News @ M-Media

Blog

  • ကဘူးလ်မြို့ အကြမ်းဖက်တိုက်ခိုက်မှု ကမ္ဘာ့ခေါင်းဆောင်များ ရှုတ်ချ

    ကဘူးလ်မြို့ အကြမ်းဖက်တိုက်ခိုက်မှု ကမ္ဘာ့ခေါင်းဆောင်များ ရှုတ်ချ

    မေ ၃၁၊ ၂၀၁၇
    M-Media

    – ဒီနေ့မနက်က အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က သံတမန်ဧရိယာမှာ ကားဗုံးပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး အရပ်သား ၈၀ ကျော် သေဆုံးခဲ့ကာ ၃၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ကဘူးလ်မြို့ရဲ့သမိုင်းမှာ အကြီးမားဆုံး ပေါက်ကွဲမှုတွေထဲကတစ်ခုဖြစ်တဲ့ အဲဒီအဖြစ်အပျက်အတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ရှုတ်ချပြောဆိုခဲ့ပါတယ်။

    အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂနီက ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး “ရမ်ဇာန်လမြတ်၊ ကောင်းခြင်းဖျာဝေတဲ့လ၊ ၀တ်ပြုဆုတောင်းရတဲ့လမှာတောင်မှ အကြမ်းဖက်သမားတွေဟာ ကျွန်တော်တို့ရဲ့ အပြစ်မဲ့ပြည်သူတွေကို ချမ်းသာမပေးကြဘူး” လို့ သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့
    ပါတယ်။

    တိုက်ခိုက်မှုကြောင့် အနီးအနားပတ်ဝန်းကျင်က သံရုံးတွေ၊ လူနေအိမ် အဆောက်အအုံတွေလည်း ပျက်ဆီးသွားခဲ့ပြီး ဘယ်အဖွဲ့က လုပ်လဲဆိုတာ အခုအချိန်အထိ မသိရှိရသေးပါဘူး။ တာလီဘန်ကတော့ သူတို့လက်ချက် မဟုတ်ဘူးလို့ ဆိုပါတယ်။

    ပါကစ္စတန်ကလည်း “ဒီနေ့မနက်က ကဘူးလ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ တန်ဖိုးရှိတဲ့ လူ့အသက်တွေကို ဆုံးရှုံးစေခဲ့ပြီး အများအပြားကို ဒဏ်ရာရစေခဲ့တယ်” လို့ ထုတ်ပြန်ကာ ရှုတ်ချခဲ့ပါတယ်။

    “ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုတွေ၊ ဆွေမျိုးမိတ်သင်္ဂဟာတွေနဲ့အတူ ကျွန်တော်တို့ ၀မ်းနည်းကြေကွဲရပါတယ်။ ဒဏ်ရာရသူတွေအနေနဲ့ အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့လည်း ကျွန်တ်ာတို့ ဆုတောင်းပါတယ်” လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဆစ်ဂ်မာ ဂါဘရီယဲလ်က ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုအတွင်း ဂျာမနီသံရုံးစောင့်တဲ့ အာဖဂန်လုံခြုံရေးတပ်သားတစ်ဦး သေဆုံးခဲ့ပြီး သံရုံးဝန်ထမ်းတွေ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး ၀န်ကြီးက ဒီတိုက်ခိုက်မှုဟာ ‘နိုင်ငံတည်ငြိမ်ရေးအတွက် အာဖဂန်အစိုးရကို ဂျာမနီက ကူညီထောက်ပံ့မယ့်’ စိတ်ပိုင်းဖြတ်မှုကို တုန်လှုပ်စေမှာမဟုတ်ဘူးလို့လည်း ထည့်
    သွင်းပြောကြားခဲ့ပါတယ်။

    ကာတာနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဘင် ဂျက်ဆင် အလ်-သာနီက ဒီတိုက်ခိုက်မှုကို စက်ဆုပ်ဖွယ်ရာကောင်းတဲ့ တိုက်ခိုက်မှုအဖြစ် သမုတ်ကာ ရှုတ်ချခဲ့ပါတယ်။

    “အပြစ်မဲ့တွေအများသူတွေ အများကြီး သေဆုံးတဲ့ ကဘူးလ်က စက်ဆုပ်ဖွယ် တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ကာတာဟာ အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ဝါဒ ဘယ်လိုပုံစံကိုမှ လက်မခံပါဘူး” လို့ အလ်-သာနီက သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီကလည်း ထိခိုက်ခဲ့သူတွေအတွက် ၀မ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။

    “ကဘူးလ်က အကြမ်းဖက်ဗုံးခွဲမှုကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ သေဆုံးသွားသူတွေရဲ့ မိသားစုနဲ့ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပြီး ဒဏ်ရာရသူတွေအတွက်လည်း ဆုမွန်ကောင်း တောင်းပါတယ်” လို့ မိုဒီက သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: Aljzeera

  • အီရန်မက်ဆီပြီးတော့ အီရန်ရော်နယ်ဒို ပေါ်ထွက်လာ

    အီရန်မက်ဆီပြီးတော့ အီရန်ရော်နယ်ဒို ပေါ်ထွက်လာ

    မေ ၃၁၊ ၂၀၁၇
    M-Media

    – ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ ချွတ်စွပ်နီးပါးတူတဲ့ လူငယ်တစ်ယောက် အီရန်မှာ ပေါ်ထွက်လာခဲ့ပြီး ဆိုရှယ်မီဒီယာမှာ ဟိုးလေတကျော်ကျော် ဖြစ်ခဲ့ပါတယ်။

    အခုလည်း ရော်နယ်ဒိုနဲ့ ရုပ်ချင်းဆင်တဲ့ လူငယ်တစ်ယောက် အီရန်မှာ ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါတယ်။

    ရီဇာ အလီရီယာလူ လို့ခေါ်တဲ့ ဒီလူငယ်လေးအကြောင်း ဒီဗီဒီယိုအတိုလေးမှာ ရှုစားရမှာပါ။

  • အာဖဂန်မြို့တော်တွင် ဗုံးကွဲမှု အနည်းဆုံး လူ ၈၀ သေဆုံး

    အာဖဂန်မြို့တော်တွင် ဗုံးကွဲမှု အနည်းဆုံး လူ ၈၀ သေဆုံး

    မေ ၃၁၊ ၂၀၁၇
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ သံတမန်ရပ်ကွက်တွင် ကားဗုံးပေါက်ကွဲမှုကြီးတစ်ခု ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၈၀ သေဆုံးကာ၊ ရာနှင့်ချီ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အစိုးရရုံးများ၊ နိုင်ငံခြားသံရုံးများရှိနေပြီး လုံခြုံရေး အလွန်မြင့်သည့် ဇန်ဘက်ရင်ပြင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေခံ ထရပ်ကားဗုံး ဖေါက်ခွဲတိုက်ခိုက်မှုဖြစ်သည်ဟု ရင်းမြစ်များက ဆိုသည်။

    ရဲတပ်ဖွဲ့ကမူ သေဆုံးသူ အနည်းဆုံး ၈၀ နှင့် ဒဏ်ရာရသူ ၃၀၀ ကျော်ရှိသည်ဟု အတည်ပြုခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ တိုးလာဖွယ်ရှိနေသည်။

    လက်ရှိတွင် ထိုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူသေးပေ။ အာဖဂန်ရှိ အကြမ်းဖက်အဖွဲ့များဖြစ်သော IS နှင့် တာလီဘန်တို့မှာ ယခင်က မြို့တော်ကဘူးလ်တွင် အကြီးစား ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

    Ref: Aljazeera

  • Google က ဂုဏ်ပြုတဲ့ အမျိုးသမီး ဗိသုကာပညာရှင် ဇာဟာ ဟာဒစ်ဆိုတာ ဘယ်သူလဲ

    Google က ဂုဏ်ပြုတဲ့ အမျိုးသမီး ဗိသုကာပညာရှင် ဇာဟာ ဟာဒစ်ဆိုတာ ဘယ်သူလဲ

    မေ ၃၁၊ ၂၀၁၇
    M-Media

    ၂၀၁၇ ခုနှစ် မေလ ၃၁ ရက်နေ့ Google ၏ Home page တွင် ဇာဟာ ဟာဒစ်အား ဂုဏ်ပြုဖော်ပြထားသည့် doodle

    – အီရတ်ဖွား ဗြိတိန်နိုင်ငံသူ ဇာဟာ ဟာဒစ်ဟာ ဗိသုကာလောကရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆု Pritzker Architecture Prize ကို ၂၀၀၄ ခုနှစ်ရဲ့ ဒီနေ့မှာ ရရှိခဲ့ပြီး ဒီဆုကို ရရှိတဲ့ ပထမဆုံးအမျိုးသမီး ဗိသုကာပညာရှင်လည်း ဖြစ်ပါတယ်။

    သူမဟာ ဗြိတိန်ရဲ့ အကြီးကျယ်ဆုံး ဗိသုကာဂုဏ်ပြုဆု Stirling Prize ကိုလည်း ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ Royal Institute of British Architects က ချီးမြှင့်တဲ့ Royal Gold Medal ဆုတံဆိပ်ကို ရရှိတဲ့ ပထဆုံး အမျိုးသမီးလည်း ဖြစ်ခဲ့ပါတယ်။

    ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပြီး၊ အမျိုးသမီးတစ်ယောက်ရဲ့ လုပ်နိုင်စွမ်း ကန့်သတ်ချက်ကို ဖောက်ထွက်ပြခဲ့တဲ့ ဟာဒစ်ကို ဒီနေ့မှာ Google က သူတို့ရဲ့ Home Page မှာ ဂုဏ်ပြုခဲ့ပါတယ်။

    အစောပိုင်းဘဝ

    ဇာဟာ ဟာဒစ်ဟာ ဟာရှီမိုက်မင်းဆက်အုပ်စိုးတဲ့ နောက်ဆုံးနှစ်တွေမှာ ဘဂ္ဂဒတ်က ထင်ရှားတဲ့ မိသားစုကနေ မွေးဖွားလာခဲ့သူပါ။

    ဗိုလ်ချုပ် အဘ်ဒူလ် ကရင်မ် ကာစင်မ် ဦးဆောင်တဲ့ စစ်အာဏာသိမ်းအစိုးရအောက်မှာ ကြီးပြင်းလာခဲ့ပြီး နောက်ပိုင်းမှာ သင်္ချာအထူးပြုနဲ့ ကောလိပ်ဆက်တက်ဖို့အတွက် ဘေရွတ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ဟာဒစ်ဟာ လန်ဒန်ကိုသွားပြီး ဗိသုကာပညာကို လေ့လာဆည်းပူးခဲ့ပါတယ်။

    “ဟာဒစ်ဟာ အမိမြေက လှပကောင်းမွန်တဲ့ အရာတိုင်းကို ယူဆောင်သွားခဲ့ပြီး သူမ ရောက်ရှိခဲ့တဲ့ ကမ္ဘာ့နေရာတိုင်းမှာ သူမရဲ့ အမှတ်သညာကို ရေးထိုးခဲ့ပါတယ်” လို့ ဟာမစ် ဒါဘာရှီက ရေးသားခဲ့ပါတယ်။

    ၁၉၇၉ ခုနှစ်မှာ ဟာဒစ်ဟာ လန်ဒန်မှာ Zaha Hadid Architects လို့ခေါ်တဲ့ ဗိသုကာ လုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အမျိုးသားတွေသာ ကြီးစိုးတဲ့ ဒီနယ်ပယ်မှာ ၀င်တိုးရတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပေမယ့် သူမရဲ့ စိတ်ဆန္ဒက ဗိသာကာပညာရပ်မှာ ကန့်သတ်ထားမှုတွေကို ဖောက်ထွက်ဖို့ ဖြစ်ပါတယ်။

    “အမျိုးသမီး ဗိသုကာပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုတဲ့ အချက်ကို ကျွန်မဘယ်တော့မှ ရှေ့တန်းမတင်ဘူး။ ဒါပေမယ့် သူတို့ဟာ သာမန်အခြေအနေကနေ ဖောက်ထွက်နိုင်တယ်ဆိုတာ ဒီအချက်က လူငယ်တွေကို သိစေခဲ့ရင်လည်း ကျွန်မ ဘာမှ မဖြစ်ပါဘူး” လို့ ဟာဒစ်က Icon မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ ပြော
    ကြား ခဲ့ဖူးပါတယ်။

    သူမဟာ သဘာဝမြင်ကွင်းက ပုံစံတွေအတိုင်း အဆောက်အဦးတွေကို ပုံဖော်ကာ ခေတ်သစ် ဗိသုကာနယ်ပယ်ကို ဆန်းသစ်စေခဲ့သလို၊ neofuturistic ဒီဇိုင်းတွေကြောင့်လည်း နာမည်ကျော်ပါတယ်။

    ဂျာမနီက Vitra Fire Station မီးသတ်ဌာန အဆောက်အဦးကို ပုံဖော်ထားတဲ့ ထောင့်ချိုးတွေ၊ လိုင်းတွေဟာ အနီးအနားမှာတွေ့ရတဲ့ စပျစ်ခင်းတွေကနေ ပုံစံယူထားတာဖြစ်ပြီး၊ လန်ဒန်က Aquatic Centre အဆောက်အဦးကတော့ ရေလှိုင်းပုံစံကို အတုယူ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။

    “ဗိသုကာနယ်ပယ်မှာတော့ သူမဟာ တကယ့်ကို ရှေ့ဆောင်လမ်းပြတစ်ဦးပါ။ သူမဟာ Pritzker Architecture Prize ဆုရဲ့ အမြင့်ဆုံးဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်” လို့ ဆုချီးမြှင့်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

    ဟာဒစ်ဟာ ပြီးခဲ့တဲ့နှစ်က မမျှော်လင့်ဘဲ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး သူ ဒီဇိုင်းဆွဲပေးခဲ့တဲ့ အဆောက်အဦးတော်တော်များများက လတ်စမသတ်သေးပါဘူး။

    ၂၀၂၂ ခုနှစ် ကာတာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာဖလားပွဲအတွက် Al Wakrah ဘောလုံးကွင်းကိုလည်း ဟာဒစ်က ဒီဇိုင်းဆွဲပေးခဲ့တာဖြစ်ပါတယ်။

    အောက်မှာ ဖော်ပြထားတဲ့ အဆောက်ဦးတွေကတော့ ဇာဟာ ဟာဒစ် ဒီဇိုင်းဆွဲပေးခဲ့တဲ့ နာမည်ကျော် အဆောက်အဦးတွေဖြစ်ပါတယ်။

    လန်ဒန်မှ Aquatics Centre စင်တာ
    အဇာဘိုင်ဂျန်မြို့တော် ဘာကူမှ Heydar Aliyev Center
    အဇာဘိုင်ဂျန်မြို့တော် ဘာကူမှ Heydar Aliyev Centre
    တရုတ်နိုင်ငံမှ Guangzhou Opera House
    တရုတ်နိုင်ငံ ဘေဂျင်းမှ Galaxy Soho အဆောက်အဦး
    ကာတာနိုင်ငံမှ Al Wakrah ဘောလုံးကွင်း

    Ref: Aljazeera

  • တူရကီမှာ နာမည်ကြီးလာတဲ့ Bilal ကာတွန်းရုပ်ရှင်

    တူရကီမှာ နာမည်ကြီးလာတဲ့ Bilal ကာတွန်းရုပ်ရှင်

    မေ ၃၁၊ ၂၀၁၇
    M-Media

    – ဆော်ဒီဒါရိုက်တာ အေမန် တာရစ် ဂျမားလ် ရိုက်ကူးပြီး Bilal လို့ အမည်ပေးထားတဲ့ ကာတွန်းရုပ်ရှင်ကားတစ်ကားဟာ တူရကီနိုင်ငံမှာ နာမည်ကြီးနေပါတယ်။

    ဒီကာတွန်းရုပ်ရှင်ကို စနေနေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ စတင်မိတ်ဆက်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းက ရုပ်ရှင်ရုံပေါင်း ၃၀၀ လောက်မှာ တစ်ပြိုင်နက်တည်း ပြသနေပါတယ်။ တူရကီနောက်ခံစားပြောထည့်ထားတဲ့ ဒီရုပ်ရှင်ကို တူရကီပြည်သူတွေနဲ့ နိုင်ငံခြားခရီးသွားတွေ တော်တော်လေး အကြိုက်တွေ့နေတယ်လို့ ဒါရိုက်တာ ဂျမားလ်က ဆိုပါတယ်။

    ဒီရုပ်ရှင်ဟာ တမန်တော် မုဟမ္မဒ်သခင်ရဲ့ အနီးကပ် သာဝကကြီးတစ်ပါးဖြစ်ပြီး၊ အစ္စလာမ့်သမိုင်းမှာ ပထမဆုံး မုအ်ဇင် (၀တ်ပြုရန်နှိုးဆော်သူ) ဖြစ်တဲ့ ဘီလားလ်သခင်ရဲ့ အကြောင်းကို ပုံဖော် ရိုက်ကူးထားတာပါ။

    တူရကီမီဒီယာတွေက အခက်အခဲဒုက္ခတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တရားမျှတမှု၊ တန်းတူညီမျှမှုရဲ့ မီးရှူးတန်ဆောင်ဖြစ်ခဲ့တဲ့ ဘီလားလ်သခင်ရဲ့ သရုပ်ကို ပေါ်လွင်အောင် ဖော်ပြနိုင်မှုအတွက် ဒီ Bilal ကာတွန်းရုပ်ရှင်ကို ချီးကျူးခဲ့ပါတယ်။

    အဲဒီရုပ်ရှင်ကို မတ်လအတွင်း နယူးယောက်က ကုလရုံးချုပ်မှာ ပြသခဲ့ပြီး နိုင်ငံပေါင်း များစွာမှာလည်း ပြသခဲ့ပြီးဖြစ်ပါတယ်။

    Ref: Arab News