News @ M-Media

Blog

  • တရုတ်အစိုးရရန်ကြောင့် ဥရောပ လွှတ်တော်နှင့် ကနေဒါအစိုးရရုံးများတွင် TikTok ကို ပိတ်ပင်

    တရုတ်အစိုးရရန်ကြောင့် ဥရောပ လွှတ်တော်နှင့် ကနေဒါအစိုးရရုံးများတွင် TikTok ကို ပိတ်ပင်

    မတ် ၁၊ ၂၀၂၃

    M-Media 


    -TikTok ကို အနောက်နိုင်ငံက အစိုးရ၀န်ထမ်းတွေ၊ အစိုးရနဲ့ပတ်သက်တဲ့ ကိရိယာတွေမှာ အသုံးပြုခွင့် ပိတ်ပင်တာ တိုးလာနေပြီး ဥရောပနဲ့ ကနေဒါအစိုးရတို့ကလည်း ပိတ်ပင်တာတွေ လုပ်လာပါတယ်။ 

    လွှတ်တော်အမတ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဖုန်းတွေ၊ အဖွဲ့အစည်းအီးမေးလ်နဲ့ Network ကွန်ယက်တွေကို အသုံးပြုတဲ့ ကိုယ်ပိုင် ပစ္စည်းတွေမှာ TikTok အက်ပလီကေးရှင်းကို ဖျက်ထားရမယ်လို့ ဥရောပလွှတ်တော်က တနင်္လာနေ့မှာ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။  

    TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ဟာ တရုတ်နိုင်ငံအခြေစိုက် ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ပြည်တွင်းက ကုမ္ပဏီတိုင်းကို ထိန်းချုပ်ထားပြီး TikTok ကို အသုံးပြုကာ စောင့်ကြည့်တာတွေ၊ သူလျှိုလုပ်တာတွေ ရှိနိုင်တဲ့အတွက် လုံခြုံရေးဆိုင်ရာ အန္တရာယ်ရှိတယ်လို့ အနောက်နိုင်ငံတွေက သတိပေးထားတာဖြစ်ပါတယ်။ 

    ဥရောပကောင်စီနဲ့၊ ဥရောပကော်မရှင်တို့ကလည်း သူတို့အဖွဲ့အစည်းက ၀န်ထမ်းတွေရဲ့ ဖုန်း၊ လက်တော့တွေထဲမှာ TikTiok ကို အင်စတောမလုပ်ဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ အမိန့်ထုတ်ထားပါတယ်။ 

    ကနေဒါ

    ကနေဒါကလည်း အစိုးရအဖွဲ့အစည်းတွေ အသုံးပြုတဲ့ အီလက်ထရောနစ်ကိရိယာတွေမှာ ဖေဖော်၀ါရီ ၂၈ ရက်နေ့ကစပြီး TikTok ကို ဖယ်ရှားဖို့ အမိန့်ထုတ်လိုက်ပါတယ်။ 

    ဒီအက်ပလီကေးရှင်းဟာ ကိုယ်ရေးအချက်အလက် ပေါက်ထွက်မှု၊ လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေ ကြီးကြီးမားမားရှိတယ်လို့ ကနေဒါ ဆက်သွယ်ရေး၀န်ကြီးက ပြောကြားခဲ့ပါတယ်။ 

    အမေရိကန်မှာ ပြည်ထောင်စုအဆင့် အစိုးရ၀န်ထမ်းတွေ TikTok မသုံးရလို့ ပြီးခဲ့တဲ့နှစ်မှာ တားမြစ်ခဲ့ပြီး၊ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ နောက်ထပ် ရက် ၃၀ အတွင်း အက်ပလီကေးရှင်းကို အပြီးဖျက်ထားဖို့ ဖေဖော်၀ါရီ ၂၇ ရက်နေ့မှာ အိမ်ဖြူတော်က ထပ်မံအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ 

    အမေရိကန်တက္ကသိုလ်တွေကလည်း သူတို့ရဲ့ Network ကွန်ယက်တွေကိုသုံးရင် TikTok ကို အင်စတောမလုပ်ဖို့ တားမြစ်ထားပါတယ်။ 

    TikTok ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒီဆုံးဖြတ်ချက်တွေ၊ အမိန့်တွေအတွက် စိတ်ပျက်ရတယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။ 

    Ref: BBC

  • မြန်မာ့အနာဂတ် မကောင်းလာနိုင်သေးဟု စင်ကာပူပြော

    မြန်မာ့အနာဂတ် မကောင်းလာနိုင်သေးဟု စင်ကာပူပြော

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၃

    M-Media 


    -မြန်မာနိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ညီညွတ်တဲ့ အမှတ်သညာတစ်ခု မတည်ဆောက်နိုင်ခဲ့ဘဲ လက်ရှိအနေအထားအရလည်း ပိုကောင်းလာနိုင်ဖို့ မရှိဘူးလို့ စင်ကာပူ နိုင်ငံခြားရေး၀န်ကြီး ဗီဗီယံက ဘာလာကရစ်ရှ်နန်က ပြောကြားလိုက်ပါတယ်။ 

    မနေ့က နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ဘက်ဂျက်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုအတွင်း ဒီလိုမှတ်ချက်မျိုး ထွက်ပေါ်လာတာပါ။ 

    ၂၀၂၁ ခုနှစ် စစ်တပ်ရဲ့အာဏာသိမ်းမှုကို အာဆီယံနိုင်ငံတွေက ကန့်ကွက်ခဲ့ကြပေမယ့်လည်း ဒီအချက်က မြန်မာ့ပြည်တွင်းရေးကို အဖွဲ့၀င်နိုင်ငံတွေက ၀င်စွက်ဖို့ ခွင့်ပြုချက်ပေးတာမျိုးမဟုတ်ဘူးလို့လည်း စင်ကာပူ နိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။ 

    ဒုတိယကမ္ဘာစစ်ပြီးကတည်းက မြန်မာနိုင်ငံမှာ လူမျိုးစုံ၊ ဘာသာစုံ ညီညွတ်တဲ့ အမှတ်သညာတစ်ခု မတည်ဆောက်နိုင်ခဲ့သလို၊ စစ်အာဏာရှင်လက်အောက်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ထွက်ပေါက်မရှိတဲ့ အနေအထားဆီ ဦးတည်သွားပြီလို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    “အာဏာသိမ်းမှုဟာ ၂ နှစ်ကြာလာပြီး ဘာအကျိုးမှလည်း မရှိပါဘူး။ ကျွန်တော့်သဘောထားကိုပြောရရင် နောက်ပြန်လှည့်မရတဲ့လမ်းကို ရောက်နေပြီ။ အမျိုးသားရင်ကြားစေ့ရေးကို ဘယ်လိုမှလုပ်လို့မရတဲ့ လမ်းမျိုးပါ”

    အခြား အာဆီယံနိုင်ငံတွေလိုပဲ စင်ကာပူကလည်း အဖွဲ့၀င်နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာမျိုး လုပ်မှာမဟုတ်ဘဲ ပြည်တွင်းကသက်ဆိုင်သူတွေဟာ ပြည်သူတွေရဲ့အနာဂတ်ကိုရှေ့ရှုပြီး ရိုးရိုးသားသားနဲ့ ဆွေးနွေးဖြေရှင်းမှသာ ပြေလည်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဗီဗီယံက မှတ်ချက်ပေးခဲ့ပါတယ်။ 

    Ref: South China Morning Post 

  • ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးသွင်းဂိုးဆုကို ပိုလန် မသန်စွမ်းကစားသမား ရရှိ

    ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးသွင်းဂိုးဆုကို ပိုလန် မသန်စွမ်းကစားသမား ရရှိ

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၃

    M-Media 


    – မသန်စွမ်းဘောလုံးသမား မာစင် အိုလက်စီသွင်းယူခဲ့တဲဂိုးဟာ ၂၀၂၂ ခုနှစ် ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးဂိုးဆု Puskas Award ကို ရရှိသွားပါတယ်။ 

    ပိုလန်ကစားသမား အိုလက်စီဟာ Warta Poznan အသင်းအတွက် နောက်ပြန်ကန်ချက်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ Puskas ဆု သမိုင်းမှာ ပထမဆုံး ဇကာတင်စာရင်း၀င်ပြီး၊ ဆုရရှိတဲ့ မသန်စွမ်းကစားသမားအဖြစ် အိုလက်စီက မှတ်တမ်း၀င်ခဲ့ပါတယ်။

    ဘရာဇီးလ်က ရစ်ချာလီဆန်၊ မာဆေးလ်က ဒီမီထရီပါယက်တို့ကို ကျော်လွန်ပြီး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

    Ref: Goal 

  • ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိမည့် အကူအညီများ ယူကရိန်းထံ ဆော်ဒီက ထပ်ပို့မည်

    ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိမည့် အကူအညီများ ယူကရိန်းထံ ဆော်ဒီက ထပ်ပို့မည်

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၃

    M-Media


    -ရုရှားကျူးကျော်စစ်ကြောင့် အတိဒုက္ခရောက်နေကြတဲ့ ယူကရိန်းပြည်သူတွေအတွက် ကန်ဒေါ်လာ သန်း ၄၀၀ ဖိုး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထပ်ပေးမယ်လို့ ဆော်ဒီအာရေဗျက ကြေငြာပါတယ်။ 

    ဆော်ဒီနိုင်ငံခြားရေး၀န်ကြီး မင်းသား ဖိုင်ဆယ် ဘင် ဖာရ်ဟန် တနင်္ဂနွေနေ့က သွားရောက်စဥ်အတွင်း အကူအညီကိစ္စ ပြောကြားခဲ့တာပါ။ 

    မင်းသား ဖိုင်ဆယ်ဟာ ယူကရိန်းသမ္မတ ဇယ်လင်စကီး၊ ယူကရိန်းထိပ်တန်း တာ၀န်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ယူကရိန်းသမ္မတ ဇယ်လင်စကီးနဲ့ ဖုန်းပြောဆိုမှုအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထပ်မံပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပြီး အဲဒီကတိက၀တ်ကို အကောင်အထည်ဖော်တာလည်း ဖြစ်ပါတယ်။ 

    Ref: Arab News 

  • နှစ်နိုင်ငံသား ခံယူခွင့်စာရင်းတွင် ဘင်္ဂလားဒေ့ရှ်က ၄၄ နိုင်ငံထပ်တိုး

    နှစ်နိုင်ငံသား ခံယူခွင့်စာရင်းတွင် ဘင်္ဂလားဒေ့ရှ်က ၄၄ နိုင်ငံထပ်တိုး

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၃

    M-Media 


    -ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ တစ်ခြားနိုင်ငံသားခံယူခွင့်ရမယ့် နိုင်ငံတွေစာရင်းမှာ အစိုးရက နောက်ထပ် ၄၄ နိုင်ငံ ထပ်တိုးလိုက်ပါတယ်။ 

    ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ မိခင်နိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုကို စွန့်လွှတ်စရာမလိုဘဲ နောက်ထပ်နိုင်ငံတစ်ခုရဲ့ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိမှာဖြစ်ပြီး ဒီစာရင်းမှာ စုစုပေါင်း ၁၀၁ နိုင်ငံ ရှိလာပြီ ဖြစ်ပါတယ်။ 

    အခုထပ်ပေါင်းလိုက်တဲ့ ၄၄ နိုင်ငံစာရင်းမှာ အာဖရိက ၁၉ နိုင်ငံ၊ တောင်အမေရိက ၁၂ နိုင်ငံ၊ ကာရစ်ဘီယံကျွန်းနဲ့ သမုဒ္ဒရာပိုင်းဒေသက စုစုပေါင်း ၁၂ နိုင်ငံ ပါ၀င်ပါတယ်။ 

    အီဂျစ်၊ တောင်အာဖရိက၊ ကင်ညာ၊ အလ်ဂျီးရီးယား၊ ဆူဒန်၊ ဘရာဇီလ်း၊ ဘိုလစ်ဗီးယား၊ အာဂျင်တီးနား၊ ပီရူး၊ ချီလီ၊ ကျူးဘား၊ ထရီနီဒတ်နှင့် တိုဘေဂို၊ ဘာဘေဒိုးစ်နဲ့ ဖီဂျီနိုငံတွေ စာရင်းထဲမှာ ပါ၀င်လာပါတယ်။ 

    ထပ်တိုးစာရင်းကို ပြည်ထဲရေး၀န်ကြီးဌာနရဲ့ လုံခြုံရေးဌာနခွဲက အဆိုပြုတာဖြစ်ပြီး အစိုးရက တနင်္လာနေ့မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ 

    ဘင်္ဂလားဒေ့ရှ်နွယ်ဖွားဖြစ်ပြီး တစ်ခြားနိုင်ငံသား ခံယူထားသူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားမှုကိုလည်း အခြေအနေတစ်ခုချင်းစီအပေါ်လိုက်ကာ လက်ခံပေးတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: Newsonair