News @ M-Media

Blog

  • မည်သည့်မွတ်စလင်ကိုမှ မတ်စ်ဂျစ်ဒ်ဟရမ်သို့ ၀င်ရောက်ခွင့် မပိတ်ပင်ဟု ဆော်ဒီပြော

    မည်သည့်မွတ်စလင်ကိုမှ မတ်စ်ဂျစ်ဒ်ဟရမ်သို့ ၀င်ရောက်ခွင့် မပိတ်ပင်ဟု ဆော်ဒီပြော

    ဇွန် ၁၄၊ ၂၀၁၇
    M-Media

    – အစ္စလာမ်ဘာသာဝင်ထို့ အထွဋ်အမြတ်ထားသည့် ကအ်ဗာကျောင်းတော်တည်ရှိရာ မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းသို့ လာရောက်မှုတွင် မည်သည့်မွတ်စလင်ကိုမှ တားဆီးခြင်းမရှိဟု မက္ကာအုပ်ချုပ်ရေးမှူး မင်းသား ခါလစ် အလ်-ဖိုင်ဆဲလ်က ယနေ့တွင် ပြောကြားလိုက်သည်။

    ခါလစ် အလ်-ဖိုင်ဆဲလ်မှာ မက္ကာနှင့် မဒီနာရှိ မြင့်မြတ်သော ဗလီဝတ်ကျောင်းတော် ၂ လုံးအား ထိန်းသိမ်းစောင့်ရှောက်မှုအဖွဲ့၏ အကြံပေးလည်းဖြစ်ပြီး ဆော်ဒီနှင့် သံတမန်ရေးအရ ပြဿနာ ဖြစ်ပွားနေသည့် ကာတာနိုင်ငံမှ နိုင်ငံသားများအား မတ်စ်ဂျစ်ဒ်ဟရမ်သို့ ၀င်ရောက်ခွင့်မပေးဆိုသည့် သတင်းများကို တုန့်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

    ကာတာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မိမိတို့နိုင်ငံသားများ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်သည့်အခါ ဆော်ဒီအာဏာပိုင်များက တားမြစ်မှုများ ပြုလုပ်သည်ဟု တိုင်ကြားချက်ရရှိကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် ဖွင့်ဟခဲ့သည်။

    အုပ်ချုပ်ရေးမှူးက မြင့်မြတ်သော ဗလီဝတ်ကျောင်းတော်သို့ လာရောက်သည့် မည်သူ့ကိုမဆို လိုအပ်သည့် ၀န်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခု ရမ်ဇာန်ဥပုသ်လတွင် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်သို့ လာရောက်သူ ၂.၅ သန်းဝန်းကျင်ရှိကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ဗလီဝတ်ကျောင်းတော် လုံခြုံရေးအတွက် ဆောင်ရွက်ပေးနေကြသော အသင်းအဖွဲ့များ၊ ၀န်ထမ်းများကို ကျေးဇူးတင်သည်ဟု ခါလစ် အလ်-ဖိုင်ဆဲလ်က ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Alarabiya

  • ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လကို ဖြတ်သန်းခြင်း

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လကို ဖြတ်သန်းခြင်း

    ဇွန် ၁၄၊ ၂၀၁၇

    M-Media

    ဘန်ကောက်မြို့ရှိ Alistikhomah ဗလီဝတ်ကျောင်းတော်တွင် သောကြာနေ့ မွတ်စလင်များ ၀တ်ပြုနေပုံ

    – ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အစ္စလာမ့်စင်တာတစ်ခုမှာ ပြည်တွင်းနဲ့ နိုင်ငံရပ်ခြားက ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေဟာ မွတ်စလင်တွေရဲ့ ရမ်ဇာန်ဥပုသ်လ အစ်ဖ်သာရ်ဝါဖြေပွဲမှာ ပါဝင်ခဲ့ကြပါတယ်။ အစ္စလာမ့်စင်တာကို တည်ထောင်သူတွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပူးပေါင်းကာ နှစ်စဉ်ပြုလုပ်တဲ့ ဒီအခမ်းအနားဟာ ဘန်ကောက်မြို့ Suan Luang ဒေသမှာ နေထိုင်ကြသူတွေအတွက် ရမ်ဇာဉ်ဥပုသ်လ အမှတ်ရစရာလည်း ဖြစ်ပါတယ်။

    အဲဒီအစ္စလာမ့်စင်တာဟာ  Suan Luang ဒေသနဲ့ ဘန်ကောက်မြို့အနီးအနားမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းဝတ်ပြုတဲ့နေရာ၊ ရမ်ဇာန်လမှာ နေ့စဉ် စုပေါင်း ၀ါဖြေကြတဲ့နေရာပါ။ ရမ်ဇာန်ဥပုသ်လဟာ ဘာသာရေးအရ အရေးပါတဲ့ လမျိုးသာမကဘဲ မိမိတို့ တတ်နိုင်သမျှကို ပတ်ဝန်းကျင်နဲ့အတူ မျှဝေခံစားတဲ့ လ,လည်းဖြစ်ပါတယ်။ Suan Luang ဒေသက မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ဒီလို မျှဝေမှုတွေထဲက နည်းလမ်းတစ်ခုဟာ သူတို့ရဲ့ အစ်ဖ်သာရ်ဝါဖြေပွဲမှာ အခြားသော ဘာသာဝင်တွေကို မကြာခဏ ပါဝင်စေတာပါ။

    Suan Luang ဒေသဟာ ၁၈ ရာစုနှစ်ကတည်းက ဘာသာစုံလူမျိုးစုံရှိတဲ့ ဒေသတစ်ခုဖြစ်ပြီး မလေး၊ လာအို၊ ခမာ၊ မွန် စသဖြင့် မတူကွဲပြားတဲ့ လူမျိုးတွေ စုပေါင်း နေထိုင်ကြပါတယ်။ ဒီနေ့မှာတော့ ဒီဒေသက ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြပါတယ်။

    WAT PAK BO ဘုန်းတော်ကြီးသင် စာသင်ကျောင်း

    WAT PAK BO စာသင်ကျောင်းတွင် ကျောင်းသားများက အလှူငွေ ထည့်ဝင်နေပုံ

    ဖရာခနောင်တူးမြောင်းရဲ့ ကမ်းနဖူးပေါ်မှာ တည်ရှိတဲ့ WAT PAK BO စာသင်ကျောင်းဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။
    Pak Bo ဘုန်းကြီးကျောင်းက ကြီးမှူးဖွင့်လှစ်တဲ့ ဒီစာသင်ကျောင်းရဲ့ လူ့အဖွဲ့အစည်းအပေါ် အလုပ်ကျွေးပြုတဲ့သက်တမ်းဟာ တော်တော်လေး ကြာမြင့်နေပြီဖြစ်ပြီး ဗုဒ္ဓဘာသာနဲ့ မွတ်စလင်မခွဲခြားဘဲ အားလုံးအတွက် တံခါးဖွင့်ထားတဲ့ကျောင်းလည်း ဖြစ်ပါတယ်။ ကျောင်းသားအရေအတွက်မှာ မွတ်စလင်က နည်းနည်းလောက်သာ ရှိပေမယ့် စာသင်ကျောင်းက ဘုန်းတော်ကြီးတွေ၊ ဆရာ၊ ဆရာမတွေဟာ ကျောင်းသားအားလုံးကို သာတူညီမျှ ဆက်ဆံပါတယ်။

    ဒီကျောင်းရဲ့ ထူးခြားချက်တစ်ခုက ကျောင်းသားအားလုံးအတွက် ဟာလာလ် အစားအသောက်ကို ပြင်ဆင်ချက်ပြုတ်ပေးတာဖြစ်ပြီး၊ ဘယ်ဘာသာပဲဖြစ်ဖြစ် ကျောင်းသားအားလုံးဟာ တူညီတဲ့နေ့လယ်စာကို စားသောက်ကြရပါတယ်။

    “အရေအကြီးဆုံးအရာတစ်ခုက ဘုန်းကြီးတို့ဟာ တစ်ယောက်ရဲ့ အခွင့်အရေး၊ ဂုဏ်သိက္ခာကို တစ်ယောက်က အလေးထားတာဖြစ်ပါတယ်။ ဘုန်းကြီးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမကြပါတယ်။ ဒါဟာ ဘုန်းကြီးတို့ အတူတကွ ယှဉ်တွဲနေထိုင်နိုင်တဲ့ အခြေခံအချက်ပါပဲ” လို့ Wat Pak Bo ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် Prah Kru Worakitjatorn က ပြောကြားခဲ့ ပါတယ်။

    ထိုင်းနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေဟာ လူနည်းစုဖြစ်ပြီး၊ ဘန်ကောက်က မွတ်စလင်တွေဟာလည်း ရာစုနှစ်နဲ့ချီပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြပါတယ်။

    “ညီရင်းအစ်ကို မောင်ရင်းနှမလို နေထိုင်လာတဲ့ကာလ ရှည်ကြာတာကြောင့် ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေကြားမှာ ပြဿနာ မရှိပါဘူး။ ကျွန်တော်တို့အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမကြပါတယ်” လို့ Suan Luang ခရိုင်မှာ ကြီးပြင်းလာတဲ့ အပီဆက်က ပြောကြားခဲ့ပါတယ်။

    Suan Luang မှာ အရင်နေထိုင်ခဲ့သူ အက်စမတ်က “ထိုင်းနိုင်ငံမှာ ဘုန်းကြီးကျောင်းတွေနဲ့ ဗလီတွေ ဘေးချင်းကပ်ရှိနေတာ မြင်ရမယ်။ နေရာတော်တော်များမှာ ဒီလိုပါပဲ။ ကိုယ့်ဘာသာရေးအလုပ် ကိုယ်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် လေးစားကြတာကြောင့် ကျွန်တော်တို့မှာ ဘာပြဿနာမှ မရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီဒေသမှာပဲ နေထိုင်ကြီးပြင်းခဲ့သူ မာနတ်ချိုင်ကလည်း  ထိုင်းနိုင်ငံမှာ ဘယ်လို ဘာသာရေးပြဿနာမှ မရှိဘူးလို့ ဆိုပါတယ်။

    WAT PAK BO စာသင်ကျောင်းတွင် ဟာလာလ်အစားသောက် ချက်ပြုပေးသည့် မီးဖိုဆောင်

    “ထိုင်းမှာ ဘာသာရေးပြဿနာဆိုတာ မရှိသလောက်ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ အတူနေထိုင်လာခဲ့ကြတာ ကြာပြီလေ။ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေမှာ ကျောင်းတက်ရင်း ကြီးပြင်းလာကြတဲ့ မွတ်စလင်ကလေးတွေ ရှိသလို မွတ်စလင်ကျောင်းတွေမှာ သွားတက်တဲ့ ဗုဒ္ဓဘာသာကလေးတွေလည်း ရှိပါတယ်”

    ဘာသာပေါင်းစုံညီညွတ်ရေး ပိုလုပ်ရမယ်

    ပြည်တွင်းနှင့် နိုင်ငံခြားမှ ဂုဏ်သရေရှိပုဂ္ဂိုလ်များ အမှတ်တရ

    ထိုင်းနိုင်ငံမှာ မွတ်စလင်တွေဟာ သူတို့ရဲ့ ဘာသာတရားကို လွတ်လပ်စွာ ကျင့်သုံးခွင့်ရခဲ့ပြီး အခြားသော ဘာသာတရားတွေနဲ့ ပြဿနာမရှိသလောက် ဖြစ်ပေမယ့် နိုင်ငံရဲ့ အချို့ဒေသတွေမှာတော့ အစ္စလာမ်ဆန့်ကျင်ရေး သဘောထားတွေက မြင့်တက်လာနေပါတယ်။

    ကမ္ဘာတစ်ဝှမ်း ဘာသာရေးတင်းမာမှုတွေနဲ့ နိုင်ငံအတွင်း အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာတာကို သတိထားမိလာတဲ့ ထိုင်းမွတ်စလင်တွေဟာ သဟဇာတဖြစ်မှု၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုကို ဆက်လက်ထိန်းသိမ်းသွားဖို့၊ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေ၊ ဘာသာတရားတွေနဲ့ ညီညွတ်ရေး ပိုမိုဆောင်ရွက်ဖို့ စိုင်းပြင်းလာကြပါတယ်။

    “မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ မတူညီတဲ့ဘာသာတရားတွေကြားထဲမှာ ညီညွတ်ရေးဆောင်ရွက်မှု အမြဲတမ်းရှိခဲ့ပါတယ်။ ဒါကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့ လိုပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ကွဲပြားနေပေမယ့် ထိုင်းနိုင်ငံသားဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ အတူတကွယှဉ်တွဲနေထိုင်မှု တန်ဖိုးတွေ၊ ကျွန်တ်ာတို့အားလုံးရဲ့အမှတ်သညာတွေကို တစ်ချိန်တည်းမှာ ဆက်လက်ထိန်းသိမ်းသွားရပါမယ်” လို အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ထိုင်းမွတ်စလင်ဖိုရမ် (Muslim Siam Forum for Art and Culture) ရဲ့ အကြီးအကဲ ဆွတ်ခရီ ဆာရင်က ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • IS နဲ့ တာလီဘန်အဖွဲ့တွေကို တွန်းလှန်ဖို့ အာဖဂန် အမျိုးသမီးတွေ ဘယ်လိုကြိုးစားနေလဲ

    IS နဲ့ တာလီဘန်အဖွဲ့တွေကို တွန်းလှန်ဖို့ အာဖဂန် အမျိုးသမီးတွေ ဘယ်လိုကြိုးစားနေလဲ

    ဇွန် ၁၄၊ ၂၀၁၇
    M-Media

    – အာဖဂန်နစ္စတန်က IS နဲ့ တာလီဘန်တို့လို အကြမ်းဖက်အဖွဲ့အစည်းတွေကို တွန်းလှန်တဲ့နေရာမှာ အာဖဂန် အမျိုးသမီးတွေလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်လာကြပါတယ်။

    ရှေရိုးစွဲအမြင်တွေကို ဖောက်ထွက်ရမှု၊ အိမ်ထောင့်တာဝန် မလစ်ဟင်းစေဖို့ ကြိုးပမ်းရမှူ စတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အာဖဂန်ငြိမ်းချမ်းရေးအတွက် ဆူးညှောင့်ခလုတ် ဖြစ်နေတဲ့ ဒီအကြမ်းဖက်အဖွဲ့တွေကို တွန်းလှန်းဖို့ အာဖဂန် အမျိုးမီးသမီးတွေ ဘယ်လိုကြိုးစားနေလဲဆိုတာ ဒီဗီဒီယိုမှာ တွေ့မြင်ရမှာပါ။

    Aljazeera ရဲ့ ဗီဒီယိုကို M-Media က ဘာသာပြန်ဆို တင်ဆက်တာ ဖြစ်ပါတယ်။

  • လန်ဒန်မြို့ရှိ တာဝါတစ်ခုတွင် မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွား

    လန်ဒန်မြို့ရှိ တာဝါတစ်ခုတွင် မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွား

    ဇွန် ၁၄၊ ၂၀၁၇
    M-Media

    – လန်ဒန်မြို့အနောက်ပိုင်းရှိ တာဝါအဆောက်အဦးတစ်ခုတွင် ယနေ့မနက်မှ စတင်၍ မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပေါ်နေပြီး၊ နေထိုင်သူများလည်း ပိတ်မိနေကာ တာဝါမှာ ပြိုကျနိုင်သည့်အန္တရာယ် ရှိနေသည်ဟု သိရသည်။

    Grenfell Tower ဖြစ်ပြီး ဗြိတိသျှစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက် ၁၂ နာရီ ၅၄ မိနစ်အချိန်တွင် မီးလောင်ကြောင်း သတင်းပေးပို့ချက် ရရှိခဲ့ကာ မီးသတ်သမား ၂၀၀ ခန့်က ညှိမ်းသက်ရန် ကြိုစားနေသည်။

    ရဲတပ်ဖွဲ့က မီးလောင်ဒဏ်ရာများကြောင့် ကုသပေးနေရသည့် လူနာများ ရှိနေကာ၊ မနက် ၄ နာရီအထိ နေထိုင်သူများကို ကယ်ထုတ်နေရဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။ မီအားပြင်းသောကြောင့် အဆောက်အဦးမှာ ပြိုကျနိုင်သည့်အနေအထားတွင် ရှိနေသည်ဟု ခန့်မှန်းမှုများ ရှိသည်။

    လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ဆိုးရွားသည့် အဖြစ်အပျက်တစ်ခုဟု ပြောကြားခဲ့သည်။ မီးသတ်သမားများ အပါအ၀င် မီးသတ်ကား အစင်း ၄၀ ကလည်း မီးညှိမ်းသက်ရန် ကြိုးစားနေသည်။

    လန်ဒန်မီးသတ်တပ်ဖွဲ့မှ လက်ထောက် ကော်မရှင်နာမင်းကြီး ဒန်ဒလီက မီးသတ်တပ်ဖွဲ့ဝင်များမှာ ခက်ခက်ခဲခဲဖြင့် မီးညှိမ်းသက်နေရသည်ဟု ပြောကြားခဲ့သည်။

    Ref: BBC

  • လူတစ်ချို့လုပ်ရပ်အတွက် မွတ်စလင်အားလုံးကို မကောင်းမမြင်သင့်ဟု စင်ကာပူ ခရစ်ယာန်အဖွဲ့တစ်ခု ပြော

    လူတစ်ချို့လုပ်ရပ်အတွက် မွတ်စလင်အားလုံးကို မကောင်းမမြင်သင့်ဟု စင်ကာပူ ခရစ်ယာန်အဖွဲ့တစ်ခု ပြော

    ဇွန် ၁၄၊ ၂၀၁၇
    M-Media

    – IS နဲ့သွားရောက်ပူးပေါင်းဖို့ စီစဉ်နေတဲ့ ပထမဆုံး နိုင်ငံသား မွတ်စလင်အမျိုးသမီးတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရတာကို အသုံးချပြီး နိုင်ငံအတွင်းက မွတ်စလင်လူ့အဖွဲ့အစည်းအပေါ်မှာ မကောင်းမြင်တာမျိုး၊ နိုင်ငံအတွင်း အစ္စလာမ်ကြောက်ရောဂါကို မီးထိုးပေးတာမျိုး မလုပ်သင့်ဘူးလို့ စင်ကာပူ နိုင်ငံလုံးဆိုင်ရာ ခရစ်ယာန် အသင်းတော်များကောင်စီ (NCCS) က ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    အသက် ၂၂ နှစ်အရွယ် အမျိုးသမီး ရှိုက်ခါ အီဇာ ဇဟ်ရာ အလ် အန်ဆာရီ ပြည်တွင်းလုံခြုံရေး အက်ဥပဒေနဲ့ ထိန်းသိမ်းခံရမှုအပေါ် အလွန်အမင်း ကြေကွဲဝမ်းနည်းရတယ်လို့လည်း NCCS က ဆိုပါတယ်။ အီဇာဟာ အွန်လိုင်းကနေ အစွန်းရောက်တွေရဲ့ သိမ်းသွင်းခြင်းခံရပြီး IS အကြမ်းဖက်အဖွဲ့နဲ့ သွားရောက်ပူးပေါင်းဖို့ စီစဉ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ကြေငြာခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး NCCS ရဲ့ သဘောထားကိုလည်း စင်ကာပူ အစ္စလာမ့်ဓမ္မသတ်မှူးချုပ်နဲ့ စင်ကာပူအစ္စလာမ့်ရေးရာကောက်စီ MUIS ရဲ့ အမှုဆောင်အကြီးအကဲတို့ကို ဇွန်လ ၁၂ ရက်နေ့ရက်စွဲနဲ့ ပေးပို့တဲ့ စာလွှာမှာ အခုလို ဖော်ပြထားပါတယ်။

    “ကျွန်တော်တို့တိုင်းပြည် တိုးတက်ဖို့အတွက် မွတ်စလင်လူ့အဖွဲ့အစည်းဟာ သိသိသာသာ ကူညီပံ့ပိုးပေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ လူမျိုးစုံ၊ ဘာသာစုံ လူ့အဖွဲ့အစည်း အားကောင်းလာဖို့အတွက်လည်း အများကြီးအားထုတ်ခဲ့ပါတယ်။ လမ်းမှားသူအချို့ရဲ့ လုပ်ရပ်တွေက ဒီက မွတ်စလင်အများစုကို ကိုယ်စားပြုတယ်လို့ ရှုမြင်လို့ မရပါဘူး”

    NCCS ဟာ နိုင်ငံတစ်ဝှမ်း ခရစ်ယာန် အသင်းအဖွဲ့ပေါင်း ၄၅၀ လောက် ပါဝင်တဲ့အဖွဲ့ဖြစ်ပြီး၊ မွတ်စလင်လူ့အဖွဲ့အစည်းကို ဆက်လက်ပံ့ပိုးကူညီကာ ဆုမွန်ကောင်းတောင်းပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ အမိမြေလို့ခေါ်တဲ့ ဒီနိုင်ငံမှာ လုံခြုံမှု၊ အပြန်အလှန် ချစ်ကျည်ရင်းနှီးမှုဆိုတဲ့ သဘောထားတစ်ခု စင်ကာပူနိုင်ငံသားအားလုံးမှာ ဖြစ်စေတဲ့ ဘာသာပေါင်းစုံ သဟဇာတဖြစ်မှု၊ ငြိမ်းချမ်မှုအပေါ် ဘယ်အရာကမှ အန္တရာယ်မပြုနိုင်အောင် ကျွန်တော်တို့အားလုံး ဆက်လက် လုပ်ဆောင်သွားကြပါစို့”

    Ref: CNA