News @ M-Media

Blog

  • ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားစာရင်းတွင် အီဘရာဟီမီုဗစ် ဒုတိယချိတ်

    ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားစာရင်းတွင် အီဘရာဟီမီုဗစ် ဒုတိယချိတ်

    မေ ၆၊ ၂၀၁၇
    M-Media

    – ဗြိတိန်သတင်းစာ Sunday Times မှ ယနေ့တွင် ထုတ်ပြန်သည့် ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားများ စာရင်းတွင် မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်က ဒုတိယနေရာသို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    ဆွီဒင်တိုက်စစ်မှူး မိုဗစ်မှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လက မန်ယူသို့ ရောက်ရှိလာပြိးနောက်ပိုင်း ဗြိတိန်တွင် ၀င်ငွေအများဆုံးရသည့် အားကစားသမားစာရင်း၌ ပါဝင်လာသူဖြစ်သည်။

    ယခု ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားစာရင်းတွင် ဖော်မြူလာဝမ်း ချန်ပီယံ လူးဝစ် ဟာမီလ်တန်က စတာလင်ပေါင်း ၁၃၁ သန်းဖြင့် ဦးဆောင်နေပြီး၊ မိုဗစ်က သန်း ၁၁၀ ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ဗြိတိန်၏ အချမ်းသာဆုံး ဘောလုံးသမား ၀ိန်းရီူက ၉၃ သန်းဖြင့် အဆင့် ၃ ၌ ရပ်တည်နေသည်။

    စတုတ္ထနေရာတွင် ဟာမီလ်တန်၏ အသင်းဖော် ကားမောင်းသမား ဂျန်ဆန် ဘက်တန်က ရှိနေသည်။

    အဆိုပါ စာရင်း၏ ထိပ်ဆုံး ၁၀ ယောက်တွင် ဘောလုံးလောကမှ ၅ ဦး – ကစားသမား ၃ ယောက်နှင့် နည်းပြ ၂ ယောက်- ပါဝင်ပြီး ဗြိတိန် တင်းနစ်အကျော်အမော် အန်ဒီမာရေး၊ ဂေါက်သီးသမား ရိုရီ မက်ရွိုင်း၊ ဘက်စကတ်ဘောကစားသမား လူအို ဒန်းတို့လည်း အသီးသီး ပါဝင်နေသည်။

    The Sunday Times sport rich list 2017

    1. Lewis Hamilton, motor racing, 2017 wealth £131m, up £25m

    2. Zlatan Ibrahimovic, football, 2017 wealth £110m, new entry

    3. Wayne Rooney, football, 2017 wealth £93m, up £11m

    4. Jenson Button, motor racing, 2017 wealth £86m, up £9m

    5. Rory McIlroy, golf, 2017 wealth £82m, up £26m

    6. Sir Andy Murray, tennis, 2017 wealth £77m, up £20m

    7. Jose Mourinho, football, 2017 wealth £61m, up £11m

    8. Gareth Bale, football, 2017 wealth £54m, up £20m

    9= Luol Deng, basketball, 2017 wealth £50m, up £7m

    9= Pep Guardiola, football, 2017 wealth £50m, new entry

    Ref : BBC

  • မဟာဗျူဟာကျသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ၈၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ရန် တရုတ်တောင်းဆို

    မဟာဗျူဟာကျသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ၈၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ရန် တရုတ်တောင်းဆို

    မေ ၆၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်ရှိ မဟာဗျူဟာကျသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းအား ၈၅ ရာခိုင်နှုန်း ပိုင်ဆိုင်ရန်အတွက် တရုတ်က ကြိုးပမ်းနေသည်ဟု Reuters သတင်းဌာနက ၎င်းတို့ရရှိထားသည့် စာရွက်စာတမ်းများ၊ သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြထားသည်။

    တရုတ်နိုင်ငံမှာ အာရှတစ်ဝှမ်း၊ အာရှမှ ကျော်လွန်သည့် ဒေသများနှင့် စီးပွားရေး ဆက်နွယ်ပတ်သက်မှုကို နက်ရှိုင်းစေရန်အတွက် အခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံမှု One Belt, One Road ပေါ်လစီအရ ဘင်္ဂလားပင်လယ်အော်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအား အထူးအသုံးပြုခွင့်ရရန် ဖိအားပေး ကြိုးပမ်းလျက် ရှိနေသည်။

    တရုတ်နိုင်ငံပိုင် လုပ်ငန်းစု CITIC Group က ကန်ဒေါ်လာ ၇.၃ ဘီလီယံ တန်ဖိုးရှိသည့် အဆိုပါ ရေနက်ဆိပ်ကမ်း၏ ရှယ်ယာ ၇၀ မှ ၈၅ ရာခိုင်နှုန်းကို တောင်းဆိုထားမှုကို တရုတ်နှင့် မြန်မာတို့၏ ညှိနှိုင်းဆွေးနွေးမှု စာရွက်စာတမ်းများ၊ CITIC Group နှင့် နီးစပ်သူများ၊ မြန်မာ အရပ်သားအစိုးရ ရင်းမြစ်များအရ သိရှိရသည်ဟု Reuters သတင်းဌာနက ဆိုသည်။

    မြန်မာနိုင်ငံက ထိုရေနက်ဆိပ်ကမ်း၏ ပိုင်ဆိုင်မှုကို ၅၀-၅၀ သာ ထားရှိရန် ပြီးခဲ့သည့်နှစ်တွင် အဆိုပြုခဲ့သော်လည်း တရုတ်ဘက်က ပယ်ချခဲ့သည်ဟု ထိုဆွေးနွေးမှုတွင် ပါဝင်ခဲ့သူ ၂ ဦးက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လက တရုတ်မှာ အငြင်းပွားမှုများဖြစ်နေသည့် ကန်ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံစီမံကိန်းကို စွန့်လွှတ်လိုသည့် ဆန္ဒရှိကြောင်း ပြသခဲ့သော်လည်း ကျောက်ဖြူရေနပ်ဆိပ်ကမ်းအပါအ၀င် အခြား မဟာဗျူဟာကျသည့် အခွင့်အလမ်းများကို နစ်နာကြေးအဖြစ် ရယူလိုနေသည်။

    အဆိုပါ ရေနက်ဆိပ်ကမ်း ပိုင်ဆိုင်မှုအတွက် မြန်မာနှင့် CITIC လုပ်ငန်းစုအကြား ဆွေးနွေးမှုကို လာမည့် သီတင်းပတ်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည်ဟု ရင်းမြစ်တစ်ခုက ဆိုပြီး၊ အခြား အမည်မဖော်လိုသည့် ရင်းမြစ်တစ်ခုက မြန်မာနိုင်ငံအနေဖြင့် ထိုဆိပ်ကမ်း၏ ပိုင်ဆိုင်မှုကို ၃၀ ရာခိုင်နှုန်းထက် ကျော်လွန်၍ တောင်းခံ၍ မရနိုင်ဟု ပြောကြားခဲ့သည်။

    “၈၅ ရာခိုင်နှုန်း ပိုင်ဆိုင်သွားရင် တရုတ်က သူကြိုက်တာ လုပ်ပြီး၊ စီမံကိန်းကို ထိန်းချုပ်နိုင်တဲ့ပါဝါရသွားမှာကို တစ်ချို့လူတွေက စိုးရိမ်နေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအတွက် အခြား ရွေးစရာ မရှိပါဘူး” ဟု မြန်မာနိုင်ငံရှိ ပေါ်လစီချမှတ်သူများနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။

    ထိုကိစ္စကို ဆွေးနွေးနေသည့် မြန်မာခေါင်းဆောင်များနှင့် နီးကပ်သော ဒုတိယ ရင်းမြစ်တစ်ခု မြန်မာနိုင်ငံအနေဖြင့် CITIC က တင်ပြချက် ၄ ခုမှ တစ်ခုကို ရွေးချယ်ရန် သဘောတူခဲ့ပြီး ပိုင်ဆိုင်မှု ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြားသာ ရရှိမည်ဟု ဆိုသည်။

    “CITIC က ပေးထားတဲ့ တင်ပြချက် ၄ ခုကလွဲလို့ မြန်မာနိုင်ငံမှာ အခြား ရွေးချယ်စရာ မရှိပါဘူး” ဟု အဆိုပါ ရင်းမြစ်က ပြောကြားခဲ့သည်။

    အရှေ့အလယ်ပိုင်းမှ စွမ်းအင်တင်သွင်းမှုအတွက် အခြားလမ်းကြောင်းတစ်ခုဖြစ်သည့် ကျောက်ဖြူ-ယူနန် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ၀င်ပေါက်ဖြစ်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှာ တရုတ်နိုင်ငံအတွက် အရေးပါသည့် အရာလည်းဖြစ်သည်။

    ထိုစီမံကိန်းတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးတို့ ပါဝင်ပြီး CITIC က ၂၀၁၅ ခုနှစ်တွင် စီမံကိန်းအား ဦးဆောင်ခွင့် ရခဲ့သည်။

    အထူးစီးပွားရေးဇုန်၏ စီမံခန့်ခွဲရေးကော်မတီကို ဦးဆောင်နေသူ ဦစိုးဝင်းက ဆွေးနွေးမှုများကို လာမည့်သီတင်းပတ်တွင် ပြုလုပ်သွားမည်ဟု အတည်ပြုခဲ့ပြီး သဘောတူထားမှုနှင့်ပတ်သက်၍ မှတ်ချက်မပေးခဲ့ပေ။

    ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ ကန်ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိပြီး ဇုန်အတွင်းရှိ ကန်ဒေါ်လာ ၂.၃ ဘီလီယံ တန်ဖိုးရှိသော စက်မှုဇုန်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ရန် CITIC ဦးဆောင်သည့် အခြား လုပ်ငန်းစုတစ်ခုက အဆိုပြုထားကာ မြန်မာနိုင်ငံကလည်း လက်ခံထားသည်ဟု ဆွေးနွေးမှုတွင် ပါဝင်ခဲ့သူ ၂ ဦးက ပြောကြားခဲ့သည်။

    ဦးစိုးဝင်းကမူ ၂၀၁၈ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်မည့် ထိုစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာနက သဘာဝပတ်ဝန်းကျင်နှင့် လူထုအပေါ် သက်ရောက်မှုများကို မကြာခင် ဆန်းစစ်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref : Reuters

  • အင်ဒိုအကျဉ်းထောင်မှ အကျဉ်းသား ၂၀၀ ထောင်ဖောက်ပြေး

    အင်ဒိုအကျဉ်းထောင်မှ အကျဉ်းသား ၂၀၀ ထောင်ဖောက်ပြေး

    မေ ၆၊ ၂၀၁၇
    M-Media

    – အင်ဒိုနီးရှားနိုင်ငံက ဆူမားတြားကျွန်း ရီအူပြည်နယ် ပကန်ဘာရူးရှိ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၂၀၀ ခန့်မှာ ယမန်နေ့က ထောင်ဖောက် ထွက်ပြေးခဲ့ကြသည်ဟု သိရသည်။

    အကျဉ်းထောင်အတွင်းရှိ ဗလီ၌ သောကြာနေ့ဝတ်ပြုရန် ၎င်းတို့အား အချုပ်ခန်းများမှ ထုတ်ပေးခဲ့ပြီးနောက် ဂိတ်ပေါက်ဝကို ဖျက်ဆီးကာ ထိုကဲ့သို့ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

    ရီအူရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂန်တာရ် အာရ်ယို တီဂျိုက ထွက်ပြေးသွားသူ အကျဉ်းသား ၂၀၀ နီးပါးတွင် ၇၇ ဦးကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဒေသတွင်း ဥပဒေရေးရာ ၀န်ကြီးဌာနရုံး၏ အကြီးအကဲ ဖာဒီနန် ဆိုင်ဂီယန်က အဆိုပါ အကျဉ်းထောင်မှ အကျဉ်းသားများမှာ နေထိုင်မှုဆိုးရွားခြင်း၊ အစောင့်များက အကြမ်းဖက်ခြင်းတို့ ရှိသည်ဟု ပြောကြားမှုများလည်း ရှိကြောင်း ဖွင့်ဟခဲ့သည်။

    အကျဉ်းထောင်မှာ အကျဉ်းသား ၇၀၀ အထိသာ ဆန့်သော်လည်း ၁၈၀၀ အထိ ထားရှိထားသည်ဟု တီဂျိုက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: CNA

  • စပါးအရှုံးကြောင့် ချယ်ဆီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ၆ မှတ်သာ လိုတော့

    စပါးအရှုံးကြောင့် ချယ်ဆီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ၆ မှတ်သာ လိုတော့

ေ၎ ၆၊ ၂၀၁၇
    M-Media

    – ယနေ့မနက် ပရီးမီးယားပွဲစဉ် ၃၅ တွင် ဒုတိယနေရာမှ စပါးက ၀က်စ်ဟမ်းကို ရှုံးနိမ့်သွားသောကြောင့် ထိပ်ဆုံးမှ ချယ်ဆီးမှာ နောက်ထပ် ၂ ပွဲနိုင်ရုံမျှဖြင့် ချန်ပီယံဖြစ်လာတော့မည်ဖြစ်သည်။

    အဝေးကွင်းတွင် သွားရောက်ကစားခဲ့ရသည့် စပါးမှာ အပိုင်ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း ၀က်စ်ဟမ်းဂိုးသမား၏ အကောင်းဆုံး လက်စွမ်းပြမှုကြောင့် ဂိုးပေါက် ပျောက်ခဲ့ရကာ အိမ်ရှင်တိုက်စစ်မှူး လန်ဇီနီ၏ သွင်းဂိုးဖြင့် အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

    ထိုအရှုံးကြောင့် ပထမနေရာမှ ချယ်ဆီးနှင့် တစ်ပွဲပို ၄ မှတ် ကွာဟသွားခဲ့ကာ ချန်ပီယံဖြစ်ရေးအတွက် ချယ်ဆီးအသင်း၏ ခြေချော်မှုကိုသာ စောင့်ကြည့်ရတော့မည်ဖြစ်သည်။

    ချယ်ဆီးမှာ မစ်ဒယ်ဘရော့၊ ၀က်စ်ဘရွန်း၊ ၀က်ဖို့၊ ဆန်းဒါးလန်းအသင်းတို့နှင့် လက်ကျန် ၄ ပွဲကစားရန် ကျန်ရှိနေသေးပြီး ၂ ပွဲအနိုင်ရရုံမျှဖြင့် အစောဆုံး မေလ ၁၂ ရက်နေ့တွင် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ခွင့် ရမည်ဖြစ်သည်။

    စပါးနည်းပြ ပိုချက်တီနိုကမူ မိမိတို့မှာ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်သော်လည်း ယခုအချိန်တွင် ချန်ပီယံဖြစ်ရေး ပိုမို ခက်ခဲသွားပြီဟု ၀န်ခံပြောကြားခဲ့သည်။

    Ref : BBC

  • တရုတ်၏ ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ် အောင်မြင်စွာ ပျံသန်းနိုင်

    တရုတ်၏ ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ် အောင်မြင်စွာ ပျံသန်းနိုင်

    မေ ၅၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ်၏ ပထမဆုံးခရီးစဉ်မှာ အောင်မြင်ခဲ့ပြီး ကမ္ဘာ့လေကြောင်းကဏ္ဍကို ကြီးစိုးထားသော Boeing နှင့် Airbus ကုမ္ပဏီများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

    C919 ဟု အမည်ပေးထားသည့် အဆိုပါလေယာဉ်မှာ လေကြောင်းဈေးကွက်သို့ ၀င်ရောက်ရန် တရုတ်နိုင်ငံ၏ ဆန္ဒပြင်းပြမှု အဓိက ပြယုဂ်ဖြစ်ပြီး ယနေ့တွင် မိနစ် ၉၀ ကြာ လေပေါ်တွင် ပျံဝဲခဲ့ပြီးနောက် ရှန်ဟိုင်းရှိ ပူဒေါင် လေယာဉ်ကွင်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။

    နိုင်ငံပိုင် Comac လေကြောင်းကုမ္ပဏီမှ ထုတ်လုပ်သည့် အဆိုပါလေယာဉ်ကို ၂၀၀၈ ခုနှစ်ကတည်းက ပျံသန်းရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်ခဲ့ရသည်။

    ယနေ့ ပထမဆုံး ပျံသန်းမှုတွင် လေယာဉ်မှူးနှင့် အင်ဂျင်နီယာ ၅ ဦး လိုက်ပါသွားခဲ့ပြီး ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ လေကြောင်းဆိုင်ရာ ၀န်ထမ်းများနှင့် ပြည်သူများက ပျံသန်းမှုအား ကြည့်ရှုခဲ့ကြသည်။

    အဆိုပါလေယာဉ်မှာ အမြင့်ပေ ၉၈၀၀ ၌ တစ်နာရီ ၁၈၆ မိုင်နှုန်းဖြင့် ပျံသန်းမည်ဟု ရုပ်သံက ကြေငြာခဲ့သည်။

    C919 လေယာဉ်ကို ဘိုးအင်း၏ 737၊ Airbus ၏ A320 နှင့် ယှဉ်ပြိုင်နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး လာမည့် နှစ် ၂၀ အတွင်း ကမ္ဘာ့လေကြောင်းဈေးကွက်မှာ ကန်ဒေါ်လာ ၂ ထရီလီယံအထိ တန်ဖိုးရှိလာမည်ဟု ခန့်မှန်းထားသည်။

    ယခုလေယာဉ်မှာ ပြည်တွင်း၌ ထုတ်လုပ်ခြင်ဖြစ်သော်လည်း အဓိက နည်းပညာများတွင် နိုင်ငံခြားတိုင်းပြည်များကို မှီခိုနေရဆဲဖြစ်ကာ အင်ဂျင်များကို ပြင်သစ်-အမေရိကန်ကုမ္ပဏီ CFM International မှ ဖန်တီးပေးခြင်းဖြစ်သည်။

    တရုတ်အာဏာပိုင်များက လက်ရှိတွင် လေကြောင်းလိုင်း ၂၃ ခုက လေယာဉ်အစီးရေ ၅၀၀ ကျော် မှာယူထားပြီး အများစုမှာ တရုတ်လေကြောင်းလိုင်းများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: BBC