News @ M-Media

Blog

  • လူမျိုးရေးခေါင်းစဥ်ဖြင့် နိုင်ငံရေးလာကထဲ ပြန်၀င်လာရန် မလေးရှား သက်တော်ရှည်၀န်ကြီးချုပ်ဟောင်း စီစဥ်နေ

    လူမျိုးရေးခေါင်းစဥ်ဖြင့် နိုင်ငံရေးလာကထဲ ပြန်၀င်လာရန် မလေးရှား သက်တော်ရှည်၀န်ကြီးချုပ်ဟောင်း စီစဥ်နေ

    မတ် ၂၊ ၂၀၂၃

    M-Media 


    -မလေးရှား၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ အခုနှစ်အတွင်း ကျင်းပြုလုပ်မယ့် ပြည်နယ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဥ်ပြိင်နိုင်ချေ ရှိနေပါတယ်။  

    မကြာသေးခင်ကမှ တည်ထောင်ခဲ့တဲ့ မလေးပါတီ Putra နဲ့ မဟာသီက ပူးပေါင်းထားပြီး အကြံပေးအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။  

    ပါတီကိုယ်စားလှယ်အဖြစ် ပြည်နယ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဥ်ပြိင်ရေး ပါတီခေါင်းဆောင်တွေနဲ့ မကြာခင်ပြုလုပ်မယ့် အစည်းအ၀ေးမှာ ဆုံးဖြတ်မယ်လို့ မဟာသီက ပြောပါတယ်။ 

    Putra ပါတီထဲ၀င်ပြီး နိုင်ငံရေးထဲ ပြန်လည်၀င်ရောက်လာတာဟာ မလေးလူမျိုးတွေအတွက်ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

    “အသက် ၉၇ နှစ်ရှိနေပေမယ့် နှလုံးသားက မလေးလူမျိုးတွေအတွက် တိုက်ပွဲ၀င်ချင်နေတုန်းပါ။ သေတဲ့အထိ မလေးတွေအတွက် တိုက်ပွဲ၀င်သွားမယ်။ လူမျိုးရေးသမားလို့ ခေါ်ရင်လည်း ခေါ်ကြပါစေ” 

    မလေးလူမျိုးတွေဟာ နိုင်ငံရဲ့စီးပွားရေးမှာ လွှမ်းမိုးမှုမရှိတော့ဘဲ နိုင်ငံရေးအာဏာကိုလည်း လက်လွှတ်လိုက်ရပြီလို့ မဟာသီက မှတ်ချက်ပေးပါတယ်။ 

    အသေးစားစီးပွားရေးလုပ်ငန်းတွေကို နိုင်ငံခြားက၀င်လာသူတွေ သိမ်းသွားပြီလို့လည်း မဟာသီက စွပ်စွဲပါတယ်။ 

    “စျေးတွေဆိုင်တွေကို နိုင်ငံခြားက ၀င်လာသူတွေ ၀ယ်လိုက်ကြပြီ။ မလေးလူမျိုးတွေအတွက် ဘာကျန်တော့မလဲ။ စီးပွားရေးနဲ့ နိုင်ငံရေးကို မထိန်းချုပ်နိုင်ဘူး။ ရှေ့ဆက်ပြီး သွေးကွဲနေကြအုံးမယ်ဆိုရင် မလေးလူမျိုးတွေရဲ့ အနာဂတ်ဟာ တောက်ပလာမှာ မဟုတ်ပါဘူး”

    မဟာသီယာ မိုဟာမက်ဟာ ၀န်ကြီးချုပ်ရာထူးကို ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိတစ်ကြိမ်၊ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ တစ်ကြိမ် တာ၀န်ထမ်းဆောင်ဖူးပြီး မလေးရှားနိုင်ငံသမိုင်းမှာ သက်တမ်းအရှည်ဆုံး ၀န်ကြီးချုပ်အဖြစ် မှတ်တမ်း၀င်ပါတယ်။ 

    Ref: The News Strait Times 

  • ပါလက်စတိုင်းတွင် အခြေချဂျူးများက ဒေသခံပါလက်စတိုင်းများကို တိုက်ခိုက်သတ်ဖြတ်မှု ဆက်တိုက်ဖြစ်နေ

    ပါလက်စတိုင်းတွင် အခြေချဂျူးများက ဒေသခံပါလက်စတိုင်းများကို တိုက်ခိုက်သတ်ဖြတ်မှု ဆက်တိုက်ဖြစ်နေ

    မတ် ၁၊ ၂၀၂၃

    M-Media 


    – ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းဒေသက အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေမှာ နေထိုင်နေတဲ့ ဂျူးတွေဟာ ပါလက်စတိုင်းတွေကို တိုက်ခိုက်သဖြတ်နေတာ ၃ ရက်ဆက်ရှိလာပြီ ဖြစ်ပါတယ်။ 

    လူဦးရေ ရာချီရှိတဲ့ ဂျူးအခြေချသူတွေဟာ နဘလုစ်၊ ဟာ၀ါရာနဲ့ အနောက်ဖက်ကမ်းက တခြားမျိုးတွေမှာ ပါလက်စတိုင်းတွေရဲ့ အိမ်တွေ၊ စျေးဆိုင်တွေ၊ ကားတွေကို မီးရှို့ဖျက်ဆီးတာ၊ လူတွေကို ရိုက်နှက်တာ သေနတ်နဲ့ ပစ်ခတ်တာတွေကို တနင်္ဂနွေနေ့ကတည်းက စတင်လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ 

    မနေ့ကအထိ အနည်းဆုံး ပါလက်စတိုင်း ၂ ဦးသေဆုံးကာ ၃၉၀ လောက် ဒဏ်ရာရခဲ့ပြီး၊ အိမ်ခြေ ၃၀၊ ကား ၁၀၀ ကျော် ဖျက်ဆီးခံလိုက်ရတယ်လို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။ 

    အစ္စရေးအစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဒီလို အုပ်စုဖွဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကို တားမြစ်ခြင်းမရှိသလို၊ အရေးယူမှုလည်း မရှိပါဘူး။ 

    အစ္စရေးတပ်ဖွဲ့တွေ၊ ဂျူးအခြေချနေထိုင်သူတွေ၊ လက်ယာစွန်းရောက်ဂျူးတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီကို ကျူးကျော်၀င်ရောက် စော်ကားရာကနေ ပါလက်စတိုင်းမှာ အခုနှစ်အစောပိုင်းကစပြီး တင်းမာမှုတွေ မြင့်တက်လာပါတယ်။ 

    အစ္စရေးတပ်ဖွဲ့တွေဟာ ပါလက်စတိုင်း ဒုက္ခသည်စခန်းပါမကျန် စီးနင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာပြီး အခုနှစ်အတွင်း အစ္စရေးစစ်တပ်နဲ့ ဂျူးအခြေချနေထိုင်သူတွေလက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်းပြည်သူအရေအတွက်ဟာ ၆၄ ဦး ရှိလာပြီဖြစ်ပါတယ်။ 

    ပါလက်စတိုင်းဖက်ကလည်း တုန့်ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်တာကြောင့် အစ္စရေးဖက်က ၁၄ ဦး သေဆုံးခဲ့ပါတယ်။ 

    Ref: Arab News 

  • နိုင်ငံတော်စီးပွားရေး ထိခိုက်မှုအတွက် အင်ဒိုနီးရှားခရိုနီတစ်ဦး သမိုင်း၀င်ပြစ်ဒဏ်များ ချမှတ်ခံရ

    နိုင်ငံတော်စီးပွားရေး ထိခိုက်မှုအတွက် အင်ဒိုနီးရှားခရိုနီတစ်ဦး သမိုင်း၀င်ပြစ်ဒဏ်များ ချမှတ်ခံရ

    မတ် ၁၊ ၂၀၂၃

    M-Media 


    -နိုင်ငံရဲ့ ထိပ်တန်းခရိုနီ စီးပွားရေးလုပ်ငန်းရှင် ဆူယာ ဒါမာဒီကို ခြစားမှု၊ နိုင်ငံတော်စီးပွားရေးပျက်ဆီးအောင်လုပ်မှုတွေနဲ့ အင်ဒိုနီးရှား တရားရုံးက ထောင်ဒဏ်၊ ငွေဒဏ်တွေ ချမှတ်လိုက်ပါတယ်။ 

    အသက် ၇၁ နှစ်အရွယ် ဒါမာဒီဟာ ဆီအုန်းလုပ်ငန်းရှင်ဖြစ်ပြီး ခြစားမှု၊ အခွန်ရှောင်မှု၊ ငွေကြေးခ၀ါချမှု၊ လာဘ်ပေးလာဘ်ယူမှု စတဲ့ စွဲချက်တွေအတွက် ထောင်ဒဏ် ၁၅ နှစ်၊ ဒဏ်ငွေ ရူပြား ၄၁.၉ ထီရီလီယံ (ကန်ဒေါ်လာ ၂.၇၅ ဘီလီယံ) ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

    အစိုးရက သဘာ၀သစ်တောလို့ သတ်မှတ်ထားတဲ့ နေရာအပါအ၀င်၊ မြေဧက ၃၆၀၀၀ ဟက်တာမှာ တရားမ၀င် ဆီအုန်းစိုက်ပျိုးမှုအတွက် တရားစွဲဆိုခံရတာပါ။ 

    ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို နိုင်ငံတော်စီးပွားရေး ပျက်ဆီးမှုအတွက် အခုလို ထောင်ဒဏ်ရော၊ ငွေဒဏ်နဲ့ပါ ပြင်းပြင်းထန်ထန် အပြစ်ပေးတာဟာ အင်ဒိုနီးရှားမှာ ပထမဆုံး ဖြစ်ပါတယ်။ 

     ၂၀၁၄ ခုနှစ်က ခြစားမှုတစ်ခုကို စစ်ဆေးရာကနေ ဒါမာဒီကို ခြေရာခံမိခဲ့တာပါ။ သူဟာ နိုင်ငံအရှေ့ပိုင်း Riau ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး အဲဒီတုန်းက သဘာ၀သစ်တောကို စိုက်ပျိုးမြေပြောင်းရေးအတွက် ရူးပြား ၃ ဘီလီယံလောက် လာဘ်ယူဖူးပါတယ်။ 

    သူဟာ ၂၀၁၈ ခုနှစ် Forbes’ မဂ္ဂဇင်းမှာ အင်ဒိုနီးရှားရဲ့ ၂၈ ယောက်မြောက် အချမ်းသာဆုံး သူဌေးအဖြစ် မှတ်တမ်းတင်ခံရဖူးပါတယ်။ 

    Ref: The Star

  • ဘင်္ဂလားဒေ့ရှ်မှ အာလူးများတင်သွင်းရန် မြန်မာနိုင်ငံက စိတ်၀င်စားနေ

    ဘင်္ဂလားဒေ့ရှ်မှ အာလူးများတင်သွင်းရန် မြန်မာနိုင်ငံက စိတ်၀င်စားနေ

    မတ် ၁၊ ၂၀၂၃

    M-Media 


    -ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ အာလူးတွေတင်သွင်းဖို့ မြန်မာနိုင်ငံက စိတ်၀င်စားနေတယ်လို့ သိရပါတယ်။ 

    ဆင်ဖြူကျွန်း၊ ဗန်းမော်နဲ့ ရှမ်းပြည်နယ်ဖက်က အာလူးတွေ မြန်မာစျေးကွက်မှာ ရှိနေသလို၊ တရုတ်ကနေတင်သွင်းတဲ့ အာလူးတွေလည်း ၀င်ရောက်နေပါတယ်။ 

    ဘင်္ဂလားဒေ့ရှ်ဖက်က အာလူးတွေဟာ စျေးပိုမိုသက်သာနိုင်ပြီး၊ မြန်မာစျေးကွက်မှာ အာလူးစျေး ပိုမိုကျဆင်းသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    ကမ္ဘာ့တစ်၀ှမ်း အာလူးစိုက်ပျိုးထုတ်လုပ်ပြီး နိုင်ငံခြားကို တင်ပို့ရောင်းချတဲ့ ထိပ်တန်းနိုင်ငံတွေထဲမှာ ဘင်္ဂလားဒေ့ရှ်လည်း ပါ၀င်ပါတယ်။ 

    စင်ကာပူ၊ မလေးရှား၊ သီရိလင်္ကာ၊ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ အိုမန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ရုရှားတို့ဟာ ဘင်္ဂလားဒေ့ရှ်ကနေ အာလူးကို အဓိကတင်သွင်းကြပါတယ်။ 

    ၂၀၂၁ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ဟာ အာလူးတန်ချိန် ၁၅ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး ၅၀ ရာခိုင်နှုန်းလောက်ကို တင်ပို့ရောင်းချခဲ့ပါတယ်။ ထုတ်လုပ်မှုဟာ တစ်နှစ်ထက်တစ်နှစ် တိုးလာနေကာ ၂၀၂၅ ခုနှစ်ရောက်ရင် တစ်နှစ် အာလူးတန်ချိန် သန်း ၅၀ လောက် ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ 

    Ref: Fresh Angleng

  • ရော်နယ်ဒိုရောက်ပြီးနောက် အလ်-နဆာရ်အသင်းတွင် အဓိက ပြောင်းလဲမှုနှစ်ခု ဖြစ်ပွားခဲ့

    ရော်နယ်ဒိုရောက်ပြီးနောက် အလ်-နဆာရ်အသင်းတွင် အဓိက ပြောင်းလဲမှုနှစ်ခု ဖြစ်ပွားခဲ့

    မတ် ၁၊ ၂၀၂၃

    M-Media 


    Al-Nassr’s new Portuguese forward Cristiano Ronaldo greets the fans during his unveiling at the Mrsool Park Stadium in the Saudi capital Riyadh on January 3, 2023. (Photo by AFP) (Photo by -/AFP via Getty Images)

    -ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ရောက်လာပြီးနောက်ပိုင်း အသင်းမှာ သိသာတဲ့ ပြောင်းလဲမှု ၂ ခု ဖြစ်ခဲ့တယ်လို့ ဆော်ဒီကလပ် အလ်နဆာရ်အသင်းရဲ့ အဟာရပညာရှင် ဟိုဆေး ဘလီဆာက ပြောပါတယ်။ 

    တစ်ခုက အသင်းသားတွေရဲ့ စားသောက်နေထိုင်မှုဖြစ်ပြီး၊ နောက်တစ်ခုက လေ့ကျင့်မှုပါ။ 

    “ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကျွန်တော့်အတွက် တော်တော်လေး အထောက်အကူဖြစ်ပါတယ်။ ကျွန်တော်တို့က သူ့ကို သင်စရာမလိုဘူး။ သူ့ဆီကပဲ ပြန်သင်ယူရတာပါ။ သူလုပ်တဲ့အရာတွေက စွမ်းဆောင်ရည်ကောင်းမွန်ဖို့ အထောက်အကူဖြစ်တာကြောင့် အခြားကစားသမားတွေကလည်း လိုက်လုပ်ကြပါတယ်” လို့ ဘလီဆာက ဆိုပါတယ်။ 

    ရော်နယ်ဒိုလို ပရော်ဖက်ရှင်နယ် အလွန်ပီသတဲ့ ကစားသမားမျိုး အရင်က မမြင်ဖူးခဲ့ဘဲ၊ သူနဲ့ပြောတဲ့စကားတိုင်းဟာ သင်ယူစရာတွေပဲလို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အသင်းမှာ ရော်နယ်ဒိုရောက်ပြီးနောက်ပိုင်း အဓိက ပြောင်းလဲမှုနှစ်ခု ဖြစ်ခဲ့ကြောင်း အလ်နဆာရ်ဆေးမှူးက ဖွင့်ဟပါတယ်။ 

    “သူဒီကိုရောက်လာပြီးနောက်ပိုင်း အခြားကစားသမားတွေအားလုံး လေ့ကျင့်ရေးကို ပိုမို ကြိုးကြိုးစားစားလုပ်လာကြပြီး၊ စားသောက်နေထိုင်မှုကိုလည်း ပိုကောင်းအောင် ဆောင်ရွက်လာပါတယ်။ တစ်နေ့ထက်တစ်နေ့ ခန္ဓာကိုယ်အနေအထား ပျမ်းမျှ ၉၀ ရာခိုင်နှုန်းလောက် ပိုကောင်းအောင် လုပ်နိုင်တာမျိုး ဒီအသင်းမှာ အရင်က ကျွန်တော် မတွေ့ဖူးပါဘူး။ အဆီတွေနည်းသွားတယ်။ ကြွက်သားတွေ ပိုတောင့်တင်းလာတယ်။ လုပ်နိုင်သမျှလေ့ကျင်ခန်းတွေကိုလည်း အသင်းသားတွေက လုပ်လာကြပါတယ်။ ဒီမှာအလုပ်လုပ်ရတာ တော်တော်ကို အဆင်ပြေပါတယ်”

    Ref: The Mirror