလ်-ဇဟ်ရာဟုခေါ်သည့် ဗလီဝတ်ကျောင်းတော်အတွင်းသို့ သေနတ်သမား ၂ ဦးက ၀င်ရောက်ရန် ကြိုးစားစဉ် ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပြီးနောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဂျစ် ဒါနစ်ရှ်က ပြောကြားခဲ့သည်။

    ထို့နောက် အဆိုပါသေနတ်သမားနှစ်ဦးမှာ ဗလီရှိ မီးဖိုဆောင်တွင် ပုံးအောင်းကာ ဗုံးခွဲခဲ့သည်။ IS က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။

    သေဆုံးသူများမှာ အရပ်သား ၃ ဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး၊ အရပ်သား ၄ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အလ်ဇဟ်ရာ ဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ခဲ့သည့် နာမည်ကျော် စီးပွားရေးသမား ဟာဂျီ ရမ်ဇာန်လည်း သေဆုံးသူများတွင် ပါဝင်ခဲ့သည်။

    အဆိုပါတိုက်ခိုက်မှုမှာ ရမ်ဇာန်ဥပုသ်လ ညဖက် ၀တ်ပြုဆုတောင်းမှုအတွက် လူများ စည်ကားနေသည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    အာဖဂန်အစိုးရခေါင်းဆောင် အဘ်ဒူလာ အဘ်ဒူလာမှာ ထိုခိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်မှာ ဘာသာတရား၊ အယူဝါဒ၊ ယုံကြည်ချက်တို့နှင့် ဆန့်ကျင်နေကြောင်း ၎င်း၏ Twitter စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။

    ယခုနှစ်အစမှစ၍ မြို့တော်ကဘူးလ်တွင် တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၆ ခု ဖြစ်ပွားခဲ့ပြီး ၂၀၀ ကျော်သေဆုံးကာ
    ၃၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

    Ref: Aljazeera

  • မွတ်စလ်-ခရစ်ယာန် ညီညွတ်ရေးအတွက် ယူအေအီးရှီ ဗလီတစ်လုံးကို ခရစ်ယာန်အမည်ပေး

    မွတ်စလ်-ခရစ်ယာန် ညီညွတ်ရေးအတွက် ယူအေအီးရှီ ဗလီတစ်လုံးကို ခရစ်ယာန်အမည်ပေး

    ဇွန် ၁၆၊ ၂၀၁၇
    M-Media

    “မာရီယမ် အွမ်မေ့ အီဆာ” ဗလီဝတ်ကျောင်းတော်

    – မတူညီသော ဘာသာတရားများအကြား သဟဇာတဖြစ်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံ မြို့တော် အဘူဒါဘီရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး၏ အမည်ကို ခရစ်ယာန်အမည် မှည့်ခေါ်လိုက်သည်ဟု သိရသည်။

    “ရှိခ် မိုဟာမက် ဘင် ဇေယဒ်” ဟု အမည်ပေးထားသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်ကို အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇေယဒ် အလ်-နဟ်ယန်၏ အမိန့်အဖြင့် ‘ခရစ်တော်၏ မယ်တော် မေရီ ဗလီဝတ်ကျောင်းတော်’ ဟု အဓိပ္ပါယ်ရသည့် “မာရီယမ် အွမ်မေ့ အီဆာ” ဟူသော အမည်ကို ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

    အိမ်ရှေ့မင်းသားကမူ ထိုသို့ အမည်ပြောင်းလဲခြင်းမှာ မတူညီသော ဘာသာဝင်များအကြား လူသားဆန်မှု အနှောင်အဖွဲ့ကို ပိုမိုခိုင်မြဲစေရန် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယူအေအီး ‘ခန္တီစ၀န်ကြီးဌာန’ ၀န်ကြီး ရှိခ်ခါ လွဘ်နာ အလ်-ကာစီမီက ယခုကဲ့သို့ အမည်ပြောင်းလဲခြင်းမှာ စစ်မှန်သည့် လူသားဝါဒ၊ ယူအေအီးနိုင်ငံရှိ ဘာသာရေးသည်းခံမှုနှင့် အတူယှဉ်တွဲနေထိုင်မှုပုံရိပ်ကို ထင်ဟပ်စေသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ထိုဗလီဝတ်ကျောင်းတော်၏ ပတ်ဝန်းကျင်တွင် အခြားသော ဘာသာဝင်များ၏ ၀တ်ကျောင်းတော်များ တည်ရှိနေပြီး ဘာသာရေးသည်းခံမှု၊ အတူယှဉ်တွဲနေထိုင်မှု ပုံရိပ်ကို ပေါ်လွင်စေသည်ဟုလည်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင် ယူအေအီးမှာ ခန္တီစ၀န်ကြီးဌာနကို ထူထောင်ခဲ့ပြီး ယူအေအီးလူ့အဖွဲ့အစည်းတွင် ခန္တီတရားကို အခြေခံတန်ဖိုးအဖြစ် မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

    ယခုကဲ့သို့ ဗလီဝတ်ကျောင်းတော်ကို ခရစ်ယာန်အမည်ပြောင်းမှုအတွက် မိမိအနေဖြင့် ပီတိဖြစ်ရသည့် ဗလီအနီးရှိ စိန့်အန်ဒရူး အန်ဂလိကန် ခရစ်ယာန်ဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာတော် ကာနွန် သော်မဆင်က ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ဘာသာတရားနှစ်ခုကြားက တူညီတဲ့အရာတစ်ခုကို ဖော်ကျူးခွင့်ရတဲ့အတွက် ကျွန်တော်တို့ ကြည်နူးရပါတယ်” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

    Ref: Alarabiya

  • ကာတာရေတပ်နှင့် စစ်ရေးလေ့ကျင့်ရန် ကန်စစ်သင်္ဘောများ ဒိုဟာသို့ ရောက်ရှိ

    ကာတာရေတပ်နှင့် စစ်ရေးလေ့ကျင့်ရန် ကန်စစ်သင်္ဘောများ ဒိုဟာသို့ ရောက်ရှိ

    ဇွန် ၁၅၊ ၂၀၁၇
    M-Media

    – ဆော်ဒီအပါအ၀င် ပင်လယ်ကွေ့နိုင်ငံများနှင့် သံတမန်ရေးပြဿနာ ဖြစ်ပွားနေသည့် ကာတာနိုင်ငံ ရေတပ်နှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်ရန်အတွက် အမေရိကန် စစ်သင်္ဘောနှစ်စင်းမှာ ဒိုဟာမြို့သို့ ယနေ့တွင် ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    ကာတာမှာ အရှေ့အလယ်ပိုင်းတွင် အကြီးဆုံး အမေရိကန်စစ်စခန်းကို လက်ခံထားသည့် နိုင်ငံဖြစ်ပြီး အမေရိကန်စစ်သားပေါင်း ၁၁၀၀၀ ကျော်၊ လေယာဉ်ပေါင်း ၁၀၀ ကျော် ကာတာတွင် ရှိနေသည်။

    အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ နီးကပ်သည့်မဟာမိတ် ဆော်ဒီဦးဆောင်သော နိုင်ငံတစ်ချို့က ကာတာမှာ အကြမ်းဖက်အဖွဲ့များကို ပံ့ပိုးပေးနေသည်ဟုဆိုကာ ပြီးခဲ့သည့်တစ်ပတ်က သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ကာတာမှာ အကြမ်းဖက်ဝါဒကို ထဲထဲဝင်ဝင် ထောက်ပံ့နေသူဖြစ်သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။

    ယခု စစ်ရေးလေ့ကျင့်မည့် အမေရိကန်စစ်သင်္ဘောများမှာ ကာတာနိုင်ငံသို့ ယနေ့တွင် ရောက်ရှိလာခဲ့ပြီး၊ ကာတာက အမေရိကန်မှ F-15 တိုက်လေယာဉ် ကန်ဒေါ်လာ ၁၂ ဘီလီယံဖိုး ၀ယ်ယူရန် စာချုပ်ကိုလည်း ယနေ့တွင် ၀ါရှန်တန်၌ ချုပ်ဆိုခဲ့သည်။

    ကာတာရေတပ်၏ စစ်ရေးလေ့ကျင်မှုတွင် အမေရိကန်သင်္ဘောများ ပါဝင်ရန် အစီအစဉ်မှာ သံတမန်ပြဿနာမဖြစ်ခင် စီစဉ်ခဲ့လား သို့မဟုတ် လက်ရှိ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ကာတာနိုင်ငံအား ထောက်ခံသည့် လက္ခဏာလည်းဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    Ref: Aljazeera