News @ M-Media

Blog

  • အာဂျင်တီးနားတွင် ဘောလုံးသမားများ သပိတ်မှောက်

    အာဂျင်တီးနားတွင် ဘောလုံးသမားများ သပိတ်မှောက်

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – အာဂျင်တီးနားတွင် ဘောလုံးကစားသမားများက လခမရရှိသည့်အတွက် သပိတ်မှောက်သောကြာင့် ဘောလုံးရာသီ ပထမဆုံးပွဲများကို ရပ်ဆိုင်းခဲ့ရသည်ဟု သိရသည်။

    အစိုးရက ရုပ်သံထုတ်လွှင့်ခွင့်မှ ရရှိသည့် အကျိုးအမြတ်များကို ခွဲဝေပေးခြင်းမရှိသောကြောင့် အမှတ်ပေးပြိုင်ပွဲဝင် အသင်းများမှ ကစားသမားများ လခမရသည်မှာ ၄ လခန့် ရှိနေပြီဖြစ်သည်။ ထိုကိစ္စ ပြေလည်ရန်အတွက် အစိုးရက ကန်ဒေါ်လာ ၂၂ သန်း ထုတ်ပေးထားသော်လည်း အဆင်မပြေသေးပေ။

    အာဂျင်တီးနား ဘောလုံးသမားများ သမဂ္ဂ (FAA) ကမူ အစိုးရ၏ ထိုကဲ့သို့ ကြားဝင်မှုက ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း မိမိတို့အနေဖြင့် သောကြာနေ့တွင် စီစဉ်ထားသည့်ပွဲများကို ကစားမည်မဟုတ်ကြောင်း စောစောပိုင်းက ပြောကြားခဲ့သည်။

    ထို့ကြောင့် ဘောလုံးရာသီ ပထမဆုံးပွဲအဖြစ် သောကြာနေ့ညနေ့တွင် ကစားမည့် ပွဲများကို ရပ်ဆိုင်းသည်ဟု အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် AFA က ပြောကြားခဲ့သည်။

    အစိုးရက ထုတ်ပေးမည့်ငွေမှာ အင်္ဂါနေ့အထိ ရရှိရန် မရှိသေးဘဲ FAA ကမူ ကလပ်အသင်းများမှာ အကြွေးများ ၀ိုင်းနေသည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်တစ်ပတ်ကလည်း AFA မှာ ထိပ်တန်းပွဲစဉ်များအတွက် ရုပ်သံထုတ်လွှင့်ခွင့် စာချုပ်ကို ဖျက်သိမ်းခဲ့သည်။

    Aljazeera

  • တိုယိုတာက သက်ကြီးစောင့်ရှောက်ရေးစက်ရုပ် ဈေးကွက်တင်မည်

    တိုယိုတာက သက်ကြီးစောင့်ရှောက်ရေးစက်ရုပ် ဈေးကွက်တင်မည်

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရာတွင် အကူအညီပေးနိုင်မည့် စက်ရု့တစ်ခုကို ယခုနှစ်နှောင်းပိုင်းတွင် ဈေးကွက်တင်သွားမည်ဟု ကမ္ဘာ့ နံပါတ် ၂ မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီ တိုယိုတာက ယနေ့တွင် ကြေငြာလိုက်သည်။

    အဆိုပါ ပြန်လည်ထူထောင်ရေးစက်ရုပ်ကို ၁၀ စုနှစ်တစ်ခုကြာ ဖန်တီးခဲ့ပြီးနောက် လက်ရှိတွင် ဈေးကွက်တင်ရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုသည်။

    အောက်ပိုင်းသေနေသည့် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ပေးနိုင်မည့် ထိုစက်ရုပ်ကို ဆေးရုံများနှင့် အခြားသော စောင့်ရှောက်ရေးစင်တာများက တစ်လလျှင် ယန်း ၃၅၀၀၀၀ (ကန်ဒေါ်လာ ၃၁၉၆.၉၃) ဖြင့် ငှားရမ်းသုံးစွဲနိုင်မည်ဖြစ်ပြီး ကနဦးတွင် ယန်း ၁ သန်း ပေးသွင်းရမည်ဖြစ်သည်။

    “ဒီဟာ (စနစ်) က သက်ကြီးရွယ်အိုတွေကို ကူညီနိုင်မှာဖြစ်ပြီး သူတို့ရဲ့ ဘ၀တွေကို ပိုမို လွတ်လပ်စေကာ သူတို့ကို စောင့်ရှောက်နေသူတွေအတွက်လည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်” ဟု တိုယိုတာက ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ပြိုင်ဘက်ဟွန်ဒါကမူ ထိုကဲ့သို့ စက်ရုပ်များကို လွန်ခဲ့သည့် ၂ နှစ်အရင်ကတည်းက ဈေးကွက်တင်ခဲ့ပြီးဖြစ်သည်။

    ဂျပန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အိုအများဆုံး တိုင်းပြည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၂၆.၇ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်နှင့် အထက် ဖြစ်နေသည်။

    အလုပ်အကိုင်လုပ်နိုင်သည့် လူဦးရေ လျှော့ကျလာမှုကြောင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းများတွင် လုပ်သားများ ရှားပါးလာခဲ့သည်။

    Ref: CNA

  • ၂၀၁၈ ရုရှားကမ္ဘာ့ဖလားတွင် စေတနာ့ဝန်ထမ်းအရေအတွက် စံချိန်တင်မည်

    ၂၀၁၈ ရုရှားကမ္ဘာ့ဖလားတွင် စေတနာ့ဝန်ထမ်းအရေအတွက် စံချိန်တင်မည်

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – လာမည့်နှစ် ရုရှားတွင် ပြုလုပ်မည့် ကမ္ဘာ့ဖလားပွဲအတွက် စေတနာ့ဝန်ထမ်း အကူအညီပေးမည့်သူများ၏ အရေအတွက်မှာ ၁၇၅၀၀၀ ဦးဖြင့် ကမ္ဘာ့ဖလားသမိုင်းတွင် အများဆုံးဖြစ်လာမည်ဖြစ်သည်။

    “ကျွန်တော်တို့ဟာ လေ့ကျင့်သင်ကြားပေးရေးအစီအစဉ်ကို ဆောင်ရွက်နေပါတယ်။ ဒါဟာ အရေးပါတဲ့ ခြေလှမ်းတစ်ခုပါ။ စေတနာ့ဝန်ထမ်းတစ်ယောက်ဆိုတာဟာ အဓိကလူပုဂ္ဂိုလ်ပါ။ သူတို့တွေမရှိဘဲနဲ့ ကြီးမားတဲ့ စီမံကိန်းကြီးတွေ မဖြစ်မြောက်နိုင်ပါဘူး” ဟု ရုရှား ဒုတိယ၀န်ကြီးချုပ် ဗီတာလီ မူတ်ကိုက ပြောကြားခဲ့သည်။

    လက်ရှိတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ရန် စာရင်းပေးထားသူ ၁၇၅၀၀၀ ရှိနေသည်။ ထိုအထဲတွင် စပိန်လက်ရွေးစင်အသင်းနှင့်အတူ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား ရရှိခဲ့သည့် နောက်ခံလူ ပူးယိုးလ်လည်း စာရင်းပေးထားသည်။

    ၂၀၁၈ ခုနှစ် ရုရှားကမ္ဘဖလားပွဲကို ဇွန်လ ၁၄ ရက်နေ့မှ၊ ဇူလိုင်လ ၁၅ ရက်နေ့အထိ မြို့ပေါင်း ၁၁ မြို့ရှိ ကွင်းပေါင်း ၁၂ ကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ထိုပြိုင်ပွဲမှာ ရုရှားတွင် ပထမဆုံး ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲလည်းဖြစ်သည်။

    ဖီဖာက ယခုနှစ် နွေရာသီတွင် ကျင်းပပြုလုပ်မည့် ကွန်ဖက်ဒရေးရှင်းဖလား ဘောလုံးပြိုင်ပွဲအတွက် စေတနာ့ဝန်ထမ်း ၅၈၀၀ ခန့် ကူညီသွားမည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ စေတနာ့ဝန်ထမ်းများမှာ နိုင်ငံပေါင်း ၇၈ နိုင်ငံမှဖြစ်ပြီး ပျမ်းမျှအသက် ၂၃ နှစ် ရှိကြသည်။ စေတနာ့ဝန်ထမ်းအားလုံး၏ ၅ ရာခိုင်နှုန်းမှာ နိုင်ငံရပ်ခြားမှ ဖြစ်သည်။

    Ref: RT

  • ခရီးသည်ကို စော်ကားမိခဲ့သည့်အတွက် အမေရိကန်လေကြောင်းလိုင်း တောင်းပန်

    ခရီးသည်ကို စော်ကားမိခဲ့သည့်အတွက် အမေရိကန်လေကြောင်းလိုင်း တောင်းပန်

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – လူပြည့်နေသည့် လေယာဉ်ပေါ်မှ ခရီးသည်တစ်ဦးကို အင်အားသုံးဆွဲချသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြီးနောက် အမေရိကန်အခြေစိုက် United Airlines လေကြောင်းလိုင်း၏ အမှုဆောင်အကြီးအကဲ အော်စကာ မူနော့ဇ်က ယမန်နေ့တွင် ပြန်လည် တောင်းပန်လိုက်သည်။

    အသက် ၆၉ နှစ်အရွယ် တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသား ဒေါက်တာ ဒေးဗစ် ဒါအိုမှာ ပြီးခဲ့သည့်တစ်ပတ်က အဆိုပါ လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးကို စီးနင်းစဉ် လူပြည့်နေသောကြောင့် လေယာဉ်ဝန်ထမ်းများမှာ ၎င်းအား လေယာဉ်ပေါ်မှာ အင်အားသုံးကာ ဆွဲချခဲ့ပြီး ဒဏ်ရာအနာတရများလည်း ရရှိခဲ့သည်။

    အဆိုပါဗီဒီယို အွန်လိုင်း၌ ပြန်နှံ့သွားပြီးနောက် ပြည်သူများမှာ ဝေဖန်မှုများ ရှိလာခဲ့ပြီး၊ အာရှနွယ်ဖွားဖြစ်သည့်အတွက် လူမျိုးရေးခွဲခြားမှု လုပ်ရပ်မျိုး ဖြစ်နေလားဆိုသည့် စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။

    “ဒီလေယာဉ်ခရီးစဉ်မှာ ဖြစ်ပျက်သွားတဲ့ကိစ္စအတွက် ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်နေရပါတယ်။ ပြီးတော့ အတင်းအဓ္ဓမ ဆွဲချခံခဲ့ရတဲ့ ခရီးသည်နဲ့ လိုက်ပါစီးနင်းကြတဲ့ ခရီးသည်အားလုံးကို အနူးအညွှတ် တောင်းပန်ပါတယ်။ ကျွန်တော်တို့ဟာ ဒီအတွက် အပြည့်အ၀ တာဝန်ယူပြီး၊ မှန်မှန်ကန်ကန်ဆော
    င်ရွက်သွားမယ်ဆိုတာကိုလည်း သိစေချင်ပါတယ်” ဟု မူနော့ဇ်က ပြောကြားခဲ့သည်။

    သို့သော်လည်း စောစောပိုင်းတွင် မူနော့ဇ်က မိမိဝန်ထမ်းများမှာ သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း အခြေအနေကို ကိုင်တွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    လက်ရှိတွင် United Airlines လေကြောင်းလိုင်းအား သပိတ်မှောက်မှုများ ရှိနေပြီး အမေရိကန်ရှိ တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသားများ မဟာမိတ်အဖွဲ့ အကြီးအကဲက ချီကာဂိုတွင် မကြာခင်ပြုလုပ်မည့် ညီလာခံ၌ United လေကြောင်းလိုင်းကို မစီးရန် အဖွဲ့ဝင်များအား တိုက်တွန်းသွားမည်ဟု ဆိုသည်။

    ထိုကိစ္စအတွက် အမေရိကန် ပို့ဆောင်ရေးဝန်ကြီးဌာနကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းရန် ကန်ကို တရုတ် တိုက်တွန်း

    မြောက်ကိုရီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းရန် ကန်ကို တရုတ် တိုက်တွန်း

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသော တင်းမာမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် တရုတ်သမ္မတ ဇီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖုန်းဆက် တိုက်တွန်းခဲ့သည်ဟု သိရသည်။

    ယမန်နေ့တွင် ဒေါ်နယ်ထရမ့်က အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို တစ်ဦးတည်း ရင်ဆိုင်သွားရန် ကြောက်ရွံ့နေမည်မဟုတ်ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လေယာဉ်တင်သင်္ဘောတစ်စီး အပါအ၀င် တိုက်ရေယာဉ်အုပ်စုတစ်ခုကို ကိုရီးယားကျွန်းဆွယ်အနီသို့ စေလွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း မိမိတို့မှာ အမေရိကန်ကို ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်သွားမည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့သည်။

    ဇီနှင့် ထရမ့်တို့မှာ ပြီးခဲ့သည့်တစ်ပတ် ဖလော်ရီဒါ၌ တွေ့ဆုံမှုအတွင်း မြောက်ကိုရီးယားကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

    ယနေ့မနက်က ဖုန်းပြောဆိုမှုတွင် ဇီက တရုတ်နိုင်ငံမှာ ကိုရီးယားကျွန်းဆွယ်တွင် နျူလက်နက် ကင်းစင်ရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေးအတွက် စိတ်နှစ်မြှုပ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြဿနာများကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းရေး လိုလားကြောင်း ပြောကြားခဲ့သည်ဟု CCTV သတင်းဌာနက ဖော်ပြခဲ့သည်။

    အိမ်ဖြူတော်ကမူ ထိုဖုန်းပြောဆိုမှုနှင့် ပတ်သက်၍ မည်သည့်ကြေငြာချက်မှ မထုတ်သေးပေ။

    တရုတ်အစိုးရအာဘော်သတင်းစာ Global Times က ယနေ့တွင်ဖော်ပြထားသည့် အယ်ဒီတာ့အာဘော်တွင် မြောက်ကိုရီးယားအနေဖြင့် ငြိမ်းချမ်းရေးအတွက် အရှိန်သတ်ရန် လိုအပ်ကြောင်း၊ အမေရိကန်မှာ နျူလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနှင့် အတူယှဉ်တွဲတည်ရှိရန် အစီအစဉ်မရှိကြောင်း ဖော်ပြထားသည်။

    Ref: BBC