News @ M-Media
Blog
  • အမေရိကန်ကို နျူဖြင့် အင်အားကုန်စစ်ပွဲ ဆင်နွှဲမည်ဟု မြောက်ကိုရီးယား ထပ်မံခြိမ်းခြောက်
    အမေရိကန်ကို နျူဖြင့် အင်အားကုန်စစ်ပွဲ ဆင်နွှဲမည်ဟု မြောက်ကိုရီးယား ထပ်မံခြိမ်းခြောက်
    ဧပြီ ၂၃၊ ၂၀၁၇
    M-Media
    – အမေရိကန်ကို နျူလက်နက်များဖြင့် ‘အင်အားကုန်စစ်ပွဲ’ စစ်နွှဲသွားမည်ဟု မြောက်ကိုရီးယားက ယမန်နေ့တွင် ထပ်မံပြောကြားလိုက်ပြီး အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Carl Vinson ကိုရီးယားကျွန်းဆွယ်အနီးသို့ ရောက်ရှိတော့မည့်အချိန်တွင် ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။
    မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား တင်းမာမှုများမှာ မြင့်တက်လာခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်နှင့် အမေရိကန် အစိုးရတာဝန်ရှိသူများက မြောက်ကိုရီးယားကိစ္စနှင့်ပတ်သက်၍ စစ်ရေးအရ အရေးယူရန် နည်းလမ်းအပါအ၀င် နည်းလမ်းအားလုံးကို စဉ်းစားနေသည်ဟု ပြောကြားထားသည်။
    မိမိတို့၏ လေယာဉ်တင်သင်္ဘော USS Carl Vinson မှာ ရက်ပိုင်းအတွင်း ဂျပန်ပင်လယ်ပြင်ကို ရောက်လာတော့မည်ဟု အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    မြောက်ကိုရီးယားကမူ အမေရိကန်၏ အဆိုပါ အင်အားပြမှုကို ဆန့်ကျင်ခဲ့သည်။
    “အမေရိကန်ရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့မှာလည်း အင်အားကောင်းတဲ့ နျူစွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ အင်အားကုန် စစ်ပွဲကို၊ အင်အားကုန် စွမ်းအားနဲ့၊ နျူ ကလီးယားစစ်ပွဲကို ကိုယ်ပိုင်ပုံစံ နျူတိုက်ခိုက်မှုနဲ့ ကြောက်ရွံ့မနေဘဲ တုန့်ပြန်သွားမှာပါ။ ပြီးတော့ အမေရိကန်ရဲ့ နောက်ဆုံးစစ်ပွဲမှာ ကျွန်တော်တို့ဟာ အောင်မြင်သူအဖြစ် ပေါ်ထွက်လာမှာ ဖြစ်ပါတယ်” ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    မြောက်ကိုရီးယားမှာ ကိုရီးယားပြည်သူ့တပ်မတော် တည်ထောင်မှု ၈၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို အင်္ဂါနေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယခင်က အဆိုပါ အခမ်းအနားနေ့တွင် ဒုံးကျည်ပစ်လွှတ်မှုများ၊ နျူလက်နက်စမ်းသပ်မှုများ ပြုလုပ်ခဲ့ဖူးသည်။
    မြောက်ကိုရီးယား၏ တရားဝင်သတင်းစာ Rodong Sinmun ကလည်း အမေရိကန်မှာ လုံးဝ ရူးနှမ်းသွားပြီဖြစ်ကြောင်း၊ ရန်စလာပါက မိမိတို့မှာ ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်သွားရန် လက်တွန့်နေမည်မဟုတ်ကြောင်း စနေနေ့က ဖော်ပြခဲ့သည်။
    Ref: Aljazeera
  • မိုးတွင်းမတိုင်မီ ရခိုင်ဒုက္ခသည်စခန်းများမှ လူ ၁၆၀၀ ကျော်ကို နေရာချထားပေးမည်
    မိုးတွင်းမတိုင်မီ ရခိုင်ဒုက္ခသည်စခန်းများမှ လူ ၁၆၀၀ ကျော်ကို နေရာချထားပေးမည်
    ဧပြီ ၂၂၊ ၂၀၁၇
    M-Media
    စစ်တွေဒုက္ခသည်စခန်းမှ မြင်ကွင်းတစ်ခု
    – ရခိုင်ပြည်နယ်ရှိ လုံခြုံရေးအခြေအနေ တည်ငြိမ်လာသည့်အတွက်ကြောင့် ဒုက္ခသည်စခန်းများကို ပိတ်ပစ်ရန် စီစဉ်နေသည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဧပြီ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
    “ရခိုင်ပြည်နယ်က ယာယီဒုက္ခသည်စခန်းတွေအားလုံးကို ပိတ်ပစ်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အဆင်မပြေတဲ့ အချို့နေရာတွေ ရှိသေးတယ်။ အာလုံးကို ပိတ်မှာတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ စခန်းတွေကို ပိတ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
    ဒေသတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယာယီနေထိုင်ရန်အတွက် အဆိုပါ စခန်းများကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
    လက်ရှိတွင် ကျောက်ဖြူ၊ ရမ်းဗြဲနှင့် ပေါက်တောမြို့နယ်များမှ ဒုက္ခသည်စခန်းများရှိ ပြည်သူများကို ၎င်းတို့၏ မူလနေရာများသို့ ပထမဆုံး ပြန်လည်နေရာချထားပေးမည်ဖြစ်သော်လည်း အချို့နေရာများတွင် စခန်းအတွင်း နေထိုင်သူများနှင့် ဒေသခံများ နှစ်ဖက်စလုံး အဆင်ပြေစေမည့် သင့်လျော်သည့်နေရာကို စီစဉ်နေသည်ဟု ဦးတင်မောင်ဆွေက ပြောကြားခဲ့သည်။
    ကျောက်ဖြူရှိ ကြိမ်ချောင်းစခန်းမှ လူဦးရေ ၄၀၀၊ ရမ်းဗြဲဒုက္ခသည်စခန်းမှ ၉၆ ဦး၊ ကျောက်တလုံး စခန်းမှ ၁၁၁၉ ဦးတို့ကို ယခုနှစ် မိုးတွင်းမတိုင်ခင် နေရာချထားပေးမည်ဖြစ်သည်။
    ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်း တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ဧပြီလ ၁၁ ရက်နေ့တွင် ပြည်တွင်းရှိ နိုင်ငံခြား သံတမန်များနှင့် ကုလကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ ရှင်းလင်းပြောကြားခဲ့သည်။
    Ref: mmtimes
  • ကွန်ပျူတာ၏ ဖခင်ကြီးတစ်ဦး ကွယ်လွန်
    ကွန်ပျူတာ၏ ဖခင်ကြီးတစ်ဦး ကွယ်လွန်
    ဧပြီ ၂၂၊ ၂၀၁၇
    M-Media
    – ကမ္ဘာ့ပထမဆုံး ကွန်ပျူတာများကို တီထွင်ထုတ်လုပ်ရာတွင် ပါဝင်ခဲ့သူ အမေရိကန် အင်ဂျင်နီယာ ဟယ်ရီ ဟူစကီးမှာ ယမန့်တွင် ကွယ်လွန်သွားခဲ့သည်ပြီဟု သိရသည်။
    အသက် ၁၀၁ နှစ်အရွယ် ဒေါက်တာ ဟူစကီး သေဆုံးမှုကို ၎င်း၏သားဖြစ်သူ ဒေါက်က အတည်ပြုခဲ့သည်။
    ဒေါက်တာ ဟူစကီးမှာ ကမ္ဘာ့ပထမဆုံး ကွန်ပျူတာများထဲမှ တစ်ခုဖြစ်ပြီး ၁၉၄၆ ခု ဖေဖော်ဝါရီလတွင် စတင်လည်ပတ်သည့် Electronic Numerical Integrator and Computer (Eniac) ကို တီထွင်သည့်အဖွဲ့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။
    ထို့ပြင် အလ် တူရင်း ဒီဇိုင်းထုတ်သည့် အလိုအလျောက်တွက်ချက်မှုအင်ဂျင် (Ac) ကွန်ပျူတာကို တည်ဆောက်ရာတွင်လည်း ဒေါက်တာ ဟူစကီးက ပါဝင်ကူညီပေးခဲ့သည်။
    Eniac ကို ၁၉၄၀ ပြည့်နှစ်များတွင် ပင်ဆဲလ်ဗားနီးယားတက္ကသိုလ်၌ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြီးစီးသည့်အချိန်တွင် ပေ ၁၀၀ ရှည်ကာ၊ တန်ချိန် ၃၀ လေးသည့် ကွန်ပျူတာ ဖြစ်လာခဲ့သည်။ အဆိုပါကွန်ပျူတာတွင် အပေါက်ပေါင်း ၁၈၀၀၀၊ ချုပ်ပေါင်း ၁၅၀၀ ပါဝင်သည်။
    Eniac ကွန်ပျူတာကို အမေရိကန်စစ်တပ်တွင် ဗုံးများသွားရာလမ်းကြောင်းကို တွက်ချက်ရန်အတွက် တီထွင်ခဲ့ခြင်းဖြစ်သည်။
    ထို့နောက် ယူကေသို့သွားရောက်ကာ အမျိုးသားရူပဗေဒ ဓာတ်ခွဲခန်းတွင် တူရင်းက ဒီဇိုင်းထုတ်သည့် Ace ကွန်ပျူတာကို တည်ဆောက်ရာတွင် ကူညီခဲ့သည်။ အဆိုပါကွန်ပျူတာကို ၁၉၅၀ ပြည့်နှစ်တွင် စတင် အသုံးပြုနိုင်ခဲ့ပြီး ထိုအချိန်က ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာဖြစ်ခဲ့သည်။
    Swac ကွန်ပျူတာ၊ ကမ္ဘာ့ပထမဆုံး တစ်ဦးတည်းက ကိုင်တွယ်အသုံးပြုနိုင်သည့် G15 ကွန်ပျူတာများ ဖန်တီးတည်ဆောက်မှုတွင်လည်း ဒေါက်တာဟူစကီးက ပါဝင်ခဲ့သည်။
    ထို့ပြင် ဘာကလေရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် ကွန်ပျူတာဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး၊ တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဌာန တည်ထောင်သူများတွင်လည်း တစ်ဦး အပါအ၀င်ဖြစ်ခဲ့သည်။
    Ref: BBC
  • “ခွပ်ဒေါင်းဇာနည် ဒီမိုကရေစီသူရဲကောင်း လေးဦး” စာအုပ် မကြာမီ ထွက်မည်
    “ခွပ်ဒေါင်းဇာနည် ဒီမိုကရေစီသူရဲကောင်း လေးဦး” စာအုပ် မကြာမီ ထွက်မည်
    ဧပြီ ၂၂၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးအတွက် အသက်စွန့်သွားကြတဲ့ သူတွေထဲက ၄ ဦးကို ဂုဏ်ပြုဖော်ပြထားတဲ့ စာအုပ်တစ်အုပ် မကြာခင်ထွက်လာတော့မယ်လို့ သိရပါတယ်။
    “ခွပ်ဒေါင်းဇာနည် ဒီမိုကရေစီသူရဲကောင်း လေးဦး” လို့ အမည်ရတဲ့ စာအုပ်ဖြစ်ပြီး NLD စီးအီးအိုတွေထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ ဗိုလ်မှူးဟောင်း မောင်သော်က၊ NLD အမာခံ ဦးအောင်မေသု၊ NLD ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ NLD အဖွဲ့ဝင် ကိုနေ၀င်းတို့အကြောင်းကို ဖော်ပြထားတာဖြစ်ပါတယ်။
    ဗိုလ်မှူးဟောင်း မောင်သော်ကနဲ့ ဦးအောင်မေသုတို့ဟာ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားရင်း စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီး နှိပ်စက်ငြှင်းပမ်းမှုကြောင့် အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားကြသူတွေ ဖြစ်ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ စစ်အာဏာရှင်က တစ်ဖက်လက်နဲ့ အာဏာချုပ်ကိုင်ထားနိုင်မယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို ပြုပြင်ပြောင်းလဲကာ ပြည်သူ့လက်ထဲ အာဏာအပြည့်အ၀ထည့်ပေးဖို့ ဆောင်ရွက်ရင်း စစ်အာဏာရှင်လက်ပါးစေဟောင်းတွေနဲ့
    ဘုရားသူခိုး၊ ထောင်ထွက်တွေရဲ့ ပူးပေါင်းလုပ်ကြံမှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။
    တက္ကဆီယာဉ်မောင်းကိုနေ၀င်းဟာ ဦးကိုနီကို သတ်ဖြတ်သူကို လိုက်လံဖမ်းဆီးရင် သေနတ်သမားရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရပြီး သေဆုံးခဲ့ကာ မြန်မာနိုင်ငံရဲ့ တရားမျှတမှုကို မြတ်နိုးသူတွေအတွက် ပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ်။
    စာမျက်နှာ ၃၀၀ ခန့်ပါဝင်မယ့် ဒီစာအုပ်မှာ ဂျာနယ်လစ် စာရေးဆရာ ဦးစည်သူအောင်မြင့်၊ NLD အမာခံ စာရေးဆရာ ဦးထင်လင်းဦး၊ စာရေးဆရာ ၀ါးခယ်မမောင်မင်းနိုင်၊ ထက်မြက်၊ Z.ဖေ၀င်းတို့က ဒီပုဂ္ဂိုလ် ၄ ဦးရဲ့အကြောင်းကို ရှုထောင့်ပေါင်းစုံကနေ တင်ပြထားတာပါ။
    ၂၀၁၇ ခုနှစ် ဧပြီ ၂၆ ရက်နေ့ထွက်ရှိမှာဖြစ်တာကြောင့် စာဖတ်ပရိတ်သတ်များ ၀ယ်ယူဖတ်ရှုနိုင်ဖို့ သတင်းကောင်းပါးလိုက်ရပါတယ်။
    Photo Credit – Facebook Page of ၀ါးခယ်မ မောင်မင်းနိုင်
  • ပဲရစ်အကြမ်းဖက်မှုကို ပြင်သစ်မွတ်စလင်များ ရှုတ်ချ
    ပဲရစ်အကြမ်းဖက်မှုကို ပြင်သစ်မွတ်စလင်များ ရှုတ်ချ
    ဧပြီ ၂၂၊ ၂၀၁၇
    M-Media
    ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ သမိုင်းဝင် ဗလီဝတ်ကျောင်းတော်ကြီး
    – ပြင်သစ်နိုင်ငံရဲ့ အကြီးဆုံးဝတ်ပြုရာနေရာတွေထဲ တစ်ခုဖြစ်တဲ့ ပဲရစ်က ဂျာမေဗလီဝတ်ကျောင်းတော်ကြီးဟာ တစ်ကြိမ်မှာ လူပေါင်း ၅၀၀၀ လောက် တစ်ပြိုင်နက် ၀တ်ပြုနိုင်ပါတယ်။
    မနေ့က သောကြာနေ့ဝတ်ပြုမှုမှာ ရှေ့ဆောင်အီမာမ်က တရားဒေသနာကို အဆုံးသတ်ပြီးတဲ့နောက် ၀တ်ပြုသူတွေဟာ သင့်တော်တဲ့နေရာတွေမှာ ၀င်ရောက်ပြီး ၀တ်ပြုဆုတောင်းဖို့ နေရာယူကြပါတယ်။
    ဒီဝတ်ပြုဆုတောင်းမှုမှာ နောက်ဆက်တွဲ ကြေငြာချက်တစ်ခုလည်း ပါဝင်ခဲ့ပြီး ဒါကတော့ IS အကြမ်းဖက်အဖွဲ့က ကြာသာပတေးနေ့မှာ ထပ်ပြီး ကျူးလွန်လိုက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချခြင်းပါ။
    “တစ်ချို့လူတွေက ဒီလုပ်ရပ်တွေနဲ့ အစ္စလာမ်သာသနာကို ဆက်စပ်ချင်ကြပါတယ်။ ဒါပေမယ့် ဒီဖြစ်ပျက်ခဲ့တာတွေနဲ့ အစ္စလာမ်သာသနာက ဘာမှမပတ်သက်ပါဘူး” လို့ ရှေ့ဆောင်အီမာမ်က အာရဘီဘာသာစကားနဲ့ ပြောကြားခဲ့ပါတယ်။
    အဲဒီနောက်ပိုင်းမှာ ဗလီဝတ်ကျောင်းတော်ကြီးရဲ့ ဂေါပကအဖွဲ့ဝင်တစ်ယောက်က မြို့ရဲ့ ထင်ရှားတဲ့ Champs Elysees နေရာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုပြုလုပ်သူကို ရှုတ်ချပြီး၊ အခင်းဖြစ်ပွားမှုမှာ သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကို ဂုဏ်ပြုတဲ့ ကြေငြာချက်တစ်စောင်ကို ဖတ်ပြခဲ့ပါတယ်။
    “ဒီလုပ်ရပ်ဟာ ပြင်သစ်မွတ်စလင်တွေကို တော်တော်လေး တုန်လှုပ်သွားစေပါတယ်။ ကျွန်တော်တို့ကို အသက်ပေးပြီး ကာကွယ်ပေးတဲ့ ရဲတပ်ဖွဲ့ကိုလည်း ချီးကျူးဂုဏ်ပြုပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။
    ဒီ ပဲရစ် ဗလီဝတ်ကျောင်းတော်ကြီးကို ၁၉၂၆ ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး ပထမကမ္ဘာစစ်မှာ ပြင်သစ်နိုင်ငံအတွက် အသက်သွေးချွေးပေးဆပ်ခဲ့ကြတဲ့ ထောင်သောင်းချီတဲ့ မွတ်စလင်စစ်သားတွေကို ပြင်သစ်နိုင်ငံက လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
    ဒုတိယကမ္ဘာစစ် နာဇီဂျာမနီက ပြင်သစ်ကို သိမ်းပိုက်ခဲ့တဲ့အခါမှာလည်း ဒီဗလီဝတ်ကျောင်းတော်က ဂေါပကအဖွဲ့ဟာ ပြင်သစ်ဂျူးအချို့ကို မွတ်စလင်အဖြစ် မွေးဖွားခဲ့တယ်ဆိုတဲ့ မွေးစာရင်းအတုတွေလုပ်ပေးကာ နာဇီတို့ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ ကယ်တင်ခဲ့ပါတယ်။
    ဗလီဝတ်ကျောင်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလီမာနီ နာဒူရ်က အခုနောက်ပိုင်းမှာ ပုံမှန်လိုလိုဖြစ်လာတဲ့ IS အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် စိတ်ထိခိုက်ရပြီး ဒါတွေက နိုင်ငံအတွင်း လူမှုဆက်ဆံရေးနယ်ပယ်မှာ ထိခိုက်စေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဒီတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်ဆိုတာ ကြောက်စရာပါ” လို့ နာဒူရ်ကဆိုပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ နော်မန်ဒီအနောက်ပိုင်းက ခရစ်ယာန်ဘုန်းတော်ကြီး အသတ်ခံရမှု၊ အဲဒီလမှာပဲ လူဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ နိုက်စ်မြို့က တိုက်ခိုက်မှုတွေကို ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။
    နောက်ပြီး ဒီလိုတိုက်ခိုက်မှုဟာ အကျင့်စာရိတ္တဆိုးရွားမှုကြောင့် ဖြစ်လာတဲ့ လုပ်ရပ်တွေသာမကဘဲ ပြင်သစ်မွတ်စလင်တွေနဲ့ အခြား လူ့အဖွဲ့အစည်းတွေအကြားမှာ သွေးကွဲအောင် တမင်သက်သက် ဖန်တီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
    “ဒီအကြမ်းဖက်သမားတွေရဲ့ ရည်ရွယ်ချက်က လူ့အဖွဲ့အစည်းအတွင်းမှာ သွေးကွဲစေဖို့ဖြစ်ပြီး မွတ်စလင်တွေနဲ့ မွတ်စလင်မဟုတ်သူတွေ မတည့်အောင် လုပ်ဖို့ပါ။ သူတို့ မအောင်မြင်ပါဘူး။ နောက်ထပ်လည်း အောင်မြင်မှာ မဟုတ်ပါဘူး။ ဒီလူတွေဟာ အစ္စလာမ်သာသနာကို ကိုယ်စားမပြုဘူးဆိုတာ ပြင်သစ်ပြည်သူတွေက သိနေကြပါပြီး၊ မွတ်စလင်တွေထဲက ဒီလိုအလုပ်တွေလုပ်နေတဲ့သူတွေဟာ လူနည်းစုလေးပါ”
    စိတ်မနှံသူများ
    ကမာလ်ဆိုသူ မွတ်စလင်တစ်ဦးကတော့ လူတွေဟာ လွယ်လွယ်ကူကူပဲ IS ရဲ့ ဖျားယောင်းမှုခံရတာကို မကျေမနပ် ဖြစ်နေပါတယ်။
    “ဒီလူတွေက အရူးတွေဗျ။ အိမ်ရှေ့ကို ထွက်ပြီး လက်နက်မရှိရင်တောင် တွေ့ကရာနဲ့ အခြားသူတွေကို တိုက်ခိုက်မယ့်သူတွေ’ လို့ ကမာလ်က ပြောကြားခဲ့ပါတယ်။
    ကလေးတွေ၊ အသက်အရွယ်ကြီးရင့်တဲ့ ဆွေမျိုးတွေနဲ့အတူ ၀တ်ပြုဆုတောင်းဖို့ ဗလီဝတ်ကျောင်းတော်ကို လာရောက်ခဲ့တဲ့ ဆာလေဟာကလည်း ဒီအကြမ်းဖက်တိုက်ခိုက်မှုကြောင့် တုန်လှုပ်ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
    “ဖြစ်ရပ်ဆိုးရှင့်၊ ဒီလိုသတ်ဖြတ်မှုမျိုးက ကျွန်မတို့ရဲ့ ယုံကြည်ချက်နဲ့ဆန့်ကျင်တယ် .. ဖြစ်ခဲ့တာတွေအားလုံးကလည်း ကျွန်မတို့ရဲ့ တန်ဖိုးနဲ့ တစ်ခြားစီပါပဲ”
    သမ္မတရွေးကောက်ပွဲလုပ်ဖို့ ရက်အနည်းငယ်သာ ကြာမြင့်တဲ့အချိန်မှာ ဒီလိုဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တာက နိုင်ငံအတွင်းက မွတ်စလင်လူနည်းစုတွေအပေါ် ပစ်မှတ်ထားတဲ့ တင်းကြပ်တဲ့ဥပဒေတွေပြဌာန်းချင်တဲ့ ကိုယ်စားလှယ်တွေကို တွန်းအားပေးလိုက်တာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
    အသက် ၂၃ နှစ်အရွယ် အက်စ်မားကတော့ ဖြစ်ပြီးခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် မွတ်စလင်တွေဟာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် အထင်ခံရတယ်ဆိုတာကို ပြသနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “မွတ်စလင်တွေအပေါ်မှာ မကောင်းမြင်တာတွေက တော်တော်များများရှိနေတယ်။ ဒါ့ကြောင့် ဒီဖြစ်ရပ်က ဆိုးနေတဲ့အခြေအနေကို ထပ်ပြီး ဆိုးရွားစေမှာပါ”
    Ref: Aljazeera