News @ M-Media

Blog

  • ဖမ်းထားသည့် ရိုဟင်ဂျာကလေးငယ်များကို လူသားဆန်စွာဆက်ဆံရန် မြန်မာအစိုးရကို ယန်းဟီးလီ တိုက်တွန်း

    ဖမ်းထားသည့် ရိုဟင်ဂျာကလေးငယ်များကို လူသားဆန်စွာဆက်ဆံရန် မြန်မာအစိုးရကို ယန်းဟီးလီ တိုက်တွန်း

    ဇွန် ၁၅၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလကတည်းက ပြုလုပ်ခဲ့သည့် အစိုးရစစ်တပ်၏ စစ်ဆင်ရေးအတွင်း ဖမ်းဆီးထားသူများထဲမှ ကလေးငယ်များ၏ အခွင့်အရေးများ၊ ဆေးဝါးကုသခွင့်တို့ကို အာမခံပေးရန် မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်းဟီလီက ယနေ့တွင် ပြောကြားလိုက်သည်။

    ရိုဟင်ဂျာအုပ်စုတစ်ခုက နယ်ခြားစောင့်စခန်းများကို စီးနင်းတိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်း အစိုးရတပ်မှ ပြုလုပ်သော စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ သူပုန်များနှင့် ပူးပေါင်းသည်ဟုဆိုကာ ရိုဟင်ဂျာ အမျိုးသား ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ထိုအထဲတွင် အသက် ၁၀ နှစ်အရွယ်ခန့် အပါအ၀င် အရွယ်မရောက်သေးသော ကလေးငယ် ၁၃ ဦး ပါဝင်သည်ဟု မတ်လ ၇ ရက်နေ့ ရက်စွဲဖြင့် ရဲတပ်ဖွဲ့၏ အထောက်အထားစာရွက်တွင် ဖော်ပြထားသည်။

    ဂျီနီဗာရှိ လူ့အခွင့်အရေးကောင်စီတွင် ယနေ့ပြောကြားသည့် မိန့်ခွန်း၌ ယန်းဟီလီက ကလေးငယ်များ၏ လွတ်လပ်မှုကို စိတ်ထင်တိုင်း မချုပ်ချယ်သင့်ကြောင်း၊ အစိုးရအနေဖြင့် အခြေအနေ၊ အချိန်အခါနှင့် လျော်ညီစွာ ကလေးငယ်များ၏ အခွင့်အရေးကို အာမခံပေးသင့်ကြောင်း ပြောကြားခဲ့သည်။

    “ကလေးတွေကို မဖမ်းမဖြစ် အခြေအနေရောက်မှသာ အတိုတောင်းဆုံး အချိန်ကာလတစ်ခုအထိ ထိန်းသိမ်းဖို့၊ လူသားဆန်စွာ ဆက်ဆံပြီး၊ သူတို့ရဲ့အသက်အရွယ်ကို ထောက်ထားတဲ့ ပုံစံမျိုးနဲ့ အလေးထား ကိုင်တွယ်ဖို့ မြန်မာအစိုးရကို ကျွန်မ သတိထောက်ချင်ပါတယ်” ဟု ယန်ဟီးလီက ပြောကြားခဲ့သည်။

    ထို့ပြင် ဖမ်းခံထားရသည့် ကလေးငယ်တစ်ဦး သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ရန်လည်း အစိုးရကို ယန်းဟီးလီက တိုက်တွန်းခဲ့သည်။ မြန်မာအစိုးရက အဆိုပါကလေးငယ်မှာ ကျန်းမာရေးမကောင်းမှုကြောင့် ဖေဖော်ဝါရီလက သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပြီး ထိုသတင်းကို ပြီးခဲ့သည့်တစ်ပတ်ကမှ ထုတ်ပြန်ခဲ့သည်ဟု ယန်ဟီးလီက ထောက်ပြခဲ့သည်။

    ပြီးခဲ့သည့် ဧပြီလက ယူနီဆက်ဖ် လက်ထောက် အမှုဆောင်ဒါရိုက်တာ ဂျက်စတင် ဖော်ဆစ် မြန်မာနိုင်ငံသို့ လာရောက်သည့်အချိန်တွင်လည်း ကလေးများ ဖမ်းဆီးထားမှုကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

    အောက်တိုဘာလမှ စတင်ခဲ့သည့် အစိုးရစစ်တပ်၏ စစ်ဆင်ရေးတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများ ရှိသည်ဟု ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာများ၏ ပြောကြားမှုကို ကိုးကား၍ ကုလက အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါကျူးလွန်မှုမှာ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုပင် မြောက်နေသည်ဟု ဆိုသည်။

    မြန်မာစစ်တပ်ကမူ ထိုစွပ်စွဲမှုများကို ငြင်းဆိုခဲ့ပြီး မိမိတို့အနေအဖြင့် ဥပဒေဘောင်အတွင်းက နယ်မြေရှင်းလင်းရေးလုပ်ငန်းကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။

    ယန်ဟီးလီက မြန်မာအစိုးရအနေဖြင့် မကြာသေးမီက ကုလမှ ဖွဲ့စည်းလိုက်သည့် အချက်အလက်ရှာဖွေရေးအဖွဲ့နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်ကမူ ထိုအဖွဲ့ကို လက်မခံဘဲ မတူညီသော လူ့အဖွဲ့အစည်းများကြားတွင် ပိုမို ရန်လိုမှုကိုသာ ဖြစ်စေမည်ဟု ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။

    Ref: Reuters

     

  • အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ဗလီဝတ်ကျောင်းတော်သစ်တစ်လုံး ဖွင့်လှစ်

    အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ဗလီဝတ်ကျောင်းတော်သစ်တစ်လုံး ဖွင့်လှစ်

    ဇွန် ၁၅၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဘိုးမောင့်မြို့တွင် ကန်ဒေါ်လာ ၂ သန်းတန် ဗလီဝတ်ကျောင်းတော်သစ်တစ်လုံးကို ဖွင့်လှစ်လိုက်သည်ဟု သိရသည်။

    ထရီပလက်စ် အစ္စလာမ့်လူ့အဖွဲ့အစည်းအခြေပြု အဆိုပါ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန် ၁၀ နှစ်ကြာ စီစဉ်ခဲ့ရပြီး ၂ နှစ်တာ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုတစ်ပတ်အတွင်း ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

    ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်ပြီး ထရီပက်လစ် အစ္စလာမ့်လူ့အဖွဲ့အစည်း၏ တာဝန်ရှိသူလည်းဖြစ်သူ တာဟာခန်းက ယခု ဗလီဝတ်ကျောင်းတော်မှာ မွတ်စလင်များအတွက်သာမကဘဲ တက္ကဆက်ပြည်နယ် တောင်ပိုင်းရှိ လူ့အဖွဲ့အစည်းအားလုံးအတွက် တံခါးဖွင့်ထားသည်ဟု ပြောကြားခဲ့သည်

    ဂရိတ်တား ဘိုးမောင့်ဒေသတွင် အစ္စလာမ်ဘာသာဝင် ၁၅၀၀ ခန့်နေထိုင်ပြီး ယခုဗလီဝတ်ကျောင်းတော်မှာ လူပေါင်း ၃၀၀ မှ ၄၀၀ အထိ ပုံမှန်ဝတ်ပြုနိုင်မည် ဖြစ်သည်။

    ဗလီဝတ်ကျောင်းတော်၏ဘေးတွင် လွန်ခဲ့သည့် ၄ နှစ်က တည်ဆောက်ခဲ့သည့် မွတ်စလင်ပရဟိတစင်တာတစ်ခုရှိပြီး အီမာမ်တာဟာခန်းက ယခုဗလီဝတ်ကျောင်းတော်မှာ တိုးပွားလာသော မွတ်စလင်လူဦးရေကြောင့် ၀တ်ပြုရာနေရာ ချဲ့ထွင်မှု အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော်ကို မြေနေရာ စကွဲယားပေ ၉၀၀၀ တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ အမျိုးသားများနှင့် အမျိုးသမီးများအတွက် သီးခြားဝင်ပေါက်များ၊ သီးခြားဝတ်ပြုဆောင်များ ထားရှိပေးထားသည်။

    Ref : Beaumont Enterprise

  • အိုင်ယာလန်ဝန်ကြီးချုပ်အဖြစ် အိန္ဒိယနွယ်ဖွားတစ်ဦး ရွေးချယ်ခံရ

    အိုင်ယာလန်ဝန်ကြီးချုပ်အဖြစ် အိန္ဒိယနွယ်ဖွားတစ်ဦး ရွေးချယ်ခံရ

    ဇွန် ၁၅၊ ၂၀၁၇
    M-Media

    – အိုင်ယာလန်နိုင်ငံတွင် အိန္ဒိယာနွယ်ဖွား လီယို ဗာရဒ်ကာမှာ နိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ် ယမန်နေ့က တရားဝင် ရွေးချယ်ခန့်အပ်ခြင်း ခံခဲ့ရသည်ဟု သိရသည်။

    လိင်တူချစ်သူဟု လူသိရှင်ကြား ကြေငြာထားသည့် ဗာရဒ်ကာမှာ အသက် ၃၈ နှစ်အရွယ်ရှိပြီး နိုင်ငံ၏ အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၎င်းမှာ အိန္ဒိယလူမျိုး ပြောင်းရွှေ့အခြေချသူတစ်ဦး၏ သားလည်းဖြစ်သည်။

    အာဏာရပါတီ Fine Gael ၏ ခေါင်းဆောင်ဖြစ်သူ ဗာရဒ်ကာအား ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ရေး လွှတ်တော်၌ မဲခွဲမှုတွင် ထောက်ခံမဲ ၅၇ မဲ၊ ကန့်ကွက်မဲ ၅၀ နှင့် ကြားနေမဲ ၄၅ မဲတို့ဖြင့် ၀န်ကြီးချုပ် ဖြစ်လာခြင်းဖြစ်သည်။

    “ကျွန်တော်ဟာ ခေါင်းဆောင်ဖို့ ရွေးချယ်ခံရတာဖြစ်ပေမယ့်၊ ပြည်သူတွေကို အလုပ်အကျွေးပြုသွားမယ်လို့ ကျွန်တော် ကတိပြုပါတယ်” ဟု ဗာရဒ်ကာက ရွေးချယ်ခံရပြီးနောက် ပြောကြားခဲ့သည်။

    ၎င်းကို ရာထူးမှ စွန့်ခွာတော့မည့် သမ္မတ ကန်နီက အဆိုပြုခဲ့ခြင်းဖြစ်သည်။

    ဗြိတိဝန်ကြီးချုပ် ထရီဇာမေအနေဖြင့် မြောက်အိုင်ယာလန် ဒီမိုကရက်တစ်ပါတီနှင့် နီးနီးကပ်ကပ်ဆက်ဆံရန် မသင့်ဘဲ ထိုကဲ့သို့ ဆောင်ရွက်မှုက ၁၉၉၀ ပြည့်နှစ်များတွင် ချုပ်ဆိုထားသည့် နိုင်ငံရေးသဘောတူညီချက် Good Friday Agreement ကို ထိခိုက်စေလိမ့်မည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Independent

  • မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို တုန့်ပြန်ရန် သြစတေးလျကို လူ့အခွင့်အရေးအဖွဲ့ ဖိအားပေး

    မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို တုန့်ပြန်ရန် သြစတေးလျကို လူ့အခွင့်အရေးအဖွဲ့ ဖိအားပေး

    ဇွန် ၁၄၊ ၂၀၁၇
    M-Media

    ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးခဲ့ရသည့် မုံးကိုးမြို့မှ ခရစ်ယာန်ဘုရားကျောင်း

    – မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရာဇ၀တ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် သြစတေးလျနိုင်ငံက တုန့်ပြန်ဆောင်ရွက်ပေးရန် နိုင်ငံတာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ၎င်းတို့၏ အစီရင်ခံစာသစ်တွင် တိုက်တွန်းပြောကြားလိုက်သည်။

    “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူ့အဖွဲ့အစည်း ခံစားနေရတဲ့ တုန်လှုပ်စရာ ညှင်းပမ်းမှုတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက သိနေမြင်နေပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က အခြားသော တိုင်းရင်းသားလူနည်းစုတွေကို ပစ်မှတ်ထားမှုအတွင်း ဒီလို တုန်လှုပ်စရာ အဖြစ်မျိုး ဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်” ဟု Amnesty International အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မက်သယူး ၀ဲလ်စ်က ပြောကြားခဲ့သည်။

    Amnesty International က ယနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ကာလရှည် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် အရပ်သား ၁ သိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရကြောင်း၊ ညှင်းပမ်းမှု၊ တရားလက်လွတ် သတ်ဖြတ်မှု၊ အရပ်သားများနေထိုင်ရာနေရာသို့ ဗုံးကြဲမှုများ ပြုလုပ်သည့်ဆိုသည့် အထောက်ထားများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ ၀င်ရောက်ခွင့်ကို မြန်မာစစ်တပ်က ကန့်သတ်ထားကြောင်း ဖော်ပြထားသည်။

    ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်များကလည်း အရပ်သားများကို ပြန်ပေးဆွဲခြင်း၊ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များကို အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ဆင်းရဲနွမ်းပါးသည့် ပြည်သူများအပေါ် အခွန်ကောက်ခြင်း စသည့် အထောက်အထားများလည်း ရှိသည်ဟု ဆိုသည်။

    Amnesty International က ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းရန်အတွက် ကုလ၏ အချက်အလက်ရှာဖွေရေးအဖွဲ့ သွားရောက်နိုင်ရေး ထောက်ခံရန်လည်း သြစတေးလျအစိုးရကို ဆော်သြခဲ့သည်။

    သြစေတးလျ အတိုက်အခံပါတီ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မူရီက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ သြစတေးလျမှာ ယခင်ကတည်းက ထုတ်ဖော်ပြောဆိုလေ့ ရှိကြောင်း ပြောကြားခဲ့သည်။

    “လူ့အခွင့်အရေးဆိုတာ နိုင်ငံတိုင်းက အလေးထားရမယ့် ကိစ္စပါ”

    မကြာသေးခင်က ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ခဲ့သည့် အစိုးရ၀န်ကြီး ဇဒ် ဆီဆဲလ်ဂျာကလည်း သြစတေးလျမှာ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအပါအ၀င် လူ့အခွင့်အရေးမြှင့်တင်ပေးရန် မိမိတို့၏ အနေအထားကို အမြဲတမ်း အသုံးချခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: News.com.au

     

  • မွတ်စလင်များ အသိပေးမှုကြောင့် လန်ဒန်မီးလောင်မှုတွင် ပြည်သူအများအပြား အသက်ဘေးမှလွတ်မြောက်

    မွတ်စလင်များ အသိပေးမှုကြောင့် လန်ဒန်မီးလောင်မှုတွင် ပြည်သူအများအပြား အသက်ဘေးမှလွတ်မြောက်

    ဇွန် ၁၄၊ ၂၀၁၇
    M-Media

    – လန်ဒန်မြို့အနောက်ဖက်က Grenfell Tower အဆောက်အဦး ဒီနေ့မနက် မီးလောင်မှုမှာ မွတ်စလင်တွေရဲ့အသိပေးမှုကြောင့် လူအသေအပျောက် နည်းခဲ့တာဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် The Independent သတင်းစာက ဖော်ပြထားပါတယ်။

    ၂၄ ထပ်ရှိတဲ့ ဒီအဆောက်အဦး မီးလောင်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ပြီး ၇၀ ကျော်လောက် ဆေးရုံမှာ ဆေးကုသမှု ခံခဲ့ရပါတယ်။

    မီးလောင်နေပေမယ့် အချက်ပေးသံမကြားရဘဲ ရမ်ဇာန်ဥပုသ်လ ဥပုသ်သီလဆောက်တည်ဖို့ အစောကြီးထကြတဲ့ မွတ်စလင်တွေဟာ မီးလောင်မှုကို ပထမဆုံးမြင်ပြီး အသိပေးခဲ့တဲ့အတွက် သူတို့ အချိန်မီသိခဲ့ကြတယ်လို့ ဒီတာဝါမှာ နေထိုင်သူတွေက ပြောကြားခဲ့ပါတယ်။

    မီးလောင်မှုဟာ သန်းခေါင်ကျော်ကျော်လေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီတာဝါမှာရှိတဲ့ လူတော်တော်များများက အိပ်မောကျနေကြတာပါ။

    ဒီအဆောက်အဦးမှာ နေထိုင်သူတွေကို ပထမဦးဆုံး လာရောက်ကယ်တင်ကြသူတွေမှာလည်း မွတ်စလင်တွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

    “လူတော်တော်များများ ထွက်လို့ရအောင် မွတ်စလင်တွေက လုပ်ပေးခဲ့တာပါ။ ကျွန်တော်မြင်တဲ့လူအများစုက မွတ်စလင်တွေပါပဲ။ သူတို့တွေဟာ အစားအသောက်တွေနဲ့ အ၀တ်အထည်တွေကိုလည်း ဝေငှနေကြပါတယ်” လို့ အသက် ၃၃ နှစ်အရွယ် အန်ဒရေ ဘာရိုဆိုက ပြောကြားခဲ့ပါတယ်။

    နောက်ပြီး အပြင်ကလူတွေဟာ ဒီတိုက်မှာနေတဲ့ သူတို့ရဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေကို လာရှာကြတယ်လို့လည်း သူက ပြောပါတယ်။

    မီးလောင်မှုကြောင့် ထွက်ပြေးခဲ့ရတဲ့ သူတွေဟာ အနီးအနားက စိန့် ကလီမန့်ဘုရားကျောင်းမှာ ခိုလှုံနေရပြီး ဒေသခံတွေကလည်း ရေတွေ၊ အစားအသောက်တွေ လှူဒါန်းတာမျိုး ရှိနေပါတယ်။

    “လူတိုင်းက ဖေးကူကြပါတယ်။ အားလုံး တစ်ညီတစ်ညွတ်တည်းဖြစ်နေတာကို မြင်ရတာ ကြည်နူးစရာပါပဲ” လို့ အန်ဒရေက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    Ref: independent