News @ M-Media

Blog

  • အောက်တိုဘာ ၄ ရက်နေ့ နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၄ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    အွန်လိုင်းလူလိမ်ဂိုဏ်းကို ဖိလစ်ပိုင် ဖမ်းဆီး
    ——
    မြို့တော် မနီလာမှာ အွန်လိုင်းလိမ်လည်မှုလုပ်နေတဲ့ လူ ၂၅၀ ပါ ဂိုဏ်းတစ်ခုကို ဖိလစ်ပိုင်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီး အများစုဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အွန်လိုင်း ငွေကြေး လိမ်လည်မှုပေါင်းများစွာနဲ့ ဆက်စပ်နေတဲ့အတွက် နိုင်ငံခြား ဂိမ်းလုပ်ငန်းတွေကို ပိတ်ပင်ကြောင်း ဖိလစ်ပိုင် သမ္မတ မားကို့စ်က ဇူလိုင်လမှာ ကြေငြာခဲ့ပါတယ်။

    တိုက်ခိုက်ခံရပါက နျူသုံးမည်ဟု ကင်ဂျုံအွန် ခြိမ်းခြောက်
    ————-
    တောင်ကိုရီးယားနဲ့ အမေရိကန်တို့က တိုက်ခိုက်မှုတွေလုပ်လာရင် နျူလက်နက်အသုံးပြုသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်က ခြိမ်းခြောက်လိုက်ပါတယ်။ ဒီနှစ်နိုင်ငံဟာ အာရှဒေသအတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေပြီး တောင်ကိုရီးယားခေါင်းဆောင်တွေဟာ ပုံမှန်မဟုတ်တဲ့သူတွေ လို့လည်း ကင်ဂျုံအွန်က ၀ေဖန်ခဲ့ပါတယ်။

    အရှေ့အာရှ စစ်ဖက်မဟာမိတ်ဖွဲ့ရန် ဂျပန်၀န်ကြီးချုပ် အဆိုပြု
    ——————-
    အရှေ့အာရှနိုင်ငံတွေဟာ ယူကရိန်းလို ကျူးကျော်တိုက်ခိုက်မှု ခံရနိုင်တဲ့အတွက် ဒေသတွင်း စစ်ဖက် မဟာမိတ်တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းဖို့ ဂျပန်၀န်ကြီးချုပ် ရှီဂဲရု အီချီဒါက တိုက်တွန်းလိုက်ပါတယ်။ ဂျပန်နိုင်ငံမှာ အသက်အရွယ်ကြီးရင့်သူ မြင့်တက်လာတာနဲ့ မွေးဖွားနှုန်း ကျဆင်းလာတာတွေဟာ အရေးပေါ်အခြေအနေအထိ ရောက်နေပြီလို့လည်း ၀န်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဂျပန်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း တရုတ်နဲ့လည်း တင်းမာမှု မြင့်တက်လာပါတယ်။

    Ref: CNA

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ

    အောက်တိုဘလာ ၄၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – လက်ဘနွန်ကို ကျူးကျော်၀င်ရောက်လာကြသည့် အစ္စရေးစစ်သားများ)


    အနောက်ဖက်ကမ်းတိုက်ခိုက်မှု အနည်းဆုံး ၁၈ ဦး သေဆုံး

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း တူလ်ကရင်ဒုက္ခသည်စခန်းက လူနေအဆောက်အဦးတစ်ခုကို အစ္စရေးက တိုက်လေယာဥ်နဲ့ တိုက်ခိုက်မှုအတွင်း မိခင်နဲ့ ကလေး ၂ ဦးပါတဲ့ မိသားစုတစ်ခုအပါအ၀င် လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် အဆောက်အဦးတစ်ခုလုံး ပြိုကျသွားခဲ့ပြီး သေဆုံးဒဏ်ရာရသူအရေအတွက် တိုးလာနိုင်တယ်လို့ ပါလက်စတိုင်း မီဒီယာတွေက ဖော်ပြပါတယ်။

    လက်ဘနွန်တွင် အသတ်ခံရသူများ မြင့်တက်လာ

    အောက်တိုဘာ ၃ ရက်နေ့ ညပိုင်း မြို့တော်ဘရွတ်ကို အစ္စရေးရဲ့ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း အနည်းဆုံး ၃၇ ဦးသေဆုံးကာ ၁၅၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဘက်ဘနွန်ကို အစ္စရေးက အကြိမ် ၂၀ ကျော် ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ လက်ဘနွန်မှာ အစ္စရေးရဲ့ သတ်ဖြတ်မှုခံရသူ ၂၀၀၀ နီးပါး ရှိလာခဲ့ပြီး ၁၂၇ ဦးက ကလေးငယ်တွေ ဖြစ်ပါတယ်။


    ဂါဇာတွင် အသတ်ခံရသူ ၄၂၀၀၀ နီးပါး ရှိလာ

    အစ္စရေးဟာ ဂါဇာမှာ တိုက်ခိုက်တွေ ဆက်လက်ပြုလုပ်နေပြီး အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်က ၄၁၇၈၈ ဦး ရှိလာပြီဖြစ်ပါတယ်။ အဲဒီအထဲမှာ ကလေးငယ် ၁၆၅၀၀ ပါ၀င်ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ပျောက်ဆုံးနေသူအရေအတွက်က ၁၀၀၀၀ ကျော် ရှိနေပါတယ်။
    Ref: Aljazeera

  • အရှေ့အလယ်ပိုင်းနိုင်ငံများ ညီညွတ်ရန် အီရန် အဓိပတိတိုက်တွန်း

    အရှေ့အလယ်ပိုင်းနိုင်ငံများ ညီညွတ်ရန် အီရန် အဓိပတိတိုက်တွန်း

    အောက်တိုဘာ ၄၊ ၂၀၂၄
    M-Media

    -အစ္စရေးဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ကျူးကျော် တိုက်ခိုက်လာနိုင်တာကြောင့် ဒေသတွင်းနိုင်ငံတွေ ညီညွတ်ကြဖို့ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

    ခါမေနီဟာ တီဟီရန်မြို့လယ်ကောင်က Imam Khomeini ဗလီမှာ သောကြာနေ့ မိန့်ခွန်းပြောခဲ့ပြီး၊ ၀တ်ပြုမှုကိုလည်း ဦးဆောင်ခဲ့ပါတယ်။ ဒါဟာ ၄ နှစ်ကျော်အတွင်း အများပြည်သူ ၀တ်ပြုဆုတောင်းမှုမှာ ပထမဆုံး ဦးဆောင်တာဖြစ်ပါတယ်။

    အာဖဂန်ကနေ ယီမင်၊ အီရန်ကနေ ဂါဇာ၊ လက်ဘနွန်အထိ မွတ်စလင်နိုင်ငံတွေဟာ အစ္စရေးရဲ့ စီးပွားရေး၊ စစ်ရေးနဲ့ စိတ်ဓာတ်ရေးရာ ရန်ပြုမှုကို ခံနေရပြီး ဒါကိုတွန်းလှန်ဖို့အတွက် ညီညွတ်ရမှာဖြစ်ကြောင်း၊ အစ္စရေးဟာ တစ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်ပြီးရင်၊ နောက်တစ်နိုင်ငံကိုလည်း ထပ်မံ ကျူးကျော်သိမ်းပိုက်မှာ ဖြစ်ကြောင်း ခါမေနီက သတိပေးခဲ့ပါတယ်။

    ပါလက်စတိုင်းတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုဟာ တရားသောလုပ်ဆောင်ချက်ဖြစ်ပြီး၊ အစ္စရေးကို တိုက်ခိုက်တဲ့ မည်သည့်လုပ်ရပ်မဆို ဒေသတွင်း ပြည်သူ၊ ကမ္ဘ့ာပြည်သူလူထုနဲ့ လူသား၀ါဒကို အလုပ်အကျွေးပြုတာလို့လည်း ခါမေနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဟစ်ဇ်ဘိုလာနဲ့ အီရန် ထိပ်တန်းခေါင်းဆောင်တွေကို သတ်ဖြတ်မှုအတွက် ဒုံးကျည် ၂၀၀ ခန့်နဲ့ အစ္စရေးကို အီရန်က လက်တုန့်ပြန်ပြီး ရက်ပိုင်းအကြာမှာပဲ ခါမေနီက လူမြင်ကွင်းကိုထွက်ကာ အခုလို မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးတပ်ဖွဲ့များ ထိခိုက်သေဆုံးမှု ရှိလာ

    လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးတပ်ဖွဲ့များ ထိခိုက်သေဆုံးမှု ရှိလာ

    အောက်တိုဘာ ၃၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – လက်ဘနွန်တောင်ပိုင်းမှ အစ္စရေး၏ တိုက်ခိုက်မှု)

    -လက်ဘနွန်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ၂ ရက်စတင်တဲ့ အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ထိတွေ့မှုဖြစ်ကာ အစ္စရေးဖက်က ထိခိုက်သေဆုံးမှုတွေ ရှိလာတယ်လို့ သိရပါတယ်။

    အနည်းဆုံး အစ္စရေးစစ်သား ၈ ဦးကို ဟစ်ဇ်ဘိုလာက သုတ်သင်နိုင်ခဲ့ပြီး၊ Merkava တင့်ကား ၃ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်သေဆုံးသူတွေကို အစ္စရေးစစ်ဖက်ရဟတ်ယာဥ်နဲ့ သယ်ထုတ်သွားတာကိုလည်း မီဒီယာတွေက ဖော်ပြပါတယ်။

    အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းကို လေကြောင်းရော၊ ကြည်းကြောင်းနဲ့ပါ ကျူးကျော် တိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့၀င်တွေကို ချေမှုန်းနိုင်ခဲ့တယ်လို့ အစ္စရေးဖက်က ထုတ်ပြန်ပါတယ်။

    Ref: Aljazeera


  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၃၀)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၃၀)

    M-Media

    (ဓာတ်ပုံ – ဘေရွတ်က လူနေအထပ်မြင့်တိုက် လုံး၀ပြိုကျသွားမှု)

    လက်ဘနွန်တွင် အစ္စရေးက ထပ်တိုးတိုက်ခိုက်
    ———-
    မြို့တော်ဘေရွတ်အပြင် ကိုလာခရိုင်ကို မနေ့က အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ၁၀၅ ဦးထက်မနည်း သေဆုံးကာ ၃၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန်က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က စတင်တဲ့ လက်ဘနွန်တစ်၀ှမ်း အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူအရေအတွက်က ၁၀၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။

    ဂါဇာစာသင်ကျောင်းတစ်ခု တိုက်ခိုက်ခံရ
    ———–
    ဂါဇာမြောက်ပိုင်း ဘိုက်လာဟီယာရပ်ကွက်က စစ်ရှောင်တွေ ခိုလှုံနေတဲ့ Abu Jaafar စာသင်ကျောင်းကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ဟားမက်စ်ရဲ့ ဌာနချုပ်တွေဆိုပြီး အစ္စရေးဟာ စစ်ရှောင်စခန်းတွေကို တိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်လာပါတယ်။ တနင်္ဂနွေနေ့ မနက်ပိုင်းမှာပဲ ဂါဇာတစ်၀ှမ်း အစ္စရေးက အနည်းဆုံး ပါလက်စတိုင်း ၂၈ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

    အမေရိကန်က အစ္စရေးကို အပြည့်အ၀ ထောက်ခံပေးထား
    ————-
    တိုက်ခိုက်မှုတွေကို ဂါဇာကနေ လက်ဘနွန်အထိ ချဲ့ထွင်လာတဲ့ အစ္စရေးရဲ့ လုပ်ရပ်တွေကို ထောက်ခံတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်အပါအ၀င် ကန် နိုင်ငံရေးသမားတွေ အသီးသီးထုတ်ပြန်ပါတယ်။ အထူးသဖြင့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာဆာရက်လာကို သတ်ဖြတ်မှုဖြစ်ပါတယ်။ အဲဒီသတ်ဖြတ်မှုမှာ ဘေရွတ်မြို့က လူနေ အထပ်မြင့်တိုက် ၂ လုံး လုံး၀ပြိုကျပျက်ဆီးသွားပြီး အပြစ်မဲ့အရပ်သား ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera