News @ M-Media

Blog

  • သေသည်အထိ ချစ်ခင်သွားတဲ့ အမေရိကန်မှ ဇနီးမောင်နှံနှစ်ဦး

    သေသည်အထိ ချစ်ခင်သွားတဲ့ အမေရိကန်မှ ဇနီးမောင်နှံနှစ်ဦး

    ဧပြီ ၂၇၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်ပြည်နယ်က အိမ်ထောင်သက် ၆၉ နှစ်ရှိတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ တစ်နာရီအတွင်းမှာပဲ လက်ချင်းချိတ်ကာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြပါတယ်။

    အသက် ၉၁ နှစ်အရွယ် အိုက်ဇက် ဗက်ကင်းနဲ့ အသက် ၈၉ နှစ်အရွယ် ဇနီးဖြစ်သူ ထရီဇာတို့ ဖြစ်ပါတယ်။ ထရီဇာဟာ စနေနေ့က အလ်ဇိုင်းမားရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး မိနစ် ၄၀ အကြာမှာပဲ ထရီဇာရဲ့လက်ကို ကိုင်ထားတဲ့ အိုက်ဇက်ဟာလည်း ကွယ်လွန်သွားခဲ့တာပါ။

    မိသားစုဝင်တွေကတော့ သူတို့နှစ်ဦးစလုံးဟာ အတူတကွ ဘ၀ကို အဆုံးသတ်မယ်ဆိုတာ သိနေကြတယ်လို့ ဆိုပါတယ်။

    “သူတို့ရဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မှုဟာ သိပ်ပြီးတော့ ခိုင်မာပါတယ်။ တစ်ယောက်မရှိဘဲ တစ်ယောက်က အသက်မရှင်နိုင်င်ပါဘူး။ သူတို့နှစ်ယောက်ဟာ အမြဲတမ်း ချစ်နေကြပြီး နောက်ဆုံးစက္ကန့်အထိ ချစ်သွားကြတာပါ” လို့ သမီးဖြစ်သူ ကလာရာ ဂက်စ်လင်က မိဘနှစ်ဦးရဲ့ ဈာပနအခမ်းအနားမှာ ပြောကြားခဲ့
    ပါတယ်။

    အိုက်ဇက်တို့ ဇနီးမောင်နှံနှစ်ဦးစလုံးကို Highland Park ဆေးရုံမှာ တင်ကာ ဆေးကုသခဲ့တာဖြစ်ပြီး ထရီဇာအခြေအနေ မကောင်းတဲ့အချိန်မှာ ဆေးရုံဝန်ထမ်းတွေက ဇနီးမောင်နှံနှစ်ဦးရဲ့ ကုတင်ကို ဘေးချင်းကပ်ပေး ခဲ့ကာ မိသားစုဝင်တွေက သူတို့နှစ်ဦးရဲ့လက်ကို ထိစေခဲ့ပါတယ်။

    Ref: BBC

     

  • အခွန်လျှော့ချရေး အစီအစဉ်ကို ထရမ့် ထုတ်ပြန်

    အခွန်လျှော့ချရေး အစီအစဉ်ကို ထရမ့် ထုတ်ပြန်

    ဧပြီ ၂၇၊ ၂၀၁၇
    M-Media

    – အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးတစ်ယောက်ချင်းအတွက် အခွန်နှုန်ထားများကို သိသိသာသာလျှော့ချမည့် အစီအစဉ်တစ်ခုကို သမ္မတထရမ့်က ထုတ်ပြန်လိုက်ပြီး ထိုပြုပြင်ပြောင်းလဲမှု အတည်ဖြစ်ရန်အတွက် အောက်လွှတ်တော်တွင် ပြင်းပြင်းထန်ထန် ကြိုးစားရဖွယ်ရှိနေသည်။

    ဘဏ္ဍာရေးဝန်ကြီး မူချင်နှင့်အတူ ထရမ့်၏ စီးပွားရေးအကြံပေး ဂရေး ခွန်က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါအစီအစဉ်တွင် ကော်ပိုရိတ်အခွန်ကို ယခင်က ၃၅ ရာခိုင်နှုန်းထက် ထက်ဝက်ကျော် ၁၅ ရာခိုင်နှုန်းအထိ လျှော့ချရန်နှင့် တစ်ဦးချင်း အခွန်ကို ယခင် ၇ မျိုးမှ ယခု ၃ မျိုးအထိ ချုံ့ပစ်ရန် ဖော်ပြထားသည်။

    ဂရေးခွန်ကမူ အဆိုပါ ဥပဒေကြမ်းမှာ ၁၉၈၆ ခုနှစ်နောက်ပိုင်း ထူးခြားသည့် အခွန် ပြုပြင်ပြောင်းလဲမှုဖြစ်ပြီး အမေရိကန်သမိုင်းတွင် အကြီးမားဆုံး အခွန်လျှော့ချမှုလည်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ အခွန်လျှော့ချမှုမှာ လက်ရှိ အမေရိကန်၏ လိုငွေပြမှုကို ပိုမို ဆိုးရွားသွားစေနိုင်သောကြောင့် ထရမ့်၏ ရီပက်ဘလစ်ကန်ပါတီမှ အပါအ၀င် လွှတ်တော်အမတ်များအကြားတွင် သိသိသာသာ သဘောထားကွဲလွဲမှုများရှိနေပြီး အောက်လွှတ်တော်တွင် ပြင်းထန်သည့် ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

    Ref: Aljazeera

  • ရေသုံးစွဲမှု လျှော့ချရေး စင်ကာပူတွင် စမတ်ရေပန်းများ တပ်ဆင်မည်

    ရေသုံးစွဲမှု လျှော့ချရေး စင်ကာပူတွင် စမတ်ရေပန်းများ တပ်ဆင်မည်

    ဧပြီ ၂၇၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်းမှာ ရေသုံးစွဲမှု ခြွေတာရေးအတွက် စင်ကာပူနိုင်ငံက လာမယ့်နှစ်အနည်းငယ်အတွင်း နေအိမ်အသစ် တစ်သောင်းမှာ စမတ်ရေပန်းတွေကို တပ်ဆင်တော့မယ်လို့ အစိုးရ ရေဆိုင်ရာအေဂျင်စီ PUB က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

    ရေချိုးချိန်မှာ ရေဘယ်လောက်သုံးစွဲလဲဆိုတာကို သိရှိစေမယ့် ဒီ စမတ်ရေပန်းတွေ တပ်ဆင်မယ့် ရှေ့ပြေးအစီအစဉ်ကို Smart Shower Programme လို့ အမည်ပေးထားပြီး လာမယ့်နှစ် ပထမ ၃ လ အတွင်းမှာ စတင် ဆောင်ရွက်သွားဖို့ ရှိပါတယ်။

    ၂၀၁၅ ခုနှစ် ဇူလိုင်လနေ ၂၀၁၆ ခုနှစ် မတ်လအတွင်းမှာ စင်ကာပူအမျိုးသားတက္ကသိုလ်က ပြလုပ်ခဲ့တဲ့ လေ့လာမှုမှာ ရေချိုးစဉ်အတွင်း ရေသုံးစွဲမှုကို ဖော်ပြပေးခြင်းဟာ အိမ်ထောင်စုတစ်ခုအတွင်း လူတစ်ဦးကို ရေသုံးစွဲမှု ၅ လီတာလောက် လျှော့ကျစေတယ်လို့ တွေ့ရမှုကို PUB က ထောက်ပြခဲ့ပါတယ်။

    နောက်ပြီး ဒါဟာ အိမ်ထောင်စုတစ်ခုအတွင်း ရေသုံးစွဲခရဲ့ ၃ ရာခိုင်နှုန်းလောက်ကို လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ အစီအစဉ်အတွက် စမတ်ရေပန်းတွေ ထောက်ပံ့ပေးနိုင်မယ့် သူတွေကို PUB က တင်ဒါခေါ်ထားပြီး၊ စမတ်ရေပန်းတွေဟာ ရေချိုးစဉ်အတွင်းမှာ ရေသုံးစွဲမှုကို ဖော်ပြနိုင်သလို၊ ရေခြွေတာမှု တိုးတက်မှု ရှိ၊ မရှိကို ကြည့်ရှုနိုင်ဖို့အတွက် ရေပန်းက အချက်အလက်တွေကို စမတ်ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့တွေနဲ့ ဒေါင်းလုပ်စွဲ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

    Ref: CNA

  • ကအ်ဘာကျောင်းတော်အတွင်းမှာ ဘာတွေရှိနေလဲ

    ကအ်ဘာကျောင်းတော်အတွင်းမှာ ဘာတွေရှိနေလဲ

    ဧပြီ ၂၇၊ ၂၀၁၇
    M-Media

    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုမှုတိုင်းမှာ မျက်နှာမူရာ မက္ကာမြို့က ကအ်ဘာကျောင်းတော်အတွင်း ဘာရှိနေလဲဆိုတာ ဒီဗီဒီယိုအတိုလေးမှာ ဖော်ပြထားပါတယ်။

  • မီးဖွားပြီး မိခင်များ၏အသက်ကို ကယ်တင်နိုင်မည့် ဆေးဝါးတစ်မျိုး စမ်းသပ်မှု အောင်မြင်

    မီးဖွားပြီး မိခင်များ၏အသက်ကို ကယ်တင်နိုင်မည့် ဆေးဝါးတစ်မျိုး စမ်းသပ်မှု အောင်မြင်

    ဧပြီ ၂၇၊ ၂၀၁၇
    M-Media

    – မီးဖွားပြီးနောက် သွေးအလွန်အမင်းဆင်း၍ မိခင်များ အသက်ဆုံးရှုံးမှုကို ကာကွယ်နိုင်မည့် ဆေးဝါးတစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီဟု သိရသည်။

    Tranexamic acid (TXA) ဟုခေါ်သည့် အဆိုပါဆေးဝါးကို အာဖရိကနှင့် အာရှနိုင်ငံပေါင်း ၂၁ နိုင်ငံရှိ ဆေးရုံ ၁၉၃ ခုမှ အမျိုးသမီး ၂၀၀၀၀ ကျော်တွင် စမ်းသပ်ခဲ့ရာ အမျိုးသမီးများ၏ အသက်များကို ၃ ပုံ ၁ ပုံခန့် ကယ်တင်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

    PPH ဟု ခေါ်သည့် မီးဖွားပြီးနောက် သွေးဆင်းမှုပြဿနာကြောင့် ကမ္ဘာတစ်ဝှမ်းတွင် မိခင်ပေါင်း ၁ သိန်းကျော်မှာ နှစ်စဉ် သေဆုံးလျက် ရှိနေသည်။

    ယခု Tranexamic acid (TXA) ဆေးဝါးမှာ ဈေးသက်သာပြီး PPH လက္ခဏာကို တွေ့ရသည့် မိခင်များ၌ ၃ နာရီအတွင်း ထိုးသွင်း ကုသရမည်ဖြစ်သည်။

    စမ်းသပ်မှုကို ပူးပေါင်းဆောင်ရွက်ခဲ့သည့် London School of Hygiene and Tropical Medicine မှ ဟာလီမာ ရှကူးရ်က tranexamic acid ဆေးဝါးကို စောစောစီးစီး အသုံးပြုပါက အမျိုးသမီးများ၏ အသက်ကို ကယ်တင်နိုင်မည်ဖြစ်ပြီး ကေးလငယ်များမှာ မိခင်နှင့်အတူ အသက်ရှင်သန်နေထိုင်ခွင့် ပိုမိုရရှိစေမည်ဟု ပြောကြားခဲ့သည်။

    TXA ကို ၁၉၆၀ ပြည့်နှစ်များတွင် ဂျပန်ဇနီးမောင်နှံများဖြစ်ကြသော ရှိုဆူကီနှင့် အူတာကို အိုကာမိုတိုတို့၏ သုတေသနအသင်းမှ တီထွင်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera