News @ M-Media
Blog
  • မီးဖွားပြီး မိခင်များ၏အသက်ကို ကယ်တင်နိုင်မည့် ဆေးဝါးတစ်မျိုး စမ်းသပ်မှု အောင်မြင်
    မီးဖွားပြီး မိခင်များ၏အသက်ကို ကယ်တင်နိုင်မည့် ဆေးဝါးတစ်မျိုး စမ်းသပ်မှု အောင်မြင်
    ဧပြီ ၂၇၊ ၂၀၁၇
    M-Media
    – မီးဖွားပြီးနောက် သွေးအလွန်အမင်းဆင်း၍ မိခင်များ အသက်ဆုံးရှုံးမှုကို ကာကွယ်နိုင်မည့် ဆေးဝါးတစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီဟု သိရသည်။
    Tranexamic acid (TXA) ဟုခေါ်သည့် အဆိုပါဆေးဝါးကို အာဖရိကနှင့် အာရှနိုင်ငံပေါင်း ၂၁ နိုင်ငံရှိ ဆေးရုံ ၁၉၃ ခုမှ အမျိုးသမီး ၂၀၀၀၀ ကျော်တွင် စမ်းသပ်ခဲ့ရာ အမျိုးသမီးများ၏ အသက်များကို ၃ ပုံ ၁ ပုံခန့် ကယ်တင်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
    PPH ဟု ခေါ်သည့် မီးဖွားပြီးနောက် သွေးဆင်းမှုပြဿနာကြောင့် ကမ္ဘာတစ်ဝှမ်းတွင် မိခင်ပေါင်း ၁ သိန်းကျော်မှာ နှစ်စဉ် သေဆုံးလျက် ရှိနေသည်။
    ယခု Tranexamic acid (TXA) ဆေးဝါးမှာ ဈေးသက်သာပြီး PPH လက္ခဏာကို တွေ့ရသည့် မိခင်များ၌ ၃ နာရီအတွင်း ထိုးသွင်း ကုသရမည်ဖြစ်သည်။
    စမ်းသပ်မှုကို ပူးပေါင်းဆောင်ရွက်ခဲ့သည့် London School of Hygiene and Tropical Medicine မှ ဟာလီမာ ရှကူးရ်က tranexamic acid ဆေးဝါးကို စောစောစီးစီး အသုံးပြုပါက အမျိုးသမီးများ၏ အသက်ကို ကယ်တင်နိုင်မည်ဖြစ်ပြီး ကေးလငယ်များမှာ မိခင်နှင့်အတူ အသက်ရှင်သန်နေထိုင်ခွင့် ပိုမိုရရှိစေမည်ဟု ပြောကြားခဲ့သည်။
    TXA ကို ၁၉၆၀ ပြည့်နှစ်များတွင် ဂျပန်ဇနီးမောင်နှံများဖြစ်ကြသော ရှိုဆူကီနှင့် အူတာကို အိုကာမိုတိုတို့၏ သုတေသနအသင်းမှ တီထွင်ခဲ့ခြင်းဖြစ်သည်။
    Ref: Aljazeera
  • အင်ဒိုနီးရှားမှ နာမည်ကျော် ကာရီတစ်ဦး ကုရ်အာန်ရွတ်ဖတ်နေစဉ် ကွယ်လွန်သေဆုံး
    အင်ဒိုနီးရှားမှ နာမည်ကျော် ကာရီတစ်ဦး ကုရ်အာန်ရွတ်ဖတ်နေစဉ် ကွယ်လွန်သေဆုံး
    ဧပြီ ၂၇၊ ၂၀၁၇
    M-Media
    – အင်ဒိုနီးရှားမှ နာမည်ကျော် ကာရီတစ်ဦးဖြစ်သူ ရှိခ် ဂျာဖရ် အဘ်ဒူလ်ရဟ်မန်မှာ တနင်္လာနေ့က အခမ်းအနားတစ်ခုတွင် ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်မှုအတွင်း ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
    အင်ဒိုနီးရှား လူမှုရေးရာဝန်ကြီး တက်ရောက်သည့် နိုင်ငံတော်အဆင့် အခမ်းအနားတွင် ရှိခ် ဂျာဖရ်မှာ ကုန်အာန်ကျမ်းတော်မြတ် စူရဟ် အလ်-မွလ်က်မှ ပါဒတော်များကို ရွတ်ဖတ် သရဇ္ဈာယ်စဉ်အတွင်း ရုတ်တရတ် လဲကျသွားခဲ့ခြင်းဖြစ်သည်။
    ထို့နောက် ဆေးအဖွဲ့က ရှေးဦးသူနာပြုစုနည်းများဖြင့် ကုသခဲ့သော်လည်း ကာရီကြီးမှာ သသတိပြန်လည်လာခြင်းမရှိတော့ဘဲ ကွယ်လွန်သွားခဲ့သည်။
    ရှိခ်ဂျာဖရ်၏ အဆိုပါ ရွတ်ဖတ်သရဇ္ဈာယ်မှုကို တစ်နိုင်ငံလုံးသို့ တိုက်ရိုက်ထုတ်လွှင့်ပြသနေခြင်းဖြစ်ပြီး၊ ၎င်းကွယ်လွန်သွားသည့် ထိုအဖြစ်အပျက်ဗီဒီယိုမှာလည်း ဆိုရှယ်မီဒီယာများတွင် အလျင်အမြန် ပြန့်နှံ့သွားခဲ့ကာ ကောင်မွန်သော သေဆုံးခြင်းဖြစ်သည်ဟု အင်ဒိုပြည်သူများက ချီးကျူးခဲ့ကြသည်။
    Ref: Arab News
  • ရိုင်းစိုင်းသည့် မှတ်ချက်ကြောင့် မန်ယူနည်းပြဟောင်း မိုယက်စ် တရားစွဲခံရ
    ရိုင်းစိုင်းသည့် မှတ်ချက်ကြောင့် မန်ယူနည်းပြဟောင်း မိုယက်စ် တရားစွဲခံရ
    ဧပြီ ၂၆၊ ၂၀၁၇
    M-Media
    – မန်ယူနည်းပြဟောင်းဖြစ်ပြီး လက်ရှိတွင် ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်နေသည့် နည်းပြ ဒေးဗစ်မိုယက်စ်မှာ BBC သတင်းထောက်ကို စော်ကားပြောဆိုခဲ့သည့်အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ တရားစွဲဆိုမှုကို ခံခဲ့ရသည်ဟု သိရသည်။
    မတ်လအတွင်းက ဘန်လေအသင်းနှင့် သရေကျခဲ့သည့်ပွဲတွင် သတင်းထောက် ဗီကီ စပါ့က်က ဆန်းဒါးလန်းအသင်း၏ ပိုင်ရှင် အီလစ်ရှော့ ရှိနေမှုမှာ ၎င်းအပေါ် ပို၍ ဖိအားဖြစ်စေသည်လားဟု မေးမြန်းရာ မိုက်ယက်စ်က ‘နိုး’ ဟု ဖြေကြားခဲ့သည်။
    သို့သော်လည်း အင်တာဗျူးအပြီးတွင် စပါ့က်အနေဖြင့် အမျိုးသမီးဖြစ်သော်လည်း ထိုမေးခွန်းအတွက် ‘ပါးရိုက်ခံရနိုင်ကြောင်း’၊ နောက်တစ်ကြိမ် လာရောက်မေးမြန်းသည့်အခါတွင် သတိထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ထိုမှတ်ချက်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပြီး မိုယက်စ်ကမူ နောက်ပိုင်းတွင် ထိုသို့ ပြောဆိုခဲ့မှုအတွက် နောင်တရမိကြောင်း ပြောကြားခဲ့သည်။
    FA ၏ ကြေငြာချက်တွင် ၎င်း၏ အဆိုပါ မှတ်ချက်မှာ မသင့်လျော်ပဲ၊ ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်ပြိုင်ပွဲအား သိက္ခာကျစေကြောင်း ဖော်ပြခဲ့သည်။ မိုယက်စ်မှာ ဧပြီလ ၂၆ ရက် (ယနေ့တွင်) တရားစွဲဆိုမှုအား ရင်ဆိုင်ရမည်ဖြစ်သည်။
    Ref: BBC
  • ရိုဟင်ဂျာကိစ္စ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ကူညီရန် တရုတ်ကမ်းလှမ်း
    ရိုဟင်ဂျာကိစ္စ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ကူညီရန် တရုတ်ကမ်းလှမ်း
    ဧပြီ ၂၆၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံရှိ ရိုဟင်ဂျာလူနည်းစုများ၏ ဒုက္ခသုက္ခများအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သံတမန်ရေးဆိုင်ရာ အခန်းကဏ္ဍနှင့်ပတ်သက်၍ ပါဝင်ကူညီပေးရန် တရုတ်နိုင်ငံက ယမန်နေ့တွင် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။
    အကြမ်းဖက်မှုမှ လွတ်မြောက်ရန်အတွက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာ ၆၉၀၀၀ ၀န်းကျင်ခန့် ထွက်ပြေးခဲ့ရပြီးနောက် ထိုလူ့အဖွဲ့အစည်းအား မိမိတို့၏ နိုင်ငံသားမဟုတ်ဟု မှတ်ယူထားသည့် မြန်မာနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးမှာ အဖုအထစ်များ ရှိခဲ့သည်။
    ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၄ ရက်ကြာ အလယ်အပတ်သွားရောက်သည့် တရုတ်အထူးသံတမန် ဆန်ဂူရှင်းက ထိုပြဿနာနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် နှစ်ဦးနှစ်ဖက်ဖြေရှင်းရန် တိုက်တွန်းခဲ့ပြီး တရုတ်နိုင်ငံက ကူညီရန် အဆင်သင့်ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူလ် ဟက်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ဒါကာရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
    တရုတ်နိုင်ငံမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးနှင့် ခိုင်မာသည့် ဆက်ဆံရေးရှိနေပြီး အခြေခံအဆောက်အဦးများ ဆောက်လုပ်ရေးတွင် ထို နှစ်နိုင်ငံစလုံး၌ ကူညီမှုများ ပြလုပ်နေသည်။
    ဟက်က ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်လာမှုကြောင့် မြန်မာနိုင်ငံနှင့် ဖြစ်နေသည့် မကျေလည်မှုအတွက် ကူညီမည်ဟု တရုတ်နိုင်ငံ၏ ကမ်းလှမ်းမှုကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး မြန်မာနယ်စပ်အနီး ကော့ဘဇားဒေသတွင် နေထိုင်နေသည့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများ၏ ဒုက္ခသုက္ခများကို လာရောက်ကြည့်ရှုရန်လည်း ကမ်းလှမ်းခဲ့သည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မာမင်းကျင်းမှာ မတ်လအတွင်းက ရိုဟင်ဂျာ စခန်းတစ်ခုကို လာရောက် ကြည့်ရှုခဲ့သည်။
    Ref : Reuters
  • ငွေကြေးမသမာမှုအတွက် ပရီးမီးယားလိဂ်အသင်းတစ်ချို့ စီးနင်းမှု ခံရ
    ငွေကြေးမသမာမှုအတွက် ပရီးမီးယားလိဂ်အသင်းတစ်ချို့ စီးနင်းမှု ခံရ
    ဧပြီ ၂၆၊ ၂၀၁၇
    M-Media
    – ငွေကြေးမသမာမှုများနှင့် ပတ်သက်၍ နယူးကာဆယ်နှင့် ၀က်စ်ဟမ်းအသင်းတို့၏ ကွင်းများကို ယူကေအာဏာပိုင်များက ၀င်ရောက်စီးနင်းခဲ့ပြီး လူအများအပြားကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။
    ယူကေ အခွန်ဆိုင်ရာ အာဏာပိုင်အဖွဲ့ HMRC က ၎င်းတို့၏ တပ်ဖွဲ့ဝင် ၁၈၀ ကို ယူကေနှင့် ပြင်သစ်တို့တွင် တပ်ဖြန့်ချထားပြီး ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းများတွင် အလုပ်လုပ်နေသူ အမျိုးသားအများအပြားကို ဖမ်းဆီးထားသည်ဟု ပြောကြားခဲ့သည်။
    ထိုအဖွဲ့မှာ အင်္ဂလန် အရှေ့မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ ဘောလုံးကွင်းများသို့လည်း ၀င်ရောက် စီးနင်း ရှာဖွေခဲ့သည်။
    ပြီးခဲ့သည့်နှစ်က တန်းဆင်းသွားခဲ့ပြီးနောက် တနင်္လာနေ့က ပရီးမီးယားလိဂ်သို့ ပြန်လည်တက်ရောက်ခွင့် ရရှိခဲ့သည့် နယူးကာဆယ်အသင်း၏ စိန့်ဂျိမ်းစ်ပါ့ခ် ကွင်းမှာလည်း ၀င်ရောက်စီးနင်း ခံခဲ့ရသည်။
    Ref : BBC