News @ M-Media

Blog

  • အာကာသသမိုင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုက စံချိန်သစ်တစ်ခု ထပ်တင်

    အာကာသသမိုင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုက စံချိန်သစ်တစ်ခု ထပ်တင်

    မတ် ၄၊ ၂၀၂၃

    M-Media 


    -ပြီးခဲ့တဲ့တစ်ပတ် ကြသာပတေးနေ့က အမေရိကန် အာကာသကုမ္ပဏီ Space X ရဲ့ နိုင်ငံတကာ အာကာသစခန်းဆီ အာကာသာ ယာဥ်မှူး လေးဦး စေလွှတ်ခဲ့ရာမှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ယာဥ်မှူးတစ်ဦးလည်း ပါ၀င်သွားပါတယ်။ 

    သူကတော့ ဆူလ်တန် အလ်-နီယာဒီဖြစ်ပြီး အာကာသကို သွားရောက်တဲ့ ဒုတိယမြောက် ယူအေအီးနိုင်ငံသားအဖြစ် မှတ်တမ်း၀င်ပါတယ်။

    ဒီခရီးစဥ်အတွင်း နိုင်ငံတကာအာကာသစခန်းမှာ လအတော်ကြာ နေမှာကြောင့် အလ်-နီယာဒီဟာ အာကာသမှာ အချိန်အကြာဆုံး နေထိုင်မယ့် ပထမဆုံး အာရပ်အာကာသယာဥ်မှူးအဖြစ်လည်း သမိုင်းသစ်ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။ 

    ကနေဒီအာကာသစခန်းက ဒုံးပျံလွှတ်တင်မှုကို ယူအေအီးတစ်နိုင်ငံလုံးက စောင့်ကြည့်ခဲ့ကြပါတယ်။ 

    အာကာသကိုရောက်တဲ့ ပထမဆုံး ယူအေအီး အာကာသယာဥ်မှူးဟာ ဟက်ဇာ အလ် မန်ဆူရီဖြစ်ပြီး ၂၀၁၉ ခုနှစ်က ဆိုယုဇ် အာကာယာဥ်နဲ့ လိုက်ပါကာ နိုင်ငံတကာ အာကာသစခန်းမှာ ၈ ရက်ကြာ နေထိုင်ခဲ့ပါတယ်။ 

    Ref: AFP

  • နာမည်ကြီး ဟောင်ကောင်မော်ဒယ် စွပ်ပြုတ်လုပ်ခံရမှုအတွက် ခင်ပွန်းဟောင်းမိသားစုကို ဖမ်းဆီးထား

    နာမည်ကြီး ဟောင်ကောင်မော်ဒယ် စွပ်ပြုတ်လုပ်ခံရမှုအတွက် ခင်ပွန်းဟောင်းမိသားစုကို ဖမ်းဆီးထား

    မတ် ၄၊ ၂၀၂၃

    M-Media 


    -နာမည်ကြီး ဟောင်ကောင်မော်ဒယ် အက်ဘီချိုင် ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုအတွက် ဟောင်ကောင်ရဲတပ်ဖွဲ့က ခင်ပွန်းဟောင်းရဲ့ မိသားစုနဲ့ ပတ်သက်ဆက်နွယ်သူ အနည်းဆုံး ၆ ဦးကို ဖမ်းဆီးထားပါတယ်။ 

    အက်ဘီချိုင်ဟာ ဖေဖော်၀ါရီ ၂၂ ရက်နေ့က ပျောက်ဆုံးသွားတာပါ။ စုံစမ်းစစ်ဆေးမှုတွေအရ ၈ နှစ်အရွယ် သူမရဲ့သမီးကို ကျောင်းသွားကြိုဖို့ ခင်ပွန်းဟောင်းရဲ့ညီ Anthony Kwong က ကားနဲ့လာခေါ်သွားပြီးတဲ့နောက် အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်ပါတယ်။ 

    ရဲတပ်ဖွဲ့က Anthony Kwong နဲ့ သူ့ရဲ့မိသားစုကို စစ်ဆေးမြန်းတာ၊ အသုံးပြုတဲ့ ကား၊ စောင့်ကြည့်ကင်မရာတွေကို ခြေရာခံတာတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် Tai Po ဆိုတဲ့ရွာက တိုက်ခန်းတစ်ခုကို တွေ့ခဲ့ရပါတယ်။

    အဲဒီတိုက်ခန်းကို ၀င်ရောက်ရှာဖွေရာမှာ အက်ဘီရဲ့ ဦးခေါင်းခွံနဲ့ နံရိုးတွေကို စွပ်ပြုတ်အိုးကြီးနှစ်ခုထဲမှာ တွေ့ခဲ့ရပြီး၊ ခြေထောက် နှစ်ချောင်းကိုတော့ ရေခဲသေတ္တာထဲမှာ တွေ့ခဲ့ရပါတယ်။ 

    အိမ်ထဲကနေ အသားကြိတ်စက်၊ လျှပ်စစ်လွှနဲ့ ဓားတော်တောများများကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။ ပျောက်ဆုံးတဲ့နေ့က အက်ဘီကိုင်ဆောင်သွားတဲ့ ပန်းရောင် ပိုက်ဆံအိတ်၊ သူမရဲ့ မှတ်ပုံတင်နဲ့ အကြွေး၀ယ်ကတ်တွေကိုလည်း အဲဒီတိုက်ခန်းမှာ တွေ့ရှိခဲ့ပါတယ်။ 

    တိုက်ခန်းကို အခင်းမဖြစ်ခင် ၃ ပတ်လောက်အလိုမှာ အက်ဘီရဲ့ ယောက္ခထီးဟောင်း Kwong Kau က ငှားရမ်းထားတာပါ။ 

    အက်ဘီရဲ့ ကိုယ်ခန္ဓာနဲ့ လက်တွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။ 

    အက်ဘီချိုင်ရဲ့ ယောက်က္ခထီးဟောင်း Kwong Kau နဲ့ ယောက္ခမဟောင်း Jenny Li၊ မတ်ဟောင်း Anthony Kwong တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ 

    ခင်ပွန်းဟောင်း Alex Kwong ကို အမြန်မော်တော်ဘုတ်နဲ့ ထွက်ပြေးဖို့ ကြိုးစားနေတဲ့အချိန် ဖေဖော်၀ါရီ ၂၅ ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့ပြီး သူ့ဆီက ငွေသား ကန်ဒေါ်လာ ၆၄၀၀၀နဲ့ ကန်ဒေါ်လာ ၅၁၀၀၀၀ လောက်တန်တဲ့ တန်ဖိုးကြီးနာရီတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ 

    Kwong Kau၊ Alex Kwong နဲ့ Anthony Kwong တို့ကို လူသတ်မှုနဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားပြီး ယောက္ခမ Jenny Li ကို ပူးပေါင်းကြံစည်မှု၊ သက်သေအထောက်အထား ဖျက်ဆီးမှုတို့နဲ့ တရားစွဲဆိုထားပါတယ်။ 

    Kwong Kau နဲ့ ချစ်ကြိုက်နေတဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အခင်းဖြစ်ပွားတဲ့ တိုက်ခန်း ငှားရမ်းရာမှာ ကူညီမှုနဲ့ ဖမ်းဆီးခဲ့ပြီး အက်ဘီချိုင်ရဲ့ ခင်ပွန်းဟောင်း ထွက်ပြေးဖို့ ကူညီပေးခဲ့တဲ့ လှေပိုင်ရှင်လည်း ဖမ်းဆီးခံထားရပါတယ်။ 

    အက်ဘီချိုင်နဲ့ ခင်ပွန်းဟောင်း မိသားစုဟာ ကန်ဒေါ်လာ ၉ သန်း တန်ဖိုးရှိတဲ့ ဟောင်ကောင်က ဇိမ်ခံအိမ်တစ်လုံး ရောင်းချဖို့ကိစ္စအတွက် အငြင်းပွားနေကြတာဖြစ်ပါတယ်။ အက်ဘီမှာ ခင်ပွန်းဟောင်းနဲ့ ရထားတဲ့ ကလေးနှစ်ဦး ရှိပါတယ်။

    ဒီအိမ်ကို အက်ဘီက ၀ယ်ခဲ့ပေမယ့် သူ့ယောက္ခမဟောင်း Kwong Kau က အမည်ခံထားတာပါ။ 

    အက်ဘီဟာ Chris Tam ဆိုသူနဲ့ မကြာခင်မှာ တရား၀င် လက်ထပ်ဖို့ ရှိနေပြီး၊ ဒီမင်္ဂလာပွဲပြီးသွားရင် Kwong Kauနဲ့ အက်ဘီရဲ့ သားသမီးနှစ်ဦး ရရှိမယ့် ပိုင်ဆိုင်မှုတွေဟာ Chris Tam လက်ထဲ ရောက်သွားမယ့်အလားအလာ ရှိတဲ့အတွက် ယောက္ခမဟောင်း Kwong Kau က အက်ဘီကို သတ်ဖြတ်ဖို့ စီစဥ်ဆောင်ရွက်ခဲ့တာလို့ ယူဆကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: Forbes, South China Morning Post 

  • မွတ်စလင်ခရီးသွားများအတွက်  လမ်းညွှန်စာအုပ်ကို ထိုင်းအစိုးရ ထုတ်၀ေ

    မွတ်စလင်ခရီးသွားများအတွက် လမ်းညွှန်စာအုပ်ကို ထိုင်းအစိုးရ ထုတ်၀ေ

    မတ် ၄၊ ၂၀၂၃

    M-Media 


    -ကမ္ဘာတစ်၀ှမ်းက မွတ်စလင်ခရီးသွားတွေ ထိုင်းနိုင်ငံမှာ လွယ်ကူစွာ သွားလာစားသောက်နိုင်ဖို့အတွက် ထိုင်းအစိုးရက ခရီးသွားလမ်းညွှန်စာအုပ်တစ်ခု ထုတ်၀ေလိုက်ပါတယ်။ 

    Muslim Friendly and Gastronomy Tourism Routes လို့ အမည်ပေးထားတဲ့ စာအုပ်ဖြစ်ပြီး ထိုင်းခရီးသွားလာရေး၀န်ကြီးဌာနရဲ့ ၀ဘ်ဆိုက်မှာ အခမဲ့ ဒေါင်းလုပ်ဆွဲနိုင်မှာ ဖြစ်ပါတယ်။ ထိုင်း၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသားထားတာပါ။

    ဒီစာအုပ်မှာ ထိုင်းနိုင်ငံက မလေးလူမျိုးဒေသတွေဖြစ်တဲ့ တောင်ပိုင်း ပြည်နယ် ၁၄ ခုကနေ မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားက ဘာတန်ကျွန်းအထိ ခရီးသွားလမ်းညွှန်တွေကို ထည့်သွင်းပေးထားတယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒနာဒီရက်က ပြောပါတယ်။ 


    စာအုပ်မှာ အပိုင်းနှစ်ပိုင်းပါ၀င်ပြီး တစ်ပိုင်းက ခရီးသွားလမ်းညွှန်နဲ့ နောက်တစ်ပိုင်းက အစားအသောက်လမ်းညွှန် ဖြစ်ပါတယ်။ 

    ခရီးသွားလမ်းညွှန်မှာ မွတ်စလင်တွေ စိတ်၀င်တစား သွားရောက်လည်ပတ်ရမယ့် နေရာတွေကို ဖော်ပြထားပါတယ်။ အစားအသောက်လမ်းညွှန်မှာတော့ ဟာလာလ် အစားအသောက် ရရှိနိုင်မယ့် နေရာတွေ ပါ၀င်ပါတယ်။ 

    ခရီးသွားလမ်းညွှန်ထဲက အချက်အလက်တွေဟာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့အထိ ရရှိထားတာတွေဖြစ်ပြီး သက်ဆိုင်ရာ ၀ဘ်ဆိုက်တွေကိုလည်း စာအုပ်ကနေ တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ 

    လမ်းညွှန်စာအုပ်ထဲမှာ ရက် ၂၀ ကြာမယ့် ခရီးသွားလမ်းကြောင်းနှစ်ခုကို ဖော်ပြထားပြီး ထိုင်းနိုင်ငံတောင်ပိုင်း Chumphon ပြည်နယ်ကနေ စတင်ကာ အဲဒီမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ 

    ဖူးကတ်၊ ကရာဘီ၊ ဘာတမ်ကျွန်း၊ ပီနန်၊ စင်ကာပူ၊ နာရာသီ၀ပ်၊ ဆွန်ခလာ၊ စတဲ့ ဒေသတွေက နာမည်ကြီး အပန်းဖြေစခန်းတွေ၊ အစားအသောက်ကောင်းတဲ့ နေရာတွေကို လမ်းညွှန်စာအုပ်မှာ ဖော်ပြထားပါတယ်။ 

    မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ကို ၀င်ရောက်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကိုလည်း စာအုပ်ထဲမှာ ထည့်သွင်းပေးထားပါတယ်။ 

    Ref: The Star

  • Untitled post 90731

    မြန်မာကိစ္စကို ဖိဖိစီးစီးကိုင်တွယ်ရန် အာဆီယံကို မလေးရှား၀န်ကြီးချုပ် တိုက်တွန်း 

    မတ် ၄၊ ၂၀၂၃

    M-Media 


    -မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ဟာ ပိုမို ဖိဖိစီးစီးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မလေးရှား၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်က ပြောကြားလိုက်ပါတယ်။ 

    ဖိလစ်ပိုင်ကို အလည်အပတ်ရောက်ရှိနေတဲ့ အန်၀ါရ်ဟာ မြန်မာကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ သဘောထားအမြင်တွေကို တော်တော်များများ ထုတ်ပြောခဲ့ပါတယ်။ 

    စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် အိမ်နီးချင်းနိုင်ငံတွေ မြန်မာဒုက္ခသည်ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဒါဟာ ပြည်တွင်းရေးကိစ္စလို့ ပြောလို့မရကြောင်း အန်န၀ါရ်က မှတ်ချက်ပေးပါတယ်။ 

    “မြန်မာကိစ္စကို ပြည်တွင်းရေးပြဿနာလို့ ရှုမြင်လို့မရတော့ဘူး။ ဒါ့ကြောင့် ပိုပြီး ဖိဖိစီးစီးဆောင်ရွက်ဖို့ အာဆီယံမိတ်ဆွေတွေကို မေတ္တာရပ်ခံပါတယ်။ လိုအပ်ရင် မြန်မာစစ်တပ်နဲ့ ဆက်သွယ်ဆောင်ရွက်တာမျိုး လုပ်မယ်။ ဘာ့ကြောင့်လည်း ဆိုတော့ တစ်ခါတစ်လေ ပြည်သူ့အသံကို စစ်အာဏာရှင်တွေက နားမလည်ကြပါဘူး” 

    အာဏာသိမ်းစစ်တပ်က ပြည်သူလူထုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း အန်၀ါရ်က ရှုတ်ချခဲ့ပါတယ်။ 

    “ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို ကျွန်တော်တို့ လက်ခံလို့ မရပါဘူး။ အခက်အခဲပြေလည်စေနိုင်မယ့် အဖြေတစ်ရပ်ကို ကျွန်တော်တို့ ရှာဖွေရမယ်။ နည်းလမ်းအားလုံးနဲ့ ကြိုးစားပြီးသွားပါပြီ။ တစ်ချို့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ အာဆီယံက သက်သေပြရပါလိမ့်မယ်”

    မြန်မာနိုင်ငံက ဒုက္ခသည် ၂ သိန်းလောက်ကို မလေးရှားနိုင်ငံက လက်ခံထားရတဲ့ ကိစ္စကိုလည်း ၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်က ထောက်ပြပြောဆိုခဲ့ပါတယ်။ 

    Ref: Reuters 

  • မွတ်စလင်မုန်းတီးရေးအစီအစဥ် ထုတ်လွှင့်မှုဖြင့် အိန္ဒိယ ထိပ်တန်းမီဒီယာတစ်ခု  ဒဏ်ရိုက်ခံရ

    မွတ်စလင်မုန်းတီးရေးအစီအစဥ် ထုတ်လွှင့်မှုဖြင့် အိန္ဒိယ ထိပ်တန်းမီဒီယာတစ်ခု ဒဏ်ရိုက်ခံရ

    မတ် ၂၊ ၂၀၂၃

    M-Media 


    -သတင်းမှားတွေ၊ တစ်ဖက်သက်ဖော်ပြထားတဲ့ အချက်အလက်တွေနဲ့ မွတ်စလင်မုန်းတီးရေးအစီအစဥ် ထုတ်လွှင့်ခဲ့တဲ့ မီဒီယာကုမ္ပဏီတစ်ချို့ကို အိန္ဒိယ ရုပ်သံစောင့်ကြည့်ရေးအဖွဲ့ NBDSA က ဒဏ်ရိုက်ခဲ့ပါတယ်။ 

    အရေးယူခံရတဲ့ မီဒီယာတွေထဲမှာ နာမည်ကြီး မီဒီယာကုမ္ပဏီ Zee News လည်း ပါ၀င်ပါတယ်။ 

    ဇူလိုင် ၁၁ ရက် ကမ္ဘာ့လူဦးရေနေ့အတွက် ဟိန္ဒူလက်ယာသမားတွေရဲ့ ဆွေးနွေးပွဲကို ထုတ်လွှင်ဖို့ ကြော်ငြာမှုအတွင်း အိန္ဒိယမှာ မွတ်စလင်တွေက ဟိန္ဒူတွေကို ၀ါးမြို့တော့မယ့် အခြေအနေမျိုး မြင်လာအောင် Zee News က ဖန်တီးခဲ့တာပါ။ 

    ၂၀၅၀ ရောက်ရင် အိန္ဒိယမှာရှိတဲ့ မွတ်စလင်လူဦးရေဟာ သန်းပေါင်း ၃၁၀ အထိ ရှိလာမယ်ဆိုတဲ့ Pew Report ရဲ့ ခန့်မှန်းတွက်ချက်မှုကို အသားပေးဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

    Pew Report မှာ အိန္ဒိယဟိန္ဒူလူဦးရေဟာ ၂၀၅၀ ရောက်ရင် သန်းပေါင်း ၁၃၀၀ အထိ တိုးပွားလာမယ်ဆိုတဲ့အချက် ပါ၀င်ပြီး Zee News က ဒီအချက်ကို ချန်ထားခဲ့တဲ့အတွက် မီဒီယာသမားတွေရဲ့ ဘက်မလိုက်ရေး၊ အရှိကို အရှိအတိုင်း ဖော်ပြရေး ကျင့်၀တ်ကို ချိုးဖောက်ခဲ့တယ်လို့ NBDSA အဖွဲ့က ထုတ်ပြန်ပါတယ်။ 

    Zee News က ဒီအတွက် NBDSA ထံ ကန့်ကွက်စာ တင်ထားပါတယ်။ 

    News18 India၊ Times Now နဲ့ အခြား မီဒီယာ ၇ ခုကိုလည်း မွတ်စလင်ဆန့်ကျင်ရေး အစီအစဥ်တွေ ထုတ်လွှင့်မှုအတွက် NBDSA က သတိပေးခဲ့ပါတယ်။ 

    ပူနေးမြို့မှာ ပြုလုပ်တဲ့ မွတ်စလင်အဖွဲ့အစည်းတစ်ခုရဲ့ ဆန္ဒပြမှုမှာ ပါကစ္စတန်ထောက်ခံရေးကြွေးကြော်သံ ဟစ်အော်ခဲ့တယ်လို့ Times Now က စက်တင်ဘာ ၂၄ ရက်နေ့ အစီအစဥ်တစ်ခုမှာ လိမ်လည်ဖော်ပြကာ ဟိန္ဒူလူထုကြားထဲ မွတ်စလင်မုန်းတီးရေးစိတ်ဓာတ်ကို သွင်းပေးခဲ့ပါတယ်။ တစ်ကယ်က မြေပြင်မှာ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ခြင်း မရှိပါဘူး။  

    Times Now က သူတို့ဟာ မြေပြင်အထိ သတင်းသွားယူခဲ့တာမဟုတ်ဘဲ မီဒီယာတစ်ချို့က ဖော်ပြတာကို ကူးယူဖော်ပြခဲ့တာလို့ NBDSA ကို ပြန်လည်ချေပထားပါတယ်။ 

    NBDSA ကတော့ တစ်ဆင့်ပြန်လည်ဖော်ပြကြောင်းကို အသိပေးချက်ထည့်ဖို့လိုတယ်လို့ မှတ်ချက်ပေးခဲ့ပြီး အွန်လိုင်းမှာ လွှင်တင်ထားတဲ့ ဒီဗီဒီယိုတွေကို ဖြုတ်ချခိုင်းခဲ့ပါတယ်။ 

    News18 India မီဒီယာနဲ့ ပတ်သက်တာကတော့ အစီအစဥ်ကြေငြာသူ အေမန်ရှရ်မာဟာ ဇန်န၀ါရီ ၁၈ ရက်နေ့က အစီအစဥ်တစ်ခုမှာ မွတ်စလင်လူအဖွဲ့အစည်းကို စော်ကားပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

    အဲဒီအစီအစဥ်တစ်ခုလုံးကလည်း မွတ်စလင်လူ့အဖွဲ့အစည်းကို မကောင်းမြင်အောင် ဖော်ပြကာ ဟိန္ဒူတွေ မွတ်စလင်ကို မုန်းတီးလာအောင် မီးထိုးပေးတဲ့ အစီအစဥ်မျိုးဖြစ်တယ်လို့ NBDSA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: Independent