News @ M-Media

Blog

  • ယာဉ်ထိန်းရဲအား လက်ဖက်ရည်ဖိုးပေးသည့် မလေးနိုင်ငံသားတစ်ဦးကို စင်ကာပူ ထောင်ချ

    ယာဉ်ထိန်းရဲအား လက်ဖက်ရည်ဖိုးပေးသည့် မလေးနိုင်ငံသားတစ်ဦးကို စင်ကာပူ ထောင်ချ

    မေ ၅၊ ၂၀၁၇
    M-Media

    – ဆိုင်ကယ်ဦးထုပ် မေးသိုင်းကြိုးမတပ်ထားသည့်အတွက် ဖမ်းဆီးသော ယာဉ်ထိန်းရဲကို လာဘ်ထိုးရန် ကြိုးစားခဲ့သည့် မလေးရှားနိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတစ်ဦးကို စင်ကာပူက ယမန်နေ့တွင် ထောင်ဒဏ် ၄ ပတ် ချမှတ်ခဲ့သည်ဟု သိရသည်။

    ပြင်ဒဏ်ချမှတ်ခံရသူမှာ အသက် ၃၀ အရွယ် ဆန်းကျားဝွန်ဆိုသူ ဖြစ်ပြီး ဇန်န၀ါရီ ၁၁ ရက်နေ့က ၀ုဒ်လန်း ဂိတ်မှ စင်ကာပူနိုင်ငံသို့ ၀င်ရောက်လာပြီးနောက် ဘူကစ် တီမဟ် အဝေးပြေးလမ်း၌ ဦးထုပ်ကို မေးသိုင်းကြိုးမပတ်ဘဲ ဆိုင်ကယ်စီးနင်းနေစဉ် ပတ္တရောင်လှည့်နေသည့် ယာဉ်ထိန်းရဲတစ်ဦးက တွေ့ရှိခဲ့သည်။

    ထို့နောက် ယာဉ်ထိန်းရဲက မေးသိုင်းကြိုးမပတ်သည့်အတွက် ရုံးမှ ဆင့်ခေါ်မှုကို ခံရကာ၊ စင်ကာပူဒေါ်လာ ၁၂၀ ဒဏ်ငွေပေးဆောင်ရမည်ဟု ပြောသည့်အခါ ဆန်းကျားဝွန်က မိမိမှာ မလေးရှားနိုင်ငံ ဂျိုဟိုးဘာရူးမှ တစ်ပတ်လျှင် ၃ ကြိမ် ဆောက်လုပ်ရေးလုပ်ငန်းကို လာရောက်လုပ်ကိုင်ခြင်းဖြစ်ပြီး၊ တစ်နေ့လျင် ဒေါ်လာ ၈၀ သာရကြောင်း၊ လုပ်အားခ မရသည်မှာလည်း ရက်အနည်းငယ် ကြာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ဒဏ်ငွေမဆောင်ရရန်အတွက် လက်ဖက်ရည်ဖိုး စင်ကာပူဒေါ်လာ ၃၀ ကို ယာဉ်ထိန်းရဲ၏ အိပ်ကပ်ထဲသို့ ထည့်ပေးခဲ့ပြီး၊ ထိုနေရာမှတွင်ပင် ဖမ်းဆီးခံခဲ့ရကာ လာဘ်ငွေပေးရန် ကြိုးစားမှုဖြင့် တရားစွဲဆို ခံခဲ့ရသည်။

    တရားရုံးတွင် ဆန်းဂျားဝွန်က မိမိအနေဖြင့် မှားယွင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သက်ညှာပေးရန် တောင်းဆိုပါကြောင်း၊ မိခင်ကြီးမှာ ခွဲစိတ်ကုသမှု ပြုလုပ်ထားရသည့်အတွက် ထောင်ဒဏ် ၄ ပတ်ကို ၂ ပတ်မှ လေးပိတ်အထိ ရွှေ့ဆိုင်းပေးရန် လျှောက်ထားပါကြောင်း ပြောကြားခဲ့သော်လည်း တရားရုံးက လက်မခံခဲ့ဘဲ ယမန်နေ့တွင် ချက်ခြင်းဖမ်းဆီးကာ ထောင်ဒဏ် ချမှတ်ခဲ့သည်။

    စင်ကာပူဥပဒေအရ ရဲတပ်ဖွဲ့အား လာဘ်ငွေပေးရန် ကြိုးစားမှုအတွက် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁ သိန်း ချမှတ်ခံရနိုင်သည်။

    Ref: CNA

  • အမျိုးသမီးများ အမျိုးသားအုပ်ထိန်းသူ၏ ခွင့်ပြုချက်ယူရသည့်စနစ်ကို ဆော်ဒီ ပယ်ဖျက်

    အမျိုးသမီးများ အမျိုးသားအုပ်ထိန်းသူ၏ ခွင့်ပြုချက်ယူရသည့်စနစ်ကို ဆော်ဒီ ပယ်ဖျက်

    မေ ၅၊ ၂၀၁၇
    M-Media

    – အစိုးရနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ ၀န်ဆောင်မှုများအတွက် ဆော်ဒီအမျိုးသမီးများမှာ အမျိုးသားအုပ်ထိန်းသူများ၏ ခွင့်ပြုချက် ရယူနေရခြင်း၊ ၎င်းတို့ လိုက်ပါရခြင်း စသည့်စနစ်ကို ဖျက်သိမ်းသော အမိန့်တစ်ခုကို ဆော်ဒီဘုရင် ဆလ်မန်က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။

    ဆော်ဒီမီဒီယာများကမူ ထိုဓလေ့ထုံးစံကို ပယ်ဖျက်ခြင်းမှာ အစ္စလာမ့်တရားတော်နှင့် ဆန့်ကျင်ခြင်းမရှိဟု ဖော်ပြခဲ့ကြသည်။

    ယခုအမိန့်အသစ်တွင် အစ္စလာမ့်တရားတော်လာ ပညတ်ချက်များဖြင့် ဆန့်ကျင်ခြင်းမရှိလျှင် အလုပ်အကိုင်များ ပြောင်းလဲလုပ်ကိုင်ရာတွင်လည်း ဆော်ဒီအမျိုးသမီးများအနေဖြင့် အမျိုးသား အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူရန် မလိုတော့ပေ။

    အမျိုးသမီးများမှာ ၎င်းတို့၏ ကိစ္စတိုင်းအတွက် ဖခင်၊ အစ်ကို၊ မောင် စသည်တို့၏ ခွင့်ပြုချက် ရယူသည့်စနစ်ကို ‘မဟ်ရမ်’ ဟုခေါ်ပြီး ဆော်ဒီအမျိုးသမီးများမှာ နိုင်ငံပြင်ပသို့ ထွက်ခွာရာတွင် အဆိုပါ အုပ်ထိန်းသူများ၏ ခွင့်ပြုချက်ကို ရယူရကာ၊ အစိုးရဌာနများသို့ သွားရောက်ခြင်း၊ ရဲတပ်ဖွဲ့သို့ သွားရောက် တိုင်တန်းခြင်းတို့တွင်လည်း ထို အမျိုးသားအုပ်ထိန်းသူများက အတူ လိုက်ပါရသည်။

    ဆော်ဒီဘုရင်က ယခုအမိန့်သစ်နှစ် လျော်ညီစွာ ဆောင်ရွက်သွားရန်အတွက် အစိုးရဌာနများကို ပြောကြားထားပြီး၊ အမျိုးသားအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ပါမှ ပြီးပြည့်စုံမည့် ကိစ္စများ၊ ၀န်ဆောင်မှုပေးရမည့် ကိစ္စများအားလုံးကို ဖော်ထုတ်ပြင်ဆင်ရန် အမိန့်ပေးထားသည်။

    ထို့ပြင် အမျိုးသားအုပ်ထိန်းသူများ ပါဝင်ရသည့်စနစ် ဖျက်သိမ်းမှုကို ၃ လအတွင်း အပြီးသတ်ဆောင်ရွက်သွားရန် တောင်းဆိုထားပြီး၊ ၀န်ကြီးဌာနများအနေဖြင့် ၎င်းတို့၏ တရားဝင်ဝဘ်ဆိုက်များတွင် တရားဝင်ကြေငြာရန်လိုအပ်သည်ဟု ဆိုသည်။

    ယခုအမိန့်အသစ်အရ အလုပ်သမားနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနအနေဖြင့် အမျိုးသမီးအ လုပ်သမားများအတွက် သယ်ယူပို့ဆောင်ရေးစနစ် စီစဉ်ပေးရန်လည်း လိုအပ်မည်ဖြစ်သည်။

    Ref: Al Arabiya

  • ဗြိတိန် ဂါးဒီးယန်းသတင်းစာမှ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အယ်ဒီတာ့အာဘော် (ဘာသာပြန်)

    ဗြိတိန် ဂါးဒီးယန်းသတင်းစာမှ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အယ်ဒီတာ့အာဘော် (ဘာသာပြန်)

    မေ ၄၊ ၂၀၁၇
    M-Media

    ရောမတွင် အီတလီဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် စောင့်ဆိုင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်

    – ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ နိုဘယ်ငြိမ်ချမ်းရေးဆုကို ကိုယ်တိုင် တက်ရောက်ရယူခဲ့တဲ့အချိန် နိုဘယ်ဆုရွေးချယ်ရေးကော်မတီဥက္ကဌက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ရုန်းကန်လှုပ်ရှားရာမှာ သူမရဲ့ ‘ခိုင်မာတဲ့ မူဝါဒ’ က ‘တစ်ကမ္ဘာလုံးအတွက် အမူအကျင့်ပိုင်းဆိုင်ရာ ခေါင်ဆောင်’ ဖြစ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူနည်းစုတွေ ညှင်းပမ်းနှိပ်စက်ခံရမှုအပေါ် ၀န်ခံပြောဆိုခြင်းမရှိတာကြာင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ သူမရဲ့ ကိုယ်ကျင့်သိက္ခာရေးရာ ယုံကြည်ကိုးစားရမှုဟာ မပြိုလဲသည့်တိုင်အောင် အာဏာရယူပြီးကတည်းက တော်တော်လေး မှေးမှိန်လာခဲ့ပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တော်တော်များများကလည်း ‘လူမျိုးစုလိုက်ရှင်းလင်းခြင်း၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေလို့ သတ်မှတ်ရလောက်တဲ့ လူသားဆိုင်ရာဖြစ်ရပ်ဆိုးကြီးတစ်ခု’ ကို ရင်ဆိုင်နေရချိန် သူမက တုန့်ပြန်မှု မရှိတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဖွင့်ဟလာကြပါတယ်။

    အင်္ဂါနေ့က ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာအကြီးအကဲ ဖက်ဒရီကာ မို့ဂ်ဟီရီနီနဲ့ တွေ့ဆုံမှုနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမဘက်က ကာလရှည် ရပ်တည်လာတဲ့ နိုင်ငံတကာက ထောက်ခံသူတွေအကြား သဘောထားကွဲလဲမှု မြင့်တက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ (ရခိုင်ဒေသမှာ) စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက (ရိုဟင်ဂျာတွေအပေါ်) အဓ္ဓမပြုကျင့်တယ်၊ သတ်ဖြတ်တယ်၊ ညှင်းပမ်းနှိပ်စက်ဆိုတဲ့ စွပ်စွဲချက်အတွက် အချက်အလက်ရှာဖွေရးအဖွဲတစ်ခု စေလွှတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂက ထောက်ခံတယ်လို့ ပြောပါတယ်။ သူမကတော့ ဒီဆုံးဖြတ်ချက်ဟာ ‘မြေပြင်မှာ တကယ်ဖြစ်နေတာတွေနဲ့ ကိုက်ညီမှု မရှိ’ လို့ အခိုင်အမာ ပြောကြားခဲ့ပြီး အခြေအနေတွေ ပိုဆိုးစေမယ်လို့လည်း ဆိုပါတယ်။

    မွတ်စလင်တွေဖြစ်တဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာတွေဟာ ဆယ်စုနှစ်များစွာ ဖိနှိပ်ညှင်းပမ်းမှုကို ခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် သတ်ဖြတ်မှုတွေမှာ လူ ၂၀၀ လောက် သေဆုံးခဲ့ပြီး ၁၄၀၀၀၀ ၀န်းကျင်ဟာလည်း ထွက်ပြေးခဲ့ရကာ ထိန်းသိန်းရေးစခန်းလို့ ခေါ်ရမယ့် နေရာတွေမှာ နေထိုင်နေရပါတယ်။ ၂၀၁၅ ခုနှစ်မှာ လန်ဒန်မြို့ Queen Mary တက္ကသိုလ် International State Crime Initiative က မြန်မာနိုင်ငံဟာ ရခိုင် အမျိုးသားရေးအစွန်းရောက်တွေ၊ လူမျိုးရေးအစွန်းရောက် ဗုဒ္ဓဘာသာဘုန်းကြီးတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပူးပါင်းပြီး လူမျိုးတုန်းသတ်ဖြတ်မှု လုပ်နေတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ ရိုဟင်ဂျာ စစ်သွေးကြွတွေက နယ်ခြားစောင့်ရဲစခန်းတွေကို တိုက်ခိုက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ အောက်တိုဘာက ရခိုင်ပြည်နည်မြောက်ပိုင်းမှာ စစ်တပ်ကပြုလုပ်တဲ့ ‘နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး’ တွေကြောင့် ရိုဟင်ဂျာ
    သောင်းနဲ့ချီ ထွက်ပြေးခဲ့ရပြီး – ကုလက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု၊ ကလေးငယ်တွေကို သတ်ဖြတ်မှု အပါအ၀င် စွပ်စွဲချက်တော်တော်များများကို အသေးစိတ် ဖော်ပြထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် အာဏာမရခင် သူ့ကိုကာကွယ်သူတွေက သူမဟာ သူမရဲ့ အချိန်တွေကို အသုံးချနေပြီး မြန်မာနိုင်ငံက တိုင်းရင်းသားလူနည်းစုတွေရဲ့ ပြဿနာ (အဲဒီအထဲမှာ ရိုဟင်ဂျာတွေက အဆိုးဝါးဆုံးဖြစ်နေတယ်) တွေကို သင့်လျော်တဲ့အချိန်မှာ ဖြေရှင်းပေမယ်လို့ ပြောကြပါတယ်။ အခုအချိန်မှာတော့ သူတို့က သူမမှာ လုပ်ပိုင်ခွင့်မရှိဘူးလို့ ဆိုကြပြန်ပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ စစ်တပ်က ချယ်လှယ်နေတယ်။ ဒါက ဖွဲ့စည်းပုံအခြေခံဥပေဒမှာ ဖော်ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။ အခြေခံဥပဒေက စစ်တပ်ကို အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့နေရာတွေကို ပေးထားရုံသာမက အုပ်ချုပ်ရေးယန္တယားရဲ့ အစိတ်အပိုင်းတော်တော်များများကိုလည်း ဗိုလ်ချုပ်တွေကို ထိန်းချုပ်ခွင့်ပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မွတ်စလင်ဆန့်ကျင်တဲ့ အမျိုးသားရေးဝါဒ လှိုင်းလုံးတစ်ခုကိုလည်း ရင်ဆို
    င်နေရပါတယ်။ ဒါပေမယ့် သူမရုံးကလွှင့်တင်ထားတဲ့ ၀ဘ်ဆိုက်မှာ စစ်တပ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေကို မှေးမှိန်အောင်လုပ်ဖို့အတွက် ‘လုပ်ကြံ အဓမ္မမှု’ ဆိုတဲ့စကားလုံးကို ၀ဘ်ဆိုက်တစ်ခုလုံးမှာ မပြတ်တမ်း သုံးစွဲထားပါတယ်။ လူသားတစ်ချို့ရဲ့ အခွင့်အရေးက အခြားသူတွေထက် ပိုပြီး အရေးကြီးနေပုံပါပဲ။

    တကယ်တော့ ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဟန့်တားနှောက်ယှက်မှုမရှိဘဲ စုံစမ်းစစ်ဆေးနိုင်ရပါမယ်။ မြန်မာနိုင်ငံမှာ ဂျာနယ်လစ်တွေ၊ အန်ဂျီအိုတွေ၊ ပညာရှင်တွေနဲ့ အခြားသာ သုတေသနပညာရှင်တွေကို ပိတ်ဆို့ဟန့်တားတယ်ဆိုတဲ့ မှတ်တမ်းတွေက လက်မခံနိုင်စရာပါပဲ။ ဒါပေမယ့် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေရဲ့ အထောက်အထားဟာ တားမရဆီးမရ ပေါ်ထွက်နေပါတယ်။ အခုလိုအချိန်မှာ မြန်မာနိုင်ငံအပေါ် ဖိအားပိုပေးဖို့အတွက် လမ်းကြောင်းအချို့ကို သုံးရပါမယ်။ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေကို ရင်ဆိုင်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူတွဲလုပ်တာဟာ – ရန်လိုမှုတွေ ကျယ်ကျယ်ပြန့်ပြန် ရှိနေတာကြောင့် – တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမယ့် တက်ကြွလှုပ်ရှားသူတွေကတော့ ဒီလိုဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေကအစိုးရတွေကလည်း နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးအပေါ် ထင်ထင်ရှားရှား အားပေးဆောင်ရွက်မှုအပေါ် မူတည်ပြီး မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး၊ အခြားသော သဘောတူစာချုပ်တွေ ချုပ်ဆိုတာမျိုးနဲ့ ဒီကိစ္စမှာ ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းတွေကိုလည်း သူတို့ရဲ့ အကျင့်အမူပိုင်းဆိုင်ရာ တာဝန်တွေနဲ့ပတ်သက်ပြီး ဖိအားပေးရပါမယ်။ ရိုဟင်ဂျာတွေကတော့ ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် နောက်ထပ် အစီရင်ခံစာတွေကို စောင့်လို့ရတော့မှာ မဟုတ်ပါဘူး။

    Ref : The Guardian

    (The Guardian ၀ဘ်ဆိုက်တွင် ဖော်ပြထားသည့် The Guardian view on Myanmar: some humans have more rights than others အယ်ဒီတာ့အာဘော်ကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

     

  • မြောက်ကိုရီးယားက မဟာမိတ်တရုတ်ကို ပြင်းပြင်းထန်ထန်ဝေဖန်

    မြောက်ကိုရီးယားက မဟာမိတ်တရုတ်ကို ပြင်းပြင်းထန်ထန်ဝေဖန်

    မေ ၄၊ ၂၀၁၇
    M-Media

    KCNA ၏ ၀ဘ်ဆိုက်တွင် တရုတ်နိုင်ငံအား ဝေဖန်မှုကို ဖော်ပြထားမှု

    – ၎င်းတို့၏ နျူကလီးယား လက်နက်အစီအစဉ်ကို ဝေဖန်မှုအတွက် မြောက်ကိုရီးယားက တရုတ်နိုင်ငံကို ရှုတ်ချပြောဆိုလိုက်ပြီး တရုတ်မှာ အမေရိကန်၏ တေးသွားအတိုင်း လိုက်၍ ကနေသည်ဟု ပြောကြားလိုက်သည်။

    မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA က ယမန်နေ့တွင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ရန်အတွက် မည်သည့်အခါမှ တောင်းပန် တိုလျှိုးသွားမည်မဟုတ်ဟုလည်း ဆိုသည်။

    တရုတ်နိုင်ငံက မြောက်ကိုရီးယား၏ နျူလက်နက် စီမံကိန်းအပေါ် ဝေဖန်မှုများမှာ ‘ယုတ္တိမရှိသော၊ သတိမမူသော မှတ်ချက်များ’ ဖြစ်သည်ဟု KCNA က ဖော်ပြခဲ့ပြီး၊ ‘အသိဉာဏ်မဲ့သော နိုင်ငံရေးသမားများ၊ မီဒီယာသမားများက’ ၁၀စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည့် မိမိတို့၏ ဆက်ဆံရေးကို ဖျက်ဆီးနေသည်ဟု စွပ်စွဲခဲ့သည်။

    မြောက်ကိုရီးယားက ဒုံးကျည်များ အဆက်မပြတ် စမ်းသပ်ပစ်လွှတ်မှုများကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဆောင်ရွက်ခဲ့ပြီးနောက် အမေရိကန်နှင့် မြောက်ကိုရီးယားအကြား တင်းမာမှုများ မြင့်တက်လာကာ မြောက်ကိုရီးယားကို ပိုမိုဖိအားပေးရန် တရုတ်နိုင်ငံကို အမေရိကန်က တောင်းဆိုမှုများလည်း ပေါ်ပေါက်လာခဲ့သည်။

    ယမန်နေ့ KCNA ၏ ထုတ်ပြန်မှုတွင် တရုတ်နိုင်ငံက ‘မိမိ၏ မိတ်ဆွေအပေါ် မဖြူစင်ဘဲ သစ္စာဖောက်ခဲ့သည်’ ဟုလည်း ပြစ်တင်ထားသည်။

    တရုတ်အစိုးရ၏ အာဘော် Global Times သတင်းစာ ယနေ့ထုတ်တွင် နျူလက်နက် ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားမှာ ၎င်း၏ လက်နက်အစီအစဉ်များနှင့်ပတ်သက်၍ ‘ပုံမှန်မဟုတ်သည့် အယူအဆအချို့ ’ ရှိနေသည်ဟု တုန့်ပြန်ခဲ့သည်။

    တရုတ်နှင့် မြောက်ကိုရီးယားတို့မှာ ၁၉၅၀-၅၃ ခုနှစ် ကိုရီးယား ပြည်တွင်းစစ်ပြီးနောက် ဆက်ဆံရေး နီးကပ်လာခဲ့ပြီး တရုတ်မှာ မြောက်ကိုရီးယား၏ အဓိက အားထားရသည့် မဟာမိတ် ဖြစ်လာခဲ့သည်။

    သို့သော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူစမ်းသပ်မှုများအတွက် တရုတ်နိုင်ငံက ဝေဖန်မှုများရှိခဲ့သည်။

    Ref: Aljazeera

  • အီဂျစ်အနုပညာရှင်တစ်ဦး ၎င်း၏ ကုရ်အာန်လက်ရေးမူကို ဂင်းနစ်မှတ်တမ်းဝင်ရန် မျှော်လင့်

    အီဂျစ်အနုပညာရှင်တစ်ဦး ၎င်း၏ ကုရ်အာန်လက်ရေးမူကို ဂင်းနစ်မှတ်တမ်းဝင်ရန် မျှော်လင့်

    မေ ၄၊ ၂၀၁၇
    M-Media

    မီတာ ၇၀၀ အရှည် စက္ကူလိပ်တွင် စအဒ်ရေးသားထားသည့် ကုရ်အာန်

    – အီဂျစ်နိုင်ငံက အနုပညာသမားတစ်ဦးဖြစ်တဲ့ စအဒ်မိုဟာမက်ဆိုသူဟာ ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို ၃ နှစ်အတွင်း လက်ရေးနဲ့ ရေးသားချယ်မှုန်းခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကုရ်အာန်ကျမ်းစာအုပ်အဖြစ် မှတ်တမ်းဝင်ဖို့လည်း မျှော်လင့်နေပါတယ်။

    ကိုင်ရိုမြို့မြောက်ဖက် ဘဲလ်ကီနာမှာ နေထိုင်တဲ့ စအဒ်ဟာ သူ့အိမ်ရဲ့ နံရံတွေနဲ့ မျက်နှာကျက်တွေမှာလည်း ကုရ်အာန်ကျမ်းက ပါဒတော်တွေကို စာပန်းချီ ချယ်မှုန်း အလှဆင်ထားပြီး၊ အခုတစ်ကြိမ်မှာတော့ မီတာ ၇၀၀ ရှည်တဲ့ စာရွက်လိပ်မှာ ကုရ်အန်တစ်အုပ်လုံးကို လက်ရေးနဲ့ ရေးသားခဲ့တာပါ။

    စာလုံးတိုင်းကို အနုစိတ်ကအစ အလှပဆုံး ချယ်မှုန်းထားတာဖြစ်ပြီး ဒီစာရွက်လိပ်ကြီးကို သစ်သားသေတ္တာထဲမှာ ရိုလာနဲ့ အလွယ်တကူ ဖတ်ရှုနိုင်အောင်လည်း သူက စီစဉ်ထားပါတယ်။

    “ဒီကုရ်အာန်ဟာ မီတာ ၇၀၀ ရှည်လျားပြီး၊ ဒါဟာ တ်ာတော်များတဲ့ စက္ကူပမာဏပါ။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဒီလုပ်ငန်းအတွက် ကိုယ်တိုင် ငွေကြေးစိုက်ထုတ်ခဲ့တာပါ။ ကျွန်တော်ဟာ သာမန်လူတန်းစားဖြစ်ပြီး ဘယ်လိုထာက်ပံ့မှုမျိုးမှ မရှိပါဘူး” လို့ စအဒ်က Reuters Television ကို ပြောကြားခဲ့ပါတယ်။

    စအဒ်က သူ့ရဲ့ ဒီ ကုရ်အာန်ကျမ်းတော်မြတ်ကို ဂင်းနစ်မှတ်တမ်းဝင်ဖို့ အလိုရှိနေပါတယ်။

    ဂင်းနစ်မှတ်တမ်းစာအုပ် တာဝန်ရှိသူတွေကတော့ သူတို့ရဲ့မှတ်တမ်းမှာ ကမ္ဘာ့အကြီးဆုံး ပုံနှိပ်ကုရ်အာန်စာအုပ်သာရှိနေပြီး၊ လက်ရေးနဲ့ ရေးထားတဲ့ မှတ်တမ်းတော့ မရှိဘူးလို့ ဆိုပါတယ်။

    ဒီလို ဂင်းနစ်မှတ်တမ်းဝင်နိုင်ဖို့ ကုန်ကျမယ့် ငွေကြေးအတွက် အစိုးရ၊ ဒါမှမဟုတ် အခြားသော စိတ်ဝင်စားသူတွေက ကူညီဖို့ စအဒ်က မျှော်လင့်နေပါတယ်။

    Ref: middle east eye

    စအဒ်က လက်ရေးဖြင့် ရေးသားထားသည့် ကုရ်အာန်ကျမ်းစာ လက်ရာတစ်ခု
    စအဒ်က လက်ရေးဖြင့် ရေးသားထားသည့် ကုရ်အာန်ကျမ်းစာ လက်ရာတစ်ခု
    စအဒ်က လက်ရေးဖြင့် ရေးသားထားသည့် ကုရ်အာန်ကျမ်းစာ လက်ရာတစ်ခု