News @ M-Media

Blog

  • “ပြည်သူနှင့်အတူ နောက်ကွယ်က လက်မဲကြီး အုပ်စုကို ဖော်ထုတ်ကြပါစို့လား”

    “ပြည်သူနှင့်အတူ နောက်ကွယ်က လက်မဲကြီး အုပ်စုကို ဖော်ထုတ်ကြပါစို့လား”

    “မျိုးချစ်စိတ်ဓာတ်” ဟူသည် တိုင်းပြည်တစ်ခုခုမှာနေထိုင်ကြသည့် နိုင်ငံသားတိုင်း ထားရှိသင့်သည့် မရှိမဖြစ်စိတ်ဓာတ် တစ်မျိုးဖြစ်သည်။ ကမ္ဘာ့သမိုင်းကို လေ့လာကြည့်ပါက နိုင်ငံအချို့သည် ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ နာဇီစနစ်၊ ဇီယွန်စနစ် စသည့် စနစ်အမျိုးမျိုး အောက်ကို ကျရောက်ခဲ့ရသည်ကို တွေ့ရသည်။

    “နေမဝင် အင်ပါယာ” ဟုခေါ်ဝေါ်တင်စားခြင်းခံရသော ကိုလိုနီနယ်ချဲ့စနစ်ကို အင်္ဂလိပ်လူ မျိုးတွေအပြင် ပြင်သစ်၊ပေါ်တူဂီ၊ ဒတ်ခ်ျ လူမျိုးတွေက ကျင့်သုံးခဲ့သည်။ မိမိတို့လက်အောက်ခံ နိုင်ငံ ငယ်လေးများရဲ့ မြေပေါ်၊ မြေအောက်၊ ရေပေါ်၊ ရေအောက်၊ သဘာဝသယံဇာတများကို လိုသလို ထုတ်ယူသုံးစွဲပြီး အုပ်ချုပ်မင်းလုပ်သည့် စနစ်တစ်ခုဖြစ်သည်။ ဂျပန်တို့၏ဖက်ဆစ်စနစ်ဟူသည် မိမိ တို့သိမ်းပိုက်ခံနိုင်ငံများ၏ သဘာဝသယံဇာတများကိုလည်း စိတ်ကြိုက်ထုတ်ယူသုံးစွဲသည့်အပြင်  ထိုနိုင်ငံရှိ ပြည်သူလူထုကို သံသယရှိရင် ရှိသလို ဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်းပြုသည့် ပြုသည့်အပြင် အမျိုးကောင်း သမီးပျိုလေးများကိုလည်း မိမိတို့စိတ်ဓာတ်ခံစားမှု့အတွက် အဓမ္မပြု ကျင့်သည့်စနစ်ဖြစ်သည်။

    မြန်မာနိုင်ငံသည် နှစ်ပေါင်း ၁၀၀ နီးပါး ဗြိတိသျှ ကိုလိုနီနယ်ချဲ့ စနစ်အောက်ကို ကျရောက်ခဲ့  သည်။ ထိုကိုလိုနီနယ်ချဲ့အောက်မှ လွတ်မြောက်ရန် ဗိုလ်ချုပ်အောင်ဆန်း အပါဝင် ရဲဘော်သုံးကျိပ် တို့သည် ဂျပန်နိုင်ငံသို့ လျို့ဝှက်စွာ ထွက်ခွာခဲ့သည်။ ပါးရိုက်ခံ၊ နားရင်းရိုက်ခံ၊ ပင်ပန်းဆင်းရဲခံကာ မျိုးချစ်စိတ်ဓာတ်ကို အရင်းတည်ကာ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေး အတွက် ထားရှိခဲ့သော စိတ် ဓာတ်သည် “မျိုးချစ်စိတ်ဓာတ်” အစစ်ဖြစ်သည်။ ဂျပန်တို့၏ စစ်အင်အားအကူအညီဖြင့် ရဲဘော်သုံး ကျိပ်တို့နှင့်အတူ အသက်သွေး၊ ချွေး ပေးဆပ်ခဲ့ရသော ပြည်သူလူထုကြီးထားရှိခဲ့သော စိတ်ဓာတ် သည်လည်း မျိုးချစ်စိတ်ဓာတ် အရင်းစင်္စ၊အရင်းခံဖြစ်သည်။ ဗြိတိသျှနယ်ချဲ့ကို တွန်းလှန်ပြီးနောက် ဂျပန်တို့သည်  မင်းသားခေါင်းဆောင်ထားသော ဘီလူးရုပ်သဏ္ဍာန်ပေါ်လာခဲ့သည်။ ဖက်ဆစ်စနစ် ကို တွင်တွင်ကျယ်ကျယ်သုံးခဲ့ကြသောကြောင့် မြန်မာပြည်သူလူထုကြီးကို ဖက်ဆစ်စနစ်အောက်မှ ကယ်တင်ရန် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်၏ရန်သူ ဗြိတိသျှနယ်ချဲ့ကို အောက်ကျခံကာ စစ်ရေး အကူအညီများကို တောင်းခံရတော့သည်။ “ ရန်သူရဲ့ရန်သူသည်၊ ကိုယ့်ရဲ့ မိတ်ဆွေဖြစ်သည်”      (The enemy of the enemy is friend ) ဟူသော နိုင်ငံရေး ဖီလောဆိုဖီ (philosophy) ကို ဗိုလ်ချုပ်ကျေညက်ခဲ့ကြောင်း ဤလုပ်ရပ်ကား သက်သေတည်း။

    ဗြိတိသျှနယ်ချဲ့နှင့် ဖက်ဆစ်ဂျပန်တို့လက်အောက်မှ လွတ်မြောက်ရန် တိုက်ပွဲဝင်ခဲ့ကြသော ပြည်သူလူထုကြီး ထားရှိခဲ့သော မျိုးချစ်စိတ်ဓာတ်သည် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည်။ ဟန်ပြလုပ်စားပြပုံစံ၊ မျိုးချစ်စိတ်ဓာတ်မဟုတ်ပေ။ နာဇီစနစ်ကျင့်သုံးခဲ့သည့် ဂျာမဏီခေါင်းဆောင် မှာ ဟစ်တလာဖြစ်သည်။ မိမိလူမျိုးကောင်းစားရေးအတွက်၊ မိမိနှင့်မတူကွဲပြားသော လူမျိုးများကို သုတ်သင်ရှင်းလင်းပစ်ရေး မူဝါဒစနစ်တစ်ခုဖြစ်သည်။ ထိုနာဇီစနစ်၏သားကောင်ဖြစ်ခဲ့ရသူမှာ ဂျူး လူမျိုးများဖြစ်သည်။  နာဇီခေါင်းဆောင်ဟစ်တလာသည် မိမိ၏နာဇီဝါဒအရ ဂျူးလူမျိုးမြောက်မြားစွာ ကို အခန်းထဲကိုပြွတ်သိပ်ထည့်ကာ အဆိပ်ငွေ့များလွှတ်ကာ သုတ်သင်ရှင်းလင်းဖြစ်ခဲ့သည့် ဆိုးမွေ များကို ကမ္ဘာ့ပြည်သူလူထုကြီးက ရွံရှာမုန်းတီးခဲ့ပေသည်။ ပြစ်တင်ရှုတ်ချခြင်းခံခဲ့ရပါသည်။

    “ဇီယွန်” ဝါဒသည် အစ္စရေးနိုင်ငံရှိ ဂျူးလူမျိုးတို့ ယနေ့တိုင်ကျင့်သုံးနေသော စနစ်ဖြစ်သည်။ မိမိလူမျိုး၊မိမိကိုးကွယ်သည့် ဘာသာသည်သာ အမှန်ကန်ဆုံး၊ကြီးကျယ်၊မြင့်မြတ်ဆုံးဟု ယူဆပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မိမိတို့ဘာသာထဲသို့ အသစ်ဝင်ရောက်လာခြင်းကို လက်မခံသောစ နစ်ဖြစ်သည်။

    ဖော်ပြပါ နယ်ချဲ့စနစ်၊ဖက်ဆစ်စနစ်၊ နာဇီစနစ်၊ဇီယွန်စနစ်များသည် အစွန်းရောက်ဝါဒစနစ် များဖြစ်ကြောင်းကို ကမ္ဘာ့သမိုင်းပညာရှင်များ၊ အတွေးအခေါ်ပညာရှင်များ၊ သုတေသီများက ယနေ့ မျက်မှောက်ခေတ်တွင် မှတ်ကျောက်တင်နေကြပြီဖြစ်သည်။

    အစွန်းရောက်ခြင်းသည် အန္တရာယ်ကြီးမားလှသည်။ ( Extremes are dangerous.) ဗုဒ္ဓ မြတ်စွာသည် လူသားတို့အား “အလယ်အလတ်လမ်းစဉ်” သည်သာ အကောင်းဆုံးဖြစ်ကြောင်းကို ဟောကြားခဲ့ပါသည်။

    မျိုးချစ်စိတ်ဓာတ်နှင့်ဆန့်ကျင်ဘက်မှာ အစွန်းရောက်မျိုးချစ်စိတ်ဓာတ် သို့မဟုတ် မျက်ကန်းမျိုးချစ်စိတ်ဓာတ်ဖြစ်သည်။ “ငါနှင့်ငါသာ ၊နှိုင်းစရာ။ ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသော အယူအဆဖြစ်သည်။ “ငါ့လူမျိုး၊ငါကိုးကွယ်ယုံကြည်သည့် အယူအဆ၊အတွေးအခေါ်၊ဘာသာ၊သာ သနာ သည်သာ အကောင်းဆုံး အမြတ်ဆုံးဖြစ်သည်ဟု သွေးနထင်တက် ဘဝင်လေဟပ်ကာ၊ အခြားမတူကွဲပြားသောလူမျိုးဘာသာ အယူဝါဒများကို အပြစ်မြင် မုန်းတီး ရန်ရှာနေသော အသိဥာဏ် ဆင်ခြင်တုံတရား ပိတ်လှောင်ခြင်း ခံထားရသော ဝါဒစနစ်ဆိုးတစ်ခုဖြစ်သည်။ အမြင် ကျဉ်းမြောင်းသည့်ဝါဒ ဖြစ်သည်။

    ထိုမျက်ကန်းမျိုးချစ် အစွန်းရောက်ဝါဒကို ပညာရေးအခြေခံ နည်းပါးသော၊ဗဟုသုတ ဆင်းရဲသော၊ လူတန်းစားများကို ထိုဝါဒဆိုးမှိုင်းများ အလွယ်တကူ သွတ်သွင်းပေးနိုင်သည်။ နိုင်ငံတစ်နိုင်ငံတွင် ထိုကဲ့သို့ လူ့အဖွဲ့အစည်းတစ်ရပ် အင်အားများပြားလာပါက ထိုနိုင်ငံသည် တည်ငြိမ်အေးချမ်းမှု ကင်းဝေးကာ ဖွံ့ဖြိုးတိုးတက်မှု့ဆုတ်ယုတ်ကာ ကမ္ဘာ့အလယ် ပုံရိပ်ကျဆင်းမျက်နှာငယ်ရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

    သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဘာသာရေး၊လူမျိုးရေး၊ အဓိကရုဏ်းများကို စနစ်တကျ နောက်ကွယ်က ဖန်တီးခဲ့သော “လက်မဲကြီးအုပ်စု” သည် ယနေ့တိုင် NLD အရပ်သား အစိုးရ၏ အုပ်ချုပ်ရေးစနစ် ယိမ်းယိုင်ပျက်စီးအောင် ဥာဏ်နီဥာဏ်နက် မျိုးစုံသုံးကာ စေ့စော်ဖန်တီးလျက်ရှိ သည်။ မတူကွဲပြားဘာသာဝင် လူနည်းစုများ၏ အသက်အိုးအိမ်၊စည်းစိမ်များကို ခြိမ်းခြောက်ခြင်း၊ ဘာသာရေးစာသင်ကျောင်းများ၊ ဝတ်ပြုဆောင်များကို ပြဿနာရှာခြင်း၊ ဒေသခံအာဏာပိုင်များကို ဖိအားပေး အကြပ်ကိုင်ကာ တားဆီးပိတ်ပင်စေခြင်း စသည့် ဥပဒေမဲ့လုပ်ရပ်များကို မင်းမဲ့စရိုက်ဆန် ဆန် ပြုလုပ်နေကြပေသည်။ ထို့ကြောင့်လည်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးအပါအဝင်၊ လူ့အခွင့်အရေးအဖွဲ့များက NLD ရွေးကောက်ပွဲနိုင် အစိုးရအား ကန့်ကွက်၊ပြစ်တင်၊ရှုတ်ချသည် အထိဖြစ်ခဲ့ရပါသည်။ လက်ရှိအခြေအနေအရ – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ပြည်ထဲရေး ဝန်ကြီးဋ္ဌာနသည် အာဏာရအစိုးရ၏ ပြည်နယ်၊တိုင်း ဝန်ကြီးချုပ်များ၏ အုပ်ချုပ်မှု့အောက်တွင် တိုက်ရိုက်မရှိဘဲ ကာကွယ်ရေးဦးစီးချုပ်၏ စီမံကွပ်ကဲမှု အောက်တွင် ရှိနေသောကြောင့် ဆူပူလှုံ့ဆော်သော လူမျိုးရေး၊ဘာသာရေး အဓိကရုဏ်းများ၊ ဖန်တီးနေသူများကို အချိန်နှင့်တပြေး ညီ အရေးမယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟု စာရေးသူ ထင်မြင်မိပါသည်။

    ထို့ကြောင့်၏လည်း “အမျိုးဂုဏ်၊ဇာတိဂုဏ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့လို့ပဲ ပြောပြော၊ အမျိုးဘာသာ၊သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့လို့ပဲပြောပြော အများကြားကောင်းအောင် ဖွဲ့စည်းထားသော မျိုးချစ်မာန်ပြ အဖွဲ့အစည်းများသည် “ အသိကိုတမံ ဥာဏ်ကို ခြေကတုတ်ပြု” ၍ မိမိတို့လုပ်ရပ်များကို စစ်တမ်းထုတ်လေ့လာကြည့်ပါက ရှက်ဖွယ်လိလိ ဖြစ်သည်ကိုသာ တွေ့ရပေလိမ့်မည်။ မိမိတို့လုပ်ရပ်ကြောင့် ဗုဒ္ဓဘာသာ ဂုဏ်သိက္ခာကျဆင်းပေ မည်။

    နောက်ကွယ်က လက်မဲကြီးအုပ်စုသည် ယနေ့တိုင် အရေးယူခြင်းမခံရသေးဘဲ မျက်ကန်းမျိုးချစ်များကို မွေးကာ နောက်ကွယ်မှ လိုသလိုကြိုးဆွဲကာ ကပြစေလျက်ရှိသည် ကို နိုင်ငံရေးအမြင်ရှိသော ပြည်သူလူထုကြီးသည် ကွင်းကွင်းကွက်ကွက် နားလည်သဘောပေါက်ခဲ့ပြီ  ဖြစ်သည်။ ထိုသူတို့၏ လုပ်ရပ်ဆိုးများက သမိုင်းသက်သေတည်း။

    မျိုးချစ်အမည်ခံ လူ့ဗလာ၊ဖိုးသုည များကို မန္တလေးမြို့မှ ဆရာ ဦးဘုန်း(ဓာတု)က “ ကိုယ့်လူမျိုးမဟုတ်တဲ့ အခြားလူမျိုးတွေကို မုန်းတီးနေတာ သူတို့၏ အကျိုးစီးပွားပျက်ဆီးအောင် ကြံစည်ပြောဆို လုပ်ကိုင်နေတာတွေဟာ မျိုးချစ်စိတ်ဓာတ်လုံးဝ မဟုတ်ဘူး။ အဲ့ဒါ လူမျိုးရေး၊မုန်းတီးစိတ်သာဖြစ်တယ်။ မျိုးချစ်စိတ်ဆိုတာ ကိုယ့်တစ်မျိုသားလုံးရဲ့ လူနေမှု့အဆင့်အတန်း၊ တိုးတက်မြင့်မားဖို့ အတွက် မှန်ကန်တဲ့နည်းလမ်းနဲ့ ကြိုးစားအားထုတ်ခြင်းသာ ဖြစ်တယ်” လို့ ဟောပြောပွဲတစ်ခုတွင် ဟောကြားခဲ့ဖူးပါသည်။ ထို့အပြင် မတူကွဲပြားလူသားများအား အပြစ်မြင်တတ်သည့် စိတ်ဓာတ်သည် “ ဗုဒ္ဓ၏ ဆန္ဒ၊ ဗုဒ္ဓ၏ဝါဒ မဟုတ်ကြောင်း ကို စာရေးသူလေ့လာဖူးပါသည်။ ဗုဒ္ဓဝါဒသည် လူသားဝါဒဖြစ်ပါသည်။ လူသားပီသ သူများထံတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု့လုံးဝမရှိကြောင်း သမိုင်းက သက်သေခံနေပါသည်။

    နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့သည် ထိုနိုင်ငံ၏ အစိုးရများက လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း၊တရားဥပဒေစိုးမိုးရေးတို့ကို အပြည့်အဝဆောင်ရွက်ခြင်း စသည်တို့အပေါ်တွင် တည်မှီနေပေသည်။

    အချုပ်ဖြင့်ဆိုရလျှင် “ပြည်သူနှင့်အတူ လက်တွဲပူးပေါင်း လိုသော ပြည်သူ့ အစိုးရသည် ပြည်သူလူထု၏ ဆန္ဒဖြစ်သော  မကောင်းသူကို မကောင်းသလို ပြတ်ပြတ်သားသား ဥပဒေအရ အရေးယူဖို့ အချိန်တန်ပြီ။ မည်သူ့ကိုမျှ ငဲ့ညှာမနေဘဲ တိုင်းပြည်အကျိုး၊ပြည်သူ့အကျိုးကို ရှေ့ရှုကာ အကောင်းအဆိုးကို ပြည်သူလူထုအား ချပြကာ၊ အသိပေးကာ၊ပြည်သူ့အသံတို့ကို နားထောင်ဖို့ အမြန်လိုနေပြီ” ဟု စာရေးသူ သုံးသပ်မိသည်။ သမ္မတ ဥိးသိန်းစိန်လက်ထက်က ဖော်ထုတ်အရေးယူခြင်းမရှိသော လက်မဲကြီးအုပ်စုနှင့် အပေါင်းအပါတစ်စုသည် ပြည်သူ့အစိုးရနှင့် ပြည်သူလူထုကြီးကို ဟန့်တားနှောင့်ယှက်ဖျက်ဆီးနေပါက ဥပဒေအရ အရေးယူဖို့ လိုနေပြီဖြစ်ပါကြောင်း ပြည်သူနှင့်အတူ ပြည်သူ့အစိုးရအား အကြံပြုလိုက်ပါတော့သည်။

    မြေးသခင်ဒေါင်း (မြန်မာ့လွတ်လပ်ရေးမော်ကွန်းဝင်)

     

  • IS ၏လုပ်ရပ်များ တမန်တော်မုဟမ္မဒ်၏ သွန်သင်မှုနှင့် ဆန့်ကျင်ကြောင်း သုတေသနတစ်ခုက ဖော်ပြ

    IS ၏လုပ်ရပ်များ တမန်တော်မုဟမ္မဒ်၏ သွန်သင်မှုနှင့် ဆန့်ကျင်ကြောင်း သုတေသနတစ်ခုက ဖော်ပြ

    မေ ၃၊ ၂၀၁၇
    M-Media

    – IS လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့က ခရစ်ယာန်တွေအပေါ်မှာ ညှင်းပမ်းနှိပ်စက်တာတွေဟာ တမန်တော်မုဟမ္မဒ်သခင်ရဲ့ လုပ်ရပ်တွေနဲ့ တစ်ခြားစီဖြစ်နေတယ်လို့ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။

    ခရစ်သက္ကရာဇ် ၆၂၂ ခုနှစ်ကနေ ၆၃၂ ခုနှစ်အထိ တမန်တော်မုဟမ္မဒ် ရေးသားခဲ့တဲ့ ပဋိဉာဏ်စာတမ်းတွေကို လေ့လာမှုအရ ခရစ်ယာန်တွေဟာ ‘အွမ္မဟ်’ လို့ခေါ်တဲ့ မွတ်စလင်လူ့အဖွဲ့အစည်းမှာ နေထိုင်ကာ ကာကွယ်စောင့်ရှောက်မှုကို ရရှိခဲ့တယ်လို့ ဖော်ပြနေပါတယ်။

    ဒီသုတေသနကို ပြုလုပ်ခဲ့သူ စာရေးဆရာ ခရေ့ဂ်ျ ကွန်စီဒိုင်းက တမန်တော်မုဟမ္မဒ် ထားရှိခဲ့တဲ့ မွတ်စလင်နိုင်ငံဆိုတဲ့ ရည်မှန်းချက်မှာ ဘာသာပေါင်းစုံဝါဒနဲ့ နိုင်ငံသားအခွင့်အရေးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

    “ခရစ်ယာန်တွေကို ညှင်းပမ်းတဲ့၊ ခွဲခြားဆက်ဆံတဲ့ လက်ရှိ IS အကြမ်းဖက်အဖွဲ့ဟာ တမန်တော်မုဟမ္မဒ်ရဲ့ ပဋိဉာဏ်စာတမ်းတွေနဲ့ တန်းညှိလို့ကို မရပါဘူး” လို့ သူက ပြောပါတယ်။

    တက္ကဆက်ပြည်နယ် Rice တက္ကသိုလ်က ဒေါက်တာ ခရေ့ဂ်ျ ကွန်စီဒိုင်းက ဒီပဋိဉာဏ်စာတမ်းတွေကို ပြန်လည်တွေ့ရှိ ဖော်ထုတ်နိုင်တာဟာ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေကို လျော့ကျစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

    ပြီးတော့ ဒီအထောက်အထားတွေဟာ ‘အစ္စလာမ့်မစ် အစွန်းရောက်ဝါဒနဲ့ အစ္စလာမ်ကြောက်ရောဂါ တွေကို ကုသနိုင်မယ့် ဆေးဝါးတစ်ခု’ အဖြစ် ရှုမြင်နိုင်မှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

    “တမန်တော်မုဟမ္မဒ်ဟာ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို အဓိကထားပါတယ်။ ဒီတရားတွေက အမေရိကန်လူ့အဖွဲ့အစည်း – တကယ်တော့ ကမ္ဘာကြီးတစ်ခုလုံး လက်ရှိ ပိုပြီးလိုအပ်နေတဲ့ အရာတွေ ဖြစ်ပါတယ်”

    ဒေါက်တာ ခရေ့ဂ်ျကွန်စီဒိုင်းရဲ့ အဆိုအရ တမန်တော်မုဟမ္မဒ်သခင်ရဲ့ ဒီ ပဋိဉာဏ်စာတမ်းတွေဟာ ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်ဘုရားကျောင်းတွေမှာ တည်ရှိနေပြီး၊ ရာစုနှစ်ပါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်နေတယ်လို့ သိရပါတယ်။ နောက်ပြီး လူသိများစေမယ့် ဘာသာပြန်ဆိုဖော်ပြမှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။

    “အီရတ်နဲ့ ဆီးရီးယားတို့လို နိုင်ငံတွေမှာ ခရစ်ယာန်တွေအပေါ် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကြောင့် ပညာရှင်တွေ၊ ယုံကြည်သူတွေက ဒီစာတမ်းတွေဖက်ကို အာရုံလှည့်လာပါတယ်။ တမန်တော်မုဟမ္မဒ်က ခရစ်ယာန်တွေအပေါ်မှာ အန္တရာယ် မကျရောက်စေချင်သလို၊ သူတို့ရဲ့ တစ်ကိုယ်ရည်လွတ်လပ်ခွင့်ကို နှောက်ယှက်တာ၊ ပိုင်နက်တွေကို ကျူးကျော်တာမျိုးလည်း မလုပ်ပါဘူး။ အုပ်စုတစ်ခု ဒါမှမဟုတ် အုပ်စု အများကြီးကို ပစားပေးတာဟာ နိုင်ငံသားတွေကို လူမျိုး၊ ယဉ်ကျေးမှုနောက်ခံအပေါ် အခြေခံပြီး တန်ဖိုးချတာပါပဲ” လို့ ဒေါက်တာ ကွန်စီဒိုင်းက ပြောကြားခဲ့ပါတယ်။

    Ref: Independent

  • အမုန်းစကားဟောသည့် တရားဟောဆရာ ၆ ဦးကို ဒိန်းမတ် ပြည်ဝင်ခွင့် ပိတ်ပင်

    အမုန်းစကားဟောသည့် တရားဟောဆရာ ၆ ဦးကို ဒိန်းမတ် ပြည်ဝင်ခွင့် ပိတ်ပင်

    မေ ၃၊ ၂၀၁၇
    M-Media

    – အမုန်းစကားများ ဟောကြားသည့် ကမ္ဘာတစ်ဝှမ်းမှ တရားဟောဆရာ ၆ ဦးကို ဒိန်းမတ်နိုင်ငံက ၂ နှစ် ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီး အမုန်စကားများကို တာဆီးရန်နှင့် လူမှုသဟဇာတဖြစ်မှုကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

    အဆိုပါ ၆ ဦးမှာ ကနေဒါ၊ ဆော်ဒီ၊ ဆီးရီးယားနှင့် အမေရိကန်တို့မှ မွတ်စလင်တရားဟောဆရာ ၅ ဦးနှင့် ၂၀၁၁ ခုနှစ်တွင် ကုရ်အာန်ကျမ်းများကို မီးရှို့ခဲ့သည့် အမေရိကန် ခရစ်ယာန်သင်းအုပ်ဆရာ တယ်ရီဂျုံးတို့ ဖြစ်သည်။

    “ဒီလူတွေကို ဒိန်းမတ်နိုင်ငံက မကြိုဆိုဘူးဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်း သိသွားတဲ့အတွက် ကျွန်တော် ကျေနပ်ပါတယ်” ဟု နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် သဟဇာတဖြစ်ရး ၀န်ကြီး Inger Stoejberg က ယမန်နေ့ ထိုစာရင်းအား ကြေငြာစဉ် ပြောကြားခဲ့သည်။

    အဆိုပါ တရားဟောဆရာ ၆ ဦးမှာ လာမည့် ၂ နှစ်အတွင်း ဒိန်းမတ်နိုင်ငံသို့ ၀င်ရောက်ခွင့် ရမည်မဟုတ်ဘဲ ဖောက်ဖျက်ပါက ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ငွေဒဏ် ကျခံရမည်ဖြစ်သည်။

    Inger Stoejberg ကမူ အဆိုပါ ၆ ဦး စလုံးမှာ အမုန်းတရားကို ဟောကြားသူများဖြစ်ပြီး၊ မိမိတို့၏ ဒီမိုကရေစီတန်ဖိုး၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေး အခြေခံတန်ဖိုးများကို ဖျက်ဆီးရန် ကြိုးစားနေသောသူများ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဒိန်းမတ်နိုင်ငံမှာ ထိုကဲ့သို့ ဥပဒေမျိုး ထုတ်ပြန်သည့် ပထမဆုံး ဥရောပနိုင်ငံ မဟုတ်ဘဲ၊ ယူကေတွင်လည်း ရာဇ၀တ်မှုပြစ်ချက်ရှိသူ သို့မဟုတ် အများပြည်သူအပေါ် ကောင်းကျိုးမသက်ရောက်စေသူများကို တိုင်းပြည်အတွင်း ၀င်ရောက်ခွင့် ပိတ်ပင်နိုင်သည်။

    Ref : DW

  • အိမ်တစ်လုံးဆောက်ဖို့ နာရီပိုင်းသာကြာတော့မယ့် နောက်ဆုံးပေါ် 3D စက်ရုပ်

    အိမ်တစ်လုံးဆောက်ဖို့ နာရီပိုင်းသာကြာတော့မယ့် နောက်ဆုံးပေါ် 3D စက်ရုပ်

    မေ ၃၊ ၂၀၁၇
    M-Media

    Digital Construction Platform စက်ရုပ်ဖြင့် ဆောက်လုပ်ထားသည့် အိမ်

    – အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက် နည်းပညာ အင်စတီကျု (MIT) ဟာ အဆောက်အဦး အကြမ်းထည်တစ်ခုကို ၁၄ နာရီအတွင်း ဆောက်လုပ်နိုင်မယ့် စက်ရုပ်စနစ်တစ်ခုကို တီထွင်ခဲ့ပါတယ်။

    Digital Construction Platform လို့ခေါ်တဲ့ ဒီစနစ်ရဲ့ ကနဦးနမူနာပုံစံဟာ ကားတစ်စီးပုံစံဖြစ်နေပြီး စက်ရုပ်မှာ မောင်းတံ အရှည်တစ်ခုနဲ့ အတိုတစ်ခု ပါဝင်ကာ အချင်း ပေ ၅၀ ရှိပြီး အမြင့် ၁၂ ပေရှိတဲ့ အမိုးခုံးပုံစံ အဆောက်အဦး အကြမ်းထည်ကို ၁၄ နာရီတည်းနဲ့ ဆောက်လုပ်နိုင်ပါတယ်။

    မောင်းတံအတိုမှာတော့ ၀ရိန်ဆော်တဲ့ကိရိယာ၊ ဆေးမှုတ်တဲ့ ကိရိယာတွေလို အခြားသာ အရာတွေကိုလည်း တပ်ဆင်နိုင်ပါတယ်။

    “ဒီစနစ်နဲ့ ကျွန်တော်တို့ဟာ အခုအချိန်မှာ အဆောက်အဦး ဆောက်လုပ်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုကို အစားထိုးနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ထည့်သွင်းနိုင်တော့မှာပါ” လို့ Science Robotics ဂျာနယ်က ဆောင်းပါးကို ပူးတွဲရေးသားသူ စတီဗင် ကိတ်တင်းက ပြောကြားခဲ့ပါတယ်။

    ဒီနည်းပညာဟာ ပုံမှန် အဆောက်အဦးဆောက်လုပ်တဲ့ နည်းလမ်းတွေနဲ့ ယှဉ်ရင် ပိုမြန်၊ ပိုဈေးသက်သာပြီး၊ ပြောင်းလွယ်ပြင်လွယ်ဖြစ်တယ်လို့လည်း ဖန်တီးသူတွေက ပြောပါတယ်။

    Digital Construction Platform စက်ရုပ်ဖြင့် ဆောက်လုပ်နေစဉ်

    သာမန် 3D ပရင်တာတွေနဲ့မတူတာက ဒီစက်ရုပ်ဟာ အလွယ်တကူ ရွေ့လျားနိုင်ပြီး ဘယ်လိုအရွယ်အစားမျိုးကိုမဆို ဆောက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်တစ်ခုလုံးအတွက် ပါဝါကိုတော့ နေစွမ်းအင်အသုံးပြုပြီး ပေးတာဖြစ်ပါတယ်။

    အခုနှစ်တွေအတွင်းမှာ 3D printing နည်းပညာဟာ တိုးတက်လာခဲ့ပြီး ဖေဖော်ဝါရီလတုန်းကဆိုရင် လုပ်ငန်းသစ်လေးတစ်ခုဖြစ်တဲ့ Apis Cor ဟာ ရုရှားမှာ ဒေါ်လာ ၁၀၀၀၀ တန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်း၊ 3D printing စက်ရုပ်တစ်ခုနဲ့ စကွဲယားကီလိုမီတာ ၄၀၀ ရှိတဲ့ အိမ်တစ်လုံးကို ဆောက်မယ်လို့ ကြေငြောဖူးပါတယ်။

    ၂၀၁၅ ခုနှစ်မှာ အမေရိကန်က Oak Ridge National Laboratory ဟာ 3D ပရင်တာနဲ့ ရွေ့လျားအိမ်တစ်လုံးကို ဆောက်လုပ်ခဲ့သလို၊ ၂၀၁၄ ခုနှစ်ကလည်း မင်နီဆိုတာမှာ ရဲတိုက်တစ်တစ်ခုကို ဆောင်လုပ်ခဲ့ပါတယ်။

    MIT ကတော့ သူတို့ရဲ့ ဒီစက်ရုပ်ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့တဲ့နေရာတွေမှာ အသုံးပြုသွားဖို့ ရည်ရွယ်နေပါတယ်။

    Ref: CNN

  • အမေရိကန်နှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည်မဟုတ်

    အမေရိကန်နှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည်မဟုတ်

    မေ ၃၊ ၂၀၁၇
    M-Media

    – မနက်ဖြန်တွင် ၀ါရှင်တန်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်နှင့် အရှေ့တောင်အာရှမှ ထိပ်တန်းသံတမန်များ တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်ဟု သိရသည်။

    မြန်မာအပါအ၀င် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးမှာ အကျပိုင်းသို့ ရောက်နေပြီး၊ ထရမ့်အစိုးရ၏ ဒေသတွင်းနှင့်ပတ်သက်သည့် မူဝါဒကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးချိန် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။

    အဆိုပါတွေ့ဆုံမှုတွင် အာဆီယံနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်မည်ဖြစ်ပြီး ကုန်သွယ်ရေး၊ တောင်တရုတ်ပင်လယ်မှ ပိုင်နက်အငြင်းပွားမှု၊ ရာဇ၀တ်မှုနှင့် အခြားသော ကိစ္စများကို ဆွေးနွေးဖွယ်ရှိနေသည်။

    အတိုပင်ခံရုံးမှ တာဝန်ရှိသူ ဦးဇော်ဌေးက ဒေါ်အောင်ဆန်းစုကြည်မှာ ထိုနေ့တွင် ဥရောပ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ရှိနေသောကြောင့် တက်ရောက်နိုင်မည်မဟုတ်ကြောင်း၊ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းကို စေလွှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်မှာ ဥရောပခရီးစဉ်အဖြစ် တနင်္လာနေ့ ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိလာခဲ့ပြီး၊ ဗြိတိန်နှင့် အီတလီသို့ သွားရာက်မည်ဖြစ်သည်။

    ရန်ကုန်ရှိ သံတမန်အသိုင်းအ၀ိုင်းက ဒေါ်နယ်ထရမ့်အစိုး၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပေါ်လစီမှာ သမ္မတဟောင် အိုဘားမား၏ ပေါ်လစီအတိုင်း ဆက်သွားဖွယ်ရှိသည်ဟု သုံးသပ်ကြသည်။

    ဒေါ်အောင်ဆန်းစုကြည်မှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီး၊ ထိုစဉ်က သမ္မတအိုဘားမားမှာ မြန်မာနိုင်ငံအပေါ် ရှိနေသည့် ပိတ်ဆို့အားလုံးကို ဖယ်ရှားရန် သဘောတူခဲ့သည်။

    Ref: Reuters