News @ M-Media

Blog

  • နျူလုပ်ငန်းစွန့်လျှင် ကာကွယ်ပေးမည်ဟု မြောက်ကိုရီးယားကို တရုတ် ကမ်းလှမ်း

    နျူလုပ်ငန်းစွန့်လျှင် ကာကွယ်ပေးမည်ဟု မြောက်ကိုရီးယားကို တရုတ် ကမ်းလှမ်း

    ဧပြီ ၁၄၊ ၂၀၁၇
    M-Media

    ကိုရီးယားကျွန်းဆွယ်အနီး ရောက်ရှိနေသည့် အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Carl Vinson မှ မြင်ကွင်းတစ်ခု

    – မြောက်ကိုရီးယားနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် တင်းမာမှုကို စစ်ရေးဖြင့် ဖြေရှင်း၍မရဟု တရုတ်နိုင်ငံက ယမန်နေ့တွင် ပြောကြားလိုက်ပြီး မိမိတို့၏ ကာကွယ်မှုကို ရယူလိုပါက နျူအစီအစဉ်ကို ရပ်တန့်ရန်လည်း မြောက်ကိုရီးယားကို တိုက်တွန်းခဲ့သည်။

    အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Carl Vinson နှင့် တိုက်ရေယာဉ်အုပ်စုမှာ ကိုရီးယားကျွန်းဆွယ်အနီးသို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရောက်ရှိခဲ့ပြီး၊ မြောက်ကိုရီးယားကလည်း အမေရိကန်ကို နျူ လက်နက်ဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    တောင်ကိုရီးယားကမူ အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို လက်ဦးမှု ရယူတိုက်ခိုက်မှု မပြုလုပ်ခင်အရင် မိမိတို့ဆီမှ အကြံအဉာဏ်ရယူမည်ဟု ယုံကြည်နေသည်။

    “စစ်တပ်အင်အားက ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ စိန်ခေါ်မှုတွေကြားထဲမှာ အခွင့်အလမ်းဆိုတာ ရှိပါတယ်။ တင်းမာမှုတွေကြားထဲကပဲ ဆွေးနွေးပွဲတွေ ပြန်စဖို့ အခွင့်အလမ်းတစ်ခုလိုမျိုး ရှာတွေ့မှာပါ” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ဘေဂျင်း၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ဒေသတွင်းပြဿနာကို စတင်သူမှာ သမိုင်းနှင့်ချီ၍ တာဝန်ယူရမည်ဟုလည်း ၀န်ကြီးက ဆိုသည်။

    အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာ Global Times ၏ အယ်ဒီတာ့အာဘော်တွင် မြောက်ကိုရီးယားအနေဖြင့် တရုတ်က ကြေငြာထားသည့် အကြံပြုချက်ကို လိုက်နာပြီး နျူလုပ်ငန်းစဉ်များကို ရပ်တန့်ပါက မိမိတို့မှာ နျူကင်းစင် မြောက်ကိုရီးယားနိုင်ငံနှင့် အစိုးရအတွက် လုံခြုံရေးကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ ၆ ကြိမ်မြောက် နျူလက်နက်စမ်းသပ်မှုကို မကြာခင် လုပ်ဆောင်တော့မည်ဆိုသည့် သတင်းများကလည်း ဒေသတွင်း တင်းမာမှုများကို ပိုမိုဆိုးရွားစေသည်။

    Ref: Aljazeera

  • အာဖဂန်တွင် ကမ္ဘာ့အကြီးဆုံး ဖျက်အားပြင်းဗုံးကို အမေရိကန် ကြဲချ

    အာဖဂန်တွင် ကမ္ဘာ့အကြီးဆုံး ဖျက်အားပြင်းဗုံးကို အမေရိကန် ကြဲချ

    ဧပြီ ၁၄၊ ၂၀၁၇
    M-Media

    – နျူလီးယားမဟုတ်သည့် ဗုံးများတွင် အကြီးဆုံးဖြစ်သည့် GBU-43 ဗုံးကို အာဖဂန်နစ္စတန်အရှေ့ပိုင်းရှိ IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်ဟု အမေရိကန်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    နန်ဂါဟာပြည်နယ် အာချင်ခရိုင်တွင် ယမန်နေ့က MC-130 လေယာဉ်ဖြင့် ကြဲချခဲ့ခြင်းဖြစ်သည်ဟု ပင်တဂွန် စစ်ဌာနချုပ်မှာ ပြောရေးဆိုခွင့်ရှိသူ အဒမ် စတမ့်က ဆိုသည်။

    ‘ဗုံးများ၏မိခင်’ ဟု အမည်တွင်သည့် အဆိုပါ GBU-43 မှာ ၉၇၉၇ ကီလိုဂရမ် အလေးချိန်ရှိပြီး GPS အသုံးပြု ဗုံးဖြစ်ကာ ၂၀၀၃ ခုနှစ် အီရတ်နိုင်ငံအား ကျူးကျော်တိုက်ခိုက်ခြင်းမပြုခင် ရက်ပိုင်းအလို၌ စမ်းသပ်ခဲ့သည်။

    အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်သော ကြေငြာချက်တွင် အဆိုပါ တိုက်ခိုက်မှုမှာ ဒေသအတွင်း အာဖဂန်နှင့် အမေရိကန်တပ်ဖွဲ့များက ပြုလုပ်သော နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ၌ ဘေးအန္တရာယ်ကို လျှော့ချရန်အတွက်ဖြစ်သည်ဟု ဆိုသည်။

    သို့သော်လည်း TNT အဖျက်စွမ်းအားပြင်း ပစ္စည်း ၁၁ တန်နှင့် ညီမျှသည့် အဆိုပါ GBU-43 ဗုံး၏ ပေါက်ကွဲမှုမှာ ဘက်တစ်ဖက်လျှင် အချင်း ၁.၆ ကီလိုမီတာရှိနိုင်သောကြောင့် အရပ်သားများ အများအပြားသေဆုံးနိုင်ခြေ ရှိနေသည်။

    အာချင်ခရိုင်၏ မိုမန် ဒါရာဒေသတွင် ကြဲချခဲ့ပြီးနောက် ပျက်ဆီးဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးမှု စာရင်းကို သိရှိရခြင်း မရှိသေးပေ။

    Ref: Aljazeera

  • ၆ ကြိမ်မြောက် နျူလက်နက်စမ်းသပ်ရန် မြောက်ကိုရီးယား အဆင်သင့်ဖြစ်နေ

    ၆ ကြိမ်မြောက် နျူလက်နက်စမ်းသပ်ရန် မြောက်ကိုရီးယား အဆင်သင့်ဖြစ်နေ

    ဧပြီ ၁၃၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံမှာ Punggye-ri နျူကလီးယားစခန်းတွင် ၎င်းတို့၏ ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဟု မြောက်ကိုရီးယား စောင့်ကြည့်အဖွဲ့ 38 North က ပြောကြားလိုက်သည်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးယားမှာ ဆာရင်း အဆိပ်ဓာတ်ငွေ့ပါသည့် ဒုံးကျည်များ ပစ်လွှတ်နိုင်စွမ်းရှိသည်ဟု ယနေ့တွင် ပြောကြားခဲ့ပြီးနောက် 38 North က ယခုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၆ ပတ်အတွင်း ဆောင်ရွက်မှုများကို ကြည့်ခြင်းအားဖြင့် စမ်းသပ်မှုအတွက် နောက်ဆုံးပြင်ဆင်မှု ပြုလုပ်နေသည်ကို ညွှန်ပြနေသည်ဟု အဖွဲ့မှ လေ့လာဆန်းစစ်သူ ဂျိုးဆက်ပ် ဘာရ်မူဒက်ဇ်က ဆိုသည်။

    စီးပွားရေးသုံး ဂြိုဟ်တုတစ်ခုမှ ဖမ်းယူရရှိသည့် ဓာတ်ပုံအရ အဆိုပါ နျူကလီးယားစခန်းတွင် ယခင်စမ်းသပ်မှုများ မပြုလုပ်ခင်အရင် အခြေအနေနှင့် တူညီသော ပုံစံမျိုးကို တွေ့ရှိရသည်။

    ဘာရ်မူဒက်ဇ်နှင့် ၎င်းတို့အဖွဲ့မှာ ၂၀၁၆ ခုနှစ် စက်တင်ဘာလက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ နောက်ဆုံး နျူစမ်းသပ်မှုကိုလည်း မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သည်။

    မြောက်ကိုရီးယားမှာ Punggye-ri စခန်းတွင် စက်ကိရိယာအသစ်များ ပို့ဆောင်ခြင်း၊ ထိန်းချုပ်ရေးစင်တာတွင် လှုပ်ရှားမှုများရှိနေခြင်း၊ မြေအောက်ရှိ နျူစမ်းသပ်မည့်နေရာသို့ ရေများဖြည့်သွင်းခြင်းကဲ့သို့ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေသည်ဟု ဘရ်မူဒက်ဇ်တို့အဖွဲ့က ဖေဖော်ဝါရီလကတည်းက သတိပေးခဲ့သည်။

    မြောက်ကိုရီးယားမှာ ဧပြီလ ၁၅ ရက်နေ့တွင် တိုင်းပြည်ကိုတည်ထောင်သူ ကင်အီဆွန်၏ ၁၀၅ ကြိမ်မြောက် မွေးနေ့အခမ်းအနားကို ပြုလုပ်ရန်ရှိနေပြီး ထိုနေ့တွင် နျူစမ်းသပ်မှု ပြုလုပ်မည်ဟုလည်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားပြဿနာကို အမေရိကန်တစ်ဦးတည်း တုန့်ပြန်နိုင်သည်ဟု မကြာသေးမီက ပြောကြားထားပြီး ၎င်းတို့၏ တိုက်ရေယာဉ်အုပ်စုကိုလည်း ကိုရီးယားကျွန်းဆွယ်အနီးသို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပို့ဆောင်ခဲ့သည်။

    Ref: CNN

  • အဌမတန်း အောင်မြင်သူများ အာဆီယံ ပညာသင်ဆု လျောက်ထားနိုင်

    အဌမတန်း အောင်မြင်သူများ အာဆီယံ ပညာသင်ဆု လျောက်ထားနိုင်

    ဧပြီ ၁၃ ၊ ၂၀၁၇

    ၂၀၁၈ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ အခြေခံ ပညာအလယ်တန်း၊ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း၊ ပုဂလိကကျောင်း(ပညာရေး သင်ရိုးညွှန်းတမ်း၊ နိုင်ငံတကာ သင်ရိုးညွှန်းတန်းဖြင့်သင်သည့် ကျောင်းအားလုံး) တို့မှ အဌမတန်း အောင်မြင်ထားသူများ အာဆီယံပညာသင်ဆု လျောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

    လျှောက်ထားသူသည် အဌမတန်း အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် မူရင်းကို တင်ပြရမည်ဖြစ်ပြီး အင်္ဂလိစာ ကောင်းမွန်ပြီး သင်္ချာ နှင့် သိပ္ပံထူးချွန်သူဖြစ်ရမည် ဖြစ်ကာ သတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများသို့ ဧပြီ ၂၆ ရက်တွင် နောက်ဆုံးထားလျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။

    ပညာသင်ဆုအတွက် ပဏာမ ရေးဖြေစာမေးပွဲကို(၁၁ . ၅ . ၂၀၁၇) ရက်နေ့တွင်သက်ဆိုင်ရာ တိုင်း နဲ့ ပြည်နယ် ပညာရေးမှူးရုံးက သတ်မှတ်ပေးသည့် ကျောင်းများတွင် ဖြေဆိုရပါသည်။

    အာဆီယံ ပညာသင်ဆု ပဏာမရေးဖြေ အောင်မြင်သူများကို(၂၆ . ၅ . ၂၀၁၇) ရက်နေ့တွင် ကြေငြာမည် ဖြစ်ပြီး အောင်မြင်ပါက ရန်ကုန်မြို့တွင်(၂၈. ၅ .၂၀၁၇)( ၃၀ .၅ .၂၀၁၇)ရက်နေ့အတွင်း ပညာသင်ဆု လျှောက်လွှာပုံစံ ဖြည့်စွက်ရပါမည်။

    အာဆီယံ ပညာသင်ဆု ပဏာမရေးဖြေ အောင်မြင်သူများကို၂၀၁၇ ဇူလိုင်လတွင် စင်္ကာပူနိုင်ငံမှ လာရောက်၍ ရေးဖြေ စာမေးပွဲ ထပ်မံ စစ်ဆေးမည် ဖြစ်ပါသည်။

    အာဆီယံ ပညာသင်ဆု ထပ်မံ ရွေးချယ်ခံရသူများကို၂၀၁၇ စက်တင်ဘာလတွင် လူတွေ့ စစ်ဆေးခြင်းကိုထပ်မံ ဖြေဆိုရမည် ဖြစ်ပါသည်။

    လေးနှစ်ပညာသင်ကြားခွင့်
    —————————–
    စင်ကာပူအစိုးရက ပညာရေးတွင် ထူးချွန်သော မြန်မာကျောင်းသား၊ကျောင်းသူများကို အာဆီယံပညာသင်ဆုပေးအပ်ရန် ကမ်းလှမ်းလာပြီး ရွေးချယ်ခံ ရသူများသည် စင်ကာပူအစိုးရ ကျောင်းများတွင် Secondary Three မှာ Pre-University  အဆင့်ထိ လေးနှစ် ပညာသင်ကြားခွင့်ရမည်ဖြစ်ကြောင်းသိရသည်။

    ကိုးကား- စံတော်ချိန်သတင်းစာ၊ Thein Win Oo FB

    အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

    Link

  • ၂၀၀၄ ခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သူများကို ဘင်္ဂလားဒေ့ရှ် ကွပ်မျက်

    ၂၀၀၄ ခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သူများကို ဘင်္ဂလားဒေ့ရှ် ကွပ်မျက်

    ဧပြီ ၁၃၊ ၂၀၁၇
    M-Media

    – ၂၀၀၄ ခုနှစ်က ဗြိတိန်သံအမတ်တစ်ဦးကို ဆူဖီဗိမာန်တစ်ခုတွင် တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွများကို ဘင်္ဂလားဒေ့ရှ်က ယမန်နေ့တွင် ကြိုးပေးကွပ်မျက်လိုက်သည်ဟု သိရသည်။

    ဆီလ်ဟတ်မြို့တွင်ရှိသည့် ၁၄ ရာစု ဆူဖီဗိမာန်တွင် ဖြစ်ပွားခဲ့သော အဆိုပါ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု တွင် လူ ၃ ဦး သေဆုံးခဲ့ပြီး ဗြိတိန်သံအမတ် အန်ဝါရ် ချောင်ဒရီမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။

    တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ မွဖ်သီ အဘ်ဒူလ် ဟန်နန်နှင့် အခြားနှစ်ဦးကို ယမန်နေ့က ကွပ်မျက်ခဲ့ပြီး ၎င်းတို့ကို ၂၀၀၈ ခုနှစ်ကတည်းက သေဒဏ်ချမှတ်ခဲ့သည်။ အဘ်ဒူလ် ဟန်နန်မှာ HuJI အဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။

    ၎င်းမှာ အာဖဂန်တွင် ဆိုဗီယက်တပ်များကို တိုက်ခိုက်ခဲ့ပြီးနောက် HuJI အဖွဲ့သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ အစိုးရရှေ့နေများကမူ ဟန်နန်မှာ ၁၉၉၀ ပြည့်နှစ်များကတည်းက အဆိုပါအဖွဲ့ကို ဦးဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဇနီးသည်ကမူ သူမ၏ခင်ပွန်းမှာ အပြစ်မရှိဟု ဆိုသည်။

    ဗြိတိန်သံအမတ် အန်ဝါရ် ချောင်ဒရီမှာ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဗြိတိန်နိုင်ငံသားဖြစ်ပြီး လက်ရှိတွင် ပီရူးသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

    Ref: BBC