News @ M-Media

Blog

  • ဖမ်းထားသည့် အရက်များကို ကြွက်များ သောက်သွားသည်ဟု အိန္ဒိယရဲတပ်ဖွဲ့ ထုတ်ပြန်

    ဖမ်းထားသည့် အရက်များကို ကြွက်များ သောက်သွားသည်ဟု အိန္ဒိယရဲတပ်ဖွဲ့ ထုတ်ပြန်

    မေ ၇၊ ၂၀၁၇
    M-Media

    – ပြီးခဲ့တဲ့နှစ်အတွင်း သိမ်းဆည်းထားတဲ့ အရက်တွေထဲမှာ တော်တော်များများ လျော့နေတာဟာ ကြွက်တွေက ဖောက်သောက်သွားလို့ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

    ဘီဟာရ်ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက အရက်သေစာကို ပိတ်ပင်ခဲ့တာပါ။

    ဒီတစ်ပတ်အတွင်း ပြည်နယ်မြို့တော် ပတ္တနာမှာလုပ်တဲ့ ရဲတပ်ဖွဲ့ အစည်းအဝေးမှာ မှောင်ခိုပစ္စည်းအဖြစ် ဖမ်းဆီးထားတဲ့ အရက်တွေ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး လီတာ ၉ သိန်းလောက်ကို ကြွက်တွေက သောက်သွားတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ မာနူ မဟာရဂ်ျကို အစီရင်ခံခဲ့ကြောင်း The Hindu သတင်းစာက ဖော်ပြပါတယ်။

    ဒါပေမယ့် ဖန်ပုလင်းကို ကြွက်က ဘယ်လို ဖောက်ပြီး သောက်သွားလဲဆိုတာကတော့ ပဟေဠိဖြစ်နေဆဲပါ။ လက်အောက်ငယ်သားတွေက ကြွက်တွေဟာ အဖုန်းတွေကို ကိုက်ဖြတ်ပြီး အရက်ကို တဂွတ်ဂွတ် သောက်သွားတာဖြစ်ကြောင်း မဟာရဂ်ျကို တင်ပြခဲ့ပါတယ်

    ဒီသတင်း ထွက်လာပြီးနောက်ပိုင်းမှာ မဟာရဂ်ျက ပြည်နယ်တစ်ဝှမ်းက ရဲတပ်စခန်းတွေအနေနဲ့ ဖမ်းဆီးထားတဲ့ ပစ္စည်းတွေ သိမ်းထားတဲ့နေရာမှာ ကြွက်သက်ဆေးတွေဖြန်းဖို့၊ တစ်ချို့ ရဲစခန်းတွေအနေနဲ့ ဒီပစ္စည်းတွေထားနိုင်မယ့် နောက်ထပ် နေရာတစ်ခုခုကို ငှားရမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။

    အရက်တွေကို ကြွက်က သောက်သွားတယ်ဆိုတဲ့ ရှင်းပြမှုကို မဟာရဂ်ျတစ်ယောက် အပြည့်အ၀ မယုံကြည်ဘဲ ရဲတပ်ဖွဲ့ဝင်တွေကို အရက်သောက်ထားမှု ရှိ၊ မရှိ ပုံမှန်စစ်ဆေးဖို့လည်း အမိန့်ပေးခဲ့ပြီး စစ်ဆေးမှုကျရင်တော့ အလုပ်ပြုတ်မယ်လို့ သတိပေးခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့မှာပဲ ပတ္တနာက ရဲတပ်စခန်းတစ်ခုအတွင်းမှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အရက်သောက်နေတာကို ဖမ်းဆီးနိုင်ခဲ့ပြီး မဟာရဂ်ျရဲ့ အမိန့်သစ်နဲ့ သက်ဆိုင်ခြင်း ရှိ၊ မရှိတော့ မသိရသေးပါဘူး။

    Ref: RT

  • မြန်မာနိုင်ငံမှ ခရစ်ယာန်များ (သို့မဟုတ်) အမေရိက၏ အကြီးဆုံး ဒုက္ခသည်အုပ်စု

    မြန်မာနိုင်ငံမှ ခရစ်ယာန်များ (သို့မဟုတ်) အမေရိက၏ အကြီးဆုံး ဒုက္ခသည်အုပ်စု

    မေ ၆၊ ၂၀၁၇
    M-Media

    ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များ

    – မြန်မာနိုင်ငံအရှေ့ပိုင်း မြေမြှုပ်မိုင်းတွေ ခြေချမလွဲရှိနေတဲ့ တောထဲမှာ မွေးဖွားလာတဲ့ Kaw Hser အတွက် အမေရိကန်ဆိုတာ ‘အိမ်မက်တိုင်းပြည်’ ပါ။

    ဒါပေမယ့် ဒီအိပ်မက်ဟာ နယူးယောက်အထက်ပိုင်းက Wal-Mart ကုန်စုံဆိုင်မှာ နည်းနည်းလေး မှေးမှိန်သွားခဲ့ပါတယ်။

    အသက် ၂၆ နှစ်အရွယ် သူဟာ အဲဒီ ကုန်စုံဆိုင်မှာ အရောင်းအကူအဖြစ် အလုပ်လုပ်တာဖြစ်ပြီး ဒါဟာ အမေရိကမှာ ဘ၀အသစ်စဖို့ကြိုးပမ်းစဉ် သူလုပ်ခဲ့ရတဲ့ ငြီးငွေ့စရာ အလုပ် ၃ ခုက တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ချို့ဈေးဝယ်သူတွေက လိုချင်တဲ့ပစ္စည်း ရှာဖို့အတွက် အကူအညီလိုပါတယ်။ အလုပ်နဲ့ သိပ်အကျွမ်းမ၀င်သေးတဲ့ Kaw Hser က အဲဒီ ပစ္စည်း ဘယ်မှာရှိလဲဆိုတာ မသိပါဘူး။

    ဒါ့ကြောင့် အမျိုးသမီးတစ်ဦးက ပေါက်ကွဲခဲ့ပါတယ်။

    “နင်ထွက်လာတဲ့တွင်းထဲ သွားပြန်အောင်း ဟဲ့အကောင်ရဲ့” လို့ အပြောခံခဲ့ရပါတယ်။

    “သူက ကျွန်တော့်ကို အဲလိုပြောတာဗျ” လို့ Kaw Hser က ဖွင့်ဟပါတယ်။

    ဒါဟာ ဒုက္ခသည်တွေအပေါ်မှာ အမေရိကရဲ့ ပုံသေတွက်လို့မရတဲ့ သဘောထားတွေထဲက Kaw Hser တစ်ယောက် စောစောစီးစီး ခံစားလိုက်ရတဲ့ သင်ခန်းစာတစ်ခုပါ။

    အမေရိကန်ဟာ စိတ်ငြီးညူဖွယ် ဒုက္ခသည်စခန်းကနေ သူ့ကို ကယ်တင်ခဲ့တဲ့ နိုင်ငံတစ်ခုပါ။ ပြီးခဲ့တဲ့ ၁၀ စုနှစ် ၃ ခုအတွင်းမှာ ဒုက္ခသည်ပေါင်း ၃ သန်းလောက်ကို အမေရိကန်က ကြိုဆိုခဲ့ပါတယ်။ Kaw Hser တစ်ယောက် ဒီအတွက် အတိုင်းအဆမရှိ ကျေးဇူးတင်နေပါတယ်။

    ဒါပေမယ့် ဒီနိုင်ငံမှာ မွေးဖွားတဲ့ နိုင်ငံသားတွေက ဒုက္ခသည်တွေကို သံသယပြင်းပြင်းနဲ့ ရှုမြင်ကြပါတယ်။ အမေရိကန်နိုင်ငံသား တစ်ဝက်ကျော်ကျော်လောက်က ဒုက္ခသည်တွေဟာ ‘နောက်ထပ် ၀င်ရောက်ခွင့် ကန့်သတ်ရလောက်အောင် အန္တရာယ်ကြီးကြီး ရှိနေတယ်’ လို့ ထင်ကြပါတယ်။

    အဲဒီလို ထင်တဲ့သူတွေက တစ်ဦးကတော့ သမ္မတ ဒေါ်နယ်ထရမ့်ပါ။

    ဆီးရီးယားက စစ်ပွဲကြောင့် ထွက်ပြးလာတဲ့ ဒုက္ခသည်တွေဟာ အကြမ်းဖက်ဝါဒရဲ့ ထရိုဂျန်တွေဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။ တစ်ချို့လူတွေက အမေရိကန်ကို လှိမ့်ဝင်လာဖို့ ‘အထောက်အထားအတုတွေ လုပ်ကြတယ်’ လို့လည်း သူက ပြောပါတယ်။ ဒီသဘောထားဟာ အုပ်ချုပ်ရေး ငရဲခန်းအဆင့်ဆင့်ကို ကြိုးကြိုးစားစား ဖြတ်ကျော်ခဲ့ရတဲ့ ခိုလှုံခွင့် တောင်းခံသူတိုင်းအတွက် စိတ်ကသိကအောင့်ဖြစ်စရာ သဘောထားလည်း ဖြစ်ပါတယ်။

    ထရမ့်ရဲ့ ပြောကြားမှုတွေမှာ ‘ဒုက္ခသည်’ ဆိုတဲ့ စကားလုံးကို IS ရဲ့ အသွင်ပြောင်း အေးဂျင့်တွေဖြစ်နိုင်တဲ့ မွတ်စလင်တွေကို မသိမသာ ရည်ညွှန်းတာမျိုးအတွက် မကြာခဏ သုံးစွဲလေ့ရှိပါတယ်။

    ဒါပေမယ့် ဒီလိုသုံးစွဲမှုက အမေရိကန်နဲ့ ဒုက္ခသည်တွေ ဆက်စပ်မှု မူရင်းဇစ်မြစ်တွေနဲ့ တော်တော်လေးကို ရှေ့နောက်မညီမှု၊ လှည့်ဖျားမှုပါ။ အမေရိကန်မှာ ခေတ်သစ်ဒုက္ခသည်တွေထဲက အကြီးဆုံးအုပ်စုဟာ ဆီးရီးယား၊ အီရတ်ကလူတွေ မဟုတ်သလို၊ မွတ်စလင်တွေ အာရပ်တွေလည်း မဟုတ်ပါဘူး။

    သူတို့တွေဟာ အရင်က ဘားမားလို့ခေါ်တဲ့ မြန်မာနိုင်ငံက ခရစ်ယာန်တွေပဲဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အမေရိကန်ရောက် ဒုက္ခသည်တွေထဲက ၄ ဦးမှာ တစ်ဦးက မြန်မာနိုင်ငံက ဖြစ်ပါတယ်။

    သူတို့တွေရဲ့ အရေအတွက်ဟာ ၁၆၀,၀၀၀ လောက်ရှိနေပြီး ဂျော်ဂျီယာပြည်နယ်က မာကွန်မြို့၊ မက်ဆာချူးဆက်ပြည်နယ် စပရင်းဖီးလ်မြို့တို့က လူဦးရေထက်ကို များနေတာပါ။

    ဒီဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ တောတောင်ထူထပ်တဲ့ နေရာတွေရဲ့ ဥပဒေမစိုးမိုးတဲ့ ဒေသတွေက လာတာဖြစ်ပါတယ်။ သူတို့ဟာ ကရင်၊ ချင်း၊ ကချင်လို့ခေါ်တဲ့ တိုင်းရင်းသားလူမျိုးစုဝင်တွေ ဖြစ်ပါတယ်။ ဘာသာရေးပိုင်းဆိုင်ရာမှာ အမေရိကန်နဲ့ ဆက်နွယ်နီးစပ်တယ်လို့ တစ်ခါတစ်ရံမှာ သူတို့က ထင်ကြပါတယ်။

    ဒါပေမယ့် အမေရိကန်ကို ရောက်လာသူတွေကတော့ အမေရိကန်တွေမှာ သူတို့ထင်ထားသလို သဘောထားမျိုး မရှိဘူးဆိုတာကို တွေ့ရပါတယ်။

    “လူတိုင်းက ကျွန်တော့်ကို တရုတ်လို့ထင်တယ်။ သူတို့က ‘မင်းကို ငါတို့က တရုတ်လို့ထင်တာ’ လို့ပြောတယ်။ ‘မဟုတ်ဘူး။ ကျွန်တော် ကရင်’ လို့ပြောရင် ‘ကိုရီးယားလား’ လုပ်တယ်။ မဟုတ်ဘူး K-A-R-E-N လို့ စာလုံးပေါင်းပြရတယ်” လို့ Kaw Hser ဖွင့်ဟခဲ့ပါတယ်။

    ၁၉ ရာစု အမေရိကန် သာသနာပြုတွေရဲ့ ရွက်လွှင့် သာသနာပြုမှုကြောင့် မြန်မာနိုင်ငံက ဒုက္ခသည်အများစုဟာ နှင်းခြင်းအသင်းတော်ဝင်တွေဖြစ်ပါတယ်။ အမေရိကန်မှာတော့ ဒီအသင်းတော်ဟာ အနည်းဆုံးတော့ ဒေါ်နယ်ထရမ့်နဲ့ ခိုင်ခိုင်မာမာ ပတ်သက်နေပါတယ်။

    ဒါပေမယ့် ဒါက ထရမ့်ရဲ့ ပေါ်လစီတွေကနေ မြန်မာနိုင်ငံက ခရစ်ယာန်ဒုက္ခသည်တွေကို မလွတ်မြောက်စေပါဘူး။ သမ္မတက ဒီနှစ်အတွင်းမှာ လက်ခံဖို့ရှိတဲ့ ဒုက္ခသည်တွေထဲက အရေအတွက် ၆၅၀၀၀ ကို လက်မခံဖို့ စီစဉ်ထားပြီး မြန်မာ၊ အီရတ်တို့ကနေ ကွန်ဂိုနိုင်ငံက ဒုက္ခသည်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် အထိနာမှာပါ။

    ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းမှာ အမေရိကန်ဟာ ဒုက္ခသည် ၁၁၀,၀၀၀ လက်ခံဖို့ စီစဉ်ထားပေမယ့် ထရမ့်ရဲ့ အမိန့်ကြောင့် ၅ သောင်းပဲ လက်ခံတော့မှာပါတယ်။ အဲဒီအမိန့်ဟာ ခရီးသွားလာမှု ပိတ်ပင်တဲ့ အမိန့်နဲ့ တစ်ပါတည်း တွဲပါလာတာဖြစ်ပြီး အခုအချိန်မှာ ဗီဇာပိတ်ပင်မှုဟာ တရားရုံးရဲ့ ဆိုင်းငံခြင်းကို ခံထားရပေမယ့် ဒုက္ခသည်ကန့်သတ်မှုကတော့ ဆက်ရှိနေဆဲပါ။ တရားသူကြီးတွေက ဒုက္ခသည်တွေကန့်သတ်တဲ့ သမ္မတရဲ့ ပါဝါကို တားဆီးဟန့်တားတာမျိုး မရှိပါဘူး။

    “သမ္မတက ဒါမျိုးတွေ ဘာ့ကြောင့်ပြောလဲဆိုတာ ကျွန်တော်တို့ နားမလည်ပါဘူး။ အမေရိကန်နိုင်ငံသားတွေက ရွှေ့ပြောင်းအခြေချတဲ့ လူ့အဖွဲ့အစည်းအပေါ် မနှစ်မြို့တာမျိုး သူက ဖြစ်စေချင်တာပါ။ ကျွန်တော်တို့ အလုပ်ကြိုးစားချင်တယ်။ ဘုရားကျောင်းတက်ချင်တယ်။ ပြောင်းရွှေ့အခြေချသူတိုင်းက ပြဿနာ လုပ်ကြတာ မဟုတ်ပါဘူး။ ဒုက္ခသည်အားလုံးက ဗုံးခွဲဖို့ ရူးသွပ်နေကြသူတွေ မဟုတ်ပါဘူး” လို့ Kaw Hser က ပြောပါတယ်။

    တကယ်တော့ မြန်မာနိုင်ငံက ခရစ်ယာန် ဒုက္ခသည်တွေဟာ ငယ်ငယ်ရွယ်ရွယ်ကတည်းက အမေရိကန်နဲ့ ကျွမ်းဝင်နေကြတာပါ။ တော်တော်များများဟာ မြန်မာနိုင်ငံနဲ့ နယ်မြေတော်တော်များများ ထိစပ်နေတဲ့ ထိုင်းနိုင်ငံက ကုလကြီးကြပ်တဲ့ ဒုက္ခသည်စခန်းတွေမှာ ကြီးပြင်းလာရတာဖြစ်ပါတယ်။

    Kaw Hser ကလည်း ဒီ ဒုက္ခသည်စခန်းတွေမှာ ကြီးပြင်းလာတာပါ။ အခြားသော လူသောင်းချီနဲ့အတူ သူဟာ အမေရိကန်အကူအညီနဲ့ ရေသန့်၊ ကာကွယ်ဆေးနဲ့ အခြေခံပညာရေးတွေရရှိတဲ့ ဒီအသိုင်းအ၀ိုင်းထဲမှာ နေခဲ့ရပါတယ်။ နေ့လည်ပိုင်းတွေကိုတော့ ဟောလီးဝုဒ် စွန့်စားခန်း ရုပ်ရှင် ကော်ပီခွေတွေကို ကြည့်ရှုရင်း ဖြတ်သန်းခဲ့ရပါတယ်။

    ဒီ ဒုက္ခသည်စခန်းတွေမှာ ‘အမေရိကန်အစိုးရက ပေးအပ်သည့် ရန်ပုံငွေဖြင့် ဆောက်လုပ်ထားသည်’ လို့ ရေးသားထားပြီး အမေရိကန်အလံကို ချယ်သထားတဲ့ ယိုင်နဲ့နဲ့ သစ်သားအဖီလေးတွေ အခုအချိန် ရှိနေတုန်းပါ။

    “နှစ်တော်တော်များများ အမေရိကန်က ကျွန်တော်တို့ကို ထောက်ပံ့ခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာသာမကပါဘူး။ စိတ်ပိုင်းဆိုင်ရာလည်း ထောက်ပံ့ပေးခဲ့ပါတယ်” လို့ အာရှရဲ့ အကြီးဆုံး ဒုက္ခသည်စခန်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ကာလရှည် ညှင်းပမ်း နှိပ်စက်ခံရတဲ့ ကရင်ဒုက္ခသည်တွေ ပြည့်နှက်နေတဲ့ မယ်လ ဒုက္ခသည်စခန်းက အသက် ၄၀ အရွယ် ခရစ်ယာန်တရားဟောဆရာ Winner က ပြောပါတယ်။

    “အမေရိကနဲ့ ကရင် – ကျွန်တော်တို့ဟာ ညီအစ်ကိုတွေပါ။ ၁၈၃၀ ပြည့်နှစ်တွေမှာ အမေရိကန် သာသနာပြုအဖွဲ့တွေ လာရောက်ပြီး ကျွန်တော်တို့ကို ဘာသာပြောင်းစေခဲ့ပါတယ်။ အဲဒီအရင်တုန်းက ကရင် သမိုင်းမှာ လူဖြူတွေ ရောက်လာပြီး ‘ဒီသတင်းကောင်းကို’ ကရင်လူမျိုးတွေအတွက် ယူဆောင်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ခဲ့ကြပါတယ်” လို့ Winner က ဆိုပါတယ်။

    အမေရိကန်က နှစ်ခြင်းအသင်းဝင်တွေ ရင်းနှီးတဲ့ ဓမ္မတေးမျိုးတွေ တနင်္ဂနွေနေ့ မနက်တွေမှာ Winner ဦးဆောင်တဲ့ ဘုရားကျောင်းထဲက သီကျူးမှုကို ဘုရားကျောင်းနောက်ဖက် တောင်တန်းတွေကနေ ရှင်းရှင်းလင်းလင်း ကြားနိုင်ပါတယ်။

    အမေရိကန် နှစ်ခြင်းအသင်းတော် အသိုင်းအ၀ိုင်းရဲ့ ဒီအစိတ်အပိုင်းလေးဟာ အမေရိကန်တောင်ပိုင်းက တနင်္ဂနွေနေ့မနက်ပိုင်းရဲ့ ထူးခြားကောင်းမွန်တဲ့ မြင်ကွင်းလေးတွေမှာ ပါဝင်ပါတယ်။ ဒါပေမယ့် သိသာတဲ့ ခြားနားမှုက ကရင်ဝတ်ပြုဆိုတောင်းသူတွေထဲက အချို့ဟာ သူတို့ရဲ့ ဇာတိမြေမှာ ပြန့်ကျဲနေတဲ့ မြေမြှုပ်မိုင်းတွေကြောင့် ခြေလက်အင်္ဂါ ချို့တဲ့နေတာပဲ ဖြစ်ပါတယ်။

    ဒီဒုက္ခသည်တွေအပေါ် အမေရိကန်တွေရဲ့ အာရုံစိုက်မှုက ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ လျော့ကျသွားပါတယ်။ ဒါဟာ မြန်မာဗဟိုအစိုးရနဲ့ သမ္မတအိုဘားမား အစိုးရတို့ ဆက်ဆံရေး ပြန်လည်ဖြစ်တည်လာမှုကြောင့်ဖြစ်ပြီး ညှင်းပမ်းခံရကနေ ထွက်ပြေးလာရသူတွေလည်း အာရုံစိုက် မခံရတော့ပါဘူး။

    ဒါပေမယ့် ခရစ်ယာန်အများစု နေထိုင်ကြတဲ့ နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ခိုက်မှုတွေက ဆက်လက် ဖြစ်ပွားနေတုန်းပါပဲ။

    “ဘယ်သူက သူ့မွေးရပ်ကနေ ပြေးလာချင်မလဲဗျာ။ ဆီးရီးယားလောက် ဆိုးရွားနေတယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် လက်နက်ကြီးတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်နေတယ်။ အစိုးရကလည်း လေကြောင်းက တိုက်ခိုက်မှုတွေလုပ်နေတယ်။ တကယ့်ကို ကြောက်စရာပါ” လို့ မြန်မာနိုင်ငံအရှေ့ပိုင်းမှာ ညှင်းပမ်းခံရမှုတွေကို စာရင်းပြုစုနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့က သုတေသနပညာရှင် Way Lay က ပြောပါတယ်။

    ထရမ့်လက်အောက်မှာ အမေရိကန်ရဲ့ မြန်မာနိုင်ငံကို ကူညီမှုနဲ့ ကမ္ဘာတစ်ဝှမ်းက ကူညီမှုဟာ နည်းသွားဖို့ ရှိနေပါတယ်။ အစိုးရအနေနဲ့ အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအပေါ် ကူညီမှုကို ၂၃ ရာခိုင်နှုန်းကျော် လျှော့ချဖို့ လိုလားတဲ့ အမိန့်တွေကို အိမ်ဖြူတော်က ပြင်ဆင်နေပါတယ်။

    Kaw Hser ကတော့ အဆိပ်ရှိတဲ့ ဒုက္ခသည်ဆန့်ကျင်ရေး သဘောထားတွေ မြင့်တက်မလာခင် လွန်ခဲ့တဲ့ ၃ နှစ်က အမေရိကန်ကို ရောက်ရှိလာမှုအတွက် ပီတိဖြစ်နေပါတယ်။ သူဟာ ‘ဥပဒေကို လိုက်နာသမျှ ကာလပတ်လုံး မည်သူမဆို လာရောက် အလုပ်လုပ်နိုင်တဲ့’ အမေရိကရဲ့ လွတ်လပ်မှု၊ ဘေးအန္တရာယ်ကင်းရှင်းမှုကိုလည်း ခံစားခဲ့ရပါတယ်။

    နိုင်ငံခြားသားတွေအပေါ် မယုံကြည်မှုတွေရှိနေတဲ့ နိုင်ငံရေးသမားတွေ အမေရိကကို ကြိုးကိုင်နေပမယ့် ရွံ့ထူထူ ဒုက္ခသည်စခန်းမှာ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့တဲ့ ‘အိပ်မက်ကမ္ဘာ’ မျိုး ရရှိအောင် သူက ဆက်လက် ကြိုးစားနေဆဲပါ။

    Wal-Mart မှာ ဒေါသထွက်နေတဲ့ အမျိုးသမီး၊ နောက်ပြီး သူလွတ်မြောက်အောင် ကြိုးစားခဲ့ရတဲ့ စစ်မီးမပြတ်တဲ့ တောတွေထဲ ‘ပြန်အောင်းဖို့’ ပြောတဲ့သူတွေအတွက် ပေးချင်တဲ့ သတင်းစကားတစ်ခုလည်း Kaw Hser မှာ ရှိနေပါတယ်။

    “‘ခင်ဗျားကိုယ်တိုင် ဘယ်တွင်းထဲက ထွက်လာလဲ။ ခင်ဗျား ဒါမှမဟုတ် ခင်ဗျားရဲ့ အဖိုးအဖွား၊ အဘေးတွေကလည်း တစ်နေရာရာက လာခဲ့ကြတာပဲလေ။ အဲတော့ ခင်ဗျား အဲဒီတွင်းထဲမှာ အရင် ပြန်အောင်းပေါ့’ လို့ ပြောချင်တယ်”

    Ref: PRI

  • စမတ်ဖုန်း၊ တက်ဘလက်များသုံးသည့် ကလေးများ စကားပြော နောက်ကျနိုင်

    စမတ်ဖုန်း၊ တက်ဘလက်များသုံးသည့် ကလေးများ စကားပြော နောက်ကျနိုင်

    မေ ၆၊ ၂၀၁၇
    M-Media

    – စမတ်ဖုန်း၊ တက်ဘလက် စတဲ့ အီလက်ထရောနစ် ကိရိယာတွေနဲ့ ရုပ်ရှင်၊ သီချင်းကြည့်တဲ့၊ ဂိမ်းကစားတဲ့ ကလေးငယ်လေးတွေဟာ စကားပြောနောက်ကျနိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်တဲ့ သုတေသနတစ်ခုက ဆိုပါတယ်။

    အွန်တာရီယိုပြည်နယ် တိုရွန်တိုမြို့က ကလေးဆေးရုံမှာ ပြုလုပ်တဲ့ ဒီ သုတေသနမှာ ကလေးငယ်ပေါင်း ၉၀၀ နီးပါးလောက် ပါဝင်ခဲ့ပြီး အသက် ၁ နှစ်ခွဲအရွယ် ကလေးတွေရဲ့ တစ်နေ့တာ စမတ်ဖုန်း၊ တက်ဘလက် ကြည့်ရှုမှု အချိန်နဲ့ ဒီကလေးတွေရဲ့ စကားပြောဆိုမှု၊ စကားလုံးအသုံးပြုမှု၊ အသံထွက်မှု၊ စကားလုံးအပေါ် အာရုံစိုက်မှု၊ စကားလုံးတွဲ ပြောဆိုနိုင်မှု စတာတွေကို နှိုင်းယှဉ် လေ့လာခဲ့တာပါ။

    အသက် ၆ လကနေ ၂ နှစ်အထိ ကလေးငယ်တွေထဲမှာ ဒီလို ဖုန်းတွေ၊ တက်ဘလက်တွေကို ကြည့်ရှုသူတွေဟာ စကားပြောနောက်ကျတာမျိုး ဖြစ်ဖို့ ပိုပြီး အလားအလာရှိတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    “ဒါဟာ မိုဘိုင်းကိရိယာတွေနဲ့ ကလေးတွေမှာ ပြောဆိုဆက်သွယ်မှု နောက်ကျတာကို ဆန်းစစ်ဖို့ ပထမဆုံး လေ့လာမှုလို့ ကျွန်မ ထင်ပါတယ်။ ဒီဖြစ်နိုင်ဖွယ်ရှိတဲ့ ပြဿနာအတွက် ကျွန်မတို့ဟာ ပထမဆုံး မြင်လာရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရလဒ်တွေကို ခိုင်မာအောင်လုပ်ဖို့ လိုပါတယ်။ အခုဟာက ပထမဆုံးဖြစ်နေတာပါ” လို့ သုတေသနမှာ ပါဝင်ခဲ့တဲ့ ဆရာဝန် ဒေါက်တာ ကက်သရင်း ဘီရ်ကန်က ပြောကြားခဲ့ပါတယ်။

    လေ့လာမှုမှာ ကလေးတွေရဲ့ ပျမ်းမျှ ၂၀ ရာခိုင်နှုန်းဟာ တစ်နေ့ကို ၂၈ မိနစ်လောက် ဖုန်းတွေ၊ တက်ဘလက်တွေကို အသုံးပြုတယ်ဆိုတာ တွေ့ရပြီး၊ နေ့စဉ် ဒီလိုကြည့်ရှုမှု မိနစ် ၃၀ တိုးတိုင်း အသံနဲ့ စကားလုံးကို အသုံးပြုပြီး စကားပြောနောက်ကျနိုင်ခြေ ၄၉ ရာခိုင်နှုန်း တိုးတက်လာနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

    ဒါပေမယ့် အမူအရာ၊ လူတွေနဲ့ ဆက်သွယ်ပါဝင်နိုင်မှုမှာ ထိခိုက်တယ်ဆိုတဲ့ ဆက်သွယ်ချက်မျိုးတော့ မတွေ့ရပါဘူး။

    ဘီရ်ကန်က ဒီကနဦး သုတေသနကို အတည်ပြုနိုင်ဖို့အတွက် နောက်ထပ် ပိုပြီး တိကျတဲ့ သုတေသနတွေ ထပ်ပြီး လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    သုတေသနအဖွဲ့ကတော့ ၁၈ လအောက် ကလေးတွေကို ဒီလို စမတ်ဖုန်း၊ တက်ဘလက် ကြည့်ရှုတာမျိုးတွေ လုံးဝမလုပ်ဖို့ အကြံပြုခဲ့ပြီး၊ ဒီကိရိယာတွေထဲက အသံတွေ၊ လှုပ်ရှားမှုတွေဟာ ကလေးငယ်တွေနဲ့ မိဘတွေအကြား ဆက်သွယ်မှုကို ပြတ်တောက်စေတ ယ်လို့လည်း ဆိုပါတယ်။

    Ref: CNN

  • လူမည်းလူငယ်ကို ပစ်သတ်သည့် အမေရိကန်ရဲ လူသတ်မှုဖြင့် တရားစွဲခံရ

    လူမည်းလူငယ်ကို ပစ်သတ်သည့် အမေရိကန်ရဲ လူသတ်မှုဖြင့် တရားစွဲခံရ

    မေ ၆၊ ၂၀၁၇
    M-Media

    – ဆယ်ကျော်သက် လူမည်းလူငယ်တစ်ဦးအား ပစ်သတ်မှုအတွက် တက္ကဆက်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လူသတ်မှုဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    အဆိုပါ ရဲတပ်ဖွဲ့ဝင်မှာ ဒါးလက်စ်မြို့ ဆင်ခြေဖုံး ဘာ့လ်ခ်ျ စပရင်းမှ ရိုင် အိုလီဗာဆိုသူဖြစ်ပြီး ယမန်နေ့က ရဲတပ်ဖွဲ့မှ ဖမ်းဝရမ်းနှင့်အတူ ထုတ်ပြန်သော ကြေငြာချက်၌ အိုလီဗာမှာ ‘ခန္ဓာကိုယ်တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေရန် ရည်ရွယ်ခဲ့ပြီး လူ့အသက် သေစေခဲ့သည့် အလွန် အန္တရာယ်ရှိသော လုပ်ရပ်ကို ကျူးလွန်ခဲ့သည်’ ဟု ဖော်ပြထားသည်။

    အိုလီဗာမှာ ဧပြီလ ၂၉ ရက်နေ့တွင် အသက် ၁၅ နှစ်အရွယ် လူမည်းလူငယ် ဂျော်ဒန် အဒ်ဝပ်အား ၎င်း၏ကားအတွင်း ရိုင်ဖယ်သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုအဖြစ်အပျက်ကြာင့် ပြည်သူများက ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့ကြသည်။

    ကနဦးတွင် ဘာ့လ်ခ်ျ စပရင်း ရဲတပ်ဖွဲ့က အဒ်ဝပ်မှာ အိုလီဗာအား တိုက်ရန် ကားကို နောက်ဆုတ်လာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ရဲတပ်ဖွဲ့မှ ရိုက်ကူးထားသည့် ဗီဒီယိုအရ အဒ်ဝပ်နှင့် သူ၏ အစ်ကိုများ စီးလာသည့် ကားမှာ ရဲအရာရှိနှင့် ဝေးရာကို မောင်းနှင်းသွားခြင်းဖြစ်ပြီး၊ အိုလီဗာက ရိုင်ဖယ်ဖြင့် တမင်လှမ်းပစ်သည်ကို တွေ့ခဲ့ရသည်။

    အိုလီဗာကို ရဲဌာန၏ ပေါ်လစီများအား ချိုးဖောက်မှုအတွက် အင်္ဂါနေ့တွင် ရာထူးမှ ထုတ်ပယ်ခဲ့ပြီး လက်ရှိတွင် ဖမ်းဆီးရမိခြင်း မရှိသေးပေ။

    Ref: Aljazeera

  • ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားစာရင်းတွင် အီဘရာဟီမီုဗစ် ဒုတိယချိတ်

    ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားစာရင်းတွင် အီဘရာဟီမီုဗစ် ဒုတိယချိတ်

    မေ ၆၊ ၂၀၁၇
    M-Media

    – ဗြိတိန်သတင်းစာ Sunday Times မှ ယနေ့တွင် ထုတ်ပြန်သည့် ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားများ စာရင်းတွင် မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်က ဒုတိယနေရာသို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    ဆွီဒင်တိုက်စစ်မှူး မိုဗစ်မှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လက မန်ယူသို့ ရောက်ရှိလာပြိးနောက်ပိုင်း ဗြိတိန်တွင် ၀င်ငွေအများဆုံးရသည့် အားကစားသမားစာရင်း၌ ပါဝင်လာသူဖြစ်သည်။

    ယခု ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားစာရင်းတွင် ဖော်မြူလာဝမ်း ချန်ပီယံ လူးဝစ် ဟာမီလ်တန်က စတာလင်ပေါင်း ၁၃၁ သန်းဖြင့် ဦးဆောင်နေပြီး၊ မိုဗစ်က သန်း ၁၁၀ ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ဗြိတိန်၏ အချမ်းသာဆုံး ဘောလုံးသမား ၀ိန်းရီူက ၉၃ သန်းဖြင့် အဆင့် ၃ ၌ ရပ်တည်နေသည်။

    စတုတ္ထနေရာတွင် ဟာမီလ်တန်၏ အသင်းဖော် ကားမောင်းသမား ဂျန်ဆန် ဘက်တန်က ရှိနေသည်။

    အဆိုပါ စာရင်း၏ ထိပ်ဆုံး ၁၀ ယောက်တွင် ဘောလုံးလောကမှ ၅ ဦး – ကစားသမား ၃ ယောက်နှင့် နည်းပြ ၂ ယောက်- ပါဝင်ပြီး ဗြိတိန် တင်းနစ်အကျော်အမော် အန်ဒီမာရေး၊ ဂေါက်သီးသမား ရိုရီ မက်ရွိုင်း၊ ဘက်စကတ်ဘောကစားသမား လူအို ဒန်းတို့လည်း အသီးသီး ပါဝင်နေသည်။

    The Sunday Times sport rich list 2017

    1. Lewis Hamilton, motor racing, 2017 wealth £131m, up £25m

    2. Zlatan Ibrahimovic, football, 2017 wealth £110m, new entry

    3. Wayne Rooney, football, 2017 wealth £93m, up £11m

    4. Jenson Button, motor racing, 2017 wealth £86m, up £9m

    5. Rory McIlroy, golf, 2017 wealth £82m, up £26m

    6. Sir Andy Murray, tennis, 2017 wealth £77m, up £20m

    7. Jose Mourinho, football, 2017 wealth £61m, up £11m

    8. Gareth Bale, football, 2017 wealth £54m, up £20m

    9= Luol Deng, basketball, 2017 wealth £50m, up £7m

    9= Pep Guardiola, football, 2017 wealth £50m, new entry

    Ref : BBC