News @ M-Media

Blog

  • IS ၏လုပ်ရပ်များ တမန်တော်မုဟမ္မဒ်၏ သွန်သင်မှုနှင့် ဆန့်ကျင်ကြောင်း သုတေသနတစ်ခုက ဖော်ပြ

    IS ၏လုပ်ရပ်များ တမန်တော်မုဟမ္မဒ်၏ သွန်သင်မှုနှင့် ဆန့်ကျင်ကြောင်း သုတေသနတစ်ခုက ဖော်ပြ

    မေ ၃၊ ၂၀၁၇
    M-Media

    – IS လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့က ခရစ်ယာန်တွေအပေါ်မှာ ညှင်းပမ်းနှိပ်စက်တာတွေဟာ တမန်တော်မုဟမ္မဒ်သခင်ရဲ့ လုပ်ရပ်တွေနဲ့ တစ်ခြားစီဖြစ်နေတယ်လို့ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။

    ခရစ်သက္ကရာဇ် ၆၂၂ ခုနှစ်ကနေ ၆၃၂ ခုနှစ်အထိ တမန်တော်မုဟမ္မဒ် ရေးသားခဲ့တဲ့ ပဋိဉာဏ်စာတမ်းတွေကို လေ့လာမှုအရ ခရစ်ယာန်တွေဟာ ‘အွမ္မဟ်’ လို့ခေါ်တဲ့ မွတ်စလင်လူ့အဖွဲ့အစည်းမှာ နေထိုင်ကာ ကာကွယ်စောင့်ရှောက်မှုကို ရရှိခဲ့တယ်လို့ ဖော်ပြနေပါတယ်။

    ဒီသုတေသနကို ပြုလုပ်ခဲ့သူ စာရေးဆရာ ခရေ့ဂ်ျ ကွန်စီဒိုင်းက တမန်တော်မုဟမ္မဒ် ထားရှိခဲ့တဲ့ မွတ်စလင်နိုင်ငံဆိုတဲ့ ရည်မှန်းချက်မှာ ဘာသာပေါင်းစုံဝါဒနဲ့ နိုင်ငံသားအခွင့်အရေးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

    “ခရစ်ယာန်တွေကို ညှင်းပမ်းတဲ့၊ ခွဲခြားဆက်ဆံတဲ့ လက်ရှိ IS အကြမ်းဖက်အဖွဲ့ဟာ တမန်တော်မုဟမ္မဒ်ရဲ့ ပဋိဉာဏ်စာတမ်းတွေနဲ့ တန်းညှိလို့ကို မရပါဘူး” လို့ သူက ပြောပါတယ်။

    တက္ကဆက်ပြည်နယ် Rice တက္ကသိုလ်က ဒေါက်တာ ခရေ့ဂ်ျ ကွန်စီဒိုင်းက ဒီပဋိဉာဏ်စာတမ်းတွေကို ပြန်လည်တွေ့ရှိ ဖော်ထုတ်နိုင်တာဟာ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေကို လျော့ကျစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

    ပြီးတော့ ဒီအထောက်အထားတွေဟာ ‘အစ္စလာမ့်မစ် အစွန်းရောက်ဝါဒနဲ့ အစ္စလာမ်ကြောက်ရောဂါ တွေကို ကုသနိုင်မယ့် ဆေးဝါးတစ်ခု’ အဖြစ် ရှုမြင်နိုင်မှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

    “တမန်တော်မုဟမ္မဒ်ဟာ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို အဓိကထားပါတယ်။ ဒီတရားတွေက အမေရိကန်လူ့အဖွဲ့အစည်း – တကယ်တော့ ကမ္ဘာကြီးတစ်ခုလုံး လက်ရှိ ပိုပြီးလိုအပ်နေတဲ့ အရာတွေ ဖြစ်ပါတယ်”

    ဒေါက်တာ ခရေ့ဂ်ျကွန်စီဒိုင်းရဲ့ အဆိုအရ တမန်တော်မုဟမ္မဒ်သခင်ရဲ့ ဒီ ပဋိဉာဏ်စာတမ်းတွေဟာ ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်ဘုရားကျောင်းတွေမှာ တည်ရှိနေပြီး၊ ရာစုနှစ်ပါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်နေတယ်လို့ သိရပါတယ်။ နောက်ပြီး လူသိများစေမယ့် ဘာသာပြန်ဆိုဖော်ပြမှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။

    “အီရတ်နဲ့ ဆီးရီးယားတို့လို နိုင်ငံတွေမှာ ခရစ်ယာန်တွေအပေါ် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကြောင့် ပညာရှင်တွေ၊ ယုံကြည်သူတွေက ဒီစာတမ်းတွေဖက်ကို အာရုံလှည့်လာပါတယ်။ တမန်တော်မုဟမ္မဒ်က ခရစ်ယာန်တွေအပေါ်မှာ အန္တရာယ် မကျရောက်စေချင်သလို၊ သူတို့ရဲ့ တစ်ကိုယ်ရည်လွတ်လပ်ခွင့်ကို နှောက်ယှက်တာ၊ ပိုင်နက်တွေကို ကျူးကျော်တာမျိုးလည်း မလုပ်ပါဘူး။ အုပ်စုတစ်ခု ဒါမှမဟုတ် အုပ်စု အများကြီးကို ပစားပေးတာဟာ နိုင်ငံသားတွေကို လူမျိုး၊ ယဉ်ကျေးမှုနောက်ခံအပေါ် အခြေခံပြီး တန်ဖိုးချတာပါပဲ” လို့ ဒေါက်တာ ကွန်စီဒိုင်းက ပြောကြားခဲ့ပါတယ်။

    Ref: Independent

  • အမုန်းစကားဟောသည့် တရားဟောဆရာ ၆ ဦးကို ဒိန်းမတ် ပြည်ဝင်ခွင့် ပိတ်ပင်

    အမုန်းစကားဟောသည့် တရားဟောဆရာ ၆ ဦးကို ဒိန်းမတ် ပြည်ဝင်ခွင့် ပိတ်ပင်

    မေ ၃၊ ၂၀၁၇
    M-Media

    – အမုန်းစကားများ ဟောကြားသည့် ကမ္ဘာတစ်ဝှမ်းမှ တရားဟောဆရာ ၆ ဦးကို ဒိန်းမတ်နိုင်ငံက ၂ နှစ် ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီး အမုန်စကားများကို တာဆီးရန်နှင့် လူမှုသဟဇာတဖြစ်မှုကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

    အဆိုပါ ၆ ဦးမှာ ကနေဒါ၊ ဆော်ဒီ၊ ဆီးရီးယားနှင့် အမေရိကန်တို့မှ မွတ်စလင်တရားဟောဆရာ ၅ ဦးနှင့် ၂၀၁၁ ခုနှစ်တွင် ကုရ်အာန်ကျမ်းများကို မီးရှို့ခဲ့သည့် အမေရိကန် ခရစ်ယာန်သင်းအုပ်ဆရာ တယ်ရီဂျုံးတို့ ဖြစ်သည်။

    “ဒီလူတွေကို ဒိန်းမတ်နိုင်ငံက မကြိုဆိုဘူးဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်း သိသွားတဲ့အတွက် ကျွန်တော် ကျေနပ်ပါတယ်” ဟု နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် သဟဇာတဖြစ်ရး ၀န်ကြီး Inger Stoejberg က ယမန်နေ့ ထိုစာရင်းအား ကြေငြာစဉ် ပြောကြားခဲ့သည်။

    အဆိုပါ တရားဟောဆရာ ၆ ဦးမှာ လာမည့် ၂ နှစ်အတွင်း ဒိန်းမတ်နိုင်ငံသို့ ၀င်ရောက်ခွင့် ရမည်မဟုတ်ဘဲ ဖောက်ဖျက်ပါက ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ငွေဒဏ် ကျခံရမည်ဖြစ်သည်။

    Inger Stoejberg ကမူ အဆိုပါ ၆ ဦး စလုံးမှာ အမုန်းတရားကို ဟောကြားသူများဖြစ်ပြီး၊ မိမိတို့၏ ဒီမိုကရေစီတန်ဖိုး၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေး အခြေခံတန်ဖိုးများကို ဖျက်ဆီးရန် ကြိုးစားနေသောသူများ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဒိန်းမတ်နိုင်ငံမှာ ထိုကဲ့သို့ ဥပဒေမျိုး ထုတ်ပြန်သည့် ပထမဆုံး ဥရောပနိုင်ငံ မဟုတ်ဘဲ၊ ယူကေတွင်လည်း ရာဇ၀တ်မှုပြစ်ချက်ရှိသူ သို့မဟုတ် အများပြည်သူအပေါ် ကောင်းကျိုးမသက်ရောက်စေသူများကို တိုင်းပြည်အတွင်း ၀င်ရောက်ခွင့် ပိတ်ပင်နိုင်သည်။

    Ref : DW

  • အိမ်တစ်လုံးဆောက်ဖို့ နာရီပိုင်းသာကြာတော့မယ့် နောက်ဆုံးပေါ် 3D စက်ရုပ်

    အိမ်တစ်လုံးဆောက်ဖို့ နာရီပိုင်းသာကြာတော့မယ့် နောက်ဆုံးပေါ် 3D စက်ရုပ်

    မေ ၃၊ ၂၀၁၇
    M-Media

    Digital Construction Platform စက်ရုပ်ဖြင့် ဆောက်လုပ်ထားသည့် အိမ်

    – အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက် နည်းပညာ အင်စတီကျု (MIT) ဟာ အဆောက်အဦး အကြမ်းထည်တစ်ခုကို ၁၄ နာရီအတွင်း ဆောက်လုပ်နိုင်မယ့် စက်ရုပ်စနစ်တစ်ခုကို တီထွင်ခဲ့ပါတယ်။

    Digital Construction Platform လို့ခေါ်တဲ့ ဒီစနစ်ရဲ့ ကနဦးနမူနာပုံစံဟာ ကားတစ်စီးပုံစံဖြစ်နေပြီး စက်ရုပ်မှာ မောင်းတံ အရှည်တစ်ခုနဲ့ အတိုတစ်ခု ပါဝင်ကာ အချင်း ပေ ၅၀ ရှိပြီး အမြင့် ၁၂ ပေရှိတဲ့ အမိုးခုံးပုံစံ အဆောက်အဦး အကြမ်းထည်ကို ၁၄ နာရီတည်းနဲ့ ဆောက်လုပ်နိုင်ပါတယ်။

    မောင်းတံအတိုမှာတော့ ၀ရိန်ဆော်တဲ့ကိရိယာ၊ ဆေးမှုတ်တဲ့ ကိရိယာတွေလို အခြားသာ အရာတွေကိုလည်း တပ်ဆင်နိုင်ပါတယ်။

    “ဒီစနစ်နဲ့ ကျွန်တော်တို့ဟာ အခုအချိန်မှာ အဆောက်အဦး ဆောက်လုပ်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုကို အစားထိုးနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ထည့်သွင်းနိုင်တော့မှာပါ” လို့ Science Robotics ဂျာနယ်က ဆောင်းပါးကို ပူးတွဲရေးသားသူ စတီဗင် ကိတ်တင်းက ပြောကြားခဲ့ပါတယ်။

    ဒီနည်းပညာဟာ ပုံမှန် အဆောက်အဦးဆောက်လုပ်တဲ့ နည်းလမ်းတွေနဲ့ ယှဉ်ရင် ပိုမြန်၊ ပိုဈေးသက်သာပြီး၊ ပြောင်းလွယ်ပြင်လွယ်ဖြစ်တယ်လို့လည်း ဖန်တီးသူတွေက ပြောပါတယ်။

    Digital Construction Platform စက်ရုပ်ဖြင့် ဆောက်လုပ်နေစဉ်

    သာမန် 3D ပရင်တာတွေနဲ့မတူတာက ဒီစက်ရုပ်ဟာ အလွယ်တကူ ရွေ့လျားနိုင်ပြီး ဘယ်လိုအရွယ်အစားမျိုးကိုမဆို ဆောက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်တစ်ခုလုံးအတွက် ပါဝါကိုတော့ နေစွမ်းအင်အသုံးပြုပြီး ပေးတာဖြစ်ပါတယ်။

    အခုနှစ်တွေအတွင်းမှာ 3D printing နည်းပညာဟာ တိုးတက်လာခဲ့ပြီး ဖေဖော်ဝါရီလတုန်းကဆိုရင် လုပ်ငန်းသစ်လေးတစ်ခုဖြစ်တဲ့ Apis Cor ဟာ ရုရှားမှာ ဒေါ်လာ ၁၀၀၀၀ တန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်း၊ 3D printing စက်ရုပ်တစ်ခုနဲ့ စကွဲယားကီလိုမီတာ ၄၀၀ ရှိတဲ့ အိမ်တစ်လုံးကို ဆောက်မယ်လို့ ကြေငြောဖူးပါတယ်။

    ၂၀၁၅ ခုနှစ်မှာ အမေရိကန်က Oak Ridge National Laboratory ဟာ 3D ပရင်တာနဲ့ ရွေ့လျားအိမ်တစ်လုံးကို ဆောက်လုပ်ခဲ့သလို၊ ၂၀၁၄ ခုနှစ်ကလည်း မင်နီဆိုတာမှာ ရဲတိုက်တစ်တစ်ခုကို ဆောင်လုပ်ခဲ့ပါတယ်။

    MIT ကတော့ သူတို့ရဲ့ ဒီစက်ရုပ်ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့တဲ့နေရာတွေမှာ အသုံးပြုသွားဖို့ ရည်ရွယ်နေပါတယ်။

    Ref: CNN

  • အမေရိကန်နှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည်မဟုတ်

    အမေရိကန်နှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည်မဟုတ်

    မေ ၃၊ ၂၀၁၇
    M-Media

    – မနက်ဖြန်တွင် ၀ါရှင်တန်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်နှင့် အရှေ့တောင်အာရှမှ ထိပ်တန်းသံတမန်များ တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်ဟု သိရသည်။

    မြန်မာအပါအ၀င် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးမှာ အကျပိုင်းသို့ ရောက်နေပြီး၊ ထရမ့်အစိုးရ၏ ဒေသတွင်းနှင့်ပတ်သက်သည့် မူဝါဒကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးချိန် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။

    အဆိုပါတွေ့ဆုံမှုတွင် အာဆီယံနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်မည်ဖြစ်ပြီး ကုန်သွယ်ရေး၊ တောင်တရုတ်ပင်လယ်မှ ပိုင်နက်အငြင်းပွားမှု၊ ရာဇ၀တ်မှုနှင့် အခြားသော ကိစ္စများကို ဆွေးနွေးဖွယ်ရှိနေသည်။

    အတိုပင်ခံရုံးမှ တာဝန်ရှိသူ ဦးဇော်ဌေးက ဒေါ်အောင်ဆန်းစုကြည်မှာ ထိုနေ့တွင် ဥရောပ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ရှိနေသောကြောင့် တက်ရောက်နိုင်မည်မဟုတ်ကြောင်း၊ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းကို စေလွှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်မှာ ဥရောပခရီးစဉ်အဖြစ် တနင်္လာနေ့ ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိလာခဲ့ပြီး၊ ဗြိတိန်နှင့် အီတလီသို့ သွားရာက်မည်ဖြစ်သည်။

    ရန်ကုန်ရှိ သံတမန်အသိုင်းအ၀ိုင်းက ဒေါ်နယ်ထရမ့်အစိုး၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပေါ်လစီမှာ သမ္မတဟောင် အိုဘားမား၏ ပေါ်လစီအတိုင်း ဆက်သွားဖွယ်ရှိသည်ဟု သုံးသပ်ကြသည်။

    ဒေါ်အောင်ဆန်းစုကြည်မှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီး၊ ထိုစဉ်က သမ္မတအိုဘားမားမှာ မြန်မာနိုင်ငံအပေါ် ရှိနေသည့် ပိတ်ဆို့အားလုံးကို ဖယ်ရှားရန် သဘောတူခဲ့သည်။

    Ref: Reuters

  • ဂျစ်ဒါလေဆိပ် လည်ပတ်ရေး စင်ကာပူလုပ်ငန်းတစ်ခု လုပ်ပိုင်ခွင့်ရရှိ

    ဂျစ်ဒါလေဆိပ် လည်ပတ်ရေး စင်ကာပူလုပ်ငန်းတစ်ခု လုပ်ပိုင်ခွင့်ရရှိ

    မေ ၃၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့ရှိ ဘုရင် အဘ်ဒူလ်အဇစ် နိုင်ငံတကာ လေဆိပ် (KAIA) အား နှစ်ပေါင်း ၂၀ အထိ စီမံခန့်ခွဲခွင့်ကို စင်ကာပူ ချန်ဂီလေဆိပ်အုပ်စု (CAG) က ဦးဆောင်သည့် လုပ်ငန်းစုတစ်ခုက ရရှိသွားသည်ဟု သိရသည်။

    ချန်ဂီလေဆိပ် လည်ပတ်ရေးနှင့် စီမံခန့်ခွဲရေးအတွက် တာဝန်ယူထားသည့် CAG အုပ်စုမှ အလုံးစုံပိုင်ဆိုင်သော ချန်ဂီ နိုင်ငံတကာ လေဆိပ်မှ တနင်္လာနေ့က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဆော်ဒီ အရပ်ဖက်လကြောင်း အာဏာပိုင်အဖွဲ့ (GACA) က မိမိတို့ကို လေလံအောင်သူအဖြစ် ရွေးချယ်ခဲ့သည်ဟု ဖော်ပြထားသည်။

    “ဒါဟာ လွန်ခဲ့တဲ့ ၈ နှစ် ဒမ်မမ်လေဆိပ်ကို စတင်ပြီး စီမံခန့်ခွဲစဉ်ကတည်းက ရှိခဲ့တဲ့ GACA နဲ့ မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာစေမယ့် စမ်းသပ်မှုတစ်ခုပါပဲ။ ဂျစ်ဒါနဲ့ ဆော်ဒီအာရေဗျက ပြည်သူတွေ၊ ခရီးသွားတွေကို ၀န်ဆောင်မှုပေးရင်း KAIA ကို ကမ္ဘာ့အဆင့် လေဆိပ်တစ်ခုအဖြစ် တိုးတက်စေဖို့ ကျွန်တော်တို့ ရှေ့ဆက် ဆောင်ရွက်သွားမှာပါ” ဟု CAI ၏ အမှုဆောင်ဒါရိုက်တာ Lim Liang Song က ပြောကြားခဲ့သည်။

    KAIA မှာ ဂျစ်ဒါရှိ အဓိက လေဆိပ်တစ်ခုဖြစ်ပြီး ဆော်ဒီအာရေဗျ၏ လူဝင်ထွက်မှုအများဆုံး လေဆိပ်တစ်ခုလည်းဖြစ်သည်။ CAI ကမူ ဂျစ်ဒါမြိုကမှာ ဆော်ဒီ၏ စီးပွားရေး အချက်အခြာနေရာဖြစ်ပြီး မက္ကာသို့ ၀င်ပေါက်လည်းဖြစ်သည်ဟု ဆိုသည်။

    ဘရာဇီးလ်၊ အိန္ဒိယ၊ ရုရှားတို့အပါအ၀င် CAI က စီမံခန့်ခွဲနေသည့် လေဆိပ်များမှာ ကမ္ဘာ့ နိုင်ငံပေါင်း ၂၀ ကျော်၌ ၅၀ ကျော် ရှိနေသည်။

    Ref: Today Online