News @ M-Media
Blog
  • မွတ်စလင်အမျိုးသမီးများကို ကာကွယ်ပေးရင်း အမေရိကန်တွင် လူနှစ်ဦး အသတ်ခံရ
    မွတ်စလင်အမျိုးသမီးများကို ကာကွယ်ပေးရင်း အမေရိကန်တွင် လူနှစ်ဦး အသတ်ခံရ
    မေ ၂၇၊ ၂၀၁၇
    M-Media
    – အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်းမြို့တွင် မွတ်စလင်ဟု ယူဆရသည့် သမီးနှစ်ဦးအား နှောက်ယှက်မှုကို တားဆီးရန် ကြိုးစားခဲ့သည့် အမျိုးသားနှစ်ဦးမှာ ဓားဖြင့် ထိုးသတ်ခြင်းခံခဲ့ရ သည်ဟု သိရသည်။
    Hollywood Transit ဘူတာရုံရှိ ရထားတွဲပေါ်တွင် ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် ဂျယ်ရီမီ ဂျိုးဆက်ပ် ခရစ်ရှန်ဆိုသူက မွတ်စလင်ဟု ယူဆရသူ အမျိုးသမီးနှစ်ဦးအား အော်ဟစ်ဆဲဆိုခြင်း၊ လူမျိုးရေးခွဲခြားသည့် အမုန်းစကားများ ပြောဆို ခြိမ်းခြောက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
    ထိုအဖြစ်အပျက်ကို ဖြန်ဖျေပေးရန် လူတစ်ချို့က ကြိုးစားကြသည့်အခါတွင် ဂျိုးဆက်ပ်မှာ ဓားဖြင့်တိုက်ခိုက်ခဲ့ပြီး လူ ၂ ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ရဲတပ်ကြပ် ပီတီ ဆင်ပဆင်က ပြောကြားခဲ့သည်။
    ဂျိုးဆက်ပ်ကို ရထားပေါ်မှအဆင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ဆိုးဆိုးဝါးဝါး လူသတ်မှု၊ လူသတ်ရန်ကြိုးစားမှု၊ နှောက်ယှက်မှု၊ တာမြစ်ထားသည့် လက်နက်အား ပိုင်ဆိုင်မှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုထားသည်။
    မျက်မြင်သက်သေများကမူ ဂျိုးဆပ်က် နှောက်ယှက်ခဲ့သည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ ပ၀ါဆောင်းထားကြောင်း၊ တိုက်ခိုက်သူမှာ ‘မွတ်စလင်တွေဟာ သေသင့်တယ်။ သူတို့တွေဟာ ခရစ်ယာန်တွေကို နှစ်ပေါင်းများစွာ သတ်လာတာ’ ဟု အောဟစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
    နောက်ပိုင်းတွင် ထိုအမျိုးသမီးနှစ်ဦးထဲမှ တစ်ဦး၏ မိဘများက ၎င်းတို့နှစ်ဦးမှာ ဆယ်ကျော်သက်များဖြစ်ပြီး တစ်ဦးမှာ မွတ်စလင်ဖြစ်ကာ၊ တစ်ဦးမှာ လူမည်းဖြစ်သည်ဟု ဒေသတွင်း သတင်းစာတစ်စောင်သို့ ပြောကြားခဲ့သည်။
    Ref: BBC
  • ကွန်ပျူတာစနစ်ချို့ယွင်းမှုကြောင့် ဗြိတိန်လေကြောင်းလိုင်း ကမ္ဘာတစ်ဝှမ်းခရီးစဉ်များ ဖျက်သိမ်း
    ကွန်ပျူတာစနစ်ချို့ယွင်းမှုကြောင့် ဗြိတိန်လေကြောင်းလိုင်း ကမ္ဘာတစ်ဝှမ်းခရီးစဉ်များ ဖျက်သိမ်း
    မေ ၂၇၊ ၂၀၁၇
    M-Media
    – ဗြိတိန်လေကြောင်းလိုင်း British Airways (BA) မှာ ကွန်ပျူတာစနစ် ချို့ယွင်းမှုကြောင့် ယနေ့နေ့လည်မှစ၍ ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့၏ လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။
    “အဓိကအိုင်တီစနစ် ချို့ယွင်းသွားမှုကြောင့် ကမ္ဘာတစ်ဝှမ်း ကျွန်တ်ာတို့ရဲ့ လေယာဉ်ပျံသန်းရေးလုပ်ငန်းတွေ အလွန်အမင်း အနှောက်အယှက် ဖြစ်နေပါတယ်” ဟု လေကြောင်းလိုင်းက ပြောကြားခဲ့ပြီး ထိုကိစ္စအတွက် တောင်းပန်ကြောင်း၊ ပြဿနာကို ပြေလည်စေရန် ဖြေရှင်းနေကြောင်း ပြောကြားခဲ့သည်။
    လက်ရှိတွင် လန်ဒန်မြို့ရှိ အဓိက လေဆိပ်နှစ်ခုဖြစ်သော ဟီသရိုးလေဆိပ်နှင့် ဂတ်ဝစ်လေဆိပ်တို့ရှိ BA ၏ လေကြောင်းခရီးစဉ်များအာလုံးကို စနေနေ့ညနေအထိ ဖျက်သိမ်းခဲ့ပြီး၊ BA ကမူ ယခု ပြဿနာမှာ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဆိုသည့် အထောက်အထားမရှိဟု ပြောကြားခဲ့သည်။
    အဆိုပါ ကွန်ပျူတာစနစ်ချို့ယွင်းမှုကြောင့် BA ၏ ၀ဘ်ဆိုက်ကို ၀င်ရောက်ကြည့်မရခြင်း၊ ဖုန်းအက်ပလီကေးရှင်းလည်း အသုံးပြု၍မရခြင်းတို့ ဖြစ်ပေါ်နေပြီး၊ BA လေကြောင်းလိုင်းမှ လေယာဉ် အဆင်း၊ အတက် စသည်တို့ကိုလည်း စီမံ၍ မရဖြစ်နေသည်။
    ယခုအခက်အခဲကို ခံစားခဲ့ရသည့် ခရီးသည်များအနေဖြင့် နောက်ထပ် လေယာဉ်ခရီးစဉ်ကို စီစဉ်ပေးသွားမည်ဖြစ်ကြောင်း၊ ပိုက်ဆံပြန်လိုချင်ပါကလည်း ပြန်ပေးသွားမည်ဟု လေကြောင်းလိုင်းက ပြောကြားခဲ့သည်။ ထို့ပြင် လေဆိပ်သို့ လာရောက်ခြင်းမရှိရန်လည်း ပြည်သူများကို အသိပေးထားသည်။
    ဟီသရိုးနှင့် ဂတ်ဝစ်တို့ရှိ အခြားလေကြောင်းလိုင်းများမှာ မည်သည့်ပြဿနာမှ မရှိဘဲ ပုံမှန်အတိုင်း ပျံသန်းနိုင်သည်ဟုဆိုသည်။
    Ref: BBC
  • နိုင်ငံအတွင်းမှချစ်သူများ နှစ်မကုန်ခင်လက်ထပ်ရန် ဘူရန်ဒီအစိုးရ တိုက်တွန်း
    နိုင်ငံအတွင်းမှချစ်သူများ နှစ်မကုန်ခင်လက်ထပ်ရန် ဘူရန်ဒီအစိုးရ တိုက်တွန်း
    မေ ၂၇၊ ၂၀၁၇
    M-Media
    – တိုင်းပြည်အတွင်းမှာ ရှိနေတဲ့ လက်မထပ်ရသေးတဲ့ စုံတွဲတွေအနေနဲ့ နှစ်ကုန်နောက်ဆုံးထားပြီး လက်ထပ်ကြဖို့ အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ ဘူရန်ဒီနိုင်ငံ အစိုးရက ဖိအားပေးလိုက်ပြီး နိုင်ငံအတွင်း ကိုယ်ကျင့်တရား ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
    သမ္မတ ပီယာရီ အန်ကူရွန်ဇီဇာက ‘ကိုယ်ကျင့်တရားပြည့်ဝတဲ့ လူ့အဖွဲ့အစည်း’ ဖြစ်ပေါ်လာရေး လှုပ်ရှားမှုတစ်ခုကို အခုလအတွင်းမှာစတင်ပြီး နောက်ပိုင်းမှာ ဒီကြေငြာချက် ထွက်ပေါ်လာခဲ့တာပါ။ သမ္မတကတော့ ဘူရန်ဒီနိုင်ငံသားတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မှု၊ တိုင်းပြည်ကို ချစ်ခင်မှုတွေကို ပြသဖို့ အတွက် လက်ထပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
    ဒီလှုပ်ရှားမှု စတင်ပြီးနောက်ပိုင်း ဘူရန်ဒီအစိုးရက နိုင်ငံအတွင်း လက်မထပ်ရသေးတဲ့ စုံတွဲတွေ မြန်မြန်လက်ထပ်ရေး ဖိအားပေးလာကြပါတယ်။
    ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ တီရန်စ် တာဟီရာဂျာက တိုင်းပြည်မှာ လူဦးရေပေါက်ကွဲမှုနဲ့ ရင်ဆိုင်နေရပြီး ဒါဟာ လက်မထပ်ဘဲ အတူနေထိုင်မှု၊ မယားအများအပြားရယူမှု၊ နှစ်ယောက်ယူမှုနဲ့ ကျောင်းသူလေးတွေ ကိုယ်ဝန်ရှိမှုတွေကြောင့်ဖြစ်ကြောင်း၊ ခရစ်ယာန်အသင်းတော်နဲ့ အစိုးရက စီစဉ်ပေးတဲ့ လက်ထပ်ပွဲတွေဟာ ဒီပြဿနာအတွက် အဖြေဖြစ်ပြီး တိုင်းပြည်ကိုချစ်မြတ်နိုးမှု တာဝန်လည်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    နိုင်ငံတောင်ပိုင်း ရူတာနာပြည်နယ် အာဏာပိုင်တွေက လက်မထပ်ဘဲ အတူနေသူတွေကို နောက်ဆုံးထား အထူးစာရင်းပြုစုထားဖို့ အမိန့်ပေးထားပြီး၊ အနောက်မြောက်ပိုင်းပြည်နယ် ဘူဘန်ဖာပြည်နယ်မှာတော့ အစိုးရရဲ့ လက်ထပ်ရေးကြေငြာချက်နဲ့ပတ်သက်ပြီး လှည့်စားကြသူတွေကို အပြစ်ပေးဖို့ အစိုးရကို တောင်းဆု
ိထားပါတယ်။
    တက်ကြွလှုပ်ရှားသူတွေက အစိုးရအနေနဲ့ ဒီလိုအတင်းအကြပ် ပြုလုပ်တာဟာ ‘ဘာသာရေး ခရူးဆိတ်စစ်ပွဲ’ ဆင်နွှဲတာဖြစ်တယ်လို့ ဝေဖန်ခဲ့ပြီး၊ အစိုးရကတော့ ဒါဟာ ဥပဒေဘောင်၊ တိုင်းပြည်ချစ်ရေး လေ့ကျင့်မှုအစီအစဉ် မူဘောင်အတွင်းက လုပ်ဆောင်တာဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့ပါတယ်။
    သမ္မတ ပီယာရီ အန်ကူရွန်ဇီဇာဟာ ၂၀၁၅ ခုနှစ်မှာ အခြေခံဥပဒေကိုကျော်ကာ တတိယအကြိမ် သမ္မတတာဝန် ထမ်းဆောင်ခဲ့ပြီး သူ့လက်ထက်မှာ နိုင်ငံရေး အကြမ်းဖက်မှုတွေကြောင့် လူပေါင်း အနည်းဆုံး ၅၀၀ လောက် သေဆုံးခဲ့ကာ ၄ သိန်းလောက် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ရပါတယ်။
    Ref : Aljazeera
  • ဆီးရီးယားတွင် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံး
    ဆီးရီးယားတွင် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံး
    မေ ၂၇၊ ၂၀၁၇
    M-Media
    – ဆီးရီးယားနိုင်ငံအရှေ့ပိုင်းတွင် အမေရိကန်ဦးဆောင်သည့် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄၂ ဦးအပါအ၀င် အရပ်သား အနည်းဆုံး ၁၀၆ ဦး သေဆုံးခဲ့သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SOHR) က ပြောကြားလိုက်သည်။
    ဒီရ် အဇ် ဇိုရ်ပြည်နယ် အလ် မာယာဒင်းဒေသရှိ IS အဖွဲ့ဝင်များ၏ မိသားစုများနေထိုင်ရာ လူနေအဆောက်အဦးများကို ပစ်မှတ်ထားကာ ကြာသာပတေးနေ့ညပိုင်းနှင့် သောကြာနေ့ မနက်အစောပိုင်းတို့တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    SOHR ၏ အကြီးအကဲ ရာမီ အဘ်ဒဲလ် ရဟ်မန်က သေဆုံးသွားသူအများစုမှာ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း IS အဖွဲ့ရုံးစိုက်ရာ ရက်ကာမြို့မှ အလ် မာယာဒင်းသို့ ထွက်ပြေးလာသည့် မော်ရိုကန်များနှင့် ဆီးရီးယားပြည်သူများဖြစ်သည်ဟု ဆိုသည်။
    ပထမတိုက်ခိုက်မှုတွင် အရပ်သား ၃၅ ဦး သေဆုံးခဲ့သည်။
    အမေရိကန်ဦးဆောင်ပြီး ၆၈ နိုင်ငံ ပါဝင်သည့် မဟာမိတ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရိသူ ကာနယ် ရိုင်ယန် ဒီလွန်က IS အားတိုက်ခိုက်မှုအတွင်း မည်သည့်အရပ်သား သေဆုံးမှုမဆို ဖြစ်ရပ်ဆိုးကြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အဆိုပါ မဟာမိတ်အဖွဲ့မှာ ရက်ကာမြို့နှင့် အီရတ်ရှိ မူဆိုးလ်မြို့တို့တွင် ခြေကုပ်ယူထားသော IS အဖွဲ့စခန်းများအား မြေပြင်မှ ထိုးစစ်ဆင်မှုများလည်း ပြုလုပ်နေသည်။
    Ref: Aljazeera
  • လူတစ်စုကြောင့် အစွန်းရောက်လမ်းကြောင်းပေါ် ရောက်လာတဲ့ သီရိလင်္ကာက ဗုဒ္ဓဘာသာ
    လူတစ်စုကြောင့် အစွန်းရောက်လမ်းကြောင်းပေါ် ရောက်လာတဲ့ သီရိလင်္ကာက ဗုဒ္ဓဘာသာ
    မေ ၂၇၊ ၂၀၁၇
    M-Media
    – ဗလီဝတ်ကျောင်းတော်တွေ၊ မွတ်စလင်တွေပိုင်ဆိုင်တဲ့ စီးပွားရေးတွေကို တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက် ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း အဲဒီတိုက်ခိုက်မှုတွေလုပ်ဖို့ တွန်းအားပေးတယ်လို့ စွပ်စွဲခံရတဲ့ သဘောထားတင်းမာသူ ဘုန်းကြီးတစ်ပါးကို သီရိလင်္ကာ အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေပါတယ်။
    ၂၀၁၅ ခုနှစ် အာဏာရပြီးနောက်ပိုင်း သမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ နိုင်ငံအတွင်းက မွတ်စလင်ဆန့်ကျင်ရေး အမုန်းရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ ကတိပြုခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ ပတ်အတွင်းမှာ တိုက်ခိုက်မှုတွေက မြင့်တက်လာခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ကဟာဝက်တီက မွတ်စလင်ဈေးဆိုင်တစ်ဆိုင်ဟာ အမည်မသိ တိုက်ခိုက်သူတွေရဲ့ မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။
    ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့တစ်ခုဖြစ်တဲ့ Bodu Bala Sena (BBS) ရဲ့ အတွင်းရေးမှူး Galagoda Atte Gnanasara ဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လက အလုသ်ဂါမာမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်တွေနောက်ပိုင်း အခြား မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ထပ်လုပ်ဖို့ သူ့ရဲ့ နောက်လိုက်တွေကို တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြားက စည်းလုံးညီညွတ်မှုကို ပျက်ဆီးအောင် ကြိုးစားမှုလည်း ဖြစ်ပါတယ်။
    သီရိလင်္ကာလူဦးရေ သန်း ၂၀ ရဲ့ ၁၀ ရာခိုင်နှုန်းပျော့ပျော့ဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူတွေဖြစ်ပြီး လူများစုက ဆင်ဟာလီလူမျိုး ဗုဒ္ဓဘာသာဝင်တွေပါ။ တမီလ်လူမျိုးအများစုက ဟိန္ဒူဘာသာ ကိးကွယ်ကြပါတယ်။
    နိုင်ငံရေးသုတေသီ အမ်ဂျဒ် မိုဟာမက် ဆလင်းက ကြမ်းတမ်းတဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ ပြန်လည်ပေါ်ထွက်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “အစိုးရက ဒီပြဿနာကို မဖြေရှင်းဘူးဆိုရင်၊ ဒါက ပြန့်သွားမှာပါ။ ဒီလိုတင်းမာမှုတွေကို ဘာမှမလုပ်ဘဲထားရင် နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ လူ့အဖွဲ့အစည်းတွေ အကြမ်းဖက်မှုအောက် မရောက်စေချင်ဘူးဆိုရင် အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှုတွေနဲ့ ဒီကိ
    စ္စတွေကို တုန့်ပြန်ဖို့ လိုပါတယ်” လို့ စလင်းက ဆိုပါတယ်။
    သီရိလင်္ကာ မွတ်စလင်ဝန်ကြီးတွေကလည်း သမ္မတ ဆရီဆီနာအနေနဲ့ ဒီကိစ္စတွေကို အရေးယူဖို့ ဒီတစ်ပတ်အတွင်းမှာပဲ ပြင်းပြင်းထန်ထန် ပြောကြားခဲ့ပါတယ်။ နောက်ပြီး လက်ရှိ ထွက်ပြေးတိမ်းရှောင်နေတဲ့ Gnanasara ကို ဖမ်းဆီးရေးကိစ္စအတွက် ကြာသာပတေးနေ့မှာ ဆွေးနွေးခဲ့ပါတယ်။
    သီရိလင်္ကာတရားရုံးက Gnanasara ကို ဖမ်းဆီးဖို့အတွက် ၀ရမ်းထုတ်ပြန်ခဲ့ပါတယ်။
    “ပြဿနာ တော်တော်များများမှာ အာဏာပိုင်တွေကို ဆန့်ကျင်တာကြောင့် ရဲတပ်ဖွဲ့နဲ့ ပြဿနာတွေရှိနေပမယ့် BBS အတွင်းရေးမှူးဟာ သူ့ရဲ့ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရျားမှုကို ပြန်လည် စတင်ခဲ့ပါတယ်” လို့ သီရိလင်္ကာ မွတ်စလင်ကောင်စီရဲ့ ဒုတိယအတွင်းရေးမှူး ဟီလ်မီ အဟ်မဒ်က ပြောကြားခဲ့ပါတယ်။
    “တိုင်းပြည်မှာ တင်းမာမှုတွေကို မီးထိုးပေးဖို့ Gnanasara က သူ့ရဲ့ လှုပ်ရှားမှုကို ပြန်စတာပါ။ အခု သူလုပ်ဖို့ ကြိုစားနေတာက သူနဲ့ သူ့အဖွဲ့ကို မွတ်စလင်တွေက တိုင်လို့ သူ ထောင်ကျရတော့မယ်ဆိုတာမျိုး လူများစု ဗုဒ္ဓဘာသာဝင်တွေရဲ့စိတ်ထဲ မြင်လာအောင် ဖြစ်ပါတယ်။ သူ့ရဲ့ ရာဇ၀တ်မှုတွေကနေ အာရုံပြောင်းနေတာပါ”
    BBS အဖွဲ့ဝင်တွေဟာ မွတ်စလင်လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့လည်း အဟ်မဒ်က ဆိုပါတယ်။
    “ဗလီတွေလို ၀တ်ပြုရာနေရာတွေကို သူတို့ တိုက်ခိုက်တယ်။ မွတ်စလင်တွေရဲ့ အိုးအိမ်တွေနဲ့ ဈေးဆိုင်တွေကို ဖျက်ဆီးတယ်။ ပြဿနာက ဒီနှစ်ပတ်အတွင်း BBS ရဲ့ ရာဇ၀တ်မှုတွေအတွက် အစိုးရက တစ်ချိန်လုံး ညှာနေတာဖြစ်ပါတယ်”
    သီရိလင်္ကာအစိုးရ အကြံပေး အေဇသ် ဆာလေးက သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာဝင်အုပ်စုကို အရင်အစိုးရက မြေတောင်မြှောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
    “ပြီးခဲ့တဲ့ မာဟင်ဒါ ရာဂျာပက်ဆီ အစိုးရလက်ထက်က BBS ဟာ တော်တော်လေး တက်ကြွပြီး တိုင်းပြည်မှာ စည်းလုံးမှုကိုလည်း ဖျက်ဆီးခဲ့ပါတယ်။ နောက်ပြီး နိုင်ငံအတွင်းက မွတ်စလင်တွေအပေါ် အမျိုးမျိုး ပြဿနာတွေ လုပ်ခဲ့တယ်။ သမ္မတသစ် ဆရီဆီနာလက်ထက်မှာ နိုင်ငံအတွင်း ငြိမ်ချမ်းရေး ဆောင်ကျဉ်းပေးနိုင်မယ့် တိုးတက်မှုမျိုးတွေ ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”
    “BBS နဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ အစိုးရကို ကျွန်တော်တို့ ဖိအားပေးဖို့လိုတယ်။ ပြီးတော့ Gnanasara ကို ရှာဖွေဖို့ အထူးတပ်ဖွဲ့ဝင်တွေကို တပ်ဖြန်ချထားလိုက်တဲ့ နောက်ဆုံးဆောင်ရွက်ချက်ကို ကျွန်တော် ကျေနပ်ပါတယ်” လို့ ဆာလေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    တမီလ်ကျားသူပုန် LTTE အဖွဲ့နဲ့ နှစ်ပေါင်း ၂၆ နှစ်ကြာ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကို ထောက်ပြခဲ့ပြီး တိုင်းပြည်မှာ ဘယ်လိုအကြမ်းဖက်မှုမျိုးမှ ပြန်လာတာကို မမြင်ချင်တော့ဘူးလို့လည်း သူက ပြောပါတယ်။
    “နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ တင်းမာမှုတွေ မြင့်တက်လာမှာကို ကျွန်တော် စိုးရိမ်ပါတယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းမှုကို ချစ်မြတ်နိုးတဲ့ လူတွေဖြစ်ပြီး LTTE နဲ့ စစ်ပွဲတွေကို ဖြတ်သန်းရပြီးတဲ့နောက်ပိုင်း နောက်ထပ် မတည်ငြိမ်မှုမျိုးကို ကျွန်တော်တို့ မလိုချင်တော့ပါဘူး။ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းစွာ အတူ
    ယှဉ်တွဲနေထိုင်တာ၊ ငြိမ်းချမ်းတာကိုပဲ ကျွန်တော်တို့ မြင်ချင်ပါတယ်။ သူ (Gnanasara) ဟာ တိုင်းပြည်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့ အစိုးရက အသိအမှတ်ပြုတာကို ကျွန်တော် ကျေနပ်ပါတယ်”
    အသက် ၄၈ နှစ်အရွယ် ဆင်ဟာလီအမျိုးသမီး အေမန်သီ ရာတာနာကာယီက BBS အဖွဲ့ဟာ တိုင်းပြည်ရဲ့ ဗုဒ္ဓဘာသာဝင်လူများစုကို ကိုယ်စားမပြုဘူးလို့ ဆိုပါတယ်။
    “ကျွန်မတို့ ငြိမ်းချမ်းစွာ နေထိုင်ချင်တယ်။ ကျွန်မတို့ရဲ့ မွတ်စလင်အိမ်နီးချင်းတွေအပေါ်မှာ လုပ်နေတဲ့ ကိစ္စတွေကို ကျွန်မတို့ မထောက်ခံပါဘူး။ သူတို့ (BBS)ဟာ ကျွန်မတို့ကို ကိုယ်စားမပြုပါဘူး။ ဒါပေမယ့် လူငယ်တွေအပေါ် သြဇာလွှမ်းမိုးနေတာက စိုးရိမ်စရာ ကောင်းပါတယ်။ ဒါ့ကြောင့်ပဲ သူတို့ကို အရေးယူဖို့ လိုတာပါ”
    Ref: Aljazeera